Monday, December 29, 2008

အလွမ်းဆူး


ကြုံသလို လွမ်းဖြစ်ခဲ့တာပါ
နေရာထိုင်ခင်းသာဖို့ လိုတဲ့ကိစ္စမှမဟုတ်တာပဲ

နှစ်ပက်လောက်နဲ့ အသက်မပျောက်မယ့်
အရက်သောက် ခဲ့ ပြီးလည်း လွမ်းခဲ့တာပဲ

ထင်းရူး တောတွေ အုပ်စုဖွဲ့ ရယ်ဖို့ လဲ
လွမ်းခဲ့တာပဲ

ခုချိန်ဆို တောင်ပေါ်မှာ မြူထွေးတွေဝေတဲ့ ည
နှင်းစက်တွေခိုတဲ့ ည
မင်းမျက်ရည်စိုတဲ့ည
သီချင်းသက်သေ မလိုတဲ့ည
ဒီလိုညမှာလဲ လွမ်းခဲ့တာပဲ


အာနာပါနကျင့်စဉ်နဲ့ 
လွင့်ချင်တဲ့ စိတ်ကို ငါးတကောင်လိုထိုင်မျှား
ခဏခဏငိုင်သွားရင်းလည်း လွမ်းခဲ့တာပဲ

ငါ့အလွမ်းတွေဟာ အားကောင်းမောင်းသန်
ပြင်းထန်လာလိုက်တာမှ သံမဏိမြှားတစင်း
ပစ်ကွင်း ၀င်လာသလို ပ.......

အပိုမပြောပါဘူးကွယ်
ကြည့်လိုက်ပါ ငါ့ နှလုံးသားမှာတည့်တည့်
အဲဒီမြှားတစ်စင်း စင်းစင်းကြီးနစ်နေခဲ့တာ
လွမ်းနာတွေကျလို့
အာရုဏ်တောင်ပျို့ ပြီအချစ်ရေ
မျက်ရည်တွေနဲ့နိုးထပြန်...........။


ငြိမ်းဇေဦး

Saturday, December 6, 2008

မောဟသလ္လာ


နှင်းတို့ ဖွေးဖွေး အေးစက်...ဖြေးဖြေးကြွေကျ........ဝေ့ကနဲဝဲကနဲ။
နက်ပြာရောင်သက္ကလပ် ကုတ်အင်္ကျီအရှည်ကြီးကို ဆွယ်တာ အညိုရင့်ရောင်ပေါ်ထပ်ဝတ်လိုက်သည်။
နံနက်ခင်းလား ညနေခင်းလား မပြောနိုင်လောက်သည့် တဆင်တည်းသော မှိုင်းပျမှုဖြင့် သြကာသလောကတစ်ခုလုံးဖွေးဖွေးလှုပ်နေပြီး အေးစက်ကျစ်လျစ်နေသည်ကလွဲ၍ အရာအားလုံးအိပ်စက်နားနေ နေကြသလို။
နှင်းစီးဖိနပ်ကိုဖြေးဖြေးစွပ်ရင်း ပြတင်းပေါက်မှကျော်၍ လေးပေပတ်လည် အပြင်လောကကိုမြင်နေရ၏။
တနင်္လာနေ့ဆိုလျှင်မျက်လုံးစစ်ဆေးရန်ဆရာဝန်နှင့်တွေ့ရဦးမည်အမြင်အာရုံကတော့ကောင်းနေဆဲဖြစ်သော်
လည်းနည်းနည်းမကြည်လင်တော့ဟု ယူဆမိသဖြင့်ဖြစ်၏။

အဖြူရောင်နံရံတွင် ချိတ်ထားသောသော့တွဲကို ညင်သာစွာယူလိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေသော ဧည့်ခန်းထဲတွင် စပယ်နံ့ အတု မှ လွဲ၍ အာရုံကို လှိုင်းထဖွယ်မည်သည့် ရုပ်ဖြစ်စဉ်မှရှိမနေ။ ဘုရားစင်မှ ဆီမီးတိုင်သည်ပင် ငြိမ်းလျှက်။

ဝမ်းကဟာနေသည်။ ကော်ဖီသောက်ချင်သည်။ မနက်စာ တခုခုစားချင်သည်။ နွေးထွေး အဟာရပြည့်သော မနက်စာ ကို စားပြီးကော်ဖီတခွက်သောက်ရင်း စီးကရက်တစ်လိပ်ဖွာချင်သည်။
ခွေခေါက်ရှုပ်ထွေး ပွစာကြဲနေခဲ့တတ်သော အာရုံတို့သည် ယခုအခါ စီစီရီရီ ဖြင့် ဖိနပ်စင်က ဖိနပ်များလို
သူ့ နေရာနှင့်သူ ဖြစ်သင့်သလောက်ဖြစ်နေပေပြီ။
စပယ်ပင်က စပယ်ဖူးလေးတွေလို ၊ သင်္ကန်းတလွှာက ချုပ်သားတွေလို သူ့ နေရာနဲ့သူ တကယ့် ကျကျနန အစီအစဉ်ရှိရှိ တော့မဖြစ်သေး။

ယက်ကန်းစင်က လွန်းနှင့် တူသည့် သတိတရားဖြင့် ကျကျနန စုစည်း ဖွဲ့ တည်ပါမှ ဖြစ်မည့် ပြန့်ကျဲအာရုံများ နောက် ဆန်စင်ရာကျည်ပွေ့လိုက်သလိုနေခဲ့မိသော ကာလများ ..ထို့နောက် ဖြတ်သန်းလာခဲ့သောကာလများမှ ကပ်ပါတွယ်ညိလာသော ၀န်ထုတ်ဝန်ပိုးများ စိတ်အညစ်အကြေးများ ထိုအရာတို့စုစည်း ပုံဖော်ထားသော ခန္ဓာရုပ်နှင့် စိတ်စေတသိက်တို့မောင်းနှင်နေသော ဘ၀ အစစအရာရာတို့သည် စိတ်အာရုံသို့ အရိပ်မဲ့သဏ္ဍာန်မဲ့ဝင်ရောက်စိုးမိုး နေပြန်၏။ ။

အိမ် တံခါးကိုသော့ခတ်ပြီး လက်အိတ်ကို စွတ်လိုက်၏။ အဖြူရောင် တံတားကလေးကို ဖြေးဖြေး ဖြတ်ကျော်လာခဲ့၏။ နက်မှောင်ရှည်လျားသော ဆံပင်တို့ပေါ်သို့ နှင်းဖြူစများ အမှတ်တမဲ့ ဆင်းသက်လာကြ၏။ လေဝှေ့ လိုက်တိုင်း နှင်းဖြူဖုံးနေပြီး အေးစက် မာခဲ နေလျှက် မစီးဆင်းတော့သော
စမ်းချောင်းငယ်ကလေး ပေါ်သို့ သစ်ရွက်ခြောက်များ လျှောတိုက် လွင့်ပါးလိုက် ယာယီရပ်နားလိုက် အစိုးမရခြင်းကိုယ်စီဖြင့် လွင့်မျောလိုက် ငြိမ်သက်လိုက် နစ်ကျွံလိုက် ဖြင့်။


ကားစက်ကို နှိုးလိုက်၏။ အနွေးဓါတ်ကို မြှင့်လိုက်၏။ အခိုက်အတန့် မျှ ကားထဲတွင် ငြိမ်သက်ရင်း ကား စက် နွေးသည်အထိ စက်နှိုးရင်းထိုင်နေမိ၏။
ကားရေဒီယိုမှ ကြီးမား ဖောင်းကားသော အဆီအသားဖြစ်ထွန်းမှုလျှော့ချသော ဆေး တစ်ခုကို ကြေငြာနေ၏။ အရွက်ကင်းမဲ့ နေသော မေပယ်ပင်ကြီးပေါ်မှ ငှက်ကလေးတစ်ကောင် အိမ်ရှေ့ သမံသလင်းသို့ ပျံဆင်းလာ၏။ မနေ့ က ဖြန့် ကျဲ ပေးထားခဲ့သော သစ်စေ့ ဆန်စေ့ ကလေးများကို နှုတ်သီးကျိုးမတတ် မြန်ဆန်အားပါမှုဖြင့် တတောက်တောက် ကောက် နေ၏။ ဆာလောင်မှု၏ မောင်းနှင်အားဖြင့် လှုပ်ရှားနေသော ငှက်ကလေးကို ကြည့်ရင်း ကား ကို နောက်ဆုတ်ထွက်ဖို့မလုပ်ရက် အစာမ၀ခင်လန့် ပျံသွားရမည်ကိုစိုးမိ၏ ။
ထို့ ကြောင့် ငှက်ကလေး ထပျံသည်အထိ ထိုင်စောင့်နေမိတော့ မိနစ်အနည်းငယ်ပင်ကြာသွား၏။

ငှက်ကလေးထပျံတော့ ကားကိုညင်သာစွာနောက်ပြန်လှည့်ထွက်လာခဲ့၏။ အေးစက်လှသော စနေ နံနက်ခင်း၏ ရေခဲရိုက်မှုအောက်တွင် ဈေးမှ ငါး သေတို့၏ အသက်မဲ့  ခန္ဓာကိုယ်တို့နှင့်မတူသော လူတို့သည် ကားကြီး ကားငယ်များ ဖြင့် မောင်းနှင် သွားလာနေကြဆဲ။

ဘတ်စ်ကားရပ်နားရန် ဆိုင်းဘတ်ကလေး ဘေးတွင် အာဖရိကန် အမေရိကန် မိန်းကလေးတယောက် လက်ကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ပိုက်ရင်း ဘတ်စ်ကားလာမည့်ဘက်သို့ငေးနေ၏။ လေးဆယ့်ငါးမိနစ်တခါလာသောဘတ်စ်ကားကိုပလက်ဖောင်းပေါ်မှဆိုင်းဘုတ်ကလေးအနီးသူ့ခမျာစောင့်
နေ သည်မှာ မည်မျှကြာသည်မသိ။

တနည်းအားဖြင့်လည်းမည်မျှ ကြာအောင်ဆက်စောင့်နေရမည်မသိ သို့သော် ကျိန်းသေသည်မှာတော့ လေးဆယ့်ငါးမိနစ်ဆိုသော အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုနေရာတွင် ပင် သူ ဆက်လက်ရပ်နေကောင်း
ရပ်နေလိမ့် မည်။ နေထိုင်ရာ ရှိ၍ ပြန်လှည့်ရန် နီးပါက ပြန်လှည့်ကောင်းလှည့်မည် ။ မည်သူမျှ သိနိုင်သည့်ကိစ္စမဟုတ်။
ကျိန်းသေလွန်းသည်ကတော့ ကိုယ်တိုင်အပါအ၀င်အားလုံးသောကားကိုယ်စီဖြင့် ယဉ်ကျေးသိမ်မွေ့သော
လူသတ္တ၀ါများကမသိလိုက်ဖာသာပင်ထိုမိန်းကလေးကိုဖြတ်ကျော်မောင်းနှင်သွားကြပြီး
ဖြစ်၏။

ကားကို ရပ်နားရန်နေရာတွင် ရပ်လိုက်၏။ တမတ်စေ့ နှစ်စေ့ကို ထုတ်ယူပြီး ရပ်နားခွင့်အတွက် အချိန်တိုင်းစက်အတွင်း တစေ့ ချင်း ဖြေးဖြေးထည့်လိုက်၏။ ဒုတိယအစေ့သည် လက်ပေါ်မှလျှောကျသွား၏။
လက်အိတ်ကိုချွတ်ပြီး ဖြေးဖြေး ကိုယ်ကို နှိမ့်ချလိုက်ရင်း တမတ်စေ့ ကလေးကို ကောက်ကာ ခန္ဓာကိုယ်ကို ပြန်မတ်၍ ပြန်ထည့်လိုက်၏။ ပြီးတော့ အေးစက်ခြောက်သွေ့ သော လေကို အ၀ရှူလိုက်ပြီး ခနအောင့်ထားလိုက်၏။ ထို့ နောက် ပါးစပ်ကို ဟကာ ရှူထုတ်လိုက်၏။
ဆိုင်တံခါးကို တွန်းဖွင့်ကာဝင်လိုက်တော့ လစ်ဇ်နှင့် သူ့ ယောက်ျားကနှုတ်ဆက်၏။
သူတို့လင်မယားကိုပြန်နှုတ်ဆက်ရင်း မနက်စာ နှင့်ကော်ဖီတခွက်မှာလိုက်၏။ မနက်စာကိုစားရင်း သတင်းစာကိုဆွဲယူပြီးဖတ်လိုက်၏။ အီရတ်စစ်ပွဲ ၊ သမ္မတ အသစ် ၊ ငွေကြေး ပြသနာ ၊ ရာသီဥတု ၊အားကစား ၊ ကမ္ဘာ့သတင်း၊ ကျော်ကြားသူတို့ကိစ္စ၀ိစ္စ စသည်ဖြင့် သံသရာမြောက်အနှစ်သာရတို့၏ ထပ်ချည်းတလဲလဲ အကြောင်းအရာ အသစ်များ ။

ဆိုင်တံခါးကိုတွန်းဖွင့်ကာလူဖြူအဖိုးကြီးတစ်ယောက်ဝင်လာ၏။ဟောင်းနွမ်းလှသောသူ့အနွေးထည်ဂျာကင်ကြီး
အောက်တွင် နောက်ထပ် ဘယ်နှစ်ထပ် ခံပြီးဝတ်လာသည်မသိ လူက လေမလျှော့တလျှော့ အလူမီနီယံမိုးပျံ ဘောလုံးလို ဖြစ်နေ၏။
သူ့ ပါးစပ်နှင့်နှာခေါင်းမှ အငွေ့ ဖြူဖြူတို့ ထွက်လာသည်အထိ ဆိုင်ထဲမှ ဆိုင်ရှင်နှင့် တဦးတည်းသော ဖောက်သည်ကို နှုတ်ဆက်လိုက်၏။ ထို့ နောက် ဘေးမှ ခုံကိုဆွဲထိုင်ပြီး သတင်းစာ ကိုကောက်ယူ၏။ သတင်းစာကို တဗြန်းဗြန်းမြည်အောင် ခပ်မြန်မြန် ဆွဲလှန်နေ၏။ တနေရာရောက်တော့ သူ သေသေချာချာ ဖတ်တော့၏။ အခိုက်အတန့် တစ်ခုအထိ ဖတ်အပြီးတွင် စကားပြောတော့၏။

သူနှင့်အပြန်အလှန်ပြောဆိုရင်း စီးကရက်ဖွာရန်အပြင်သို့ထွက်လာတော့ သူလည်းနောက်နားမှပါလာ၏။
စီးကရက်ဘူးကိုဖွင့်ပြီး မီးခြစ်ကိုထုတ်ကာ မီးညှိရင်း ခပ်ဝေးဝေး မှ အဆောက်အဦအမြင့်ကြီးများ၏ မှန် နံရံကွက်ကြီးများမှ အရိပ်ထင်နေသော အခြားအဆောက်အဦများကိုမြင်နေရ၏။
သူလည်း စီးကရက်ဘူးလေး တစ်ဘူးထုတ်၏ ။ မလုံမလဲပြုံး၏။ ပြီးတော့ စီးကရက်ဘူးကလေးကိုဖွင့်လိုက်တော့ တံဆိပ် အမျိုးမျိုးဖြင့် စီးကရက်အတိုကလေးများ ဖြစ်နေ၏။ ထိုအထဲမှ ခပ်ရှည်ရှည် စီးကရက်တိုကလေးကို ထုတ်ယူလိုက်ကာမီးညှိရှိုက်ဖွာရင်း ကောင်းကင်ကို ပြုံး၍ မော့ကြည့်နေ၏။
သုံးလေးငါးဖွာ ရှိုက်ရင်း ချမ်းလာလွန်းတော့ ဆိုင်ထဲသို့ ပြန်ဝင်လာချိန်တွင် အဖိုးကြီးလဲ နောက်မှ ကပ်ပါလာ၏။ ထို့ နောက် သူက ကော်ဖီတခွက်မှာ၏။ လစ်ဇ်က ကော်ဖီဖျော်ပြီး သူ့ ရှေ့ ချပေးခိုက် တွင် သူ ၏ ဘယ်ဘက် အင်္ကျီအိတ်ထဲမှ အကြွေစေ့ ကလေးများ ကို တစ်စေ့ ပြီးတစ်စေ့ ထုတ်ရင်း ကောင်တာပေါ်တင်လိုက်ပြီး ပြုံးပြကာ နောက်တခါ ကောင်းကောင်း မွန်မွန် ကျကျနန လာစားဦးမယ် ဟု ပြော၏။ ပူနွေးသောကော်ဖီကို မှုတ်သောက်နေသော အဖိုးကြီး၏ မျက်လုံးများသည် မုန့် လက်ကောက်ကွင်းများ ထည့်ထားရာ မှန် ကာထားသည့် စင်ဆီသို့  ဝေ့  ၀ဲနေ၏။
နံရံပေါ်မှ တီဗွီမှ မနက်သတင်းလာနေ၏။ အိမ်ယာမဲ့အလောင်း တစ်လောင်း သတင်းတွင်ပါလာ၏။ အဖိုးကြီးသည် ကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ တီဗွီ ဖန်သားပြင်ကိုသေချာစွာကြည့်ရင်း
“ငါ မင်းကိုပြောတယ် မင်းနားမထောင်ခဲ့ဘူး ကွာ” ဟုတယောက်ထဲ ငြီးလိုက်၏။

လစ်ဇ် က ပေါင်မုန့် နှစ်ချပ်ကို ပေါင်မုန့် ကင်စက်ထဲသို့ ထည့်၏။ ပြီးတော့ ဖောက်သည်တွေအလာကျဲကြောင်း တယောက်ထည်းငြီးသလိုလိုဖြင့် ပြောနေ၏။ လစ်ဇ်ယောက်ျားက စွပ်ပြုတ်အိုးကလေးကို မီးအားလျှော့နေ၏။
အိပ်ထဲမှ ဆယ်တန် တစ်ရွက်ကိုထုတ်ယူလိုက်ပြီး မနက်စာ နှင့် စွပ်ပြုတ် တခွက်မှာလိုက်၏ ။ ပြီးတော့ အဖိုးကြီးကိုပြုံးပြရင်း ဘာကြောင့် နောက်မှ ကောင်းကောင်းမွန်မွန်စားမလဲ ခု စားလို့ ဖြစ်နေတာပဲ မဟုတ်ဘူးလား ဟု ပြုံးကာမေးလိုက်၏။
အဖိုးကြီး၏ မျက်လုံးထဲတွင်အားငယ်မှု ၊ ခိုကိုးရာ ၊ ကျေးဇူးတင်ခြင်း စသော စိတ်ခံစားမှုတို့၏ အရောင်အဆင်း
တို့ ရောပြွန်းလျှက် ဖြင့် ကျေးဇူးတင်စကားပြော၏ ။ ပြီးတော့ သူ့ ဘယ်ဘက်လက်မှာစွပ်ထားဆဲဖြစ်သော လက်အိတ်အဟောင်းကြီးကိုဆွဲချွတ်ကာ ကောင်တာလေးပေါ်မှ ပလတ်စတစ်ဇွန်း ခက်ရင်း ဒါးကလေးများထည့်ထားသော အိတ်အကြည်လေးကို ဆွဲဖောက်လိုက်၏။ လက်သုတ်စက္ကူကြမ်း တစ်ပေပတ်လည် ကို ကျကျနန သူ့ အင်္ကျီ ဂျာကင်ဟောင်းကြီးကို ဟကာ ရင်ဘတ် ပေါ်ညှပ်လိုက်၏။

အဖိုးကြီးကို ပြုံးပြပြီး ခနစောင့်ပါ ဟု ပြော၍ ကားဆီသို့ လာခဲ့၏။ ကားထဲမှ ကား ပိုင်ရှင် မှတ်တမ်း ၊ ပြုပြင်နည်း ၊ ကား တစ်စင်းလုံး၏ တည်ဆောက်ပုံ စာအုပ်တို့  ထည့်ထားသော သေတ္တာငယ်ကလေး၏ တံခါးကိုဖွင့်ကာ စီးကရက်ဘူးသစ် တဘူး ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။ ပြီးတော့ နွေးနေဆဲ ခုံတွင်ပြန်ထိုင်လိုက်ရင်း အားပါးတရစားလိုက် စွပ်ပြုတ်ကလေးသောက်လိုက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေသော အဖိုးကြီးကို စီးကရက်ဘူး ပေးလိုက်၏။

ခဏကြာတော့လစ်ဇ်တို့လင်မယားနှင့် အဖိုးကြီးကိုနှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာရင်း လက်အိတ်ကိုစွတ်၍ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတို့က ပိုမို သည်းထန်စွာကျနေဆဲ ။ ဆောင်းအစတစ်မနက်၏ ဖြစ်စဉ်များ အကြောင်းစဉ်းစားနေမိစဉ်ငှက်တအုပ်သည် ခပ်နိမ့်နိမ့်ပျံသန်းရင်း မြင်ကွင်းထဲသို့ဝင်လာ၏။ ထိုငှက်အုပ်၏ နောက်သို့  အမြင်အာရုံကို မထည့်ထားမိတော့။

ကားစက်ကိုနှိုး၍ မောင်းထွက်လာခဲ့ရာ တူရူမှ လာသော ကားများ၊ ရှေ့ မှ ကားများ၊ နောက်မှ ကားများ သည် နှင်း ထူထဲ သော လမ်းမပေါ်တွင် သတိဖြင့်ဖြေးညှင်းစွာမောင်းနှင်လာကြသော
အကန်းများ၏ လိုရာသို့ တရွေ့ ရွေ့ သွားနေကြ၏ ။ ဆက်၍ ဆက်၍ သွားကြဦးမည်လည်း ဖြစ်ပေတော့၏။


ငြိမ်းဇေဦး

Saturday, November 29, 2008

ဖလ သမာပတ်

 ပြန်ကြည့်တော့လည်း
အဆံမရှိလျော့ရဲ
ငံကျိပျော့ပြဲ ။

ငြိမ်းဇေဦး

Wednesday, November 19, 2008

တထောက်စခန်း

ကိတ်မုန့်တစ်လုံး အစိတ်သုံးဆယ်
တခါမှ မ၀ယ်ဖူးခဲ့ ပေါင်
ဒီလိုပဲ မွေးနေ့တွေကို ငေါင်စင်းစင်းဖြတ်သန်းခဲ့တာ
သုံးဆယ်ကို ခြောက်မူးသားစွန်းခဲ့ပြီ....။
သိပ်ကျိန်းသေတာက
ဒီမောင့်မွေးနေ့ ဟာ ဘယ်အခါမှ
ထူးထူးရှယ်မဖြစ်ခဲ့ပါဘူး
ဒါပေ....ဆောင်တော်ကူးပန်းတွေတော့ပွင့်တတ်ကြတယ်
ဂေါ်သဇင်တွေလည်းပွင့်တတ်ကြတယ်
ခပ်စောစောဒီဇင်ဘာပန်းတွေတောင်မှ ဖွေးဖွေးဝေနေကြ
အဲဒီလို လှတတ်အေးမြ ....။

ဟက်ပီးဘတ်ဒေးသံတွေဖိုထိုးသလိုဆူညံရင်
ဒီမောင် ဟာ တီကောင်ဆားပက်သလို အနေခက်လှ
ဒါပေ...တခါဖူးမျှမရခဲ့ပေါင်..
သို့သော်ငြား ကိုယ့်များရည်းစားစကားပြောမလားဆိုပြီး
ကြိတ်ကျိန်းသေနေတဲ့အပျိုကြီးလိုလည်း
ရင်ဖိုရင်း ဟန်ဆောင်ငြင်းပြချင်စိတ်ကလည်းရှိ
အထီးကျန်မှုအသားသေနေတဲ့ ဘ၀အခြေအနေကလည်းရှိဆိုတော့လည်း
ဒီလိုပဲ မရဲတရဲ ကိုယ့်ဟာကိုယ် ငြင်းခဲ့ရ မကြိုက်ခဲ့ရတော့တာပေါ့
ဒါနဲ့ ပဲ ကိတ် မုန့်တွေပေနေတဲ့ဖယောင်းတိုင်မီးသေနံ့တွေ
ငါ့မွေးနေ့တိုင်းဆန့် ဆန့် ကြီးသေတော့တာပေါ့
တကယ်တော့ မွေးကိုမမွေးခဲ့ကြပေပဲကိုး ...။

ဒီမောင်ဟာ သုံးဆယ့်ခြောက်ချောင်းသော ဖယောင်းတိုင်တွေ
မှုတ်ဖို့အသာထား ပါးစပ်ကြွက်သားတွေ လေဖြတ်သလို
နေတတ်နေတာလည်းကြာပါပြီ
နို့ ထူးမှ ထူးပဲကိုး.............။

အသက်အရွယ်ကရလာတော့
ကျွဲတွေအပါး ဖ၀ါးမချအောင်လည်း ရှောင်တတ်လာပြီ
စောင်းသီချင်းထက် ပြောင်းတခင်းက
ဘ၀အာမခံချက်ရှိကြောင်းလည်း နားလည်လာပြီ

ဒီလိုနားလည်လာမှုတွေကို
စုစည်းရင်း ဦးနှောက်ဟာလည်း
အမှိုက်ခြင်းဖြစ်လာခဲ့ပြီ
တိုက်ချင်းပစ်ဒုံးကျည်တွေလို မပစ်လိုက်ရတဲ့မာနတွေနဲ့လည်း
အထာကျခဲ့တာ ....
ခုဆို ရှိုပင်တောင်ငိုချင်သွားမယ်
အဲဒီကိစ္စတွေကို စပ်ဆိုရရင်ဖြင့်....။

အချစ်ရေ စစ်တွေကိုမလိုလားတော့ဘူး
ဆောင်းဦးမြစ်ရေလို ညင်ညင်သာသာစီးဆင်း
မီးပြင်းကိုင် နာအောင်ထောင်းတဲ့ ဓါးကောင်းတစ်လက်လိုပဲ
ဓါးအိမ်ထဲမှာ မလှုပ်တန်း ပျင်းတိပျင်းတွဲ အသည်းမာမှုတွေနဲ့
ဒီအဖြစ်ကို အစမဆွဲပါနဲ့တော့ တညထဲနဲ့လည်း
ကြယ်ကြွေမကောက်နိုင်တော့ပါဘူး
ငြီးလို့ကောင်းတုန်း
ဝုန်းဆို......
မြင့်ဇေဆုံးပြီတဲ့..........
ကဲ....ကွေးသောလက် မဆန့် ခင် ကိစ္စတွေပေါ့........။

ငြိမ်းဇေဦး

အသက်သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့  အမှတ်တရ ရေးစပ်ပါသည်။
မပျော်ပါ၊ မပျော်ခြင်းသည် မထူးဆန်းတော့ပါ၊ ၀မ်းနည်း နေခြင်း ထိပ်တုံးခတ်ခံလိုက်ရသည် သာလျှင်
ပိုပေ၏..............။
ဂုရုကောင်းရာသုဂတိ လားပါစေ
ပြုပြုသမျှ ငါ၏ ရှားပါး နုံနဲ့သော်လည်း စေတနာမှန်သောကောင်းမှုအားလုံးအား အမျှပေးဝေပါ၏ ။
အမျှ....အမျှ...အမျှ...
အမျှ...အမျှ....အမျှ..
အမျှ...အမျှ...အမျှ..ယူစမ်းပါ သူငယ်ချင်း............။

ငြိမ်းဇေဦး ကောက်ကြောင်း

ကျစ်လစ်သန်မာတဲ့..ရေခံမြေခံနဲ့
ခံ့ခံ့ငြားငြားဖွံ့ထွားခဲ့တဲ့..သစ်ပင်တစ်ပင်ပေါ့...
တောစိတ်ဝင်သွားစေနိုင်တဲ့
ဥတုရာသီ..အရိုင်းအစိုင်းက
သူ့ရှင်သန်ရာတွေကို..
ကြမ်းတမ်း..ခက်လျော်စေခဲ့တယ်..။

မာကျောချွန်မြတဲ့..
ဆူးသားလက်နက်တွေအပြည့်
ထိတွေ့ကိုင်တွယ်ဖို့တောင်..
အခက်တွေ့ရလောက်အောင်..
အသွင်အပြင်ရမ်းရမ်း..
သူ့ဘ၀သူ...
ခပ်..ဆန်းဆန်း..သိမ်းထုတ်လို့..

ဒီ့ထက်..လှပစရာမရှိတော့တဲ့..ပန်းချီကားချပ်လို..
ဒီ့ထက်နာပျော်ဖွယ်ရာမရှိတဲ့..ဂီတသံစဉ်လို...
ဒီ့ထက်နက်ရှိုင်းစရာ..မရှိတော့တဲ့..ကဗျာ..စာသားတွေလို
့သူ့အတွင်းသား..စိတ်သဏ္ဍန်မှာ..
မှော်.အတိပြီးထားတဲ့..အနုရသတွေညက်ညော
သူ..့ဘ၀..သူ့..အမောကို.
သူ့..ရနံ့နဲ့..သူ..မျှောမျှော..ချနေရ..။

သူ...လား....
ဒူးရင်းသီးလိုလူစားပေါ့....

တစ်ချို့က..အနံ့ကို..ကြောက်လို့...ရှောင်ရှားကြချိန်မှာ...
တစ်ချို့က..ဈေးကြီးပေးပြီး..၀ယ်စားနေကြရဲ့..။ ။

အိန္ဒြာ(၂၀.၁၁.၂၀၀၈)

အရင်လိုပဲ မထူးဆန်းတဲ့  နေ့ တစ်နေ့လို ဖြတ်သန်းရတဲ့မွေးနေ့တိုင်းထက် ပိုဝမ်းနည်းစရာကောင်းစေတဲ့မွေးနေ့ပါပဲ။ဒါနဲ့ ညီမလေး အိန္ဒြာက မွေးနေ့လက်ဆောင်သူရေးထားတဲ့ ကဗျာလေးကို လှမ်းပို့ လို့ ယူလိုက်ချိန်မှာပဲ အခြားအမတယောက်ကကျနော့်သက်တူရွယ်တူ သူငယ်ချင်းတယောက်ဆုံးသွားပြီလို့ ပြောလာတယ်။အင်း...ကျနော်တို့ကတော့ရှင်သန်နေကြဆဲပေါ့ အသက်ရှူနေသမျှ...လူ့ဂုဏ်သိက္ခာအပြည့်နဲ့ တိုင်းပြည်မှာ လူလိုရှင်သန်ချင်သေးတယ်ဗျာ။

ဂုရုရေ.................

ငါသေရင် ကဗျာတွေရေးမတဲ့
မင်းသွားခဲ့ပြီ

ငြိမ်းဇေဦး

လတ်လတ်ဆတ်ဆတ်ကြီး ကွယ်လွန်သွားသောသူငယ်ချင်းသို့

Tuesday, November 18, 2008

အိမ်

 ငါလေ
ဖြစ်သလိုလေးစား...
အိမ်ကထမင်းဝိုင်းလေးကို
ပြန်ပြန်နေ့ တိုင်းတွေး
အားခဲတာ......
အမေချက်တဲ့ ပဲကြီးဟင်း
ဝက်သားဆီပြန်....
ငါးသလောက်ပေါင်း
ပဲပြုတ်နံပြား.....။

တို့  ညစ်ထပ်ထပ်မြို့ကလေးရဲ့
ဖုန်နံ့တွေဟာ
အောက်ဆီဂျင်ထက်ငါ့စိတ်ကို
ုပိုကျမ်းမာစေတယ်။

ပြန်ချင်ဇောနဲ့
လာတဲ့ လမ်းပြန်မျှော်မိတာ...
မမြင်ရလွန်းလို့ ...
့ရင်ဘတ်ငြမ်းထိုးပြီးမျှော်ခဲ့တာ..
ခုဆို ရင်ဘတ်တောင် အတွင်းဒဏ်ရင့်နေပြီကွယ်...။

ငြိမ်းဇေဦး

Friday, November 14, 2008

ယိမ်း မ သာ စိမ်းကာကြွေပေါ့

မိုးတိမ်အုပ်တို့... မြို့ကို စီးနင်းစပြုပြီ။
ထို ညနေ လေးနာရီ............။
နေရောင်အလင်းလွှာသည် လောကမြေမဟီပေါ်သို့ အိစက်ပုံကျတချို့ ၊ တိမ်တိုက်တို့အထက်တွင် ခိုတွဲတချို့ဖြင့် ကျိုးတိုးကျဲတဲနိုင်လှ၏။
တိမ်လိတ်တို့ လေပြေနှင့် လေးတွဲ့တွဲ့ ပြေးသောအခါ တိမ်ရိပ်တို့လည်း မြေပြင်ပေါ်တွင်ဒရွတ်ဆွဲမျောပါလျှက် ကြိုးပြတ်သော စွန် ကဲ့သို့။

ကိုညိုအောင်၏ ခြံကလေးထဲမှ စိမ်းလန်းသော မြက်ခင်းပြင် ၊ နှစ်ယောက်ထိုင် ဒန်းလွှဲ ခုံကလေး ၊
စပါယ်ရုံ ၊နှင်းဆီခင်း ၊ကျောက်သားမြှားနတ်မောင် ရုပ်တုလေး၊
ညီညာစွာပြုပြင်ဖြတ်ညှပ်ထားသောခြံစည်းရိုးပါတ်ပါတ်လည်ပုဏ္ဍရိပ်ပင်တို့ ၊ ခရေပင်တချို့ တို့သည်လည်း နေရောင်တိမ်ရိပ်အောက်တွင် စိမ်းလဲ့ရောင်နုလင်းတောက်လိုက် စိမ်းရင့်မှောင်လုမှိုင်းပျလိုက်ဖြင့်။

အိမ်နောက်ဖက် ဂိုဒေါင်ငယ်လေးထဲမှ ပေါက်ပြား တစ်လက် ၊ ပန်းဖြတ်ကပ်ကျေး တစ်လက်၊ မြေသြဇာ အိတ်ငယ်တစ်အိတ်ဖြင့် ကိုညိုအောင် ၏ လက်နှစ်ဖက်လုံးမအားတော့။
အင်္ကျီ ဗလာ၊ ဂျင်းဘောင်ဘီ အနွမ်းအကြမ်းတစ်ထည်ဝတ်လျှက် ဖိနပ်မပါသော ကိုညိုအောင်က ခရေပင်ဘေးတွင် မြေသြဇာအိတ်ကလေးကိုချလိုက်၏ ။
ပေါက်ပြားကိုခရေပင်တွင်မှီလိုက်ပြီး ပန်းဖြတ်ကပ်ကျေးကို ခရေပင်ရင်းတွင်ထောင်ထားလိုက်၏။

ခါးထောက်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း မနေ့ညက ရွာထားသောမိုးဖြင့် ခရေရွက်တို့တွင် ခိုတွဲဆဲဖြစ်သော နောက်ဆုံးလက်ကျန်မိုးရေစက်တချို့သည် ကိုညိုအောင်၏
ကိုယ်ဗလာအထက်ပိုင်းသို့ ဖြေးဖြေးချင်းသစ်ရွက်ပေါ်မှ မဆင်းချင်ဆင်းချင်လိမ့်ဆင်းခုန်ချလာပြီး ရင်အုပ်ပေါ်သို့ အနှေးဆုံး အသေးဆုံး ယာယီရေတံခွန်လေးများအဖြစ်စီးကျနေ၏။ ရေစက်တချို့က မော့ကြည့်နေသော ကိုညိုအောင်၏ မျက်လုံး တည့်တည့်သို့ ကျလာတော့ လူသားတို့၏ ပင်ကိုယ် တုန့်ပြန်မှုအတိုင်းကိုညိုအောင်၏ မျက်ခွံတို့အလိုအလျှောက်ဖြတ်ကနဲမှိတ်လိုက်၏။

အေးမြသော ရေစက်ရေပေါက်သည် ကိုညိုအောင်၏ ဘယ်ဘက် မျက်ခွံပေါ်သို့ ဘောက်ကနဲကျကာ နက်မှောင်သောမျက်တောင်များစိုစွတ်လျှက် ။
ထိုရေပေါက်ကို ကိုညိုအောင်သုတ်မပစ်ပါ။
အမြင်အာရုံကို ကြည်လင်အောင် မျက်တောင်ကိုခတ်ကာ ခတ်ကာ ဖြင့် တိမ်လိတ်တို့ ဒရောသောပါးပြေးလွှားနေသည်ကို မော့ကြည့်နေဆဲဖြစ်၏။

တကယ်တော့ ထိုမျက်ခွံတို့သည် စိုရွှဲပူနွေးသောဒြပ်သတ္တိတို့အား မည်ကဲ့သို့ ဆက်ဆံတုန့်ပြန်ရမည်ကို ကျင့်သားရ နေသားကျခဲ့သည်မှာကြာလွန်းလှပေါ့။
ကိုညိုအောင်၏ ရှည်လျားစပြုပြီဖြစ်သော နက်မှောင်လှသည့် ဆံပင်တို့ကြားသို့လေအေးအေးတလွှာသည် ပုဝါတစကဲ့သို့ လွင့်မျောထိခတ်သွား၏။

နက်မှောင်လှသော မျက်ခုံးထူထူတို့ဆက်မတတ် မျက်မှောင်ကြုံ့လျှက် ထူထဲပြည့်တင်းသော နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ကာ စိမ်းမြရွက်သစ်တို့ကြားမှအလုအယက်ဖူးစဖြူဥနေသော စပယ်ငုံတို့ကိုကြည့်ရင်း မြေသြဇာအိတ်ကလေးကို ဖွင့်လိုက်၏။

စပယ်ရုံ၏ ဘေးပတ်ပတ်လည်မှ ပေါင်းမြက်ပင်ကလေးများကို ပေါက်ပြားဖြင့်ခပ်ဖွဖွလေးရှပ်ကာ ရှင်းပြီးတိုင်း မြေသြဇာတို့အား စပယ်ရုံအောက်ခြေ ပတ်ပတ်လည် တစ်ပေလောက်အကွာမှ
ဖြူးပုံပေးရင်း ကိုညိုအောင်က စပယ်နံ့သင်းသင်းကို ဂန္ဓာရုံဖြင့် ခိုးယူသိမ်းပိုက်လိုက်၏။ ခံစားချက်ကင်းမဲ့ဟန်ရှိသော မျက်နှာတင်းတင်းမာမာသည် တဖြေးဖြေးပျော့ပျောင်းသွားကာ
ကလေးငယ်လေးတယောက်ကဲ့သို့ ခေါင်းကိုမော့ရင်း မျက်လုံးအစုံကို ဖွဖွမှိတ်လျှက် ကျေကျေနပ်နပ်ပြုံးလိုက်၏။ ဆံနွယ်ရိုင်းတို့ လည်ကုပ်ပုခုံးပေါ်သို့ပွတ်တိုက်ထိပါးသွားသောအထိအတွေ့ကိုလည်း
ကိုညိုအောင်သတိပြုမိလိုက်၏။ လျှို့ဝှက်ဆန်းကျယ် နားလည်ရခက်သော ထိုတင်းမာအေးစက်သော မျက်နှာသည် လျှို့ဝှက်ဆန်းကြယ်စွာပင် တခြားလူတယောက်ကိုပြုံးပြရန်ဝန်လေးတတ်သည့်
မျက်ဝန်း ၊ နှုတ်ခမ်းတို့ မှ ပျော့ပျောင်းအေးမြသောအပြုံးဖြင့် စပယ်ရုံလေးအနီး၌ ။

ကိုညိုအောင်၏ မြက်ခင်း စိမ်းတို့ဖြင့် ၊ပန်းရုံ ၊ပန်းခင်းတို့ဖြင့် ၀န်းရံထားသော တထပ်အိမ်ငယ်ကလေး၏ရှေ့ မျက်နှာစာ ညာဘက် တွင် စားပွဲတစ်လုံး ကုလားထိုင်လေးနှစ်လုံး နှင်းဆီပန်းဖြူလွလွတစ်ပွင့်ထည်း
ထိုးထားသည့် မြစိမ်းကြည်ရောင် ဖန်ပန်းအိုးကလေး....။
တကယ်တော့ ထို စားပွဲကလေးတွင် ကိုညိုအောင်မထိုင်ဖြစ်ခဲ့သည်မှာ လပေါင်းများစွာ ကြာ ခဲ့ပြီ။ သို့သော် နေ့စဉ်နှင်းဆီဖြူတပွင့်ကိုတော့အမြဲတန်းအသစ်လဲသလို
ပန်းအိုးကလေးကိုလည်းတောက်ပြောင်လှပနေစေခဲ့သည်။

ထိုလည်တိုင်ကျဉ်းပန်းအိုးကလေး၏ အလင်းပြန်နံရံတွင် တခါက သူသိပ်ချစ်ခဲ့ရသော ကောင်မလေး၏ မျက်ဝန်းလှလှလေးများကို လောဘကြီးစွာ သူငေးခဲ့မြတ်နိုးခဲ့ဖူး၏။ မျက်လုံးချင်းဆိုင်ကြည့်လိုက်တိုင်း အချစ်ရည်အပြည့်ဖြင့်မနောအာရုံကို ကမ္ဘာမြေကြီး၏ ဆွဲအားထက် သာလွန်သော အင်အားတို့ဖြင့် နစ်မျောပျော်ဝင်စေဖူးခဲ့သော ထိုမျက်ဝန်းလေးများ၏ အလင်းပြန်အရိပ်ကလေးကိုတောင်မှ ကိုညိုအောင်က တွယ်တာမြတ်နိုးလွန်းခဲ့၏။

ဘယ်ဘက်ခြမ်းတွင်တော့ ကိုညိုအောင်တယောက်ထဲ ခြေပစ်လက်ပစ်ထိုင်တတ်သော ပက်လက်ကုလားထိုင်တစ်လုံးရှိပြီးပြီး ဘေးတွင် ဘရန်ဒီပြင်းပြင်း တစ်ပုလင်း နှင့် ဖန်ခွက် သေးလေးတစ်လုံးတင်သော စားပွဲပုကလေးရှိ၏။

ထိုစားပွဲပုလေးပေါ်တွင်လည်း ကိုညိုအောင်၏ နာနာကျင်ကျင် အကြည့်တို့ဖြင့် ကျင့်သားရနေသော ပုလင်းတို့သာ တစ်လုံးပြီးတစ်လုံးပြောင်းလဲသွားသော်လည်း အတွင်းတွင်ဘောင်ဘင်မခတ်ပဲ တည်ငြိမ်နေသော ပယင်းရောင် သေရည်တို့ အပြည့်ဖြင့် ပုလင်းသစ်တစ်လုံး နှင့် ဖန်ခွက်သေးသေးလေးတစ်လုံးကလည်း ယနေ့ အဖို့ ရှိနေဆဲဖြစ်၏။

ကိုညိုအောင်၏ ကျစ်လျစ် မာတင်းသော လက်မောင်းကြွက်သားများသည် ချွေးတို့စိုရွှဲလျက် တချက်တချက်နေရောင်အောက်တွင် လက်ကနဲ လက်ကနဲ ဖြင့် အလင်းပြန်နေ၏။ စပယ်ခြုံများ၏ အောက်မှ ပေါင်းမြက်တို့ကိုရှင်းလိုက် ၊ မြေသြဇာ များဖြူးလိုက်ဖြင့် အလုပ်ထဲတွင်စိတ်ကိုနှစ်ကာ သူ့ကိုယ်သူမေ့ပစ်ထားသော ကိုညိုအောင်တယောက် စပယ်ဖူးလေးများ၏ ဖြစ်စဉ်အား အစွမ်းကုန်ပွင့်လန်းစေရေးဟူသော တစ်ခုတည်းသောပန်းတိုင်ဖြင့် ပတ်ဝန်းကျင်ကိုလည်းမေ့ထားလိုက်၏။

ခြံရှေ့ တံခါးကလေး အီကနဲ အသံမြည်ကာ ပွင့်သွားတော့ ကိုညိုအောင် ခါးကိုဆန့်ပြီး ပေါက်ပြားရိုး ပေါ်လက်တဖက်တက်လျှက် လှမ်းကြည့်လိုက်၏။
ကိုညိုအောင်၏ ညီတစ်ယောက်လို ခင်မင်ယုံကြည်သည့် တဖက်အိမ်က မောင်ဖြူစင်သည် ကိုညိုအောင်ကိုပြုံးပြ၏။
ခြံတံခါးကလေးကို ပြန်ပိတ်ကာ ခြံထဲသို့ဝင်လာ၏။
“အကို အလုပ်များနေလား”
“အေးကွ.. ထုံးစံအတိုင်းပေါ့ မင်းရော အလုပ်တွေ မအားဘူးလား မတွေ့ တာကြာပြီ”ဟု ကိုညိုအောင်ဖြေမေးမေးလိုက်၏။
“ဟုတ်ကဲ့အကို... ခုတလော အလုပ်နည်းနည်းများနေတယ်” ဟု မောင်ဖြူစင်ကဖြေရင်း ကိုညိုအောင်၏ မျက်နှာအား အလွန်အမင်းအားနာဟန်ချီတုံချတုံဖြင့်ကြည့်ရင်းသက်ပြင်းတချက်ချလိုက်၏။
ကိုညိုအောင်က နားလည် အကင်းပါးစွာ “မင်းပြောစရာရှိလား ရှိရင်ပြောလေကွ မင်းနဲ့ငါ ညီအကိုအရင်းလိုခင်နေတာပဲ”
“ဒီလို အကို ” ဟူ၍ အစချီကာခဏစကားရပ်သွားချိန်တွင် ခရေရွက်တို့လေတိုးသံ ၊ခြံအပြင်မှ ယာဉ်အချို့မောင်းနှင်သွားသံမှလွဲ၍ တိတ်ဆိတ်လျှက်။
“ပြောပါကွ ငါ့ညီရ” ဟု ကိုညိုအောင့်စကားအဆုံးတွင်တော့
“ဒီလိုအကို ကျနော် သစ္စာဦးကို ချစ်နေပြီ အဲဒါအကို့ကို အသိပေးတာ”........။

ကိုညိုအောင် တိတ်ဆိတ်စွာ သက်ပြင်းချရင်း “အင်း... ငါသဘောမတူစရာမရှိပါဘူး ညီလေး... မင်းလို ရိုးသားဖြောင့်မတ်ပြီး ကြိုးစားတဲ့လူငယ်တယောက်နဲ့ သစ္စာဦးလို လှပရှင်းသန့်ပြီး စိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်ဟာသင့်လျှော်ပါတယ် ဒါပေမယ့်.............”
ကိုညိုအောင်သည်စကားကို ရပ်ကာ မြေသားတို့ပေကျံနေသော သူ့ ခြေဖမိုးကိုငုံ့ကြည့်ပြီး ပေါက်ပြား တွင် ကပ်နေသော မြေသားတို့ကို ခြေထောက်ဖြင့် ဖြေးဖြေး တွန်းထုတ်လိုက်၏။

ထို့နောက်ခေါင်းကိုမော့ပြီး “ဒါပေမယ့် ညီလေး မင်း စိတ်ထဲမှာတော့လိပ်ပြာသန့်ရမယ် ငါ့အပေါ်မှာလဲ အမြင်ရှင်းရမယ် သူ့အပေါ်မှာလဲ မင်းအမြင်ရှင်းရှင်းနဲ့ မြတ်နိုးနိုင်မှရမယ်
အဲဒါကိုရောမင်းကြိုပြီးတွေးပြီးသားလား ”

“ဟုတ်ကဲ့အကို..အဲဒါတွေအတွက်ကျနော်အချိန်အတော်ကြာ ပေးပြီး စဉ်းစားခဲ့ပြီးပြီ ကျနော့်စိတ်သန့်တယ် ကျနော်မြတ်နိုးတယ် သိပ်လည်းချစ်တယ် အကို ဒါပေမယ့် အကို့ကို ကျနော် အသိပေးဖို့လိုအပ်လို့ အကို့စိတ်ရှင်းအောင်အသိပေးတာပါ”

“ဟာ..ငါ့ညီရာ ..ဒါဆိုပြီးပြီပေါ့ကွ... ငါ အမြင်ရှင်းဖို့ဆိုတာကိုမပူနဲ့ မင်း အမြင်မရှင်းမှာကို လည်း ရင်မဆိုင်နိုင်လို့တော့မဟုတ်ဘူး ငါအနေနဲ့ မင်းစိတ်ထဲမှာလဲ ဒီဆုံးဖြတ်ချက်အတွက်ကြည်ကြည်လင်လင်အမြဲဖြစ်စေချင်တယ်
ကျန်တာဘာမှမပူနဲ့ဟုတ်ပြီလား”

မောင်ဖြူစင်သည် စိတ်လက်ပေါ့ပါးသွားသောမျက်နှာဖြင့် စပယ်ပွင့်တို့ကို ကြည့်နေခိုက် ကိုညိုအောင်က
“ဒါဆို မင်းတို့အဆင်ပြေသွားကြပြီလားညီလေး” ဟု မေးလိုက်၏။

“မဟုတ်ဘူးအကို ကျနော်သူ့ကို ဖွင့်မပြောခင် အကို့ကိုအရင်အသိပေးတာ ပြီးမှ ကျနော်ပြောမယ် ကဲ..ကျနော်ပြောချင်တာဒါပဲအကို ခွင့်ပြုပါဦး” ဆိုသောစကားဆုံးတော့ မောင်ဖြူစင်သည် ခြံတံခါးဆီသို့ပြန်လှည့်ကာ ခြံတံခါးကိုပြန်ပိတ်ပြီးနောက် ထွက်ခွာသွားတော့၏။

ကိုညိုအောင်သည် ပေါက်ပြားဖြင့် မြေကြီးကို ဖြေးဖြေးမှန်မှန်ပေါက်နေတော့၏။ ကောင်းကင်ကိုမော့မကြည့် ။ ပတ်ဝန်းကျင်ကို လှည့်မကြည့်။
ချွေးသံရွှဲရွှဲခန္ဓာကိုယ်သည် နိမ့်လိုက်မြင့်လိုက်ဖြင့် လက်ဖျံကြွက်သားများ တင်းကနဲတင်းကနဲ ထကာ မြေသားနှင့်ပေါက်ပြားထိချက်မှန်မှန်ဖြင့်။

မိုးတို့ပြိုခဲ့လေပြီ...။
တရိပ်ရိပ်ပြေးလွှားနေသော တိမ်သားတို့ ကောင်းကင်မြင့်လွှာ၏ အေးစက်မှုကို မခံနိုင်တော့ ။
သည်းထန်သော မိုးစက်မိုးပေါက်တို့သည်ကိုညိုအောင်၏ ကျောဗလာပေါ်သို့ ဒရကြမ်း ကျဆင်းလာသော်လည်း ကိုညိုအောင်ဆက်လက်ကာ ပေါက်ပြားကို အချက်မှန်မှန်ဖြင့် ပေါက်နေ၏။
ကောင်းကင်တခွင်တွင် နေ၏ ဖျိုးဖျ အလင်းသည်သာ ငွေ့ ငွေ့ ကျန်တော့၏ ။ မိုးသည်းသည်းအောက်တွင် ကမ္ဘာလောကကြီးသည် မှောင်မလို လင်းမလိုဖြင့် ညနေခင်းကို ပြုစားနေ၏။
မိုးပေါက်တို့ ကိုညိုအောင်၏ မျက်နှာတွင် ခိုတွဲစီးဆင်းနေ၏။ ခန္ဓာကိုယ်မှ လျောတိုက်ကာ ကမ္ဘာမြေကြီးပေါ်သို့ ခုန်ခုန်ချနေ၏။

ကိုညိုအောင် အံတင်းကာ နောက်ဆုံးပေါက်ပြားချက်တို့ဖြင့် နှင်းဆီခင်းအဆုံးတွင်အပြီးသတ်လိုက်ပြီး ပေါက်ပြားကို ရုတ်တရက်ပစ်ချကာ ခြေထောက်နှစ်ဖက်ကို ကား၍ ကောင်းကင်သို့မော့ကြည့်၏။
မျက်ဝန်းထဲသို့မိုးရေစက်တို့ ကျလာသည်ကို မျက်လုံးမပိတ်ပဲ မျက်သား ဖြူဖြူနှင့် မျက်ဆံညိုညိုပေါ်သို့  မိုးစက်တို့ဘောက်ကနဲ ကျလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တော့မှ မျက်စိကိုစုံမှိတ်လိုက်၏ ။ပြီးတော့ပြန်ကြည့်ပြန်၏။
ထို့နောက်ရုတ်တရက် နှင်းဆီပင် တစ်ပင်အားလက်ဖြင့်အားကုန်သိမ်းဆုပ်လိုက်ကာ ဆွဲမြှောက်လိုက်၏။

ပွင့်ပြီးစအဖြူရောင်နှင်းဆီပွင့်တစ်ပွင့်တည်းရှိသော နှင်းဆီပင်သည် ကိုညိုအောင့်လက်ထဲတွင် ရေစိုကာပွနေသော မြစ်ခြေကြောင့် လောမသိ မြောက်တက်ကာပါလာ၏။
ကိုညိုအောင်သည် နှင်းဆီပင်စည်ကို ညာလက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်လျှက် အိမ်ရှေ့ ကပြင်ပေါ်သို့  စိုရွှဲသော ခန္ဓာကိုယ်ဖြင့် တက်လာပြီး ပက်လက်ကုလားထိုင်တွင် ထိုင်နေလိုက်၏။

မိုးရေစက်တို့အောက်တွင် ခြံရှေ့ တံခါး ကို ဖွင့်ကာ ထီးတလက်ဖြင့် မိန်းမငယ်တစ်ယောက် ခြံထဲသို့ဝင်လာ၏။ သဏ္ဍာန်အရိပ်သည် တဖြည်းဖြည်း နီးကပ်လာကာ အိမ်ရှေ့  အမိုးအောက်ရောက်လာ၏။
အိမ်ရှေ့ အမိုးတံစက်မြိတ်အောက်တွင် ရပ်တံ့သွားသော်လည်း အိမ်ပေါ်သို့တော့ တက်မလာ။
“ကိုညို ... ကျမ က လက်တည့်စမ်းစရာသတ္တ၀ါလား ဖြေစမ်းပါ” ဟု နာနာကျင်ကျင် ထိုမိန်းကလေးကမေးလာ၏။
ကိုညိုအောင်သည် ညာလက်တွင် ဆုတ်ကိုင်ထားသော နှင်းဆီပင်စည်ကို ပို၍ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း “ အဲလိုမဟုတ်ဘူး မင်းဟာအမြဲတန်း သံသယနဲ့ကြည့်တတ်တဲ့အကြည့်တွေကြောင့်ထင်ချင်ရာထင်နေတာ”
ဟု ပြတ်တောင်းတိုးလျသော အဖြေကို ဖြေလျက် မိုးစက်တို့သည်းသည်းထန်ထန်ကျနေသည်ကို ငေးနေ၏။
မိန်းကလေးသည် ကိုညိုအောင့်မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး နောက်ထပ်တစ်ခွန်းမှ ဆက်မပြောတော့ပဲ သုတ်ကနဲလှည့်ကာ ထီးကလေးကိုဆောင်းရင်း ခြံပြင်သို့ ဦးတည်ကာ တရွေ့ ရွေ့ ဝေးသွားတော့၏။
ထိုတရွေ့ ရွေ့ ဝေးသွားသော မိန်းကလေး၏ ကျောပြင်ကို ငေးကြည့်နေသော ကိုညိုအောင့်မျက်ဝန်းသူငယ်အိမ်ထဲတွင်ထင်ဟပ်နေသည့် ပေါက်ပြားရာများပြည့်နှက်နေ ကာ မြေစိုင်မြေခဲတို့ဖြင့် ပွနေသော ပျက်စီးသွားသည့် အိမ်ရှေ့ မြက်ခင်းကလေးနှင့် လဲပြိုအမြစ်လန်နေသော စပါယ်ရုံများ နှင်းဆီခင်းများကို တော့ ကိုညိုအောင့်အသိအာရုံက မြင်နိုင်ကောင်းမှမြင်နိုင်ပေလိမ့်မည်။
ကိုညိုအောင်သည် မျက်လုံးအစုံကို မျက်တောင်တချက်မခတ်ပဲ မိန်းကလေးပျောက်ကွယ်သွားသည်အထိ ငေးမောနေရင်း သူ၏ဘက်လက်ဖြင့် နှင်းဆီကိုင်းကို ချိုးလိုက်ကာ နှင်းဆီဖြူကလေး ကို မမှိတ်မသုန်ကြည့်လျှက်
ညာဘက် တွင်ရှိသော စားပွဲလေးပေါ်မှပန်းအိုးကလေးဆီသို့သွား၏။
နှင်းဆီဖြူလွလွ လေးကို မနေ့  ညနေကထိုးထားသော နှင်းဆီပွင့် အဖြူကလေးနှင့်လဲကာ ဖြေးဖြေးထိုးလိုက်ချိန်တွင် တခါက သူအမြတ်တနိုး ငေးမောဖူးသည့် သူ့ ချစ်သူ မိန်းကလေး၏ မျက်ဝန်းညိုကလေးများ ရောင်ပြန်ဟပ်သော
ပန်းအိုးကလေး၏ နံရံ စိမ်းကြည်ဖန်သားပေါ်သို့ သူ၏ လက်ဖ၀ါးမှ နီရဲစေးပျစ်သော သွေးတို့တပေါက်ခြင်းကျလျှက်..................................................။

ခြံကလေးထဲတွင်ကားမြေစိုင်မြေခဲတို့နှင့် လဲပြိုနေသော စပယ်ရုံ တို့ နှင်းဆီပင်တို့ အနီးတွင် မလဲမပြိုပဲ တည့်တည့်မတ်မတ်ကျန်ရှိနေသေးသည်မှာတော့ ကျောက်သားမြှားနတ်မောင်ရုပ်တုကလေးဖြစ်၏။
ထိုမြှားနတ်မောင်ရုပ်တုကလေး၏ လေးညှို့မှမြှားကလေးသည်ကား ယခင်အတိုင်းပင် ရှိနေဆဲကလွဲ၍ ဥယျာဉ်ပျိုးသူ၏ ဥယျာဉ်ပျက်ကလေးသာ မိုးရေစက်တို့အောက်၌ ....။
ပြီးတော့ နှလုံးသွေးစက်တို့ စွန်းထင်ရစ်သော စိမ်းမြကြည်
နှင်းဆီပန်းအိုးကလေးတစ်လုံး တို့သည်သာ မြင်သာထင်သာကျန်ရှိလျှက်.....။
ထိုအချိန်တွင် ခရေရွက်စိမ်းအချို့....
မိုးဒဏ်ဖြင့် လူးလွန့်ကာ အချိန်မတိုင်ခင်ကြွေကျသွားတော့၏ ..........။

ငြိမ်းဇေဦး


Thursday, November 6, 2008

အောင့်နမ်း

 မချစ်ပဲနဲ့ အဖြစ်သည်းပြ ။

ငြိမ်းဇေဦး

Monday, November 3, 2008

တကယ်တော့ သူဟာ စန်း ဘော်လီ


ယို့ ......
တယောက်ယောက်ဖြစ်တယ်
ဖြစ်ကိုဖြစ်ရမယ် ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့ကြ
ဒီမှာပဲ ဆမ်းဘော်ဒီ လို့ ကိုယ့်ကိုယ်အသိအမှတ်ပြုလာကြ...။

တညသား ဘွားကနဲလက်မည်းကြီးပြိုကျမှ
ဆမ်းဘော်ဒီအဖြစ် က စန်းဘော်လီဖြစ်ရ
နို့  သိမှ သိပဲကိုး .....။

ငြိမ်းဇေဦး
ဆမ်းဘော်ဒီ = Somebody
စန်းဘော်လီ = မြန်မာပြည်က အမျိးသမီးဝတ် ဘော်လီအင်္ကျီ တံဆိပ်
ဒီကဗျာ ကို ရှင်မင်းညို ပါးညောင်းအောင်ရယ်လွန်းလို့ တင်လိုက်ပါတယ်ဗျာ။

အင်းဆက်



ဒီမယ်
ဒို့ကခပ်ခွာခွာနေတတ်တာ
သေချာတဲ့အကြောင်းတရားတွေမပျိုးချင်လို့
ဒီလို...ကိုယ့်သိမ်ငယ်မှုကိုတန်ဖိုးမြှင့်...........။


ဘာပဲဖြစ်ဖြစ်ပေါ့လေ
အတိတ်တွေမျိုပြီး
အိပ်နေလို့လဲမရသေးဘူး
မြွေတကောင်လောက်မှ သွေးမအေးတတ်တော့............။

ရွက်စိမ်းတွေတော့ ပိုပို ၀ါကျင့်လာပြီ
သံဓါတ်ကြွယ်ဝတဲ့ကမ္ဘာစိမ်းစိမ်းကြီး
အောက်ဆီဂျင်နဲ့ပြာလွင်လာသလို
အဲဒီရင့်ရော်ခြင်းဟာ မအီမသာ ကိုယ်လေးလက်ဝန်နဲ့
ပြဲပြဲစင်အောင် အံအံချခဲ့တာ
မြေပြင်မှာ ပွလို့ ရွက်ဝါတွေ ကြွေကျ...။

ငါတို့ဟာကြီးမြတ်ခြင်းတွေအတွက်
ကုတ်အားတွေယူကြတာပေါ့
ရှုပ်သလားမမေးနဲ့

ငါတို့....အဆင်တန်ဆာတွေကို မက်မောလာကြတာပေါ့
ဝစ်လစ်စလစ်အလှတွေကို ကြိတ်တန်ဘိုးထားတတ်လာကြတာပေါ့
မနောကံတွေ ဖောင်းပွလာကြတာပေါ့
သန်ရာသန်ရာ ဘာသာဗေဒနဲ့
အတ္တကို လိမ်မော်သီးတွေလိုသီးပစ်လိုက်ကြတာပေါ့
အဲဒီမှာ ပဲ အချစ်တွေက စပျစ်ရည်ဖြစ်သွားကြတာပေါ့........။

အာရိယံလို ရင်ခုန်သံတွေနဲ့ အတင်းအိပ်မက်ပစ်ချင်ကြတာပေါ့
ဝိဥာဉ်ဟာ နှလုံးအစားထိုးသလို ဖြုတ် ...
တပ်....
နှိုး လို့
တခြားတယောက်အဖြစ် နိုးထခွင့် ဘယ်တော့မှမပေးတဲ့
ပိုးတုံးလုံးတကောင်ပေါ့...
တရွေ့ ရွေ့ ဖြစ်ပေါ်တိုးတက်ခြင်းနဲ့
လေညှင်းမှာ တောင်ပံခတ်ခွင့်တော့ရှိတာပေါ့
ကောင်းကင်မှာပျံသန်းပြီး အလှဆုံးပန်းခင်းကြီးကို ရှာဖွေခွင့်ရှိတာပေါ့

အဲဒီမှာပဲ တောင်ပံခတ်နေတဲ့ နတ်မိမယ်လေးတွေ ပင့်ကူအိမ်ကြီးထဲ
အမြဲငြိတော့တာပေါ့.............

အင်းကြည့်လေ ငါတို့တွေဟာ အင်းဆက်တွေပဲမဟုတ်လား...

ဆိုတုန်းပြောတုန်းရှိသေး
အရက်စိမ်ရည်ဖတ်ထဲက ဘက်တီးရီးယားတွေ တ၀ုန်းဝုန်းခုန်ချသွားတာပေါ့

စိတ်ဟာ ကူးစက်ရောဂါတွေရဲ့ အသံထက်မြန်တဲ့ ယာဉ်ပျံတစင်းဖြစ်နေတာပေါ့

ဒီမှာပဲ သီတာဒေ၀ီဟာ မဒမ်ကျူရီကို မျက်စပစ်ပြပြီး မီးပုံထဲ ခုန်ချသွားခဲ့တာပေါ့

ဒီမှာပဲ ဟိန္ဒူဘာသာဝင်တွေ ကမ္ဘာမီးမလောင်ခင် သားကောင်ချမနင်းမိအောင်
မီးနင်းခြင်းအတတ်ပညာကို လေ့ကျင့်ကြတာပေါ့

ထရိုဂျန်မြင်းကို အပျိုရံအသင်းတွေနဲ့
သီချင်းတွေဖွဲ့ခဲ့တဲ့ ဟယ်လင်ဟာ တကယ်တော့ ဘယ်ဘုရင်နဲ့မှ မချစ်ခဲ့တာပေါ့

ဒီမှာပဲ ဣထိယတွေရဲ့ ကျဆုံးခန်းဟာ တညလုံးနမ်းရာက စတယ်ဆိုတဲ့
ယုတ္တိဗေဒတွေ ထွန်းကားလာခဲ့ကြတာပေါ့

ဒီမှာပဲ ကျဉ်းမြောင်းလွန်းတဲ့စိတ်တွေက အိုဗာဝိတ်ဝန်တိုမှုတွေကို ဖြဲကားမွေးဖွားခဲ့တာပေါ့

ကဲ... ၀ိဇ္ဇာတပါး
စိတ်နာသွားပြီ
လောကကို
သိက္ခာရှားတဲ့ ပြိတ္တာများ
အဘိဇ္ဇာပွား မိစ္ဆာအမှားတွေနဲ့ချယ်သ နေသမျှတော့
ဘယ်ဘ၀မှ တကယ်တညတောင် အတူမရှိလိုတော့ဘူးတဲ့....။

ဒီလိုကိုယ့်သိမ်ငယ်မှုကိုတန်ဘိုးမြှင့်ရင်း
သီချင်းတပုဒ်ကို ဥုံခံ ညည်းလို့
ပန်းသီးတခြင်း
ဝိုင်တပုလင်း
လေညှင်း
မြက်ခင်း
ပန်းနံ့တွေသင်းတဲ့ ညနေအသစ်စက်စက်မှာ
တောင်ပံတွေနာနေတဲ့ အင်းဆက်ပေါ့............................။


ငြိမ်းဇေဦး

Thursday, October 30, 2008

ငြိမ်းချမ်းမေတ္တာ

ပိုချစ်လာတဲ့အခါ....
အမြဲ...ကျောခြင်းကပ်
ဘ၀နဲ့ယုံတတ်.........။

ငြိမ်းဇေဦး

ပျောက်ဆုံးသွားသော မိသားစု



နွေတုန်းကဆို ညနေ စောင်းတိုင်း ကျနော် လုပ်ထားတဲ့ဘွန်ဇိုင်းပင်လေးတွေ ရှိရာ

အိမ်ရှေ့ သမံသလင်းပေါ်က နေကြာစေ့လေးတွေ ဆန်စေ့ ပဲစေ့လေးတွေကို

ချိုးငှက်ကလေးနှစ်ကောင် အမြဲလာလာပြီး စားနေကျ။

နွေဦးရာသီရဲ့နေ့လည်ခင်းတစ်ခုမှာ......လင်းယုန်ချောင်းဘေးကသဘာဝဥယျာဉ်ထဲကိုသွား၊ သစ်ပင်သေးသေးလေးတွေကို စိတ်ရှည်လက်ရှည်တူးဆွ ။

ပြီးတော့ သေသေချာချာ အမြစ်ကလေးတွေ မပြတ်အောင် မကျိုးအောင်

ပလတ်စတစ်အိပ်တွေနဲ့တပင်ခြင်းထည့်။

အိမ်ကိုပြန်လာ.............။

အိမ်ရောက်တော့ သစ်ပင်လေးတွေကို မြေသြဇာနဲ့ မြေဆီမြေနှစ် တွေပေါင်းပြီး

အိုးသေးသေးလေးတွေထဲမှာ စိတ်ရှည်လက်ရှည်ထည့်။

ပြီးတော့ သွပ်နန်းကြိုးကလေးတွေ အကိုင်းဖြတ်တဲ့ကပ်ကျေးလေးတွေ ပလာယာလေးတွေနဲ့

သစ်ပင်ပေါက်စလေးတွေကိုကိုယ်လိုချင်တဲ့အကွေးအကောက်ပုံစံလေးတွေဖော်၊

မလိုအပ်တဲ့အကိုင်းလေးတွေကိုဖြတ်...........။

စိတ်ကျေနပ်အောင် သေချာ လုပ်ပြီးချိန်မှာ ဘွန်ဇိုင်းပင်လေးတွေဟာ ဥယျာဉ်သေးသေးလေးတစ်ခုလို

အိမ်ရှေ့ သမံသလင်းပေါ်မှာဖြစ်သွားပြီ ။

အဲသည်လို သူတို့ တိုးတက်ဖြစ်ထွန်းရှင်သန်မှုနဲ့ သူတို့ ခန္ဓာကိုယ်လေးတွေကို ဖြတ်ချင်တိုင်းဖြတ်

သွပ်နန်းကြိုးနဲ့တုတ်ချင်တိုင်းတုတ် ၊ယိုင်ချင်တိုင်းကွေးချင်တိုင်း ယိုင်ကွေးနေမှုအပေါ်မှာ

သစ်ပင်လေးတွေက ဘယ်လိုတုန့်ပြန်မှုနဲ့မှ အပြစ်တင်တုန့်ပြန်မှုမလုပ်ခဲ့ဘူး။

တကယ်တော့အဲဒီသစ်ပင်လေးတွေဟာ..........

သက်ရှိ လေးတွေလို့  တွေးမိခဲ့ရင်.....

သူတို့လည်းနာကျင်တတ်တယ် ......

သူတို့လည်း ရှင်သန်မြင့်မား ကြီးထွား ချင်တတ်ကြတယ်......

သူတို့လည်းအစွမ်းကုန်လှပ ဝေဆာလန်းဆန်းချင်တတ်ကြတယ်လို့ ...နားလည်တတ်ခဲ့ရင်....

ဒီဘွန်ဇိုင်းပင်လေးတွေကို သဘာဝတရားကြီးထဲက လုယူလာခဲ့ပြီး နှိပ်စက်ဖြစ်မယ်မဟုတ်ပါဘူး.............

တခါ.......

အဲဒီသစ်ပင်ကလေးတွေနဲ့လိုက်ဖက်ညီမယ့် တေးဆိုငှက်ပေါက်စနလေးတွေ သေးသေးလေးတွေကိုလည်း လာစေချင်မိပြန်ရော....။

ငှက်ကလေးတွေအစာစားဖို့ငှက်အိမ်ကလေးတစ်လုံးကိုစိတ်ရှည်လက်ရှည် ကိုယ်တိုင်ပဲ

သစ်သားပြားကလေးတွေ နဲ့ သေသေချာချာ မီးပြတိုက် ဆန်ဆန် အိမ်ကလေးတစ်လုံးဆောက်မိတယ်။

သစ်သားပြားလက်မ၀က်လောက်ကလေးတွေကိုပွတ်ဆူးနဲ့ကျကျနနအပေါက်ကလေးတွေဖောက် သံချောင်းသေးသေးလေးတွေနဲ့ရိုက်ရင်း ရှစ်ထောင့်ဘေးပတ်ပတ်လည်မှာရှိတဲ့၊

အဆင့်လေးတွေသုံးဆင့်ပါတဲ့၊ပြီးတော့အဆင့်တိုင်းမှာငှက်ကလေးတွေ နားလို့ရတဲ့ ၊

သစ်သားချောင်းကလေးတွေ ထုတ်ပြီး အိမ်ကလေးတစ်ခုဖြစ်အောင် ဆောက်ခဲ့တယ်။

အဲဒီနောက် အဲဒီငှက်အိမ်ကလေးထဲမှာ နေကြာစိရိုင်းတွေ ပဲစေ့လေးတွေ

ဆန်စေ့လေးတွေကိုသေချာထည့်ပြီးမျက်နှာကျက်ကသံကြိုးအရှည်တစ်ချောင်းနဲ့ ကျကျနန ဆွဲထားလိုက်တယ်။

မီးပြတိုက်သဏ္ဍာန် ငှက်အစာထည့်တဲ့အိမ်ကလေး က ဘွန်ဇိုင်းပင်ကလေးတွေရဲ့အလည်မှာ

တွဲလွဲလေး ကျလို့ လေဝှေ့ တိုင်း လေးပင့်အိတွဲစွာ ယိမ်းလှုပ် ပျောင်းနွဲ့ နေကျ.........။

ဒါပေမယ့်ဘာငှက်တကောင်မှမလာခဲ့ဘူး ......။

နေ့လည်ခင်းတချို့မှာ အစာရှာဖို့ ပျင်းတဲ့ ရှဥ့်ကလေး နှစ်ကောင်သုံးကောင်ဟာ

မမှီ့တမှီလေထဲကတွဲလောင်းကျနေတဲ့အဲဒီသစ်စေ့လေးတွေရှိရာ

ငှက်အိမ်ကလေးကို ခြေထောက်ကလေးနှစ်ချောင်းပေါ်သူတို့ကိုယ်လုံးလေးတွေအားပြုရပ်ရင်း

လက်ကလေးသေးသေးလေးတွေနဲ့မှီအောင် လှမ်းနေရှာတတ်ကြတယ်။

အဲဒီအခါ အိမ်ရှေ့ မှန်တံခါးကြီးကို ဖြေးဖြေးဖွင့်လိုက်ရင်တောင်

မှန်တံခါး ဖွင့်သံနဲ့ ကျနော့် အရိပ်ကြောင့် ရှဥ့်ကလေးတွေဟာ

ခုန်ပေါက်ပြေးလွှားရင်း ခပ်ဝေးဝေးရောက်မှ ၊ မြက်ခင်းပြင်ပေါ်က မျက်လုံးကလေးတွေ ပေကလပ် ပေကလပ်နဲ့

အမြီးလေးတွေကိုကော့နေအောင်ထောင်ပြီး ခေါင်းကလေးတွေပုပြီး ပြန်စူးစမ်းတတ်ကြတယ်။

ကျနော်က ပေါင်မုန့်  ချပ်ကလေးတွေကို သေချာ တစချင်းဆွဲဖဲ့ ပြီးတော့

မြက်ခင်းပြင်ပေါ်ကရှ ည့်ကလေးတွေနဲ့မလှမ်းမကမ်းကိုလှမ်း ပြီး ပစ်ပေးနေကြ။

အဲသလိုနဲ့ကျနော်ဟာ ရှဥ့်ကလေးတွေနဲ့ရင်းနှီးမှုရခဲ့တယ်။

ရှဥ့်ကလေးတွေဟာ နောက်ပိုင်းတော့ မနက် မိုးလင်းပြီဆိုရင် ကျနော့်အိမ်ရှေ့ 

သမံသလင်းနားမှာ မယောင်မလည် နဲ့ အလှူအိမ် နားမှာ

ရစ်သီရစ်သီလုပ်နေတဲ့ နွမ်းပါးရှာကြတဲ့ ကလေးငယ်လေးတွေလို ရောက်နှင့်နေပြီ။

ကျနော်ကလည်း ထုံးစံအတိုင်း မှန်တံခါးကိုဖွင့် ကျနော့် ဆီက

ပေါင်မုန့် ချပ်ကလေးတွေကို ဖဲ့ ခြွေပြီး ပစ်ပေးနေကြ။

အဲသလို မှန်တံခါးဖွင့်လိုက်ပြီဆိုတိုင်းလဲ သူတို့  လန့် သွားရှာကြပြီးတော့ မြက်ခင်းစိမ်းထဲကိုပြန်ပြေးနေကြ။

သူတို့နဲ့ထပ်ပါလာတဲ့ ရှဥ့်မျက်နှာသစ်ကလေးတွေဆိုရင် မြက်ခင်းစိမ်းကြီးကို

ငုံ့ ကြည့်နေတဲ့မေပယ်ပင်ကြီးတွေ ရဲ့ပင်စည်ပေါ် ခပ်မြင့်မြင့်ရောက်တဲ့အထိ ပြေးတက်ရှောင်ပုန်းနေကြ။

ဒီလိုနဲ့ တဖြေးဖြေး...သူတို့ ဟာ အရင်လိုပဲ ပေါင်မုန့် အစ အန ကလေးတွေကို စားနေကြ။

ဒါပေမယ့် ဘာငှက်တကောင်မှ မလာခဲ့ဘူး။

အဲသလိုနဲ့ကျနော်ဟာတေးဆိုငှက်ကလေးတွေ၊၀တ်ရည်စုတ်ငှက်ကလေးတွေကို

မျှော်နေခဲ့တာ နွေဦးရာသီကတည်းကပဲပေါ့။

တနေ့သား ... ညနေစောင်း နေရောင်အောက်မှာ ကျနော်ဟာ ပန်းချီကားတချပ်ကို ဆွဲနေမိတယ်...........။ ပူနေတုန်းဆိုတော့အပြင်က လေပြေနဲ့ သဘာဝရဲ့ အသံတွေကို မျှော်လင့်ရင်း မှန်တံခါးကြီးကို တ၀က် ဖွင့်ထားခဲ့တယ်။

တဖျတ်...ဖျတ် အသံလေးတွေကို ကျနော်ကြားမိတော့.........

ကျနော်ဟာအသည်းကွဲရောင်စပ်ထားတဲ့

ဆေးတွေ ပေနေတဲ့ စုတ်တံကလေးကို ဘေးက ရေခွက်ထဲထည့်လိုက်တယ်

ကျနော်ဆက်မဆွဲဖြစ်တော့ဘူးပေါ့ ။

ကျနော့်အခန်းထဲက ခြေသံတွေနဲ့ကျနော့်လှုပ်ရှားမှုကြောင့် ပျံလာတဲ့ငှက်ကလေးနှစ်ကောင်

လန့် သွားမှာစိုးတဲ့စိတ်နဲ့ တဖြေးဖြေး နောက်ပြန်ဆုတ်ရင်း ကုလားထိုင်မှာထိုင်ပြီး အသာငေးနေမိတယ်။

ကျနော်ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တဲ့ငှက်အစာကျွေးတဲ့အိမ်ကလေးက ငှက်သေးသေးလေးတွေအတွက်ဖြစ်တော့....ချိုးငှက်ကလေးတကောင်

သစ်သားတန်းကလေးပေါ်ကို ခုန်တက်ချိန်မှာ လေထဲတွဲလွဲကျနေတဲ့ အဲဒီ အိမ်ကလေးဟာ

တဖက်ကိုစောင်းသွားပြီး သစ်စေ့လေးတွေ ဟာ ဘွန်ဇိုင်းပင်ကလေးတွေကြားကိုရောက်သွားတယ် ။

ငှက်ကလေးဟာ သူ့ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ရဖို့ တောင်ပံစုံကိုတဖျတ်ဖျတ်ခတ်ရင်း ခြေကုတ်ပြန်ယူတယ် ဒါပေမယ့် အိမ်ကလေးကမတည်ငြိမ်ပဲလေထဲမှာပိုပြီး ယိုင်ထိုးရင်း ယိမ်းနေတယ်။

အောက်က ချိုးငှက်ကလေးတကောင်ကမော့ကြည့်ပြီး ထပျံတော့တယ်။ ကြိုးစားနေတဲ့

ချိုးငှက်ကလေးလဲ ငှက်အိမ်ကလေးကို စွန့် ခွာပြီးတော့
ပျံသွားတဲ့ငှက်ကလေးနောက်ကိုလိုက်သွားတော့တယ်။ ကျနော်ကတော့ ပန်းချီကားကိုဆက်မဆွဲဖြစ်တော့ဘူး။
အပြင်ကို ထွက်ပြီးတော့ အပေါ်ကချည်ထားတဲ့ သံကြိုးကို ခွေးခြေကလေးတစ်ခုပေါ်တက်ရင်း သေချာဖြုတ်လိုက်တယ်။

ငှက်အစာကျွေးတဲ့ အိမ်ကလေးက လေထဲမှာမဟုတ်တော့ဘူး ။

သူတို့ ပြန်လာခဲ့မယ်ဆိုရင် သေချာ စားလို့ ဖြစ်ပြီပေါ့။

ဒီလိုနဲ့ နောက်နေ့ ကျတော့ ချိုးကလေးနှစ်ကောင်ဟာ သူတို့ လာခဲ့တဲ့အချိန် လောက်မှာပဲ ပြန်ရောက်လာတယ် ဒီအခါ ကျနော်ဟာ ကျနော့်ရဲ့ အုန်းမှုတ်ရေနွေးအိုးကလေးနဲ့ ၀ါးရေနွေးခွက် ကလေးကို ကျကျနန

စားပွဲ ပုလေး ပေါ်မှာတင်ပြီး တခွက်ချင်းသောက်ရင်း ငှက်ကလေးတွေကိုကြည့်နေမိတယ်။

ငှက်ကလေးတွေဟာ ခုတော့ ကျကျနန သစ်စေ့ကလးတွေကိုစားနိုင်ကြပြီဖြစ်တယ်။

ကျနော့်ဘွန်ဇိုင်းသစ်တောကျဲကျဲကလေးထဲမှာငှက်ကလေးနှစ်ကောင်

သစ်စေ့ကလေးတွေ ကောက်စားနေတော့ ရှဥ့်ကလေးတွေလဲ ရောက်လာကြတယ်။

အဲဒီညနေကတည်းက ရှဥ့်ကလေးတွေ နဲ့ငှက်ကလေးနှစ်ကောင်

တကောင်ကို တကောင် မလန့် ကြပဲ သစ်စေ့ကလေးတွေကို ကောက်စားနေကြတာပေါ့...........။

ကျနော်ဟာညနေချိန်တွေရောက်တိုင်းအဲဒီငှက်ကလေးနှစ်ကောင် သစ်စေ့ကလေးတွေလာလာကောက်ကြတာကို တကူးတကအချိန်ပေးပြီးစောင့်ဖြစ်လာတယ်။

ရှဥ့်ကလေးတွေ ခုန်ဆွခုန်ဆွနဲ့ မြက်ခင်းထဲမှာ ပြေးလွှားကြ နပမ်းလုံးကြတာကို

ကလေးတွေ ဆော့ကစားနေကြသလို ရင်းနှီး ကြည်နူးလာမိတယ်။ငှက်ကလေးတွေ အစာစားနေတာကို ကြည့်ရင်း အမြဲတန်း သူတို့ စားတဲ့ ငှက်စာကလေးတွေ မကုန်အောင် ဂရုစိုက်တတ်လာတယ်။

ငှက်ကလေးတွေရှဥ့်ကလေးတွေဟာတဖြေးဖြေးနဲ့

ကျနော့်ဘ၀ရဲ့ အခြားသော သက်ရှိ အစိတ်အပိုင်းကလေးတွေဖြစ်လာခဲ့သလို ဘွန်ဇိုင်းပင်ကလေးတွေဟာလည်း ရွက်နုလေးတွေ ဝေလာကြတာပေါ့......။

တနေ့ မှာ တော့ ငှက်ကလေးတကောင်တည်း ရောက်လာတယ်။ ငှက်ကလေးဟာ အစာကိုကောက်ရင်း လည်ပြန် ကြည့် ကြည့်နေရှာတယ်...။

ကျနော်ကိုယ်တိုင်လည်း စိုးရိမ်စိတ်တွေကြောင့် အလိုလို ဆုတောင်းရင်း သူ့ အဖော်ငှက်ကလေး

မကြာခင် ရောက်လာမှာပါဆိုတဲ့မျှော်လင့်ချက်နဲ့ထိုင်ကြည့်နေဖြစ်ခဲ့တယ် ။

ခဏအကြာမှာ ဆောင်းဦးလေပြေက ခပ်ထန်ထန် ဝှေ့ လိုက်ချိန်...............

ဘွန်ဇိုင်းပင်ကလေးတစ်ပင်ရဲ့အောက်ဆုံးအကိုင်းက၀ါကျင့်ကျင့်

သစ်ရွက်ကလေးတစ်ရွက် ကြွေကျချိန်..................

ငှက်ကလေးဟာ ဝေ့ ကနဲ ကောင်းကင်ကိုပျံတက်သွားတော့တယ်..............................။

အဲဒီနေ့ ကတည်းကစပြီးတော့ ....

တကောင်ထည်းလာခဲ့တဲ့ငှက်ကလေးဟာကျနော့်အိမ်ရှေ့ က

သစ်စေ့ကလေးတွေ ကို စားဖို့ မလာတော့ဘူး..............။

ကျနော်ကတော့နေ့စဉ်သစ်စေ့အသစ်ကလေးတွေကိုဖြည့်ဖြည့်နေခဲ့ရင်း

ညနေတိုင်း သူတို့ ထပ်လာကြဦးမလားဆိုတဲ့စိတ်နဲ့စောင့်နေခဲ့တာ..................။

ခုဆို ပထမဆုံးနှင်းတွေတောင်ကြွေနေပြီလေ...............

ကျနော်ဟာအေးစက်တဲ့ညနေတွေမှာ

သက္ကလပ်အင်္ကျီအရှည်အပြာရင့်ရောင်ကြီးကိုဝတ်ရင်းမာဖလာကလေးကိုပတ်လို့ အိမ်ရှေ့ မှန်တံခါးကြီးကိုဖွင့်ပြီး ဆက်စောင့်နေမိခဲ့တယ်............

ဒါပေမယ့်ကျနော့်ငှက်ကလေးတွေ မလာကြတော့ဘူး............. ဆောင်းအေးလေပြင်းလှိုင်း တလွှာက ကျနော့်အိမ်ခန်းကလေးထဲကိုဒရကြမ်းဆောင့်တိုးလာချိန်မှာ

အိမ်ရှေ့ စားပွဲပေါ်မှာတင်ထားတဲ့ ဖယောင်းတိုင်အရှည် က မီးညွန့် ကလေးဟာလဲ

တချက် ယိုင် ကနဲ လွန့် သွားရင်း ကျနော့်အခန်းကလေးမှောင်သွားတော့တယ်.......................။

ဟောဒီသစ်တောထဲကအိမ်ကလေးထဲမှာလူတယောက်...

မှန်တံခါးပေါက်ကြီးကိုဖွင့်ရင်း မကြာခင်နှင်းတွေကျတော့မယ်ဆိုတာကို မေ့နေပြီး

သူမရည်ရွယ်မဖိတ်ခေါ်ပဲ သူ့ ဘ၀ထဲကို ၀င်လာခဲ့တဲ့ ငှက်ကလေးနှစ်ကောင်ကို ညနေတိုင်း

တိတ်ဆိတ်စွာအမြဲစောင့်နေခဲ့တယ်ဆိုတာကို.................

အဲဒီငှက်ကလေးနှစ်ကောင်သက်ရှိထင်ရှားရှိနေပြီး သိနိုင်ခဲ့မည်ဆိုပါလျှင်..............................................................။

ငြိမ်းဇေဦး

Wednesday, October 29, 2008

ဥမ္မတကော



လောကီကို ယောဂီလိုဖြတ်သန်းမှဖြစ်တော့မယ်
ကွယ်တို့..........။

ဟုတ်ပါ့မလားပဲ
တို့ဘုရားကလောကွတ်တွေချော်ပြီးမသိနိုင်တဲ့တမလွန်အတွက်
ကတိတွေပေးမထားဘူး
ငါသေရင် ဘာတွေဖြစ်မတုန်း
လုံးဝ ဖျောက်ထားတဲ့အချက်
နည်းနည်းတော့ခက်သလားလို့...။

မဂ္ဂင် ရှစ်ပါးကတော့
ကြက်ကင်ဖြစ်မသွားဘူးကျိန်းသေတယ်
အဲဒီအတွက် တရုတ်ဖိုးချက်တို့ ဆိုင်ကိုသွား

ပါရမီအထုံကလည်း
နာဇီပုံနဲ့ကောင်တွေမှာပဲရှိသလိုလို
ဣထိတံ ပတ္ထိတံ ကို မှန်ချိုတခွက်သောက်လို့
မိုက်ခွက်ကြီး ကောက် အော် ။

ငါးပါးသီလကလည်း
ထားထား ညီမလောက်တော့ တလုံးတခဲမက်စရာမဟုတ်
ရှုပ်တော့ကုန်ပါပြီလေ
ဒါတွေနဲ့ ၀ိစိကိစ္စများ...။

အမျှော်နဲ့အကြောက်
မတော်တဲ့အပေါက်အတွက်
အသက်တွေသာကြီးလာ
ရွှေပြောင်ရာရွှေထပ်လို့
လူတွေ လူတွေ နေတတ်နေလိုက်ကြတာ
လိုရာဆုတောင်း..........။


ဒီမှာ..
ငယ်ငယ်ကခင်ဖူးတဲ့ အရူးကြီး ဦးကျော်ရင်
ခြေခွင်အောင် ထက လို့ ခနခန အော်ဖူးတဲ့
“စိတ္တေန နိယျတေ လောကော”ကိုပဲ
မပြုံးပဲရေရွတ်မိတော့...............။

ငြိမ်းဇေဦး

Tuesday, October 28, 2008

အခွံများ


ဘာတွေ ညာတွေဖြစ်
အိမ်ထောင်တွေကျ
ဘေးတိုက်ထွားကြိုင်း
ရိုးသားမှုတွေ ပိန်လှီ
သစ္စာတရားအဆီပိတ်
ရဲရင့်မှုလေဖြတ်
သတ္တိ လောက်တက် ။

ဘာတွေညာတွေဖြစ်
သီချင်းဟောင်းတွေကို
လူသစ်တွေဆို
သီချင်းသစ်တွေကို
လူဟောင်းတွေမခံစားတတ်
ကက်ကက်လန်
အထက်လန်အောက်လျှောတွေဖြစ်
သိက္ခာတွေ တစ်တစ်ရစ်ရစ်ရေထိုး
တန်ဘိုးတွေ ဘာတွေ စွတ် တက်
ဇွတ် တင် ။


ဘာတွေညာတွေဖြစ်
ရေခံမြေခံကောင်း
သန်မာထွားကျိုင်း...
မိုက်ရိုင်း
ခပ်ညံ့ညံ့ပုထုဇဉ်တိုင်း အရိုအသေပြု
လူစွာဖြစ်
မဖြစ်ညစ်ကျယ်ဖြစ်
ဝတ်စုံကိုချစ်
ဦးချိုကိုချစ်
အဆိပ်ကိုချစ်
ဆူးတောင်ကိုချစ်
သွားကိုချစ်။

ဘာတွေညာတွေဖြစ်
ရေခွက်ပေါက်ထဲ တံလျှပ်တွေကောက်ထည့်
ကြည့်.... ကြည့် ..ဖြဲကြည့်
လုံးဝ ပြည့်.................။



ငြိမ်းဇေဦး


ဘယ့်ဂလောက် အထီးကျန်သတုန်းဆိုတော့
တလောကလုံးကို ဖြန့် ငုံနေကြ နေရောင်တောင်
ယောင်လို့ အပေါင်းအဖော်မလုပ်ဘူး ။

ငြိမ်းဇေဦး

Friday, October 24, 2008

သမာဓိ အကြေကောက်

 အာရုံဟာ စပါဂက်တီခေါက်ဆွဲလို
ခွေခေါက်ပျော့အိ တွန့်လိမ်....


ဝိဥာဉ်နဲ့ဆွဲဆွဲတင်ခဲ့ရတဲ့
ကိုယ့်ဖြစ်အင်တွေက
ရေတွင်းထဲကဖားလောက်မှ မလုံခြုံပါ့လားကွယ်...

ရုပ်ဝတ္ထုတွေပဲ ဈေးအပြိုင်တက်နေကြတာပေါ့...

နာရီတွေ မျော့
ပျော့ဖတ်တွေဖြစ်
သမိုင်းတွေကို ညှစ်ညှစ်ချခဲ့လိုက်တာကလည်း
ခေတ်သစ်လူသား တွေရဲ့ ယဉ်ကျေးမှုအစကတည်းက.....

အာနာပါနကို သုံးဆစ်ချိုးခေါက်ထီးလို ဆောင်ထားဖို့လိုပြီ
မိုးပြိုရင် ထန်းလက်နဲ့ကာသလိုတော့မဟုတ်ဘူးပေါ့....

ညဟာ မွစာကြဲသွားပြီ အချစ်ရယ်
ဘယ်သူဆွဲဖြဲသွားသလဲ မသိ
ကောင်းကင်ကိုကြည့်လိုက်တော့ .............................။


ငြိမ်းဇေဦး

Thursday, October 23, 2008

ဆွဲအား

 အဲဒီဆွဲအားတစ်ခုနဲ့ ငါတို့ဖြစ်တည်ခဲ့ကြတာပေါ့
ငါတို့မငြင်းခဲ့ကြဘူး ချယ်ရီပွင့်တွေကလည်းမငြင်းခဲ့ကြဘူး။

အဲဒီ ဆွဲအားနဲ့ ဟန်ချက်ရှိရှိ လည်း စီးဆင်းခဲ့ကြတယ်
အဲဒီ ဆွဲအား နဲ့ အချိုးတကျလည်း မြင့်တက်ခဲ့ကြတယ်
အဲဒီ ဆွဲအား နဲ့ ဝေ့၀ဲလှပလည်း ကြွေခဲ့ကြတယ်

အဲဒီ ဆွဲအား ဟာ သူ့ကိုယ်သူလည်း ကျစ်နေအောင် ဆွဲထားရသေးတယ်
အဲဒီ ဆွဲအား ဟာ သူ့ ရင်သား ထဲက ရှင်သန်ခြင်းတွေ ညှစ်ညှစ်ချ
အဲဒီဆွဲအားဟာ သမုဒ္ဒရာအားလုံးထက် အိုမင်း ပါရဲ့
ခုပဲ အူဝဲ ဆို ထွက်လာတဲ့ ကလေးလို လည်း နုပျိုပါရဲ့

အဲဒီဆွဲအားဟာ တခါတလေ အသည်းယားရင်
ပထမဆုံး သော ချစ်သူရဲ့ အထိအတွေ့ နဲ့
နေသားမကျသေးတဲ့အပျိုစင်လိုလဲ တုန်ယင်

အဲဒီဆွဲအား ကို အပြင်းအထန် လွန်ဆန် ကြ
အဲဒီဆွဲအားကို အတိအကျ တုပကြ
အဲဒီဆွဲအားမှာ လွန့် ကနဲလူးကနဲ ပိုးပုဝါတစလို လျှောကျ
အဲဒီဆွဲအားဟာ ခေါင်းခါးခြေလက် လေးချက်လုံး အချိုးတကျနဲ့
ရွပိုးတွေထိုး
တံတျာတေရှင်နဲ့ သံစဉ်တွေညှိ
က၀ိတပါးလို သိသိကြီးနဲ့မသိသားဆိုးရွား

အဲဒီဆွဲအား ဟာ မိတ်ကပ်ပါးပါးနဲ့
စိတ်ဓါတ်ခါးခါးတွေကိုလဲ မျိုချ

အဲဒီဆွဲအားဟာ ဖန်ချောင်းအရောင်နဲ့
မှန်ပေါင်းချောင်ထဲမှာလဲ တွန့် လိမ်ပြ

အဲဒီဆွဲအား ဟာ ဘရာဇီးလီးယန်း ၀က်က်စ်နဲ့လည်း
သူ့ရဲ့ ဖွားမြင်အားကြွက်သားတွေကို လမ်းကြောင်းရှင်း

အဲဒီဆွဲအားဟာ ရှိုပင် ရဲ့ တေးသွားတွေနဲ့
အမှေးပါးပွင့်

အဲဒီဆွဲအားဟာ အားလုံးကို ဆွဲစုပြီး
အသည်းနု သူ တစ်ဦးလို
ကျကျ နန ငိုပြနေပြန်ပြီ
ဒီည
လမင်းကသာ
ပင်လယ်မှာတော့ ဒီရေရုန်းကြွ
အင်အားပြဦးတော့မယ် လေ
ဆွဲအားရေ
ဆွဲထားဦးဟ စင်္ကြ၀ဠာကြီး ကြွေမကျခင်................။

ငြိမ်းဇေဦး


Saturday, October 18, 2008

နှောင်းတတ်ဆောင်း

 ဒီည...ငါ့အတွက်တော့
လေပြေတောင် မတိုက်ပဲ
သစ်ရွက်တွေတဖွဲဖွဲ ကြွေ
ကြယ်တွေကြွေတယ်။

ဆောင်း ခိုးတွေ ဝေပြီ
အေးစက်.....

ရင်ဘတ်က အက်အက်ပြီး
မျက်ရည်တွေ စီးကျ
အက်သွားတဲ့အထဲ
ဖြဲကြည့် အဲဒီမှာ ငရဲရှိတယ်လေ.....။

ရှိပါစေတော့............

ငါ့ကိုထားခဲ့ပါကွယ်
စမ်းချောင်းပေါ်ကြွေကျတဲ့ခရေပန်းတပွင့်လို

ငါ့ကိုထားခဲ့ပါကွယ်
တိုက်ပွဲအလည်က ဒဏ်ရာရ စစ်သားတယောက်လို

ငါ့ကိုထားခဲ့ပါကွယ်
သားသတ်ရုံအ၀ က တိရိစ္ဆာန်တကောင်လို

ငါ့ကိုထားခဲ့ပါကွယ်
လမ်းအကူးမတတ်တဲ့ မျက်ကန်းကလေးငယ်တယောက်လို

ငါ့ကိုထားခဲ့ပါကွယ်.......
မိုးတွေသည်းတဲ့
မုန်တိုင်းရဲ့အလည်
ဟောဒီအသက်အရွယ်မှာ...

အချစ်စစ်ဆိုတာ ဒီလိုပါလို့ လှစ်ခနဲပြ ခဏနားခို .....

အချစ်ရယ် မိုးတွေမညိုတော့ဘူး ...
လေပြင်းတွေမတိုက်တော့ဘူး
သစ်ကိုင်းတွေ မကျိုးတော့ဘူးဆိုမှ
ကဲ...
ငါ့ကိုထားခဲ့ပါကွယ်.........................။

ငါ့ကိုထားခဲ့ပါ..
စမ်းချောင်းအလျဉ်နဲ့ ငါမျောပါ့မယ်
ငါ့ဒဏ်ရာနဲ့ ငါ မကြာခင်သွေးလွန်ပါ့မယ်
သားသတ်ရုံအ၀မှာ ထားခဲ့တဲ့သခင်ကို
သံယောဇဉ်နဲ့နောက်ဆုံး လည်ပြန်ကြည့်ပါ့မယ်
ငါ့ကိုထားခဲ့ပါကွယ် လမ်းမအလည်မှာ မပူပါနဲ့

ကဲ....ငါ့ကိုထားခဲ့နိုင်ပါတယ်
ငါကတော့ ရင်ဘတ်အက်ကြောင်းထဲက
ငရဲ အ၀မှာ ငါ့ချစ်သူ ပြန်လာနိုးနဲ့
စောင့်နေခဲ့မယ်...................။


ငြိမ်းဇေဦး

Bodies on the beach



ငြိမ်းဇေဦး (Digital art)

Friday, October 17, 2008

န ဘဇေ ပါပကေ မိတ္တေ

ပရိဿတ်အခြွေအရံရှားပါးတဲ့တန်ဘိုးကို
ဗန်ဂိုးမသေခင်သတိထားမိတယ်ဆိုရင်
ကြယ်စင်တွေစုံတဲ့ည နဲ့ သူက ကျေနပ်ခဲ့မှာပဲ။

အခြွှေအရံအသိုင်းအ၀ိုင်းတွေရဲ့ စိတ်ရိုင်းသားရဲတွင်းမှာ
သွေးချင်းချင်းနီဖူးတဲ့အခါ ဆရာဇော်ဂျီရဲ့ဗေဒါပျံ
လေမှာလန်ပြီး မြစ်ရေစီးမှာ ကိုယ့်ကိုယ်ကိုယ်နှစ်သေကောင်း
သေလိမ့်မယ်။

အကြောင်းတရားကတော့ ခေါင်းစားစရာပဲမိတ်ဆွေ
ပြုံးနေတဲ့မျက်နှာတွေမှာ မလိုတမာစိတ်တွေနဲ့
အိပ်နေတဲ့ မြေခွေးတကောင် အမြဲရှိတတ်တယ်
ခင်ဗျားမှာလဲရှိတယ် ကျုပ်မှာလဲရှိတယ်
သေဆေးနဲ့သတ်လို့မရတဲ့မြေခွေး
ဒီတော့ ခပ်ဝေးဝေးနေတာပိုအပြစ်မကင်းပေဘူးလား။

ကဲ....ပြောရင်းဆိုရင်း
ကျီးတသိုက်နဲ့ ဘုတ်တသင်း
အချင်းချင်းမြှောက်ပင့်နေကြပြီ

အသုဘ ဖဲဝိုင်းမစည်မှာလောက်အတွက်နဲ့တော့
ဈေးလျော့သွားတဲ့နှစ်ချို့ပြည့်တန်ဆာလို
တွေ့ရာပြုံးပြဖိတ်ခေါ်လို့ အိပ်ပျော်ဖို့ မကြိုးစားတော့ဘူး.....

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် နေမညိုခင်
ဧကစာရီ ကျင့်ကြံခြင်း မနောအကြည်စိတ်နဲ့
တောမှီ သစ်ရိပ်ခိုရင်း
တိတ်ဆိတ် ထည်းတည်းနေထိုင်ခြင်း ဣရိယာပုတ်မှာ
တရားတော်နဲ့အညီ နေခဲ့ပါရစေ.......................။

ငြိမ်းဇေဦး

Thursday, October 16, 2008

ဒြပ်မဲ့ မှန် တချပ်



ကမ္ဘာကြီးပြာလွင်နေတာကိုအပြင်ကထွက်ကြည့်ချင်စိတ်အစား
ကိုယ့် ကိုယ်ကိုယ် အပြင်ကထွက်ကြည့်ချင်စိတ်ပေါ်လာရင်
လူဟာ သူနေတဲ့လောကနဲ့တော်တော် နီးစပ်လာနိုင်ခြေရှိတယ်။

ဘ၀ကိုတော့ရရှိခဲ့ပြီးသား
ဒီဘ၀ကို ပစ္စလက္ခတ် မွေးမြူခြင်းဟာ
မိဘမေတ္တာကို အကျအနစော်ကားတာ......

ဒီလို အမြဲတန်းတွေးမိမယ်ဆိုရင်
မွေးရကျိုးနပ်မှုနဲ့ နီးစပ်လာနိုင်ခြေအရှိသား။

သင်္ဘောပင်လို စိမ်းလန်း မှုမျိုးနဲ့
ခါးသက်အနှစ်မဲ့ နေတတ်လိုက်တာ
အပြစ်တင်မစောပါနဲ့

ကာလံဒေသံကို နားလည်ကြပါ
ချိုအေးမွှေးမြတဲ့
တင်းတင်းရင်းရင်း ၀င်းဝင်း ထွားထွား အသီးတွေကို
စိတ် ရှည်ရှည်စောင့်ပါ......

အဲလို စောဒကတွေဆင်ခြေတွေနဲ့ ရှင်သန်ခြင်းဟာ
ဘာမှဖြစ်မလာနိုင်တဲ့ အနာဂတ်ကို ငရုတ်သီးနိုင်နိုင်နဲ့ ဆီသပ်သလိုပဲ
မွှန်ထူ ပူစပ်။

ညဟာ ဒေ၀ဒတ်နဲ့ပေါင်းဖက်သွားပြီ
သောနုထိုရ်ရေ မျှားဘူးကို ပြင်ထား
သံစဉ်တွေကန်းသွားတဲ့ ပဉ္စသိင်္ခနတ်သားဟာလဲ
ဓါတ်ရထားစီးပြီး လမ်းဆုံကစောင့်နေနှင့်ပြီ
အဲဒီမှာပဲ ရော့ခ် ဂီတတွေ မြို့ကြီးတွေကိုဖောက်ခွဲတော့တာပေါ့။

အဖြစ်ချင်ဆုံးကတော့ သစ်ပင်တဆုံးတွယ်ပတ်တဲ့
နွယ်ကပ်တွေနဲ့တူတဲ့ သံယောဇဉ်တွေကို
ဘောဇဉ် လို မှီဝဲပြီးနေရတဲ့ ဒီငရဲက လွတ်ချင်စိတ်ပဲ

အနည်းဆုံး.....
သန်း နည်းမှာကျိန်းသေပေမယ့်
ရဟန်းလည်း မပြုရဲတဲ့ တုံ့နှေးမှုတွေနဲ့
ကလေးတယောက်လို မုန့် လေးတဖဲ့စားရင်း
ယဲ့သွားတဲ့ နုပျိုမှုကို ကုသိုလ်တခုလို တမ်းတမိတယ်။

သိပ်ချစ်တဲ့ချစ်သူဟာ မိခင် တယောက်လို အရာရာ
နားလည် ခွင့်လွှတ်တတ်တယ် ဆိုတဲ့အသိနဲ့
မရှိမဲ့ရှိမဲ့ စိတ်လက်တဆစ်ကို မြစ်တစင်းလိုဆွဲဆန့်လိုက်ရင်း
မေတ္တာတွေ တရစပ်စီးဆင်းခိုင်းလိုက်တော့မယ်လေ
ခပ်ယူသောက်သုံးတော့....................။

အဲဒီအချိန်မှာ ချစ်ခြင်းတရားကို အနုလုံပဋိလုံ တန်ဘိုးထားရင်း
လောကနဲ့ နီးစပ်လာနိုင်ခြေဟာ အိုင်ယာလန်ထီထက်
ပိုမက်စရာ ဖြစ်ကြောင်း...............
အဖြူအမဲ ဘိုင်စကုတ် ကားလို ကောင်းကောင်းမြင်လိုက်ရတယ်။

ငြိမ်းဇေဦး

(သန်းခေါင်သန်းလွဲ မှောင်ထဲထယောင် ခပ်ငေါင်ငေါင်နဲ့ပြန်မမှေးခင် အတွေးစဉ်ဖမ်း ရေးချင်စမ်းဟဲ့ အိပ်ပျက်တဲ့ည တယ်ဂွကျသကိုး ဟု မြည်တွန်ကာ ရေးလိုက်ပါသည်။ ပြန်နှပ်တော့မယ် )

ငဲ့

ဘာပဲလုပ်လုပ်
ဘယ်အကြောင်းပဲဖြစ်ဖြစ်
မောင်းနှင်အားကောင်းကောင်း
ဦးတည်ရာဖြောင့်ဖြောင့်
သေနတ်ပြောင်းဝကဆောင့်ထွက်လာတဲ့
ကျည်ဆန်တစ်တောင့်လောက်
တွန်းကန်အားရှိရှိနဲ့ လမ်းကြောင်းဖြောင့်ဖို့လိုတယ်။

တခုတော့ရှိတယ်
ပစ်မှတ်ဟာ ချစ်တတ်သူရဲ့ နှလုံးသား မဖြစ်သွားဖို့ သတိရှိကြ။

ငြိမ်းဇေဦး

Wednesday, October 15, 2008

တော…………

မဂ္ဂနမ် စနိုက်ပါ ရိုင်ဖယ် ကို ပုခုန်းပေါ်မှာထမ်းရင်း ငုံ့ကြည့်နေတဲ့ထင်းရူးတောကြီးရှိရာ
တောင်ကြောပေါ်ကို တဖြေးဖြေး တက်လာခဲ့တယ်။

ထင်းရူးတောနဲ့စကားပြောဖို့ လိုတယ်………….။
သ၀န်တိုတတ်တဲ့ချစ်သူနဲ့တူတဲ့ရင်ဘတ်ဘယ်ဘက်ပုခုန်းသိုင်းကြိုးမှာချိတ်ထားတဲ့လမ်းလျှောက်စကား
ပြောစက်ကလေးကို ပိတ်လိုက်တယ်။

တဖြေးဖြေးနဲ့ ပိုမြင့်တဲ့ နေရာကို ရောက်လာလေ လေတိုက်နှုန်းပိုကြမ်းလာလေ ထင်းရူးပင်တွေ
ဟာ ခေါင်းတရမ်းရမ်းတခါခါနဲ့ တက်လာသူကို စိတ်ပျက်လက်ပျက် ငြင်းပါယ်လေပေါ့။

အနောက်ဖက်ကို ပျင်းရိလေးတွဲ့မှု တနင့်တပိုးနဲ့ တွား သွားနေတဲ့ နေလုံးဟာ မူလတန်းကျောင်းသားလေးတွေ မုန့်စားကျောင်းဆင်းချိန် ကန်လိုက်တဲ့ ဘောလုံးလို ခြုံ ပုတ်တွေနဲ့တူတဲ့ တိမ် အုပ်တွေကြားမှာ………….။

ဘယ်ဘက်ခါးမှာချိတ်ထားတဲ့ ရေဘူးကို ဖြုတ်ယူ ပြီး ထင်းရူး ပင်ကြီး တပင်ကို ခွင့်မတောင်းပဲ အမှီသဟဲပြုရင်း တက်လာခဲ့တဲ့ လမ်းကြောင်းကို ပြန် ငေးကြည့်နေမိတယ်။
နောက်တော့ …ရေဘူး ကို ဖွင့်ပြီး တငုံ မော့သောက်လိုက်တယ် မျက်လုံးအကြည့်က ဟိုး အနောက်ဖက် မှာ တံတိုင်းလို ကာ နေတဲ့တောင်တန်း ပြာကြီးတွေကို ဖောက်ထွင်းမြင်ချင်စိတ်တွေနဲ့ဆွေးဆွေးမြေ့မြေ့ ငေး နေမိတယ် ရေဘူး အဖုံး ကို လက်မှာကိုင်ရင်း ရိုင်ဖယ်ကတော့ ထင်းရူးပင်ကို ကျကျ နန မှီလို့ပေါ့။


လေကြမ်းတွေဟာ စိမ်းရင့် မှောင် ပြောက်ကြား အင်္ကျီ ကော်လာကို ဆွဲဆွဲယမ်းနေသလိုပဲ။
ချွေးစက်တွေက တဒီးဒီးနဲ့ ရင် အုပ် ပေါ်မှာ စီးကျနေလိုက်တာ ချစ်သူရဲ့ ကျီစယ် ပွတ်သပ်ကစားမှုလိုပဲ။

ရွှံ့ ပုတ် ရောင် သဘက် သေးလေးကို ပုခုံးပေါ်က ဖြုတ်ရင်း မျက်နှာကချွေးစက်တွေကို သုတ်နေမိတယ်။ ပြီးတော့ ထင်းရူး ပင် ကို မှီလျက်သားနဲ့ ရွှံ့ တွေ ပေကျံနေတဲ့ ၀က်တကောင် သူ့ခန္ဓာကိုယ်ကို သစ်ပင်နဲ့ ပွတ်သလို မျိုး ထိုင်ချပစ်လိုက်တယ်။

ထင်းရူးပင်တွေရဲ့ ထိပ်ဖျား တွေကို မော့ကြည့်နေရင်း မြင်ကွင်းထဲကို သိမ်းစွန်ငှက်ကြီး တကောင် ၀င်လာတယ် ဝေ့လို့ ၀ဲလို့ ..။

ကြည့်နေရင်းမှာပဲ စွန် ငှက်ကြီးဟာ ခပ်ဝေးဝေး တောင်ကြောပေါ်က တောင် ကမူလေးရဲ့ အကွယ်ကို ထိုးဆင်းသွားတယ်.. ….ချစ်သူ အောက်ချင်းငှက်မလေး မုဆိုးရဲ့မျှားချက်နဲ့ အရုပ်ကျိုးပြတ်သစ်ပင်ထိပ်ဖျားက အသက်မဲ့ ခန္ဓာလေး ပြုတ်ကျသွားတာကို လိုက် ကယ်ဖို့ အစွမ်းကုန် ခုန်ဆင်း ဒိုက်ထိုးချရင်း ကိုယ်တိုင်သေသွားမှာ ကျိန်းသေနေတာကိုသိပေမယ့် ဆုံးဖြတ် ချက်နဲ့ အတောင်ပံစုံကို တချက် မခတ်ပဲ ထိုးဆင်းသွားတဲ့အောက်ချင်းငှက် ဖို ရဲ့ ဟန်ပန်မျိုးနဲ့ ။ ခနကြာတော့ သိမ်းစွန်ငှက်ကြီးဟာ ယုန် ကလေးတကောင်ကို သူ့ရဲ့လက်သည်းချွန်တွေကြားမှာ ချီကုတ် ရင်း ထင်းရူး ပင်ကြီး ထက်ကို ပျံတက်သွားတယ်။
ပြီးတော့ ထင်းရူးကိုင်း ကြီးပေါ်မှာ ယုန် ကလေးကို နှုတ်သီးနဲ့ ကျိန်းသေအောင် ကိုက်ပြီးမှ လက်သည်းတွေနဲ့ကုတ်ထားတာ ဖြေပြီး အသေအချာ ချလိုက်တယ်။ ယုန်ကလေးက သေပုံမရသေးဘူး ။


ရိုင်ဖယ် သေနတ်ရဲ့မှန်ပြောင်းထဲမှာ သိမ်းစွန်ငှက်ကြီးရဲ့ လောဘကြီးတဲ့ရင်ဘတ်ကြီးဟာ ထင်ထင်ရှားရှား ဖွင့်ပေးထားနေသလိုပဲ။ သေနတ် မောင်းခလုတ်ပေါ်မှာ ညာဘက်လက်ညှိုးကို တိတိကျကျ တေ့ထားရင်း သက်ပြင်းကိုချလိုက်တယ်။ ပြီးတော့ရိုင်ဖယ်သေနတ်ကို အသာပြန်ပြီးထင်းရူးပင်ကိုမှီထောင်ထားရင်း ထင်းရူးပင်ပေါ်က သိမ်းငှက်ကြီးရဲ့လှုပ်ရှားမှုအားလုံးကို သေချာကြည့်နေမိတယ်။

ဒိုင်း………………… ဆိုတဲ့ ခပ်ဝေးဝေးက တူမီး သေနတ်သံတချက် ဟာ တောင်နံရံတွေကြားထဲမှာ ပဲ့တင်ရိုက်သွားချိန်မှာသိမ်းငှက်ကြီးဟာရုတ်တရက် လန့်  ထပျံသွားလိုက်တော့……..ထင်းရူးကိုင်းပေါ်က ယုန်လေးဟာ ထင်းရူးပင်အမြင့်ကြီးပေါ်ကဝေါကနဲပြုတ်ကျလာတယ်။

ကျနော်ဟာ ထိုင်နေတဲ့ နေရာကအသာထလိုက်ရင်း မဂ္ဂနမ် စနိုက်ပါ ရိုင်ဖယ်ကို ပုခုံးမှာလွယ်လိုက်ပြီး ယုန်ကလေး ပြုတ်ကျရာ နေရာကို ဖြေးဖြေးလျှောက်ရင်း သွေးစတွေစွန်းနေတဲ့ ယုန်သေလေးကို နားရွက် က ကောက်ယူလိုက်တယ် ။

ဒီညစာအတွက် ယုန် သား ကောင်းကောင်း တခွက်ကို ဘယ်လိုချက်မယ်ဆိုတဲ့စိတ်ကူးနဲ့ တောင်ထိပ်ဆီကိုရောက်အောင် ကျနော် ဆက်တက်လာခဲ့တယ်။

တောင်ထိပ်ကိုရောက်လာတဲ့အခါ ဟိုး ခပ်ဝေးဝေး နောက်ထပ်တောင်ကြောတခုက တောစခန်းလေးဆီကို ဆက်လျှောက်ဖို့မျှော်ငေးကြည့်ရင်းဗာဂျင်းနီးယားဆေးအပြင်းစားတွေကိုသတင်းစာစက္ကူအဟောင်းတွေနဲ့
လိပ်ထားတဲ့ ဆေးလိပ်ကလေးတစ်လိပ်ကို ခါးပတ်က ခရီးဆောင် အိပ်ကလေးထဲကထုတ်ရင်း မီးခြစ်ကို ကျနော်ညှိလိုက်တယ်။

သိပ်ဆာလောင် နေတဲ့စိတ်နဲ့ ဆေးလိပ်ကို ပြင်းပြင်း ရှိုက်ဖွာရင်း တောစခန်းလေး ဖက်ကိုဦးတည် လျှောက်နေရင်း ထင်းရူးတောကြီးကို စကားပြောဖို့ မေ့သွားခဲ့တယ်။ ထင်းရူးတောကြီးကတော့ ကျနော်ပြောမယ့်စကားတွေ ကို နားထောင် ဖို့ အမြဲအဆင်သင့်ရှိနေမှာပါ…။ ထင်းရူးတောကြီးဟာ သေနတ်သံတွေကိုလည်းနားထောင်ဖူးခဲ့တယ်။ညည်းညူသံတွေကိုလည်းနားထောင်ဖူးခဲ့တယ်။ ငိုသံတွေကိုလည်းနားထောင်ဖူးခဲ့တာပဲလေ။


ငြိမ်းဇေဦး

Tuesday, October 14, 2008

စိတ်ကောက်မလေး

 ငါ မလွမ်းတတ်ဘူးသိရဲ့လား
ဥပေက္ခာကို ပိုင်တတ်ခဲ့လို့ မထင်ပါနဲ့ ကွာ
မင်းထင်လိုက်တိုင်း တက်တက်စင်လွဲတတ်လွန်းလို့။

နောက်တော့.... ဟန်နီသိရဲ့လား
ဝေးသွားသွား ....နီးလာလာ
သေချာတာကတော့
ငါတို့ဟာ နှစ်ယောက်မဟုတ်တော့ဘူး
ကဲ ခေါင်းမူး အောင် စွပ်စွဲစမ်း
ပြီးရင်ပြန်လွမ်း..........။

ငြိမ်းဇေဦး

Sunday, October 12, 2008

လရောင်ခိုးတဲ့ည

 ညရယ်
မှောင်စမ်းပါ
ငါ့လမင်းကို အပြည့်အ၀ ငေးချင်လို့။

ဒီည....
ငါ့လမင်းကို
ကြိုးတန်းလမ်းလျှောက်သမားရဲ့သတိမျိုးနဲ့
တ၀ကြည့်ပါရစေ ။

မှောင်စပျိုး
တမိုးချုပ်
ငှက်တအုပ် အိမ်အပြန်
လမင်းဟာ ကောင်းကင်ကို ဆန်တက်လာပြီ
ငွေရည်တွေရွှန်းလို့ လွမ်းစရာ။

လမင်းရယ်
လင်းယုန်ချောင်းရယ်
လေညှင်းရယ် မြက်ခင်းရယ်
ထင်းရူးတောရယ် မေပယ်ပင်တန်းကြီးရယ်
တခါတခါ တံတားလေးပေါ် ခုန်ခုန်ချတဲ့ ဆောင်းဦးရွက်ကြွေတွေရယ်
ဆောင်းဦးရွက်ကြွေတွေလို ကြွေကြွေကျလိုက်ချင်တဲ့ငါရယ်
ငါ့ဆီကနားလည်မှုမတောင်းဆိုတတ်တဲ့ လရောင်မျှင်ပါးပါးရယ်
ငါကလဲ...
ကတိ တွေ ကို ၀ိဥာဉ်နဲ့ ချင်တွယ်ပြီးပေးစရာမလိုတဲ့
အဲဒီ လရောင်မျှင်တန်းမှာ
ရှင်ခန်းတွေဖြတ်ခဲ့သမျှ
ဒီလို သီတင်းကျွတ်ညတိုင်းမှာ ရင်ကွဲနာကျတယ်....

ရုတ်တရက် သဘာဝတရားဟာ ချောင်းဖျားက ခုန်ချလို့
ငါ့ရှေ့ မှာပဲ သေပြသွားခဲ့ တာ....
အော် ညတောင်နက်ပါပေါ့လားကွယ်.....။


ငြိမ်းဇေဦး

ငါ့နှယ်ကွယ်

မြက်ပင်လိုကျင့်ကြံခိုက်
နွားတသိုက်နဲ့တွေ့။

ငြိမ်းဇေဦး

Friday, October 10, 2008

သွား........................................

မတားဘူး...
စိတ်ချလက်ချ ကန် ထွက်သွားနိုင်ပါရဲ့
ဟန်ဆောင်ငဲ့ကွက်ဖို့  သိပ်လိုအပ်လှတာမှမဟုတ်တာ။

မပူပါနဲ့
ငါ့ရင်ဘတ်က သံလျှက်အသွား မဟုတ်ပါကွယ်
နောက်ဆုတ်ပူပန်စရာမလိုတဲ့အပြင်
အရံအတား....
တံခါးစုတ်တောင်တချပ်မရှိခဲ့ပါဘူး
ကျန်ခဲ့သူ ...ရူးစေတော့.................။

ငြိမ်းဇေဦး

Thursday, October 9, 2008

ပန်းရဲ့ နိယာမ



အချိန်ကျရင်........

တငုံချင်းဖူးငုံပွင့်
လေသင့်ရာ ငြင်သာသင်းတယ်။

မခြွေခဲ့ရင်လည်း
တလွှာခြင်းကြွေရဲတယ်။

ပွင့်ပွင့်ကြွေကြွေ
ခြွေချင်ခြွေ ပန်းဆိုတာတော့ ဝေမှာပဲ။

ငြိမ်းဇေဦး


ယေ ဓမ္မာ

အကြောင်းတရား စိတ်ကောင်းထား
တရားကိုယ်၌ မွေ့ ပျော်ပိုက်
မလွဲ နိဗ္ဗာန် ဆိုက်ရမည်။

ငြိမ်းဇေဦး

(ကိုယ့်ကိုယ်ကိုယ် ဆုံးမစာ)

ခွင့်လွှတ်ခြင်း


အတုန်းအရုန်း ၀မ်းနည်းပြုံးတွေနဲ့
မှားတယ် တဘ၀လုံး အပြစ်မတင်ပဲ
နားလည် ကျဆုံးချစ်ကြင်ဆဲပါကွယ်။


ငြိမ်းဇေဦး

Monday, October 6, 2008

နှာခေါင်းအစားထိုးကုသဖို့

“ဟားဟားဟားဟားဟား...
ဒုက္ခပါလား သုခရယ် ..”
ဗိုလ်အောင်ဒင်က
အဲသလိုရယ်ပြီးမှ
သူ့တပည့်သုခ ကို ပြောလိုက်တာ.........။

လိမ်မှ ဇိမ်ကျ
နွားပိန်မ ကြိမ်ပြသလို
တချို့မာတုဂါမတွေက
ငြိမ်ကျ

"ဟားဟားဟားဟားဟား....
ဒုက္ခပါလားသုခရယ်"
အဲသလိုရယ်ပြီးမှ
ထမိန်စ ဆောင့်နင်း
မောင့်သီချင်းကို နားဆင်ပါလို့
သနားကြင်နာဟန်နဲ့
အမှားပြင်တာအမှန်ကွယ့်
အဲ့သလို...အဲ့သလို.........။

ငြိမ်းဇေဦး

လမ်းခုလတ်


လာကရဲ့မျှတမှုကို

သံသယရှိခဲ့တာ

အဲဒီ မြမာလာဖိနပ်ကလေးပြတ်သွားကတည်းကပဲ။


ဒီလို အပျိုတွေကြားထဲရောက်မှ

သင်္ခါရ က
ထ.. ထ အစွမ်းပြ။

ချွေးဒီးဒီးကျလာတာများ
ဖြစ်သလို ဆောက်ထားတဲ့ ဆည်
ပထမဆုံး မိုးဥတုမှာ ခါးလည်က ကျိုးသလို
ဗြုန်းဆို ပြိုကျ။

ကံဇာတာဟာ ပုဆိုးအပြဲမှာ ချိတ်ထားတဲ့တွယ်ချိတ်လို
အရေးဆို အားကိုး ရသား။

အဲလိုနဲ့ လောကရဲ့မမျှတမှုကို
တွယ်ချိတ်နဲ့ ဖမ်းချိတ်ရင်း
ခြေသံပြင်းပြင်း နင်းထွက်ခဲ့တယ်
ပုဆိုးပြဲစကတော့ လေတိုးတိုင်း ဟ လို့..............။


ငြိမ်းဇေဦး

Intriguing half




ငြိမ်းဇေဦး (Pencil)

Sunday, October 5, 2008

မော်စီတုန်းရဲ့မယားငယ်ဖြစ်သွားတဲ့ ရွာ



ကျေးလက်ရဲ့...........
ဂန္တ၀င်ညတွေမှာ
နန်းပြသာဒ် ပစ္စင်အိုးနဲ့
မြို့ရိုးတွေမရှိပေမယ့်
ရွာဦးဇရပ်လဲပါခဲ့တယ်။

ကျေးလက်ဟာ ပေါင်ဒါမရိုက်ထားပါဘူး
သနပ်ခါးရေကြဲနဲ့ ရေထဲမိုးထဲ
ပျိုးကြဲ ကောက်နှုတ်
လယ်လုပ် ဖားရှာ
ဗေဒါပွင့်တွေ တခါတခါ
ပန်ပန်လာတတ်တဲ့ လုံးကြီးပေါက်လှတအုပ်နဲ့
သဘာဝအတိုင်း သန်စွမ်းလှပနေမြဲ။


ကျေးလက်ဟာ
ငါတို့ကို မခိုမကပ်ချစ်တယ်
ဆောင်းနံနက်ခင်းတိုင်း မီးပုံဘေးဝိုင်းထိုင်ရင်း
ကောက်ညှင်းငချိပ်၊ အာပြဲခြောက်မီးဖုတ်
ပဲပြုတ် ဆီဆမ်း ၊ ရေနွေးကြမ်းတခွက်နဲ့
မိုးအကြောင်း နွားသိုးအကြောင်း
ရာသီဥတုအကြောင်း ရန်ကုန် ကောလိပ်မှာ
အလှပဂေးဖြစ်နေတဲ့ ရွာက ချက်စူ မ အကြောင်း
ရွာဦးကျောင်း အုန်းမောင်းခေါက်သံနဲ့အပြိုင်
မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်နေမြဲ။

ကျေးလက်ဟာ
ကိုယ်ထူ ကိုယ်ထ ဘ၀တွေကို
ရာစုနဲ့ချီပြီး ခါးထစ်ခွင် လာခဲ့တာ
တခါမှ မငြီးခဲ့ပါဘူး ။


ခုတော့ ကျေးလက်ဟာ
တွေးရက်စရာမရှိအောင်
မြို့ယောင်ဆောင် နေပြီ
တီတီတာတာ ညုတုတုတွေ လုပ်ပြနေပြီ
တိုက်တာတွေ လိုက်ကာ အစီအရီနဲ့ ပေါ်လာပြီ
ကျေးလက်ရဲ့ သားအိမ်မှာ မီးတွေ ထိန်ထိန်လင်းနေပြီ
ရင်သားမှာ ပက်ကြားအက်ကြီးနဲ့တူတဲ့ ကတ္တရာလမ်းကြီး ဖြတ်နင်းသွားပြီ

ဒီလိုနဲ့ ကျေးလက်ဟာ အိုကြီးအိုမကျမှ
တခစ်..ခစ်...နဲ့
လင်ပစ်မ အရပ်ပျက်လို ဓါတ်စက်မပါပဲ တရပ်လုံးကြားအောင်
မခို့တယို့ရယ်တတ်ခဲ့ပြီ အနီရောင်မီးပုန်းတွေထွန်းလို့............။

ငြိမ်းဇေဦး

Saturday, October 4, 2008

ကောင်းကင်ပြင်ကို မော့ကြည့်ဖြစ်တဲ့အခါ




ဖွဖွလေး ဖက်ထားပေးပါ
ခနဖြစ်ဖြစ် ငါမလွမ်းပါရစေနဲ့ ။

ငါသက်တန့်တွေကို မဖန်ဆင်းနိုင်ပါဘူးကွယ်
ဒါပေမယ့် ငါဟာ သက်တန့်တစင်းကို မျက်ရည်မှုန်တွေနဲ့
အဲဒီညနေမှာဖန်ဆင်းပေးခဲ့ပါမယ်။

ငါကြယ်တွေကို မခြွေပေးနိုင်ပါဘူးကွယ်
ဒါပေမယ့် ဟိုး အမှောင် ကောင်းကင်မှာ
ဖြာကနဲကြွေကျသွားတဲ့ကြယ်ကလေးကိုမြင်ရဲ့လား
အဲဒီလိုပဲ ကြွေသွားပေးခဲ့ပါမယ်။

အချစ်ရယ်....အမှတ်တမဲ့ပဲဆိုဆို
ကောင်းကင်ပြင်ကို မင်းမော့ကြည့်မိတိုင်း
တိမ်သားတွေလှိုင်းထလို့ သက်တန့်တစကို တောင့်တမိရင်
ကောင်းကင်မှာကြယ်တွေလင်းလို့  ကြယ်တစင်းကိုပဲ ခြွေချင်ခဲ့ရင်
သက်တန့်မျက်ရည် ကြယ်စင်လိုကြွေသွားတဲ့
ငါ့ရဲ့ဘ၀ကို ခနဖြစ်ဖြစ် တမ်းတတယ်လို့ပဲ...
မှောင်ထဲမှာ ကြယ်တွေကို ငေးလို့
ဖြေတွေးပါ့မယ်။

ငြိမ်းဇေဦး

ဆောင်းဦးညနေခါးခါး

  အေးစပြုပြီ
ဆွယ်တာ တထည်လိုတယ်
ခုတော့ မာယာကို
မာဖလာလို ပတ်လိုက်တယ်...။

မေပယ်ပင်တွေကတော့
အေးပြီဆို ၀တ်လစ်စလစ်နေပြဖို့
ဆောင်းဦးလေနဲ့ အရွက်တွေခြွေ..................။

ဒီမှာ ညှာတာတတ်တဲ့စိတ်တွေ
အရိပ်အခြေကြည့်လို့ ခုန်ထွက်သွားခဲ့တာကြာလွန်းလှ...။

ကဲ လွမ်းတတ်ခြင်းနဲ့ နပမ်းသတ်ရင်း
ဆောင်းဦးရဲ့သီချင်းသံကြားမှာ
ငြင်းဆန်အားမရှိတဲ့ ဖြစ်စဉ်တွေကို
သစ်ပင်လို စိုက်မယ်
ချစ်ရင် ပိုမိုက်တယ်ဆိုတာတော့ အသိသား............
အစကတည်းက.............။

ခုတော့ မာယာကို
မာဖလာလို ပတ်လိုက်ချိန်မှာ
အားလုံးဟာ မာဖလာ ကိုယ်စီ
ကော်ဖီ ပြင်းပြင်း တခွက်ချင်းကိုင်လို့
သက်ပြင်းတွေပြိုင်ချ...................။

ငြိမ်းဇေဦး

Take me in your dream



ငြိမ်းဇေဦး Digital Art

Friday, October 3, 2008

မျက်နှာဖုံးများဖြင့်ကိုယ့်ကိုယ်ကိုယ်သဂြိုင်္လ်မှု



အသက်အရွယ်က ရှက်ရယ် ရယ် ရတဲ့ ကာလကို
ခြေတပေါင်ကျိုး ခုန်ဝင်ခဲ့ပြီ။

ဆရာတော်ကြီးက
“ ဟဲ့ မောင်ငြိမ်း အချိုလား အချဉ်လား..”
ငယ်ငယ်တုန်းက နေ့လည်စာ ...
မေးနေကျ စကား
“နှစ်ခုလုံးပါဘုရား....”
အဲလို ပြန်ဖြေနေကျ
ထည့်ပေးသမျှ ၀က်သား ၊ကြက်သား
ပဲဟင်း ချဉ်ဟင်း ဟင်းပေါင်းစုံစား
ပြီးတော့ဗိုက်ကား
ကွမ်းသီးတောကြားက ကွပ်ပျစ်ပေါ်မှာ ဇိမ်ယစ်
နေ့ခင်းဖက် ခြေပစ်လက်ပစ် မိမိရရ
အဲဒီဘ၀ တခါက
ဘာမှ ပူစရာမလို...။

ဆရာတော်ကြီးလဲ ဘ၀နတ်ထံပျံလွန်ခဲ့ပြီ
မောင်ငြိမ်းလဲ ငရဲအသစ်စက်စက်တွေကို ခုံမင်ခဲ့ပြီ

ခုနေများ ...
ဆရာတော်ကြီးက
ဟဲ့မောင်ငြိမ်း အချိုလား အချဉ်လား မေးလာရင်ဖြင့်............။


ငြိမ်းဇေဦး

Friday, September 5, 2008

အတ္တဖက်ရှင်


လူတွေဟာ ဖြူ ကောင်တွေလို ပဲ
စိတ်ကူး ဆူးတောင်တွေ တပ်ဆင်ထားကြတယ်

ဖြူနဲ့ မတူတာက
အချိန်မရွေး ခါထုတ်ပစ်လွှတ်လိုက်ဖို့
အဲဒီဆူးတွေကို စိုက်ထားတာ

စိတ်ခန္ဓာမှာ
အတ္တမှာ
ဆူးအချောင်းပေါင်းများစွာ
မုတ်သုန်တောလိုပေါက်ရောက်

သစ်သီးကောင်းတွေကြွေကျတိုင်းလည်း
ဆူးတွေ နဲ့ ပစ်လွှတ်ခဲ့တယ်
တချို့သစ်သီးကောင်းတွေ တည့်တည့်ကြွေကျ
ဆူးတွေနဲ့ စိုက်လို့ စားရဖို့ ခက်ခဲ

ပိုငယ်တဲ့သတ္တ၀ါတွေ ဖြတ်ပြေးလွှားတိုင်းလဲ
ဆူးတွေနဲ့ ပစ်လွှတ်ခဲ့တယ်
သတ္တ၀ါငယ်တွေအတွက် ဒဏ်ရာအသစ်တွေ
မဖြစ်သင့်ပဲ ဖြစ်ရ

ကြီးမားတဲ့သားရဲတိရိစ္ဆာန်တွေ ချဉ်းကပ်တိုင်းလဲ
ပြေးရင်း လွှားရင်း ဆူးတွေနဲ့ တုန့် ပြန်ခဲ့ပေမယ့်
တကယ် မထိရောက်တဲ့ဆူးတွေဖြစ်ပြန်ရော


အချိန်များစွာမှာတော့
ဆူးတွေဟာ ပို နစ်နစ် နဲနဲ ဆူး နေတာက
စိတ်ခန္ဓာမှာ...

ဒီဝေဒနာနဲ့ နေသားကျခဲ့ကြတာ
အာရုံဗေဒ အလှ လို့တောင် ထင်ကြ
ဆူးတွေ ပိုမိုများပြားလာကြ
လိုကြ
ဆူးတွေ ပိုမို ချွန်မြလာကြ
ခိုင်မာလာကြ

လူတွေဟာ ဖြူကောင်တွေလိုပဲ
ကွဲပြားချက်ကတော့ တို့ရဲ့ သန့်စင်မှုတွေကို
နှစ်ဖက်ချွန်ဆူးတွေတပ်ရင်း သွေးချင်းချင်းနီအောင်
ကြီးထွားခဲ့ကြတာပေါ့ ။


ငြိမ်းဇေဦး

Thursday, September 4, 2008

မြစ်

အပြန်အလှန်တိုက်စားခဲ့ကြသလို
အပြန်အလှန်ပျော်ဝင်ခဲ့ကြတယ်
ဒီမှာ အကြောင်းအရာအသစ်တွေ
အဖြစ်အပျက်အသစ်တွေ မွေးဖွားခဲ့ကြတယ်
နုံးတင်မြေနုကျွန်းတွေ ထွန်းကားခဲ့ကြတယ်
ဇီဝ ပစ္စည်းအသစ်တွေ တဖန်ပြန်ဖြစ်ကြတယ်။



မြစ်နဲ့ကမ်းပါးဟာ နေသားကျခဲ့တာကြာပြီ
မြစ်ဟာ ကမ်းပါးရဲ့ ရင်သားနှစ်မြွှာကြားက
တခါဖူးမျှ လွတ်လွတ်ကျွတ်ကျွတ်ခုန်ထွက်ခဲ့တယ်မရှိဘူး။

ကမ်းပါးဟာလဲ ရေသားတွေပျောက်အောင်
မြစ်ရဲ့ဖြစ်စဉ်ကို ၀ါးမြို မပစ်လိုက်ဘူး
သယဇာတဖြစ်ခဲ့တာ ကမ္ဘာကြီး စင်္ကြ၀ဠာ ထဲမှာ
ဣနြေ္ဒ ရ နေသလို ပဲ
သူတို့လဲ အေးအတူပူအမျှ နေခဲ့ကြတာပါ။

ဆိုခဲ့သလိုပဲ….
အပြန်အလှန်တိုက်စား
အပြန်အလှန်ပျော်ဝင်ဖို့
ကို ကတော့ ဖြစ်တည်စီးဆင်းခွင့်အတွက်
နားလည်တတ်တဲ့ကမ်းပါး အထင်အရှား လိုနေတဲ့
မြစ်တစင်းပါကွယ်။


ငြိမ်းဇေဦး

Wednesday, September 3, 2008

ဘူတာမှားတဲ့စက်ခေါင်း




ရာသီဥတုကို ထင်ဟပ်ကြမယ်
မိုးကြိုပန်းတွေ ပွင့် ကြမယ်
ရာသီဟောင်းကို အကြောင်းပြချက်မလိုပဲ
စွန့်ပစ်ခဲ့ကြမယ်
မသိလိုက်ဖာသာလေ ။


မျှော့သွေးစမ်းသလို နမ်းတတ်ကြတယ်
တီကောင်တွေလို တွင်းအောင်းကြတယ်
သက်ကြားအိုတွေလို ဘိလိယက်ထိုးကြတယ်
မိုးပြိုသွား တဲ့အခါမျိုးမှာ ဒေါင်းပြီဟေ့ အော်ရင်း
ဖဲတချပ်ချင်း ခင်းကြတယ် ။


ဘာသာရေးတွေ ကြယ်သီးစုံတပ်ပြီး
ပွဲတော်ဈေးမှာ လျက်ဆားကြေငြာပေးနေပြီ
ရင်ခံနေသူများ ကယ်တင်ရှင် အသင့်

ဧည့်သည်အလာနည်းတဲ့အစာအိမ်များအတွက်
အစာကြေဆေးတွေပဲ ချကျွေးတတ်ခဲ့ကြ
ဒီမှာပဲ လောကပါလ တရားဟာ
ဘူတာမှားဆိုက်ခဲ့တယ် ။

အဲဒီစက်ခေါင်းဟာ
ကမ္ဘာကြီးကို စင်္ကြ၀ဠာထဲထိ အငှားဆွဲလာခဲ့တာ
ဒီတခါပဲမှားဖူးပါတယ် တဲ့။

ငြိမ်းဇေဦး

ဝန်

ဘာမှ ထပ် စောဒက တက်ဖို့မရှိပါဘူး…..။

ဆောင်းဦးရွက်ကြွေတွေ ကြွေ ကြွေ ကျ လာလိုက်တာ ..။

ဟိုးအနောက်ဖက် က မှိုင်းညို့ အုံ့ဆိုင်းနေတဲ့ကောင်းကင်ပြင်ကြီးကတောင် ဥပေက္ခာပြုလို့။

ငါဟာမြစ်တစင်းဖြစ်ချင်ခဲ့သူပါ။ ငါ့ခန္ဓာကို ငါ့ဒဏ်ရာလုပ်လို့ ……..ငါ့မျက်ရည်တွေ ငါ့ကိုယ်ပေါ် ဖြတ်စီးဆင်းလို့..။

ငါ့ကို ချုပ်နှောင်ထားတဲ့ ကာလသုံးပါးကိုလဲ တဟားဟား နာကျင်လှိုက်မော ထီမထင်စွာရယ်ရင်း စီးဆင်းပစ်ဖို့…။

ငါဟာချစ်မြတ်နိုးတတ်သူပါ…။ ငါဟာ ဆုံးရှုံးခဲ့ဖူးသူပါ..။ ငါမသေချာတာကတော့ ငါ ချစ်မြတ်နိုးခြင်း ခံခဲ့ရဖူးသလားဆိုတာ..။

ငါ တန်ဘိုးထားခြင်း ခံခဲ့ရဖူးသလားဆိုတာ…။ ငါ တမ်းတလွမ်းဆွတ်ခြင်းခံခဲ့ရဖူးသလားဆိုတာ…။

ငါမသိဘူး… တကယ်တော့ ငါ ဟာ တကယ်ကိုဘာမှ ကျကျ နန မသိ သူ ပါ။

ဟိုးတုန်းက သစ်ခွပန်းရိုင်းတွေ အခိုင်လိုက် အဆုပ်လိုက်ပွင့်နေတဲ့သစ်ပင်ကြီးတွေအောက် ရောက်ဖြစ်ခဲ့ရင် ငါဟာဘယ်သူ့ကိုပေးရမယ် မသိပေမယ့် အဲဒီ သစ်ခွရိုင်း ပင်တွေကို ခဲရာခဲဆစ် တက်ခူးခဲ့ပြီးတိုင်း ငါ့ရဲ့ ကျောပိုးအိတ်ပေါ်မှာချိတ်ပြီး လမ်းလျှောက်ရင်းပျော်တတ်သူပါ။

တောင်ကုန်းတခုခု သို့မဟုတ်ဆင်ခြေလျှောတောင်စောင်းတခုခုမှာတွေ့တတ်တဲ့ ကျောက်ပုံစေတီလေးတွေနားမှာ

ငါခူးခဲ့တဲ့သစ်ခွရိုင်းတွေကို ဆက်ကပ်ခဲ့ရင်း သီချင်းလေး တအေးအေးနဲ့ ကြည်နူးတတ်ခဲ့သူပါ။

ငါ့ကို ငါ့အမေ က ပြောဖူးတယ် အင်မတန်နူးညံ့တဲ့ငါ့သားတဲ့ အင်မတန်သိမ်မွေ့တဲ့ငါ့သားတဲ့ ….ခုများတော့ငါဟာ ကျားနာတကောင်လို ချောင်တခုမှာ တယောက်ထဲ နာကျင် ငြိမ်သက်တတ်ခဲ့ရပြီ။ ငါ့အပြုံးတွေကို မျက်နှာသစ်ရင်တောင် ရေချိုးခန်း မှန်ရှေ့မှာ ရှာမတွေ့တော့လောက်အောင် ဆုံးရှုံးခဲ့ရပြီ။ငါ့မှာရံဖန်ရံခါ နာတတ်တဲ့ စိတ်ကလွဲလို့ ဘာမှမခံစားတတ်တော့လောက်အောင် ငါ ပြိုကျခဲ့ရပြီပေါ့…………။

ငါ ဟာ ရေတံခွန် ကြီးတွေကိုတွေ့တိုင်း အဲဒီရေတံခွန်ကြီးတွေ ရဲ့ အသံကို နားစွင့်စရာမလိုပေမယ့် နားစွင့်ခဲ့ဖူးတယ် ။ ငါ့ကိုယ်ပိုင်ဘာသာပြန်မှုတွေနဲ့ရေတံခွန်ကြီးတွေရဲ့ ရေစီးသံတွေကို မြတ်နိုးခဲ့ဖူးတယ် ..။ပြီးတော့အဲဒီရေတံခွန်ကြီးတွေရဲ့ အပေါ်ကိုမော့ကြည့်လိုက်တိုင်း အောက်ချင်းငှက်ကြီးတွေ အဖိုနဲ့အမ ယှဉ်တွဲပျံသွား တာမြင်ရရင် ငါ့ အတိတ် နိမိတ်ကောက်မှုတွေနဲ့ငါဟာ တစုံ တယောက်…………… ငါက ဘ၀ပေးချစ်သလို ငါ့ကိုချစ်မယ့် မိန်းကလေးတယောက်ကို စိတ်ကူးနဲ့လွမ်းခဲ့ဖူးတယ် ပြီးတော့ငါကိုယ်တိုင်ရေတံခွန်ကြီးရဲ့အောက်ခြေ ရေနက်ပိုင်းကို ငုံ့လို့အသက်မရှူပဲ ၊ ဟိုသည်မကူးခတ်ပဲ ငါ့ခေါင်းပေါ်ကို ထိုးဆင်း ခုန်ချလာတဲ့ ရေထုရဲ့အောက်မှာ ကြာနိုင်သမျှ ကြာအောင် နေကြည့်ခဲ့ဖူးတယ်။

ပြီးတော့ အဲလိုနေရင်း ငါများ သေသွားခဲ့ရင် ငါ့ချစ်သူကောင်မလေး ဘယ်လို တယောက်ထဲများ ကျန်နေရှာပါ့မလဲ

ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရေအောက်ကြမ်းပြင်ကို အားကုန်ဆောင့် ရုန်းရင်း ရေမျက်နှာပြင်ပေါ် ပြန်ပြန်တက်ခဲ့ဖူးတယ်

ဒါပေမယ့်………အဲဒီရေတံခွန်ရဲ့ကမ်းပါးမှာ တစုံတယောက်မှ ရှိမနေခဲ့ပါဘူး…………..။ သံသရာနဲ့ယှဉ်ပြီး စွဲလန်းတတ်တဲ့စိတ်တွေနဲ့ ငါဟာ ငါ့ကိုယ်ငါ တုတ်နှောင်ခဲ့တာပါ ။ ငါ့ဘ၀ကို ငါ ထင်းရူးပင်လေးတပင်လို၊ ခရေပန်းတွေလို၊ ပုန်းညက်ပင်လေးတပင်လို၊ နွေအခါ ဖွေးဖွေးလှုပ်နေအောင် ပွင့်တတ်တဲ့ တမာပွင့်တွေလို

မှောင်တော့မှ သင်းပျံ့ရတဲ့ ညမွှေးပန်းတွေလို ၊ ငါမြတ်နိုးခဲ့ဖူးတယ် ။

ငါဟာပေးဆပ်ဝံ့ခဲ့တယ်… စာနာတတ်ဖူးတယ်…. မျိုသိပ်ခဲ့ဖူးတယ်….ဝမ်းနည်းစိတ်နဲ့ကြိတ်ပြီး နားလည်ပေးခဲ့ဖူးတယ်….

ငါ့စိတ်အစဉ်ဟာ မှိုင်းပြာညိုမှောင်တဲ့ မဲနယ်တောင်တန်းကြီးတွေလို ဘာကိုမှအပြစ်မဆိုပဲ တိမ်ညိုတွေကိုလဲ ထမ်းခဲ့ဖူးတယ်

ငါ့အပေါ်မှာ ရွာချ ပြီး ငါ့ဘ၀ကိုဖဲ့ထုတ်သွားခဲ့တာတောင် ငါဟာ အပြစ်မတင်တတ်ခဲ့လောက်အောင်လဲ အသေ တကောင်လို

တုန့်ပြန်မှုမဲ့ခဲ့တယ်။

ခုတော့ ငါ့ ရှင်သန်ခြင်းဆိုတာ ဒဏ်ရာတွေ ပိုတိုးလာဖို့ အလဲထိုးမခံရမခြင်း ကိုယ့်အကြောင်းကိုယ်မသိပဲ ကုန်းရုန်းထနေတဲ့ လက်ရည်မမှီတဲ့ လက်ဝှေ့သမား လို လောက ကြိုးဝိုင်းထဲမှာ ငါဟာ အလူးလူးအလဲလဲ ဒယီးဒယိုင် ပြန်ပြန်ထရင်း ဆင်ခြင်စွမ်း

ခုခံနိုင်စွမ်း တန်ပြန်တိုက်ခိုက်နိုင်စွမ်းတွေကင်းမဲ့လို့ပေါ့….။

ငါဟာခုတော့ ထစ်ကနဲဆို ခုခံဖို့အသင့်ဖြစ်ခဲ့ရပြီ။ အားလုံးကို သံသယနဲ့ကြည့်တတ်ခဲ့ရပြီ။ လောကကို နာကျင်စရာ ဖြစ်စဉ်လို့

သည်းခြေထဲ စွဲနစ်နေအောင် ဘ၀နဲ့ သိခဲ့ရပြီ ။

အဲသလိုနဲ့ ငါဟာငါများသေသွားခဲ့ရင်ငါ့ကိုဘ၀ပေးချစ်မယ့်ငါ့ချစ်သူကောင်မလေးဘယ်လိုတယောက်ထဲများ

ကျန်နေရှာမလဲဆိုတဲ့ နောက်ဆံတင်းစိတ်တွေဖြစ်ခဲ့ဖူးတာကို မေ့လျော့လို့ ………………….။

ငါသတိဝင်တဲ့အခါ……….

ငါ့ကိုပွေ့ဖက်တဲ့ အပျိုစင်လက်ကလေးကို ပုတ်ချရုန်းကန်ရင်း အမုန်းသံနဲ့ရန်လုပ် လို့ ကြောက်ကန်ကန်ပြေးခဲ့လိုက်မိတာ ငါ့ပြန်လမ်းငါမသိတော့တဲ့ သောကတောနက်ကြီးရဲ့အလည်မှာပေါ့…

ငါ့ရှေ့မှာ တော့ အင်မတန်ကြီးတဲ့ ရေတံခွန်ကြီးတစ်ခုလေ စီးနေလိုက်တာတဝေါဝေါနဲ့ …ငါ့ရီဝေမျက်လုံးတွေနဲ့ကောင်းကင်ကိုမော့ကြည့်တဲ့အခါ အောက်ချင်းငှက် တကောင်တလေမှရှိမနေခဲ့ဘူး….

ဒါပေမယ့် ဒီတခါတော့ငါဟာ ရေတံခွန်ရဲ့ စီးဆင်းသံကို ဘာသာပြန်ဖြစ်ခဲ့တော့မှာမဟုတ်သလို…………….

……………………………………………………….

………………………………………………………။

ငြိမ်းဇေဦး

ညနေမိုး

မိုးတွေခြိမ်းတာ
ဒိန်းကနဲ ဒိန်းကနဲ
အသူရာနဲ့သကြား
ဆမူဆာနဲ့ ကုလား
နံပြားဖိုဘေး အလုပ်စသလို
ကျုပ်နားကို ဒုက္ခပေးပြီ။

ငြိမ်းဇေဦး

ကြိုးဝိုင်း


နားလည်ခြင်းတွေ..
ဖြည့်တွေးခြင်းတွေ ..
သိတတ်ခြင်းတွေ..
ခွင့်လွှတ်ခြင်းတွေ..
ယုံကြည်ခြင်းတွေ..
ပေးဆပ်ခြင်းတွေ..
မြတ်နိုးခြင်းတွေ..
သဘောထားကြီးခြင်းတွေ မပွင့်ဖြစ်ခဲ့တာ
နှစ်ပေါင်းများစွာကြာခဲ့ပြီ

မပွင့်တဲ့ ဖြစ်စဉ် ညိုညစ်ညစ်က
မြစ်ပြင်လို စီးဆင်းနေသေးတာ
အံ့ပါရဲ့။


ငါတို့ဟာ ကြိုးဝိုင်းထဲက သစ်ပင်တွေဖြစ်ခဲ့

အရည်အသွေးကောင်းတဲ့ သစ်ပင်တွေ တဖုန်းဖုန်းပြိုလဲခဲ့

ကိုင်းဖျားကိုင်းနားတွေ ခုတ်ထွင်ခံလိုက်ကြရ

ပင်စည်ထွားထွား အနှစ်ပြည့်ပြည့်တွေကို တပိုင်းစီ ဖြတ်ခံကြရ

တခါမှ တိမ်ထုတွေကို မမြင်ဖူးတဲ့ အမြစ်တွေပါ အဖော်ခံကြရ

ယုန်သူငယ်လို ၊ သမင် ဒရယ်လို
ဒီအဖြစ်တွေကို တော့ တုန်လှုပ်ခြင်း အလျဉ်းမရှိပါဘူး
ရှင်သန်တယ်ထင်ရင်း ရေသောက်မြစ်တွေ ခြောက်သွေ့ခဲ့ရ

အစွမ်းကုန်အစိုးရခြင်းတွေစိမ်းစို ဖူးပွင့်ထွားကျိုင်းခွင့် သင်းသတ်ခံရ

ဒီမှာပဲ နေသားကျမှုတွေနဲ့ ကြိုးဝိုင်းထဲက သစ်ရိုင်းပင်တွေဟာ

ကျွန်းပင်တွေလဲပြိုတိုင်း လေလှိုင်းနဲ့ကတတ်ကြရဲ့…။



ငြိမ်းဇေဦး

Saturday, August 30, 2008

မိုး



လေသားတွေက
တိမ်တွေကို ထမ်းပိုးထားတာပါ
တိမ်တွေရဲ့ ဝေဒနာကိုလဲ
သူပဲအတွင်းသိ ...................။

တိမ်တွေဟာ
ယာယီရေစက်တွေနဲ့ ပိန်လိုက်ဖောင်းလိုက်
ဖြစ်တည်ပြနေရတာ
ခါးချိလှရဲ့.... မငြီးခဲ့ပါဘူး အဲလိုလဲ...........။

တိမ်တွေဟာ နွေးထွေးမှုကို ကြိုက်တယ်အချစ်ရေ
အေးစက်ရင် ပြိုကျ ငိုချသတဲ့ ...............။

ငြိမ်းဇေဦး

ကလျာ ဏ မိတ္တ

အတိတ် ပစ္စုပ္ပာန်
လှန်ယုံမကဘူး
ကိုယ်လုံးတီးချွတ်လို့
လွတ်လွတ်ကြီးကို ရပ်နေတာပါ။

ငါ နဲ့ပတ်သက်သမျှ
ချစ်သူတိုင်းသိကြတယ်ဟေ့
အဲဒါကို က သဘောတွေ့ စရာ
ကဲ ပြောချင်တာပြော
ဘောပဲ...................။

ငြိမ်းဇေဦး

Thursday, August 28, 2008

Wednesday, August 27, 2008

နေ၀င်ဖြိုးဖြနေပြည်တော်

ရွာဟာ ဒဏ်ရာတွေမြို လို့
မြို့ပြထူထောင်ခံလိုက်ရပြီ


ပွဲဈေးတန်းတွေ အစီအရီ ပေါ်လာ
နိုက်ကလပ်တွေ ကသီကရီပေါ်လာ
ကြေငြာဆိုင်းဘုတ်တွေထဲ မိန်းမလှတွေခုန်ဝင်
စောင်းတံဆိပ်မီးခြစ်ဘူးထဲက မီးခြစ်ဆံပိန်ကပ်ကပ်လိုပေါ့

ဆိုင်းဘုတ်ကိုမော့ကြည့်ဖူးတဲ့
နွမ်းပါး ညှိုးငယ်မှု ရေကျဲပွတ် မျက်နှာနုနုလေးတွေထဲ
သောကတွေတဖွဲဖွဲခုန်ဝင်
ပဲခူး ဘုရားပွဲ ရွှေမန်းတင်မောင် ရုံပြည့်သလို ပေါ့

လက်မဲ့တွေတော့မဟုတ်ကြပါဘူး
သောက ၀၀ကြီးတွေ အထုပ်နဲ့အထည်နဲ့ပါ

မောဟတွေ သင်တုန်းဒါးလို စက္ကန့်တိုင်းရှ သမျှ
ထုံပေပေ ဘ၀နဲ့ နာရမှန်းမသိတဲ့ ခံနိုင်ရည်နဲ့ပါ

မြို့ပြဟာ စကတည်းက
ရာသက်ပန် အညာခံဖို့
ရာသက်ပန် ညာဖို့
ညာသမျှ ယုံဖို့
ယုံသမျှ ညာဖို့
သူ့ကြမ္မာသူညာရင်း
သူ့ဖြစ်တည်မှုသူ အာမခံခဲ့ပြီ
ဒီတစပြင်မှာ နီယွန်ရောင်တွေ
ကြွေကျ....

နေ၀င်ဖြိုးဖျ ဆည်းဆာဟာ
တခါဆို တခါ ပဲ ထတောက်လိုက်တယ်
တိမ်တွေကွယ် လို့ ရှက်ရယ် ပါ ရယ် တယ်

တရွာမပြောင်းပဲ
မြို့ကြီးသူဖြစ်သွားတဲ့ ရွာသူမဟာ စကပ်ပါးပါးနဲ့
ကာရာအိုကေသီချင်း ဖြစ်သွားပြီ

သူက ရှိုက်ရယ် ရယ် တယ်
မဲ့ပြုံးပြုံးတယ်
မျက်လုံးကိုစင်း
သက်ပြင်းမချ ပဲ မုန်းတယ် လို့ နှုတ်ခမ်းလေး ဟယုံ
အပြည့်အစုံ ရေရွတ်တယ်

တကယ်နေ၀င်သွားခဲ့ပြီလေ
မြို့ပြဟာ အဲလိုတခွန်းပဲ အတည်ပြုရင်း
သံချပ်ကာအင်္ကျီထဲ ခုန်ဝင်သွားခဲ့တယ်
သူ့ အသံသူမကြားရဲမှုတွေနဲ့
နေကွယ်တိုင်း သူကြောက်တာကိုး......................။


ငြိမ်းဇေဦး


ဥုံ......

ရွတ်တွပြဲလန် ရွစိပျံတို့
ကပ်လို့မရ စည်းချ ထား၏
သေချာကြည့်......
ပြီးမှ ငါ့ထံကပ်ပါလော့...။

ငြိမ်းဇေဦး

တယောက်ဆင်းတယောက်တက် ဘ၀သံသရာ




-- ယားလို့ လင်များတာမဟုတ်ပါဘူးရှင်
-- သရမ်း လို့ ရှင်ခန်းတွေဖြတ်ခဲ့ရတာပါ...။

ဒါနဲ့များ ....
ဘ၀ဇာတ်ဆရာအလိုကျတဲ့
ကျ..ကျလဲ
ကျနိုင်လွန်း.............။

ငြိမ်းဇေဦး

Tuesday, August 26, 2008

သဘောရိုး

ဆန္ဒန်ဆင်မင်းစိတ်နဲ့ ဆေးပြင်းလိပ်ဖွာလိုက်ပါဦးမယ်
ပစ်မယ်ဆိုပစ် နိုင်ပါပေ့...။

ဘ၀မှာတခါပဲ လက်ကုန် အစွန်းရောက်
နောက်မဆုတ်တမ်း ချစ်ခွင့်ရှိတယ်
အဲဒီ ကိစ္စက လည်း ငြင်းမယ်ဆိုငြင်းစရာ ဖြစ်မပေါ့...။
ဘ၀မှာ အကြိမ်ပေါင်းများစွာ ကာမဆက်ဆံခွင့်ရှိတယ်
အဲသဟာလည်း ပျင်းမယ်ဆိုပျင်းစရာပေါ့.......။

ကဲ စူဠသုဘဒ္ဒါတို့ရေ
စစ်မရောက်ခင်မျှားကုန်သွားတဲ့
ခပ်ညံ့ညံ့မုဆိုးတွေ ....
ငှားကြပေတော့..............။


ငြိမ်းဇေဦး



ဖြစ်သွားခဲ့ရပြီ

ဟိတ်ဟန်တွေချို့တဲ့တယ်

အဘိဓမ္မာချုပ်ရိုးဆွေးတွေ
ကျဲ...
ပြဲ..
ကွဲ..
အဲဒီထဲ ဖြဲဖြဲ ပြီးမှ
ကားမှတ်တိုင်တွေဖြစ်လာ
ဘူတာတွေဖြစ်လာ
လမ်းကြားတွေဖြစ်လာ
လမ်းဆုံလမ်းခွတွေဖြစ်လာ

ဒီမှာတော့
အာရုံတွေပျော့ဖတ်ဖြစ်သွား

စက္ကူသားထူထူတွေဖြစ်သွား

စက္ကူသားပေါ် လမ်းမတွေဖျော်ချ
လမ်းကြားတွေအကွက်ရိုက်
စရိုက်တွေနဲ့အရောင်ဆိုး
ဗန်ဂိုး မဆွဲဖူးတဲ့ပန်းချီတကား
ရှားရှားပါးပါး ဆေးသားအတုံးအတစ်တွေနဲ့
ကော်ဖီပျစ်ပျစ်တခွက်ဖြစ်သွား

စီးကရက်တစ်လိပ်ဖြစ်သွား

မီးခိုးငွေ့တွေဖြစ်သွား

လွင့်ပျံတက်ခွင့်အတွက် ကိုယ့်ကိုယ်ကိုယ်မီးရှို့ရတဲ့ရင်းနှီးမှုဖြစ်သွား

တိမ်ထုတွေကြားထဲ တိမ်ထုဖြစ်ခွင့်ရသွား
ဘာဆိုဘာမှ ဘယ်ဟာမှမဟုတ်ဘူးဆိုတာ
ဝိုးတ၀ါးမြင်ချိန်မှာပဲ စိတ်မရှည်မှု တိုနန့်နန့်နဲ့
ဝါးကနဲသန်းလို့...ဗျန်းကနဲခုန်ချ
ဒီည...စိတ်ကျခြင်းတွေ ရွာချခဲ့ပြီလေ
ဟိတ်ဟန်တွေချို့တဲ့စွာ....
တခုခုတော့ဖြစ်သွားခဲ့ရပေဦးတော့
ကြေမွလို့ ကြေမွလို့ ပေါ့...................။

ငြိမ်းဇေဦး

Monday, August 25, 2008

တရားသောအချစ်

ငယ်ကချစ် အနှစ်တရာ မမေ့သာဆိုတဲ့ စကားကလေးကိုကြားဖူးကြမှာပေါ့ကွယ် ...။

ဟိုးရှေးပဝေသဏီက အင်မတန်သာယာစည်ပင်ဝပြောတဲ့တိုင်းပြည်ကြီး တပြည်ရှိခဲ့သတဲ့ကွယ်။

အဲဒီတိုင်းပြည်ကြီးမှာ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ စည်ပင်သလို ပွဲလမ်းသဘင်တွေကလည်း ပေါမှပေါတဲ့ ။ အဲဒီတိုင်းပြည်က ဘုရင်ကြီးဟာလည်းမင်းကျင့်တရား ဆယ်ပါးနဲ့အညီအုပ်ချုပ်တယ်ပေါ့...။

အဲဒီတိုင်းပြည်ရဲ့ နယ်စပ် အစွန်အဖျားမှာ ရွာငယ်လေးတစ်ခုရှိသတဲ့ အဲဒီရွာငယ်လေးရဲ့ အရှေ့ ဖက် တောစပ်ကနေ၀င်သွားရင် အင်မတန် မှလှပသာယာတဲ့တောအုပ်ကြီး တခုရှိသတဲ့ ကွယ် ။

အဲဒီတောအုပ်ကြီးကနေပြီးတော့ တဆင့် တောင်ကမူလေးတွေကိုကျော်ပြီးသွားမယ်ဆိုရင်တော့ တောနက်ကြီးထဲကိုရောက်တော့တာပေါ့...။

အဲဒီတောနက်ထဲမှာ အင်မတန်မြင့်မားတဲ့သစ်ပင်မျိုးစုံရှိကြတယ်လေ။

အဲဒီလို သစ်ပင်မြင့်ကြီးတွေနဲ့ စိမ်းမှောင် ညိုလဲ့နေတဲ့သစ်တောကြီးထဲမှာ ထူးဆန်းတဲ့သစ်ပင်တမျိုး ရှိတယ် အဲဒီ သစ်ပင်ဟာ မျိုးဟာလည်း အင်မတန်မှ ရှားပါးလှတာပေါ့ကွယ် ။

ဘယ်လောက်ရှားသလဲဆိုရင် အဲဒီ သစ်တောကြီး တခုလုံးမှာတောင်အဲဒီလိုအပင်မျိုးက တပင်ပဲရှိပြီး အဲဒီ တပင်ကိုလည်းသာမာန်လူရဲ့မျက်စိနဲ့မမြင်နိုင်ဘူးတဲ့လေ ။

ဒါပေမယ့်အဲဒီသစ်ပင်ဟာ ညအခါမှာတော့ အလင်းရောင် မှိန်မှိန်လေးတွေထွက်နေတတ်တဲ့အတွက် ညပိုင်းများ အဲဒီတောနက်ကြီးထဲကိုရောက်သွားရင် မြင်နိုင်တာပေါ့ကွယ်။

မိုးတွေမှောင်မဲ တိမ်တွေအလိတ်လိုက်ကောင်းကင်မှာ ဖြစ်နေတဲ့တနေ့ မှာ အဲဒီ တောအုပ်ကြီးနားက ရွာငယ်လေးက လူငယ်လေးတယောက်ဟာ တောနက်ကြီးထဲကိုထွက်လာခဲ့တယ်တဲ့။ သူ တောနက်ထဲကိုထွက်လာခဲ့တာဟာ ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူးတဲ့ကွယ်

အဲသလိုနဲ့တောနက်ထဲရောက်လာတော့ တဖြေးဖြေးမှောင်လာတာပေါ့ ။ မှောင်လာတော့ သူ ဟာ ပြန်မယ့်လမ်းကိုမမြင်တော့ဘူးတဲ့ ကောင်းကင်ကကြယ်တွေ နက္ခတ်တာရာတွေကို အားကိုးဖို့ ဆိုတာလဲ မိုးမှောင်ကျနေတော့ကာ သူ့ ခမျာ မမြင်ရှာတော့

ဟိုး တောအုပ် ထဲ က ခပ်မှိန်မှိန်အလင်းရောင်ရှိရာကိုသူ ဦးတည်သွားတော့တာပေါ့...။

အဲဒီ လိုနဲ့လူငယ်လေးဟာ အလင်းရောင် တွေထွက်တဲ့ သစ်ပင်အောက်ကိုရောက်သွားသတဲ့ ။ အဲသလို သူရောက်သွားချိန်မှာ ပုရစ်တွေက အော် ခပ်ဝေးဝေးက သမင်တွေ ရေသောက်ဆင်းလို့  ချေ ကလေးတွေကလဲ တောက်နေကြတဲ့ အသံတွေပဲ တောထဲမှာ

ဆူညံနေပြီး တခါတခါ ကျားဟိန်းသံသဲ့သဲ့ကိုကြားရတာပေါ့။

လူငယ်လေးဟာ အဲဒီအပင်အောက်မှာ ထိုင်နေရင်း သစ်သီးတစ်လုံးကြွေကျလာသတဲ့ ။အဲဒီသစ်သီးဟာ ကြည်လင်ပြီးတော့ ဖန်သီးလေးလိုဖြစ်နေပြန်ပေမယ့် ပျော့အိ တဲ့ အသီးတစ်လုံးလဲဖြစ်နေတာပေါ့ ။ လူငယ်လေးဟာ အဲဒီအသီးကို ကောက်ယူပြီးတော့

သူ့ ရဲ့ အင်္ကျီလက်မောင်းစနဲ့ သေချာ ပွတ်သပ်ပြီး ဆာဆာနဲ့ တစ်လုံးလုံးကုန်တဲ့ အထိစားလိုက်တာပေါ့။

အဲဒီအသီးဟာ ချိုအေးမွှေးမြပြီးတော့ သူစားဖူးသမျှ ဘယ်လို အသီးအနှံနဲ့ မှ မတူတဲ့ အရသာ ထူးရှိနေတာပေါ့။

သူဟာ အဲဒီသစ်သီးကိုစားလို့ ကုန်ချိန်မှာပဲ အိပ်ချင်စိတ်ပေါက်ပြီး အဲဒီသစ်ပင်ကိုမှီပြီး အိပ်တော့တာပေါ့။

သူစအိပ်ပျော်ပြီ ဆိုတာနဲ့ အိပ်မက် တစ်ခုကိုသူစမက်တော့တယ်လေ...................။

အဲဒီအိပ်မက်ထဲမှာ သူ့ကို အင်မတန် အသက်ကြီးပြီလို့ ထင်ရတဲ့ အဘိုးကြီးတယောက်က လာခေါ်သတဲ့  သူလဲ အဲဒီ အဘိုးကြီးခေါ်ရာ နောက်ကိုလိုက်သွားလိုက်တာ လေစီးကြောင်းထဲမှာပေါ့ပါးလွင့်ပျံနေသလို ပဲတဲ့  ။

အဲသလိုနဲ့ အလင်းရောင်တွေထွက်နေတဲ့ဂူကြီးတစ်ဂူအ၀ကိုရောက်တော့တာပေါ့ ...။

အဲဒီဂူဝကိုရောက်တာနဲ့အဘိုးကြီးဟာ သူ့ ကိုပြုံးပြပြီးတော့ ကဲ ငါ့မြေးရောက်ပြီ လို့ ပြောရင်းရှေ့ က ၀င်သွားသတဲ့။ လူငယ်လဲ အဲဒီဂူကြီးထဲကိုနောက်က ၀င်လိုက်သွားတာပေါ့။

ဂူကြီးထဲကိုရောက်တဲ့အခါ အဘိုးကြီးဟာ လူငယ်ကို ကျောက်ဖျာကြီးတချပ်ပေါ်မှာထိုင်ဖို့ ပြောသတဲ့ လူငယ်လဲကျောက်ဖျာကြီးပေါ်မှာ တင်ပလ္လင်ခွေထိုင်လိုက်ချိန်မှာ ချောက်ကမ်းပါးတစ်ခုထဲကိုပြုတ်ကျသွားသလိုဖြစ်ပြီးမေ့သွားတာပေါ့။

အဲဒီအိပ်မက်က လန့် နိုးတဲ့အချိန်မှာ လူငယ်ဟာ တကယ်ပဲ ဂူထဲကိုရောက်နေပြီး သူ့ ရှေ့ မှာ ကျောခိုင်းပြီး တင်ပလ္လင်ခွေထိုင်နေတဲ့အဘိုးကြီးကိုတွေ့တော့တာပေါ့ ။

အဘိုးကြီးက လူငယ်ကို အေး ...လူလေး မင်းနိုးပြီမဟုတ်လား ဒီတော့မင်းကိုငါပြောမယ် ခုချိန်ကစပြီး မင်းဟာ ကိုယ်ပျောက် ပုဂ္ဂိုလ်တပါးဖြစ်သွားပြီဖြစ်သလို မင်းဟာ လောကကြီးရဲ့ ရှိသမျှ ပညာရပ်တွေအကုန်လုံးကိုတတ်မြောက်သွားတဲ့လူတယောက်ဖြစ်သွားပြီ

လောကကြီးကိုကောင်းကျိုးပြုဖို့ မင်းသွား ရတော့မယ်လို့ ပြောတယ်တဲ့။

ဒီအခါ လူငယ်က နားမလည်နိုင်ပဲ အဘိုးရယ် ကျနော် က ကိုယ်ပျောက်ပြီဆို ကိုယ် မပျောက်ချင်ရင်ဘယ်လိုလုပ်ရမတုန်းဗျာ လို့ မေးရှာသတဲ့ ။

အဘိုးကြိးက လူငယ်ကိုပြောတယ် လေ ၊ ကိုယ်မပျောက်ချင်တဲ့အချိန်မှာ ကိုယ်မပျောက်ချင်ဘူး အာရုံပြုလိုက်ယုံပါလို့ ပြောသတဲ့ အဲဒီမှာလူငယ်ဟာ ဟုတ်ကဲ့ခင်ဗျာလို့ ဖြေပြီးတော့ အဲဒီဂူထဲကနေထွက်ခွာဖို့ အဘိုးကြီးကို တဆက်တည်း နှုတ်ဆက်လိုက်တာပေါ့

နှုတ်ဆက်ပြီးတာနဲ့လူငယ်ဟာ ဂူထဲကထွက်လိုက်တယ်ဆိုရင်ပဲ နန်း မြို့တော် ကြီးကို ဦးတည်တဲ့ လမ်းမပေါ်တန်းရောက်သွားသတဲ့။

လူငယ်ဟာ ရွှင်လန်းတက်ကြွစွာနဲ့ နန်းမြို့တော် ထဲကိုဝင်သွားတာပေါ့ နန်းမြို့တော်ထဲရောက်တဲ့ အခါ မင်းညီမင်းသားတွေ မှူးကြီးမတ်ရာတွေနဲ့ အစေခံတွေ သာမာန်ပြည်သူတွေ ဥဒဟိုသွားလာ လှုပ်ရှားနေကြတာကိုမြင်ရတာပေါ့

သူ့ ကိုတော့ဘယ်သူမှမမြင်ဘူးလေ...။

ဒါနဲ့ သူဟာ သွားရင်း ဘုရင်ကြီးရဲ့တဦးတည်းသော သမီးတော် ပင်တိုင်စံ ထိပ်ထားလေးနဲ့သူ့  ရံရွေတော်တွေ ဟာ ရဲမက် ဗိုလ်ပါ အခြံအရံတွေကြားမှာ ဝေါယာဉ်သာပေါ်မှာထိုင်လျှက် ပါလာတာကိုမြင်တယ်တဲ့

လူငယ်ဟာ အဲဒီ ဝေါယာဉ်သာနောက်က နေပြီးတော့ အသာလေးလိုက်လာတာပေါ့...။

နန်းတော်ထဲကိုဝေါယာဉ်သာ ဟာ ဦးတည်သွားပြီးတော့ တပင်တိုင် စံနန်းဆောင်ရှေ့ မှာ ရပ်တဲ့ အခါ မင်းသမီးလေးဟာ ဆင်မယဉ်သာ ခြေလှမ်း ကလေးတွေနဲ့ ကနွဲ့ ကလျလေး ကတ္တီပါ နက်ပြာရောင် ပိုးသား ကော်ဇောထက်မှာ တလှမ်းချင်း နန်းဆောင်ထဲဝင်သွားတာပေါ့...။



သူဟာ မင်းသမီးလေး ရဲ့နောက်က ထပ်ကြပ်မကွာလိုက်သွားပြီးတော့ အပျိုစင်မင်းသမီးရဲ့နန်းတောထဲမှာစပ်စုတာပေါ့ ..။ မင်းသမီးလေးဟာ သလွန်ညောင်စောင်းပေါ်မှာကျော့ကျော့လေး ဘေးစောင်းထိုင်လို့ အထိမ်းတော်တွေ အပျိုရံတွေနဲ့

ဂီတကြောင်း ၊ နတ်ဘုရားတွေအကြောင်း ၊ သူရဲကောင်းတွေအကြောင်းနဲ့ မင်းပျိုမင်းလွင်တွေအကြောင်းပြောနေတာကို လူငယ်ဟာ သေချာ ထိုင်ပြီး ဘေးနားက နားထောင်နေတာပေါ့ ။

အဲသလို နားထောင်ရင်း မင်းသမီးလေးကြိုက်တဲ့  ရတု ရကန်တွေ ဂီတတွေ နဲ့ မင်းသမီးလေးလိုချင်တဲ့ကြင်ယာတော် ဖြစ်မယ့်လူတယောက်မှာ ရှိရမယ့်အချက်တွေအကုန်လုံးကိုသိသွားတာပေါ့..။

အဲသလိုနဲ့ လူငယ်ဟာ မင်းသမီးလေးကို အင်မတန်မှ ချစ်ခင်မြတ်နိုးပြီး မေတ္တာမျှနေပြီဖြစ်တယ်လေ ဒါပေမယ့် သူ့ ကိုယ်သူ ကိုယ်ယောင်ပြပြီးချစ်ရေးမဆိုရဲရှာဘူး။

မင်းသမီးလေးကလည်းအမြဲတန်း ည အိပ်တိုင်း အိပ်မက်မက်ရင် အဲဒီ လူငယ့်မျက်နှာကို အိပ်မက်ထဲမှာ မက်မက်နေတာပေါ့......................။

အချိန်တွေဟာကြာလာခဲ့ပြီးနောက်ဆုံးမှာ မင်းသမီးလေးကို ဖခင်ဘုရင်ကြီးက ကြင်ယာတော်ရှာရမယ်လို့ အမိန့် တော်ချမှတ်တဲ့ အခါမှာ သမီးတော်လေးအတွက် ကြင်ယာတော်ရွေးပွဲ ကျင်းပရတော့တာပေါ့...။

အဲဒီကြင်ယာတော်ရွေးပွဲမှာ နိုင်ငံတကာက မင်းညီမင်းသားတွေ ဟာ လာရောက်ယှဉ်ပြိုင်ဖို့တဖွဲဖွဲ လာကြတာပေါ့ ။ အဲသလို နဲ့ မင်းသမီးလေးရဲ့ကြင်ယာတော်ဖြစ်သင့်တဲ့သူဟာ

အတော်ဆုံး အကောင်းဆုံး နဲ့အရည်အချင်းအရှိဆုံးဖြစ်ရမယ်ဆိုတဲ့စံနှုန်းတွေသတ်မှတ်လိုက်တာပေါ့။

အဲဒီကြင်ယာတော်ရွေးပွဲကို လူငယ်ဟာ ၀င်ရောက်ယှဉ်ပြိုင်လိုစိတ်ဖြစ်မိတာပေါ့ ကနဦးကတည်းက သူ ကချစ်နေရသူပဲ လေ ...။

ဒါနဲ့လူငယ်ဟာ အဲဒီကြင်ယာတော်ရွေးပွဲကို သွားပြီး ယှဉ်ပြိုင်ခွင့်အတွက် စာရင်းပေးချိန်မှာ လူငယ်ရဲ့ ဇာတိ မျိုးရိုး ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေကို မေးတဲ့အခါ လူငယ့်ခမျာ နန်းတော်ကြီးရဲ့အလည်မှာ ဘာမှ မဖြေနိုင်ရှာဘူးတဲ့ အဲသလိုမဖြေနိုင်တဲ့အခါ

စာရင်း ကောက်ယူ နေတဲ့ ဟူးရား ပုဏ္ဏား ပညာရှိတွေဟာ ဒေါသတွေထွက်ပြီး မောင်းထုတ်တာပေါ့..။ အဲသလို ဆူဆူညံ ညံအသံကို မင်းသမီးလေးက ကြားတဲ့အခါ ညီလာခံသဘင်ကျင်းပရာ နန်းမဆောင်ကြီး ဘက်ကို မင်းသမီးလေးကိုယ်တိုင်လာပြီး

ကြည့်တော့တာပေါ့..။

အဲသလိုကြည့်တဲ့အခါ သူ့ အိပ်မက်ထဲက ကောင်လေး သူ့ အိပ်မက်ထဲက မြတ်နိုးရတဲ့ လူငယ်လေးဆိုတာ သူတန်းသိတာပေါ့ အဲသလိုတန်းသိတဲ့အခါ သူဟာ သူ့ အိပ်မက်ချစ်သူလေးဟာ အခြေမဲ့အနေမဲ့ကောင်လေး ဆိုတာ ကိုလဲ သိလိုက်ရတော့ဝမ်းနည်းသွားပြီး

တခါထဲပဲ ကြင်ယာတော်ရွေးပွဲနဲ့ပတ်သက်လို့  စည်းမျဉ်းစည်းကမ်းကို သူ့ စိတ်တိုင်းကျပြင်ပါရစေလို့ခမည်းတော် ဘုရင်ကြီးကိုခွင့်ပန်တာပေါ့...........။

အဲသလို အင်မတန်လည်းချောမောလှပ စိတ်ကောင်း စေတနာကောင်းလဲရှိ နူးညံ့ ညင်သာ မဟာကလဲဆန် တဲ့ ပင်တိုင်စံမင်းသမီးလေး က သူ့ ဖခင်ဘုရင်ကြီးကိုခွင့်ပန်တာကတော့ မင်းသမီးလေးရဲ့ကြင်ယာတော်ရွေးပွဲကို အယုတ်အလတ်အမြတ်မရွေးမည်သူမဆို ပါဝင်ခွင့်

ရှိရမယ်လို့ ဖြစ်ပါသတဲ့ ....။

အဲသလိုနဲ့ ကြင်ယာတော်ရွေးပွဲစည်းမျဉ်းစည်းကမ်းကို ပြင်ဆင်လိုက်ပြီး အယုတ်အလတ်အမြတ်မရွေးပါဝင်ယှဉ်ပြိုင်ခွင့်ရှိတယ် လို့ သိလိုက်ရတဲ့အချိန်မှာပဲ တိုင်းနိုင်ငံအသီးသီးက ပုရိဿယောက်ျား မှန်သမျှ ၊ အိမ်ထောင်မရှိသူမှန်သမျှဟာ အဲဒီနန်းတော်ကြီးဆီကို လာရောက်ပြီး တော့ စာရင်းပေးသွင်းလိုက်ကြတာပေါ့ကွယ်.........................။

အဲသလိုနဲ့ အရည်အချင်းပြိုင်ပွဲကြီးကို စတင်နိုင်ဖို့ နှစ်ပေါင်းများစွာ စာရင်းကောက်ယူပြီး တဲ့နောက် ပြိုင်ပွဲကို လည်း စတင်ခဲ့တာ နှစ်များစွာကြာပြီးနောက် ပြိုင်ပွဲ အဆုံးသတ်တဲ့အခါ .........။

မင်းသမီးလေးကိုဘယ်သူမှရှာလို့ မတွေ့ တော့ပါဘူးတဲ့............................။

ဒီပုံပြင်လေးကိုဖတ်မိတဲ့ ညီ ညီမလေးတို့  တူတူမလေးတို့ ရေ တကယ်လို့ များ နှင်းဆီကုန်းဘိုးဘွားရိပ်သာကိုရောက်ဖြစ်ခဲ့မယ်ဆိုရင် တခုသော အမျိုးသမီးဆောင်မှာ ခါးကုန်းလို့ မျက်ခုံးမွှေးတွေဖြူနေတဲ့ အဘွား တစ်ယောက်ကို တွေ့ ခဲ့တယ်ဆိုရင်

ဒီပုံပြင်လေးကိုဖတ်ခဲ့ရပါတယ်ဆိုတဲ့အကြောင်းနဲ့ ကြင်ယာတော်ရွေးပွဲပြီးသွားပါပြီ ဆိုတဲ့အကြောင်း ပြောလိုက်ကြပါ လို့  မှာလိုက်ချင်ပါတယ် ကွယ် သို့ သော်လည်းကိုယ်ပျောက်သွားတဲ့ လူငယ်လေးကတော့ ဆက်ပြီးပျောက်နေတုန်းပါပဲ ဆိုတာကိုလဲ အသိပေးလိုက်စေချင်ပါတယ်ကလေးတို့ရေ.........................။

ငြိမ်းဇေဦး

Sunday, August 24, 2008

ပရိုတိန်းပြည့်တဲ့အဟာရ

အကြောင်းပြချက် ဆင်းရဲတယ်
တနည်းအားဖြင့်...
ပြည်တန်ပတ္တမြားထက်ရှားပါးတာပေါ့....

ချစ်သူတွေဆီက
ကျေးဇူးတင်ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်
တာ့..တာ
ထိုစကားများအား
ပထွေးနှင့်အပျိုရည်ပျက်ဖူးသော
ကံနည်းသူလေး အမေ့အိမ်ကိုမုန်းသလို
မုန်းပါရဲ့....

မပြောကြပါနဲ့...
အောင်မယ်လေး မပြောကြပါနဲ့....
တိတ်ဆိတ်တဲ့ တန်ဖိုးထားမှုဟာ
ကမ္ဘာကြီးရဲ့လည်ပတ်အားပါ
ဒီလို...ဒီလို မသိကျိုးကျွံမှုတွေကို
အသည်းအသန်နှစ်ခြိုက်.....


ခြောက်ပစ်ကင်း..
သဲလဲစင်..
စင်းလုံးချော...
ပြည့်စုံ....
ကွက်တိကျတဲ့ အနာတွေကို
ကိုက်လိုက်..လျက်လိုက်...
တအီအီငြီးငြူလိုက်
မေ့ပစ်ကြည့်လိုက်နဲ့
ညရောက်တိုင်း ခြံလုံအောင် မခိုမကပ်
ဟောင်တတ်တဲ့ ကိုက်တတ်တဲ့ခွေးလို
ချစ်သူကိုလဲ အလွန်အကျွံ သ၀န်တိုတတ်...။


သဲတတင်းစာမက
များပြားလှစွာသော
မိန်းမသားတို့သည်လည်း
ထိုကဲ့သို့သော ဇီဇာကြောင်မှုများအား
ပေါင်ပေါ်တင်ပွတ်သပ်
နေ့စဉ်စားကောင်းသောက်ဖွယ်များဆက်သ
ညနေတိုင်းလမ်းတူတူထွက်
ယင်းသို့ ...
ယင်းကဲ့သို့..အချစ်မြို့ပြတွေတည်ဆောက်
ဒဏ်ရာတွေရ...တိုက်ပွဲကျ
နေသားကျ..စိတ်ဓါတ်ကျ
တချို့က ကံကောင်းတယ်ထင်ကြ
ငါ့ ကိုကိုက သိပ်သ၀န်တိုတယ်ပြောကြ
အရမ်းချစ်တယ်ဆိုပြီး သဘောကျ
ထိုသို့ လှလှပပ အကျဉ်းကျ.....။


ဘာတတ်နိုင်မလဲ
အဲသဟာလည်းအရောင်ပြောင်းတတ်တဲ့သဘာဝ
ကျွန်ုပ်သည်လည်း သဘာဝ၏ အလေနတောပစ္စည်းတစ်ခု
တကယ်တော့..ဒီအမှုက ကွင်းလုံးကျွတ်
လွတ်လမ်းမရှိတဲ့စီရင်ချက်
ဒီအတွက်လည်း ကျစ်ကျစ်လျစ်လျစ်နေသားကျ...။

ကိုယ့်လောက်အသပြာမမက်တဲ့ကောင်
ကြောင်လက်သည်းဝှက်သောကတွေတောင်လိုပုံ
ကြာတော့အဲဒီသောကတွေ ကိုယ်၌က ဘ၀၏ အရိုးအဆစ်များဖြစ်သွား
လမ်းများစွာကိုလျှောက်ဖြစ်ခဲ့

လူ့လောကတဲ့ ....
ဂုဏ်ဒြပ်အာရုံများ
တလွှာခြင်းထောင်ထားတဲ့ လှေကားတစင်း
ထိုသို့သောလေးဆယ့်ငါးဒီဂရီမျဉ်း
ဆင်းသလား..တက်သလား...
တခါသားမျှ..အနားကပ် မစစ်ဆေးတတ်
ပေကပ်ကပ်သတ္တ၀ါ
ကြိမ်လုံးတွေကို အသေမုန်း
တယောက်ချင်း တဖုန်းဖုန်းပစ်ကန်ချင်
တယောက်ချင်းမယှဉ်ရဲတဲ့အစုအဖွဲ့များကိုလည်း
ဟစ်တလာ အသည်းနာသလို နာ

စရွေးကိုက်
အတွေးတိုက်ဆောက်
ကြောက်မက်ဖွယ်မြို့ပြတို့၏ ပိုးဟပ်များကြား
ရထားလုံးတစင်းဖြင့် သီချင်းငြီး
ဖိနပ်ပျောက်သောမင်းသမီးအား
သားမယားပြုကျင့်ရန်လည်း
လူပီပီ စိတ်ရိုင်းဝင်တတ်ပါ၏


ထို့နောက်...
အတ္တ..မောဟ
မာန်မာန တို့ဖြင့်
အဆင်သင့်မီးတင်ရှို့ကာ
ကိုယ့်ဟာကိုယ်ကားစင်တင်ရင်း
ပျင်းရိဖွယ်သူရဲကောင်းပုံပြင်တို့အား
ပုံမှားရိုက် သံယောင်လိုက်
စက္ကန့်တိုင်းသေပစ်လိုက် ရှင်ပစ်လိုက်မိ



ဒန်တီးလိုပါ
ချီဂွေဗားရားလိုပါ
မော်စီတုံးလိုပါ
လီနင်လိုပါ လင်ကွန်းလိုပါ
ကားလ်မာ့က်စ်လိုပါ ယက်ဖ်တူရှင်ကိုလိုပါ
ကပ်ဖ်ကာလိုပါ
ဗီသိုဗင်လိုပါ ကိုစောငြိမ်းလိုပါ
မြို့မငြိမ်းလိုပါ
ကပ်ကိုဘိန်းလိုပါ
ဗန်ဂိုးလိုပါ
ဦးကျော်ရင်လိုပါ
ဗလာပုံမှားရိုက်
ဘယ်လိုမှ မတူသော မိတ္တူ ကူးမှုများစွာဖြင့်
သင်နှင့်လောကအား..
ဘယ်တော့မှ မတောင်းဆို
ဘယ်တော့မှ ပုံမှားမရိုက်..
အနည်းဆုံး .....
ကြိတ်မှိတ်အထင်ကြီးတတ်တဲ့ချစ်သူကိုတောင် မတောင်းဆို
ထိုသို့နေတတ်ခဲ့ရင်း အသက်ကိုမျှင်းမျှင်းရှူ
ပေါင်မုန့် မီးကင်စက်လို ဘ၀ထဲတွင်လည်း
ကျဉ်းကျပ်ပူလောင်စွာ ခုန်ခုန်ထွက်တတ်လာ၏
ကဲ.... ငါ့ကို သုံးဆောင်ပါလေတော့........................။


ငြိမ်းဇေဦး

ညယိုပေါက်


ဟောဒီမှာ အနာဂတ် တထပ်ကြီးကို
ရွရွလေးဖြန့် ပြသွားတာ
ကာစီနိုမှာဖဲဝေတဲ့ လက်တွေလိုပဲ...။

စေးစေးပိုင်ပိုင်ရှိလှတယ်
သုညဒီဂရီနှုတ်ခမ်းဖျားတွေ
တာထွက်နှေးနေတာ....။

ချစ်သူ ၊
ကော်ဖီကြိတ်စက်
ညမနက်..
ဒိုင်ယာလက်တစ် ပျစ်ပျစ်တွေ
ခွေခွေကျသွား................။

ချစ်လေး..
ဟန်နီ..
အသည်းတုံး..
ညီမလေး..
ဘေဘီ ...
အချစ်ဆုံး
သည်းငယ်
ဘယ် ကာလမှာပဲဖြစ်ဖြစ်
အသုံးအနှုန်းတစ်တစ်ရစ်ရစ်တွေနဲ့
ပစ်..ပစ်..သွား.............။


ဒီည
အာကာသကိုမစုံစမ်းတော့ဘူး

မိုးရွာတယ်
ကာဖီခါးခါးတွေနဲ့
မနက်ထိ ကူးခတ်ရဦးတော့မယ်
အိပ်မရဘူးကွယ်

တစ်တောက်..တစ်တောက်နဲ့
စက္ကန့်တံအောက်က ည ပွတတခြုံ လွှမ်း
ဘ၀တခြမ်းကို သမ်းဝေရင်းလွမ်းရပြန် .....................။

ငြိမ်းဇေဦး

Friday, August 22, 2008

မရှင်းရင်ထပ်ပြောမယ်


ငါသိ ငါတတ် စိတ်တွေ ပွက်လောရိုက်နေတာလား
စားပြီးနားမလည်လုပ်သွားလို့ ကိစ္စမရှိတဲ့
စတုဒီဿာ မဏ္ဍပ်မဟုတ်ဘူး

ကိုယ်ပစ်တဲ့မြှားတစင်းတိုင်းအတွက်
အပစ်ခံရတဲ့ အရာ ဟာ
စက်ဝိုင်းပုံပစ်မှတ် မဟုတ်ရင်တောင်
သားကောင် တကောင်
သတ်ဖြတ် စားသောက်ခြင်းအတွက်
ဘ၀ဖြစ်ပေးရတဲ့ အကောင် တကောင်
ဆိုရင်တော့...........

မင်းဟာ...
လက္ခဏလဲဖြစ်နိုင်တယ်
ရာမလဲဖြစ်နိုင်တယ်
ဒဿလဲဖြစ်နိုင်တယ် ငါ့ကောင်.....


ငါ လူယောင်ဆောင်ပြီး
လွတ်မြောက်ရေးသီချင်း ခါတော်မှီမဆိုဘူး

ငါ ပညာတတ်ယောင်ဆောင်ပြီး
အာဘောင်အာရင်းသန်သန်နဲ့ ဆူညံနေအောင်မငြင်းဘူး

လုံချည်တကွင်းထဲတူတူဝင်
လက်ချင်းကြိုးချည် ဓါးမြှောင်တလက်စီနဲ့
မသေမချင်း ထိုး ရဲတဲ့ ဇ ရှိရင် ငါ့ကို လာစ
ဘ၀ဆိုတာ ရလို့ နေနေတဲ့ဖြစ်စဉ်
သိပ်နေချင်လို့ မထင်နဲ့
ငါ့မှာဆုံးရှုံးစရာ အမုန်းဆုံး အနာတွေပဲရှိတယ်

မင်းကိုယ်မင်း ၀က်သားထင်ချင်ထင်
ငါ့ကို ငပိရေထင်ချင်ထင်
ကိစ္စမရှိဘူး....
တကယ် လဲနိုင်ရင် လာခဲ့
တခုတော့ပြောမယ် ငါ့ဘ၀နဲ့ငါနေတယ်

အင်တာနက်လေကြောမှာဘုန်းဘောလအော
လွတ်မြောက်ရေးစကားနဲ့
ငချွတ် ငကြောက် ငပြေးတွေကြားထဲ ငါမပါဘူး
အဲဒါ အတိအကျ အသေချာမှတ်..
ပွဲပြတ် သွားတတ်တယ် ကိုယ့်ဆရာ...
ကဗျာရေးတဲ့ကောင်တိုင်းက ငကြောက်မဟုတ်ဘူးကွ......။


ငြိမ်းဇေဦး

Wednesday, August 20, 2008

တနပ်စား

ဝါးချင်တယ်...
မန်ကျည်းရွက် နုနု
ရွှေ ပုဇွန်ခြောက် ...မြေပဲ နိုင်နိုင်
ဆီ၀၀..
ကြက်သွန်နီ ကြက်သွန်ဖြူ နိုင်နိုင်နဲ့
အဲဒီ.... မန်ကျည်းရွက်သုတ်

ဝါးချင်တယ်
ဆူးပုတ်ရွက်နဲ့ ပဲကြီးဟင်းရည်
နွေခေါင်ခေါင်နေ့လည်မှာ
ဝက်သား သုံးထပ်သားဆီပြန်နဲ့

ဝါးချင်တယ်...
ပုန်းရည်ကြီးသုတ် ကြက်သွန်ဖြူ နိုင်းချင်းနဲ့
ရေချို ငပိရည်လေး က တခွက် ...
ဒညင်းသီးခပ်စေးစေးလေး တွေပြုတ်လို့ က တဖက်....
အရွယ်မရောက်သေးတဲ့ မချစ်စု နုနုလေးကို
အလည်တည့်တည့်ကခွဲ အစေ့လေးကိုဖြဲထုတ်
ထမင်းလုတ်ထဲ မြှုပ်

ဝါးချင်တယ်
ဝါးချင်တယ် ရှောက်သီးထွားထွားကို အပြတ်
ဟီရိသြတ္တပ တရား ကုန်တဲ့အထိ နွှာ
ပြောင်တဲ့အထိနွှာ ..
အတွင်းသားတွေ ၀င်းကနဲ ရှင်းကနဲ ကြည်လဲ့နေတဲ့အထိနွှာ
ပဲမှုန့်သာသာလေး.. ငံပြာရေ သာသာလေး
မြေပဲဆန် သာသာလေး ရွှေပုဇွန်ခြောက်သာသာလေးနဲ့ရောသုတ်
ဗြောင်သုတ် အတိအကျသုတ်
အတိအလင်းသုတ်
မိသားဖသားပီပီသုတ်
သုတ်ပြီးရင်းသုတ်
ပြီးတော့ ငုတ်တုတ်ထိုင်...
ငိုင်စရာကိုမလိုပါဘူးလေ တနပ်စားပဲ ကဲ
ဟင်းခါးရေ ပူစပ်စပ် ခုံဖိနပ်ဖင်ခု လို့
ချွေးတွေစို့အောင် ၀ါးချင်တယ်ဟေ့.....။


ငြိမ်းဇေဦး

သွေးတိုး




တချို့ ဟာတွေက
ကြောင်နာကားနင်းသလို
ကြွေရတာနဲ့မတန်ဘူး

ဝက်သားဆီပြန် သုံးထပ်သားလို
အပြတ်ဝါးပြီး ဖိနပ်ခါးကြားထိုး ပြန်လာလိုက်သင့်တယ်


ဒီစိတ်တွေနဲ့ သွေးတိုးတွေတရိပ်ရိပ်တက်ခဲ့တော့လဲ
ကလေးဆိုးလိုခံစားလိုက်ပါဦးမယ်ကွာ
လောကမှာဘယ်အရာ အမူးဆုံးဆိုတာ
တွေ့ရှိဖို့....
သွေးတိုးရေ ...
တရေးနိုးမှ ထပ် တွေ့ ကြတာပေါ့..........။

ငြိမ်းဇေဦး

Tuesday, August 19, 2008

မမဘာလို့ ဖုံးတာလဲ ...



ဟိုးရှေးတုန်းက
ကောင်မလေး တယောက်ရှိတယ်။

အဲဒီကောင်မလေး ကိုမွေးဖွားတဲ့ တိုင်းပြည်က တောင်ကြီးတစ်ခုရဲ့ ခြေရင်းမှာတဲ့။

အဲဒီလိုနဲ့ ... ကောင်မလေးဟာ တဖြေးဖြေး အရွယ်ရောက်လာတော့ ... ထင်းရူးပင်ကြီးတွေအောက်မှာ မိုးရာသီဆိုရင် အနီရောင်မှိုကြီးတွေကို အမြဲကောက်တတ်တယ်တဲ့

ပြီးတော့ အဲဒီမှိုနီကြီးတွေကို သူ့ ရဲ့ ပလိုင်းလေးထဲကို မိုး စက်တွေကျနေတတ်တဲ့ ညနေတွေမှာ ကောက်ပြီးထည့်ယူလာတတ်တယ်တဲ့

အဲလို ပြန်လာတိုင်း အင်ပင်ကြီးတွေရှိတဲ့အင်တောကိုဖြတ်တဲ့အခါ
အင်တောက အင်ပင်တွေအောက်က
ညိုမဲမဲရောင် အလုံးလေးတွေနဲ့တူတဲ့အင်ဥတွေကို ကောက်တာပေါ့


အဲဒါနဲ့အဲဒီအင်ဥလေးတွေကိုလဲ စုကောက်ပြီးတော့ ဖက်ကလေး နဲ့ ကန်တော့ထိုးပြီးတော့ ယူလာတာပေါ့
အင်း
ရေချောင်းလေးကို ရောက်တိုင်းသူက ရေဆေးနေကြတဲ့
မှိုတွေ အင်ဥတွေကိုရေဆေးနေချိန်မှာ
ရေထဲက ငါးကလေးတစ်ကောင်ကိုမြင်ရတယ်တဲ့
ကောင်မလေးဟာ ငါးကလေးကိုမြင်တဲ့အချိန်မှာ
ငါးကလေးက စကားပြောတယ်တဲ့
ပထမတော့ကောင်မလေးဟာ ငါးကလေးကသူ့ ကိုစကားပြောတယ်မထင်ပဲ
တခြား လူတယောက်ယောက်များလားဆိုပြီး လိုက်ရှာကြည့်တာပေါ့

ဒါပေမယ့်နောက်ဆုံးမှာ ငါးကလေးကသူ့ ကိုပြောနေတာကျိန်းသေသွားတော့
ငါးကလေးရယ် နင်ငါ့ကိုဘာပြောနေတာလဲဟင်လို့ မေးတယ်တဲ့
အဲဒီအချိန်မှာ ငါးကလေးကဘာပြောလဲဆိုတော့
“ကောင်မလေးရယ် နင်ဟာ အောက်ခံဘောင်းဘီလဲ မ၀တ်ပါလား ” လို့ ပြောတယ်တဲ့ အဲဒီကစလို့ ကောင်မလေးတွေဟာ အောက်ခံဘောင်းဘီကိုအပြင်ထွက်တိုင်းဝတ်ကြရတော့တာပေါ့။
တချို့လဲ ငါး တွတ်ခံချင်စိတ်ပေါက်တဲ့အခါမှာ တော့ မ၀တ်ကြဘူးတဲ့ကွယ်။


ငြိမ်းဇေဦး

Tuesday, August 12, 2008

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ


လှန်လှောပါ
တမျက်နှာခြင်း ....
တလွှာခြင်း အသာလေး...
ကြည့်ပါ.....
မကြည့်တောင် ကြည့်ချင်ယောင်ဆောင်လိုက်ပါ
စိတ်ချမ်းသာရင် ကမ္ဘာငြိမ်းချမ်းတယ်
ငြိမ်းချမ်းပါရစေ

ကမ္ဘာကြီးက ဒေါသတွေနဲ့ ရင်ဘတ် လှိုင်းထ နေတာ
တော်ကြာ ဟိုနေရာ စစ်ပွဲ ဒီနေရာ စစ်ပွဲ
တကတည်း ဆိုးမှ ဆိုး .....

စာမျက်နာအစက
နောက်ဆုံးစာမျက်နှာထိ
သံစဉ် ဖြစ်ရပ် အကြောင်းအရာ
အားလုံးဟာ တလမ်းသွားပါပဲ
စကတည်းက....
လောကဖြစ်စဉ်တွေ ထဲ မှာ
နှာခေါင်းတောင်မဖော်နိုင်ရှာပါဘူး
သိပ်ထူးဆန်းတာတွေတော့မပါဘူးပေါ့....


ဒီနှစ်နှစ်ဆယ်ကျော်မှာ....
ပီပီသသ ဆိုရအောင်လဲ
ရင်ဘတ်ထဲ သံပုရာရည်တွေပဲ ကျန်ခဲ့တယ်

ဒီမှာပဲ....
ခပ်ချဉ်ချဉ် ပင်လယ်ကြီးထဲ
ချဉ်စူးစူးပေါလောမျောမှုကို
ဘ၀ဆိုတဲ့ ဖောင်တစင်း အဖြစ်
ခုထိသံသယနဲ့ ပိုင်ဆိုင်လာတာပေါ့

ကဲလေ...
အဲဒီ ဖောင်ကိုဖျက်ရအောင်
ဘုရင့်နောင် မဟုတ်ခဲ့ပေတော့
ကျော့ကျော့လေး ပက်လက်မျောခဲ့တာကိုက
စာဖွဲ့စရာ ဖြစ်ရပြန်သတဲ့
အဲသလို နေတတ်ခဲ့တာ.............။

ငြိမ်းဇေဦး

Sunday, August 10, 2008

Anticipation(1)


ငြိမ်းဇေဦး (pencil)

ဈေးကောင်းတဲ့ကိစ္စများ


မုဒိတာ တရားတွေ ဈေးကျ

ရင်းနှီးမြှပ်နှံထားသလား
ရှုံးမှာ ကျိန်းသေတယ် ထုတ်ရောင်းတော့

မေတ္တာတရားတွေ ဈေးကျ

ရင်းနှီးမြှုပ်နှံထားသလား
ရှုံးမှာကျိန်းသေတယ် ထုတ်ရောင်းတော့

သစ္စာတရားတွေ ဈေးကျ

ရင်းနှီးမြှပ်နှံထားသလား
ရှုံးမှာ ကျိန်းသေတယ် ထုတ်ရောင်းတော့

ကမ္ဘာမှာ
သစ္စာအတု
မေတ္တာအတု
မုဒိတာအတု
အလိမ်အညာအစစ်တွေနဲ့ လောင်စာ အတွက်
အာမခံချက်ရှိတယ်
ဝယ်လက်အသစ်တွေ ငါးရစ်တက်သလိုတက်နေတယ်
ဝယ်ထား လှောင်ထား..
ရှုံးသွားမှာမပူနဲ့ ဖြုန်းအားကတော့အပြည့်
ဒီလိုနဲ့ ကမ္ဘာကြီးအငွေ့ ပျံခြင်း စခဲ့တာပေါ့................။

ငြိမ်းဇေဦး

သည်းခံနိုင်မှုအမြှေးပါး မယားဒရားပြုခံရတဲ့ ညနေ



သန်းပေါင်းခြောက်ထောင်မှာ
တယောက်ပဲ ဖြစ်တတ်တဲ့ ရောဂါနဲ့
မရိုးမရွ ဖြစ်နေတာ စိတ်ကူးထဲ ခွေးလျားသီး မှုန့်တွေ လွင့်ကျသလို
ငြိမ်းဇေဦးဆိုတဲ့ရောဂါ ပေါ့
ငြိမ်းဇေဦးဆိုတဲ့ ရောဂါပါ
ဆန်းတော့မဆန်းပါဘူး....။

ညနေက ဘီယာဆိုင်မှာ
တခါမှ မမျှော်လင့်ပဲ
တစားပွဲထဲ အရစ္စတိုတယ်နဲ့ထိုင်ဖြစ်တော့....

“ဟေ့..တိုတယ်ကြီး
ခရီးပမ်းလာသလား..
နေကောင်းလား...
သားရေးသမီးရေး အိုကေလား”

စားပွဲထိုးမ အနားရောက်လာတဲ့အထိ
သာလိကာလိုမေးပစ်လိုက်တယ်...

အရစ္စတိုတယ်က
ကက်သရင်းဇီးတာဂျုံးလို
မျက်မှောင်ကြုံ့ကြည့်ပြီး
အလကားရတဲ့ အာလူးကြော် ကို စမြည်းတယ်

ပြီးတော့ စားပွဲထိုး မ ကို
ချစ်နှမ ..ဆားငံလှချည်ရဲ့
တခုခုနဲ့ လဲပေးပါလို့ တောင်းဆိုလိုက်တယ်

စားပွဲထိုးမ က ခဲဖိုး မရတဲ့  ကာလသားခေါင်းရဲ့အကြည့်နဲ့
ရှိတဲ့ဟာယူခဲ့မယ် ခဏစောင့်လို့ ပြောပြီး
အန်ဒါဆင်ရဲ့ ပုံပြင်ထဲက ငွေငန်းဖြူမ လေးဖြစ်သွားတယ်

အဲဒီမှာ ...ပြသနာစတာပဲ
အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကင် မြို့တော်ဝန်တယောက်ဟာ
ဘယ်ချောင်က ထွက်လာမှန်းမသိပါဘူး
နှစ်လုံးပြူးတစ်လက်နဲ့ ငန်းဖြူမကို ပစ်ချလိုက်ပါလေရော


အရစ္စတိုတယ်စိတ်ပျက်သွားခဲ့ပြီ
တိုတယ်ကြီး စိတ်ပျက်သွားခဲ့ရပြီ

ငန်းဖြူမဟာ ဆန့် ငင် ဆန့် ငင် ...
မသေခင်မှာပဲ ရွှေဥတစ်လုံးဥချခဲ့တယ်

ဘာပဲဖြစ်ဖြစ် ရွှေဥနဲ့ ငန်းသားဟာ
လွမ်းဖျားကိုတော့ ယာယီပျောက်စေတယ်လို့ အယူရှိတဲ့ နတ်ဆရာက
ဟော့ဒီမယ်.. ပြဿနာမရှိပါဘူးကွ လို့  ထပြောတယ်
ကျင်ငယ် စစ် စစ် ရောင်ထနေတဲ့အမြှပ်တစီစီ ရေခဲစိမ် ဘီယာကို
တရုတ်ပြည်ကလာတဲ့ဖန်ခွက်ကြီးနဲ့မော့ချလိုက်တယ်

စောစောက စိတ်ပျက်သွားတဲ့  ပညာရှိကြီး မစ္စတာ တိုတယ်ဟာ
ခုတော့..နှုတ်ခမ်းတွေကို လျှာနဲ့သပ်လို့
အပျိုရွယ်ဝင်စ ကလေးမ တယောက်
ဘီယာဆိုင်ရှေ့ က ဖြတ်လျှောက်သွားတာကို
ကားစပါယ်ယာရဲ့ လက်လို အကြည့်တွေနဲ့
မိမိရရ ဖျစ်ညှစ် ပွတ်သပ်လိုက်တယ်

ကျုပ်ရဲ့ ဘီယာ သောက်ချင်တဲ့ စိတ် စမ်းအိုင်လေး
ခမ်းခြောက်သွားခဲ့ရပြီ


ဒါနဲ့ဆိုင်ထဲက ပြန်ထွက်လာတော့
ဗုဒ္ဓ ရယ်
သခင်ယေရှုရယ်
အလာဟ်အရှင်မြတ်ရယ်နဲ့
ကမ္ဘာ့နယ်ပယ်ပေါင်းစုံ ခေတ်ပေါင်းစုံက
အထောင်အသောင်းသော ပညာရှိတွေကို
ဒွါရ ကိုးပေါက်ထဲ ချောင်ချောင်ကြီး ထိုးသွင်းနေတဲ့
ဗမာ ပညာရှင်တွေကိုတွေ့ လိုက်တယ်

ကျိန်းသေတယ်
ဒီည အိမ်ပြန်ရောက်ရင်
ရေဒီယိုကို
ကိုင်ပေါက်
ထုခွဲ
သည်းသည်းမည်းမည်း
ပျစ်ပျစ် နှစ်နှစ်
ဆဲဖြစ်တော့မယ်..................။


ငြိမ်းဇေဦး

Saturday, August 9, 2008

တဦးတည်း ဆည်းဆာ



အိမ်ရှေ့ သမံသလင်းပေါ်က ဂမုန်းအိုး များကို ရေလောင်းနေရင်း သေသွားသော နွယ်ပန်းပင်လေးနှစ်ပင် ၏ ခြောက်သွေ့မှုကို မမှိတ်မသုန်ကြည့်နေမိ၏။
အရင်တုန်းကတော့ ခရမ်းရောင်လေးတွေပွင့်နေကြ ခုတော့ ခြောက်သွေ့သော ပင်စည် ကိုင်းခက် သစ်ရွက်များဖြင့်...။

အချို့သောသစ်ရွက်များက ပင်စည် ကိုင်းခက် များပေါ်မှာ ငုတ်တုတ်ခြောက်သွေ့ နေကြ၏ ။ ပြိုလဲမကျသွားသေး။ လွင့်မျော ပျောက်ဆုံးမသွားသေး ....။

ဆေးရောင်စုံတို့ ပေကျံနေသော အကျီ င်္ ဟောင်း က ရင်ဘတ်ဟကွဲ ..။
အောက်ဆုံး ကြယ်သီးတလုံးကတော့ တစ်ထည်တည်းသော ယောပုဆိုးလေး ပြန်လည်ဖာထေး ပြုပြင်ဝတ်ဆင်လို့ မရသည့် အဆုံး ရေချိုးခန်း ခြေသုတ်ဝတ်မဖြစ်ခင်ကာလ ကတည်းက ပုဆိုးကို ဒေါနှင့်မောနှင့် စည်းလိုက်ချိန်တွင်
ပြုတ်သွားခဲ့ရ၏။


သမံသလင်းပေါ်သို့ ကျကျ နန တင်ပလ္လင်ခွေထိုင်ချရင်း အနောက်ဖက် မှ လင်းဖြာဆဲရှိသေးသော နေရောင် အိုအို၏ ဖျားနာ ရောင်ခြည် အောက်မှ မြက်ခင်းစိမ်းတို့၏ စိမ်း ၀ါ စိမ်းနု အရောင်တို့ အား ငေးနေမိ၏။
သစ်တောကြားမှ ဖြတ် သန်းလာသော နေရောင်သည် မြက်ခင်း တခုလုံးကိုတော့မင်းမူနိုင်စွမ်းမရှိတော့ ။ သစ်ရိပ်များ အောက်မှ မြက်တို့သည်ကား စိမ်းရင့်ရောင် စိမ်းမှောင်ရောင် ...။
လေ အဝှေ့တွင် မာဆတ်ဆတ် လှုပ်ယမ်းတုန်ခါနေသော မြက်ပင်တို့၏ ထိပ်ဖျားတွင် ပုရွက်ဆိတ်တစ်ကောင်တလေများ ရှိနေမလား ။

ပြီးတော့ ထိုပုရွက်ဆိတ်က မြက်ပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ဆီမန်းမန်းသလို “ ခြေမမြဲ လက်မြဲပါစေ ၊ လက်မမြဲ ခြေမြဲပါစေ” ဟုများ ဆုတောင်းနေမလား။

ရေခရားလေး ကိုကြည့်မိပြန်တော့ ရေခရားလေး တွင်းမှ ရေတို့သည် ငြိမ်သက် ကြည်လင်လျှက်။
ရေခရားလေးသည် ကြေးနီ ခရားလေးဖြစ်သည့်အလျှောက် ကြေးနီရောင် ကြမ်းပြင်ကို ရေထုကိုဖြတ်လျှက်မြင်နေရ၏။
ထိုရေခရားလေးသည် ကြေးနီအစစ် ဖြစ်မဖြစ် ဆိုသည်မှာ ကျနော်သိရန် တခါမှ မကြိုးစားမိသော ကိစ္စဖြစ်၏။
ထိုရေခရားလေးကို စက်ဖြင့် ပြုလုပ်သလော ။ လက်ဖြင့် တဆင့်ချင်း ကျကျနနပြုလုပ်သလော ကျနော် မသိ။
ထိုရေခရားလေး၏ ပိုင်ရှင်ဟောင်းသည် ထိုရေခရားလေးကို မည်ကဲ့သို့ အသုံးပြုခဲ့သည်ကျနော်မသိ။
ထိုရေခရားလေးကို အဟောင်းဆိုင်တွင် တွေ့ ခဲ့စဉ်ကာလ က အိမ်၌ရှိသော ပန်းပင် ပန်းအိုးလေးများအား ရေလောင်းရာတွင်အသုံးပြုမည် ဟူသော ရည်ရွယ်ချက်တခုဖြင့် သာ ၀ယ်ယူလာခဲ့ပြီး
ထိုရေခရားလေးသည် ကျနော်ရည်ရွယ်ခဲ့သော တာဝန်ကို ကျနော် အပျင်း မထူ ချိန်တိုင်း သတိမမေ့ချိန်တိုင်းတွင် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြ။


ဂမုန်းပင်များသည် စိုပြေထွားကျိုင်းလျှက် အကိုင်း ပျော့များ နွယ်ယှက် တိုးထွက် လွင့်တက်နေကြသလို ဂမုန်းရွက်တို့ သည်လည်း ရေစို မျက်နှာပြင် စိမ်းပျော့ အိ ညက် ၏ အပေါ်တွင် လှဲချ ငြိမ်သက်နေသော နေမင်း၏ နောက်ဆုံးမိနစ် ရောင်ခြည်များအား
အားရှိသမျှ ပြန်လည်တွန်းထုတ်နေသလော အငမ်းမရ စုပ်ယူနေသလော ကျနော်မသိ သို့သော် အိပ်တွင်း တခြား ဖက် နံရံ ထိ အလင်းပြန် အလင်းရိပ်တို့ ထင်ဟပ် လှုပ်ရှားနေ၏။

လွန်ခဲ့သော ငါးနှစ်က ဂမုန်းပင်လေးတစ်ပင် ၀ယ်ယူခဲ့ပြီး ယခုတော့ ဂမုန်းအိုး သုံးအိုးဖြင့် ပွားများ ဖြစ်ထွန်းနေသော ဂမုန်းပင်များအားကြည့်နေမိစဉ် ဂမုန်း သဘာဝ ၊ ရွက်ကျပင်ပေါက် ရှင်သန်မှု၏ ဂုဏ်သတ္တိကို တွေးတောနေမိရင်း အိမ်တွင်းသို့ပြန်ဝင်လာခဲ့၏။

စာကြည့်ခုံ အံဆွဲထဲမှ ကပ်ကျေး တစ်လက်ကို ထုတ်ယူလိုက်ကာ ဂမုန်းအိုးများရှိရာသို့ပြန်လာခဲ့ပြီး ခြောက်သွေ့ သေဆုံးနေသော နွယ်ပန်းပင်လေးနှစ်ပင်အား ခြောက်သွေ့သော မြေသားများနှင့် ဈာပနတစ်ခုချင်းကို သူ့ခန္ဓာကိုယ်ဖြင့် လွယ်ထား ရသော ပန်းအိုးထဲမှ ဖွဖွဖြေးဖြေး ဆွဲထုတ်ယူလိုက်၏။ ပြီးတော့ ရေခရားလေးထဲမှ ရေ အနည်းငယ်စီကို လောင်းလိုက်ကာ လွန့် လူး ယိမ်းနွဲ့ နေသော ဂမုန်း ကိုင်းများအား ကတ်ကျေးဖြင့်ဖြတ်လိုက်၏ ။

ဂမုန်းကိုင်းဖြတ်စ လေးခု ကို နှစ်ခုစီခွဲကာ ပန်းအိုးလေး နှစ်အိုးတွင်း သေချာ ဖိထိုး မြေစာဖို့  ထည့်ရင်း ရှေ့သစ်တောကြားမှ မြက်ခင်းပြင်အားကြည့်လိုက်မိသော အခါ နေရောင် ပျောက်လု အမှောင်ရိပ်ကြီးစိုး တော့မည့် စပ်ကူးမတ်ကူးကာလတွင်
စတင်ပျံသန်း ဟန်ရေးပြနေပြီဖြစ်သော ပိုးစုန်းကြူး လေးများ ကိုတွေ့ လိုက်ရ၏။

ယခုတော့ နွယ်ပန်း နှစ်ပင် ၏ အရိုးစု နေရာတွင် စိမ်းလန်း သန်မာသော ဂမုန်း ပင်အသစ်များ နေရာယူလျှက် ...။ ယခု အချိန်တွင် ကျနော့်အိမ်ရှေ့မှ တစုံတယောက်ဖြတ်သွားရင်း ကျနော့် ဂမုန်းအိုးများကိုသတိထားမိမည် ဆိုပါက
ထိုဂမုန်းအိုးလေးများသည် အစကနဦးကတည်းကပင် ဂမုန်းပင်များ ရှင်သန်ခဲ့ သည် ဟု ပင် ထင်ပါလိမ့်မည်။

ကျနော်သည် နွယ်ပန်းပင်ခြောက်လေးနှစ်ခုကို အသာအယာ သတိဖြင့် ကိုင်တွယ်ရင်း အိမ်တွင်းသို့ ၀င်လာခဲ့ပြီး သစ်သားဖြင့် ပြုလုပ်ထားသော ဆင်စွယ်ဖြူရောင် သေတ္တာ ကလေးကိုဖွင့်ကာ အနီရောင်ကတ္တီပါစကလေးကိုဖြန့်ခင်းလျှက် နွယ်ပန်းပင်ခြောက်လေးနှစ်ပင်အား
အသာအယာ သိမ်းဆည်းပြီး ငွေရောင် သော့ချောင်းကလေးဖြင့် ပိတ်ကာ ကျနော် အမြတ်နိုးဆုံး စာအုပ်စင်လေး၏ အပေါ်သို့ ဖြေးညှင်းစွာပြန်တင်လိုက်ရင်း ဆို့လှိုက် နင့် နစ် လာသော ရင်အစုံဖြင့်
ထိုနွယ်ပန်းပင်လေးနှစ်ပင်ကို ၀ယ်လာခဲ့စဉ်က အဓိပ္ပါယ်ဖွင့်ဆို မှုကလေး ကို သတိမရမိအောင်ကြိုးစား လျှက်..................။

ထိုနွယ်ပန်းပင်လေး နှစ်ပင်သည်သာ သိပ်ချစ်သော ချစ်သူများဖြစ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးသေသည်အထိမျက်စိအောက်ကအပျောက်မခံ နေခွင့်ရခဲ့သလိုသာ ......................................................။



ငြိမ်းဇေဦး