Tuesday, January 1, 2008

တယောက်ထဲလွမ်း



တယောက်ထဲလွမ်း

အင်မတန်အေးတဲ့ည၊ လေကလဲကြမ်းလိုက်တာ အိမ်ရှေ့ထင်းရူးပင်တွေအရိုးကွဲနေတယ်ထင်ပ တဟီးဟီးနဲ့ညည်းလို့
နှင်းတွေဖရိုဖရဲခုန်ခုန်ချလာလိုက်တာနစ်လုသင်္ဘောပျက်တစ်စီးပေါ်က သက်ရှိတွေလို။
နက်ပြာရောင်သက္ကလပ်အင်္ကျီရှည်ကြီးကတော့ကုလားအုပ်တစ်ကောင်ကိုခိုလှုံခွင့်ပေးလို့ အဲဒီကုလားအုပ်တစ်ကောင်ကကျနော်ပေါ့။
စီးကရက်တစ်လိပ်ကို တိတ်တိတ် သဘောတူပြီး ကျောခိုင်းခဲ့တဲ့ ... အိပ်ယာတခုထဲ မှာ ..မတူတဲ့အိပ်မက်တွေ တူတူ မက်ခဲ့တဲ့ကောင်မလေးလက်ဆောင်ပေးတဲ့
အပြာရောင်ဇစ်ပိုမီးခြစ်ကလေးနဲ့ သေဒဏ်စီရင်လိုက်တယ် နှုတ်ခမ်းဖျားမှာ
တပြိုင်နက်ထဲလဲကိုယ့်ကိုယ်ကိုယ်မျှင်းသတ်ရင်းပေါ့။

ကြယ်တွေဟာကမာကောင်တွေထဲက ၀တ်လစ်စလစ်ထွက်လာခဲ့တယ် ကောင်းကင်မဲကြီးထဲတဆုပ်ပြီးတဆုပ်ပစ်ချခံလိုက်ရတယ် ...ဒါပေမယ့်အဲဒါမဟုတ်ဘူး ၊
တကယ်တော့ ကောင်းကင်မဲကြီးဟာ အလင်းမဲ့တဲ့မျက်လုံးအိမ်တွေအတွက်ကတော့ တိုးလျိုပေါက်မြင်နိုင်တဲ့နေရာပေါ့ ။
အဲဒီကောင်းကင်မဲကြီးဟာတခါက ဘာမှမရှိတဲ့အရာလေးကို တည်းခိုခွင့်ပေးခဲ့တယ် ပြီးတော့ မွေးအားကောင်းကောင်းနဲ့
အဲဒီဘာမှမဟုတ်တာလေးဟာ ကောင်းကင်မဲကြီးအလစ်အငိုက်မှာ
သူ့မွေးလမ်းကြောင်းကျဉ်းကျဉ်းလေးကမဟုတ်ပဲ သူ့ ကိုယ်သူဖောက်ခွဲပြီး ကောင်းကင်မဲကြီးကို ဇကာပေါက်ဖြစ်သွားစေခဲ့တယ်
ကောင်းကင်မဲကြီးဟာအဲဒီဝန်ထုတ်ဝန်ပိုးတွေနဲ့ တော်တော်နေသားကျခဲ့ပြီးပြီ ။ကျနော်ကအဲဒီ
ကောင်းကင်မဲကြီးထဲကိုချောင်းချောင်းကြည့်ရင်း ကျနော့်ဆံပင်တွေဝဲကျနေတဲ့ပုခုန်းပေါ်မှာ တာဝန်မဲ့မှုတွေကိုထမ်းထားမိတာကြာပေါ့။

ကျနော့် အင်္ကျီရှည်ညာဘက်အတွင်းအိတ်ထဲမှာ တားရော့ကတ်တွေကတထုတ် အဲဒီထဲမှာ ဖမ်းထည့်ထားခဲ့တဲ့
ဇာတ်ကောင်တွေကတော့ ကိုယ်နံ့မရှိတဲ့ကျုပ်ဆီက ရေမွှေးနံ့တွေကိုမျှော်ကောင်းမျှော်နေမှာ..။
ဘယ်ဘက်အတွင်းအိတ်ထဲမှာကတော့ ငွေရောင် စတီးလ်အရက်ပုလင်းပြားလေး အဲဒီအရက်ပုလင်းပြားလေးရဲ့ မောက်မောက်မာမာမျက်နှာပြင်မှာတော့ အသည်းပုံလေးတစ်ပုံ နဲ့ သိုးဆောင်းလိုရေးထားတဲ့ ကိုကို့ ကိုတသက်မခွဲဘူး
ဆိုတဲ့ ပန်းကနုတ်တွေကြားက စာလေးတစ်ကြောင်း ထွင်းထားရဲ့...တကယ်တော့အရက်ကို အချိန်ပိုဆင်းပြီးသောက်တတ်တဲ့အထဲတော့ကျနော်မပါဘူး ဘာပဲဖြစ်ဖြစ် ကျနော် မပိမရိ ညာသမျှ သိသိနဲ့ခွင့်လွှတ်တတ်တဲ့အချစ်ဦးကောင်မလေးလက်ဆောင်ပေးထားတဲ့အတွက် တခါတခါ ကြားဖြတ်အသည်းကွဲမှုတွေပေါ်လာတိုင်း အသုံးပြုဖို့ထည့်ထားတဲ့ရှေးဦးသူနာပြုအရည်တွေကို
ကိုယ်ဝန်ဆောင်လို့ပေါ့ အဲဒီ မောက်မာတတ်တဲ့ အရက်ပုလင်းပြားလေးက။

ကျနော့်အချစ်ဦးကောင်မလေးဝယ်ပေးထားတဲ့ ဒီဇိုင်နာ ချုပ် ဆွယ်တာအင်္ကျီ နက်ပြာပေါ်မှာ ရင်ဘတ်ထုံးတားသလို ဖြူဆွတ်ကြည်လဲ့နေတဲ့အစင်းတွေကိုဖြတ်လို့ ဖြစ်သလိုပတ်ထားတဲ့ လည်ပတ်ကလဲ အညှာကျိုးတဲ့ကြောင်လျှာသီးလိုတွဲလွဲ။
ကျနော့်ရဲ့အညိုရောင်သားရေပျော့နဲ့လုပ်ထားတဲ့ရှူးဖိနပ်ကိုကောက်စွပ်လိုက်မိရင်း...ဘ၀တခုလုံးကိုခြေအေးဝမ်းရောင်ဖြစ်စေတတ်တဲ့ သီချင်းတပုဒ်ကိုငြီးနေမိတယ် ပြီးတော့ အိပ်ဆောင်နာရီဝိုင်းလေးကိုထုတ်ကြည့်လိုက်မိတယ်..၊ စက္ကန့်တံတွေ
နှေးသလောက် လေကြမ်းတွေ ကုတ်ခြစ်တဲ့ဒဏ်နဲ့ ဖွာနေတဲ့ထင်းရူးရွက်အပ်ချောင်းတွေဟာပိုဖွာချိန်မရှိတော့သလို ပြုတ်ထွက်လေဟုန်စီးဖို့ကိုပဲ နွံထဲက ငါးတစ်ကောင်လိုကြိုးစားနေတုန်း။


ကျနော်အိမ်တံခါးကို အသာပိတ်လိုက်တယ် သူခိုးတစ်ယောက် မီးခံသေတ္တာဖွင့်သလို၊ ဈာန်ရနေတဲ့သူတော်စင်တစ်ဦးကျင့်ကြံသလိုဖြေးလေးတိကျမှုတွေနဲ့ ပြီးတော့ အပေါ်ယံက
ကုတ်အင်္ကျီအရှည်အနက်တစ်ထည်ကို ရင်ဘတ်ဆွဲစေ့ရင်း
အိမ်ရှေ့ တံတားလေးအစပ်က ကရေကရာ တွေ ပြန့် ကျဲနေတာနဲ့တူတဲ့  ကျခါစ နှင်းလွှာတွေ ပြောက်တိပြောက်ကျား နိုင်တဲ့ နေရာလေးကိုဖြတ်ခဲ့တယ် .............။
ကျနော့်ရဲ့အညိုရောင် သားရေလက်အိပ်ထဲက လက်တွေဟာ အပေါ်ရုံကုတ်အင်္ကျီအနက်ကြီးရဲ့ အိတ်ပွပွကြီးနှစ်ဘက်ထဲ မွေးကင်းစကလေး အနှီးထုတ်ထဲမှာအိပ်မောကျသလိုထည့်ထားလိုက်တယ်.... ကိုးလှမ်းလောက်လျှောက်ရတဲ့တံတားလေးအဆုံးမှာ....
ကျနော်ရပ်လိုက်တယ်။ ပြီးတော့...ခနတွေးတယ် .......ကောင်းကင်မဲကြီးကိုမော့ကြည့်မိတယ် နှင်းတွေကတော့ ခုန်ချနေဆဲပဲ သူ့ ထက်ငါအလုအယက်.... ၊ တံတားလက်ရမ်းလေးကို မှီပြီး အောက်က ချောင်းငယ်လေး ထဲက ရေခဲလွှာဖြစ်နေတဲ့ မျက်နှာပြင်မှာတော့မီးရောင်ပြန်တွေလင်းနေတာက မျက်လုံးထဲကိုပြေးဝင်လာတယ်...ကျနော်ဆက်ကြည့်နေခဲ့တယ်...........။


ကျနော်သတိဝင်မိတော့............နားရွက်တွေအေးစက်ထုံကျင်နေပြီ...။နှုတ်ခမ်းဖျားတွေ အေးစက်လေးလံနေပြီ ...........ကျနော့်ဆံပင်တွေ စိုခဲစပြုနေပြီ.... ဒါနဲ့ကျနော်လဲ စစ်ဘေးဒုက္ခသည်တစ်ယောက်အသက်လုပြေးသလို ကျနော့်အိမ်ဆီပြန်ပြေးလာခဲ့တယ် ဓါးပြတစ်ယောက်လို တံခါးကို ကသောကမြောဖွင့်လိုက်တယ် ပြီးတော့ ဘယ်မိန်းကလေးမှ မအိပ်ဖူးတဲ့ တခြမ်းစောင်းနေတဲ့ကျနော့်အိပ်ယာထဲကို ပြန်ဝင်ကွေးခဲ့တယ်.................အဲဒီညမှာကျနော့် ညာဘက်အိတ်ကပ်ထဲက တားရော့ကတ်တွေ စကားပြောကြတယ်...
ကျနော် နားမထောင်ဖြစ်ခဲ့ဖူး....ကျနော့်ဘယ်ဘက်အိပ်ကတ်ထဲက ရှေးဦးသူနာပြုရည်တွေကို သုံးလသား မိခင်ရင်သားကို အငမ်းမရစို့သလို စို့လိုက်တယ် ….ပြီးတော့..ကျနော့်ပေါင်ကိုလွမ်းတဲ့ ကွန်ပြူတာပါးပါးလေးမျက်နှာပြင်က ပြုံးပြနေတဲ့ကောင်မလေးကို ကျနော်ပြန်ပြုံးပြလိုက်တယ် အဲဒီတညလုံးသူမကတော့ပြုံးနေမှာအသေအချာပေါ့….။


ငြိမ်းဇေဦး

2 comments:

  1. ရင်ထဲမှာတော့ နှင်းတွေကြားထဲရပ်နေတဲ့ လူတစ်ယောက်ပုံရိပ်ကို မြင်မိတယ်...
    အထီးကျန်ခြင်းဆိုတဲ့..နမိတ်ပုံတွေကြားထဲမှာ မှန်သားပြင်ပေါ်က ကောင်မလေးရှိနေပေးတာကိုက
    ခွန်အားဖြစ်နေသေးတာပါ..
    အားလုံးကောင်းပါတယ်

    ReplyDelete
  2. ကဗျာလေးကို..ဖတ်ရင်းဖတ်ရင်း...ခေါင်းပေါ်မှာ..နှင်းတွေစိုရွှဲလာသလို..ခံစားလာရတယ်...
    အဲဒီအချိန်လေးမှာဘဲ...ကဗျာထဲကလူအိမ်ထဲပြန်လှည့့်ဝင်သွားတာ...သိလိုက်ရမှ...ကိုယ်လဲဘေးနားချထားတဲ့ ကော်ဖီပူပူကိုမှုတ်သောက်ရင်း...အော်......
    တယောက်ထဲချမ်း...တယောက်ထဲလွမ်းနေတာ..
    ကိုယ့် အပြင်..ရှိပါသေးလားလို့ ....

    ReplyDelete