Sunday, June 22, 2008

အန်ဖတ်



စင်္ကြ၀ဠာ အပြင်ဖက်မှာ
ည.. မနက် ဆိုတာ
ရှိဘူး ဟဲ့ ...
အကွာအဝေးဆိုတဲ့အရာ
တိုင်းစရာ ပေတံ
ရှိဘူးဟဲ့ အပုရဲ့...။


မာဆတ်ဆတ်တောင်တန်းတွေ
အပျိုပေါက်ယောင်ဆောင်ပြီး
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့
ဆန့်ဆန့်ကြီး လှဲပြနေတဲ့ ရိုးမ
လေးဘက်နာနဲ့ပြန်မထနိုင်ခဲ့တာလဲ ကြာပြီ။

ဒို့မြို့လေး က
ညတွေကို အဲဒီညီအမတွေရဲ့
လက်ဖက်ရည်ဆိုင်လေးထဲ
ပြူးတူး ပြဲတဲ ထိုးသိပ်တယ်
ဆေးပေါ့လိပ်တလိပ်စီနဲ့.........။

ဘူတာမှာ
နာနာကျင်ကျင် ဆွဲဆွဲငင်ငင်
အဲဒီအမြန်ရထားကြီး အူပြီဆိုရင်
ပန်းသည်က ချမ်းတယ်ပြောပြီး
ကျစ်ကျစ်ပါအောင်သူ့ကိုယ်သူဆွဲတင်
ရထားပေါ်တက်
ဗာဒံပင်ကငှက်တွေအမြဲအိပ်ရေးပျက်
ငါကဂစ်တာတစ်လက်နဲ့
ငါ့တန်ဘိုးမဲ့မှုတွေကို
သက်သေပြရတာအမော...။

ငါပိုး ဖို့ တွေးဖူးတဲ့ ဖင်ကြီးကြီးကောင်မလေးက
ည ည သီချင်းထငြီးသတဲ့
မောင့်အချစ်မျှားစူး ရူးရပြီကော ဆိုပဲဟဲ့
အဲဒီမျှားက ငါ့အနားကဖြတ်သွားခဲ့တာ
ကြာတော့ကြာပြီလေ
နွေပေါင်းဆယ်ချီ ပေါ့...။


မှုန်တေတေ မဟာဆန်တဲ့ ကောင်မလေးလဲ
ခုတော့ ကြာဆံတွေ ဖွေးစပြု
သူ့ယောက်ျားရဲ့ မပစ်ကောင်းတဲ့ဝင်ဒေါင်းကြီး ဖြစ်လို့
တောမြို့လေးတမြို့မှာအခြေချ
ညညဆိုသတင်းတွေဖတ်ရင်း
သက်ပြင်းတွေနဲ့ သူ့ကိုယ်သူယပ်ခတ်
ချွေတာတတ်နေရဲ့..။

ဟဲ့ နင်သိလား ...
ကျောင်းရှေ့ က ယူကလစ်ပင်တွေက
ငါတို့ဘ၀တွေ..ငါတို့မိဘတွေဘ၀တွေ
ငါတို့မျိုးဆက်တွေရဲ့ဘ၀တွေကိုကြည့်ပြီး
လူမဖြစ်ချင်ဘူးလို့ ငြီးကြတဲ့အသံတွေကို
နင်က တရှဲရှဲလို့ ဘာသာပြန်တာဟ
သေချာ ထနားထောင်
ယောင်ကိုင်းနေတဲ့ ကုက္ကိုပင်ကြီးတွေ အသိ...။

လွမ်းတယ်ဟာ..
ထန်းရေနဲ့ကြွက်ကြော်
ချက်မပေါ်တဲ့ အပျိုမတွေခြေသားလုံး
ပြုံးပြုံးကြီးနေတတ်တဲ့ဒို့ဆရာကြီး
အဲ..အဲ.. သူ့ကြိမ်လုံးကြီးကလွဲလို့ပေါ့...
ကျော့ကျော့လေးစက်ဘီးနင်းတဲ့
ညနေခင်း အပျိုတအုပ်ရဲ့
အငမ်းခံညနေတွေမှာ
အစွမ်းတသန်နဲ့
ငါတို့တာဝန်ကျေခဲ့တာကအစ..။

ပြန်ကြည့်လိုက်တော့ အမြီးကျက်အမြီးစားနေတဲ့
အမြီးပေါက်သွားတဲ့ကောင်တွေပဲ
ဝဖြီးစိုပြေ လူယောင်ဆောင်နေတဲ့
ဒို့မြို့လေးဟာ
တနှစ်တခါ
ဝေဒနာအသစ်တွေကို ချစ်တတ်တဲ့
ဆရာတွေကိုကန်တော့ရင်
စင်ပေါ်က ချိနဲ့နဲ့ အနန္တ ဂိုဏ်းဝင်တွေ
ငါတို့ပျောက်ဆုံးနေတဲ့ခုံနေရာတွေကိုကြည့်ရင်း
နှစ်တိုင်း မျက်ရည်ဝဲ
ယူကလစ်ပင်တွေလိုပဲ ..
လူမဖြစ်ချင်ဘူးလို့ငြီးခဲ့တာ ဘယ်နှစ်နှစ်များရှိခဲ့ပါ့...။

ကဲဟာ..
ငါ့သံယောဇဉ်ကို
ဟိုဘက်ဒီဖက်တိုင်မှာချည်လို့
ရာသီဟောင်းတွေဖြန့်လှမ်းရင်း
အတိတ်တခင်းကိုရိတ်သိမ်းနေမိလိုက်တာ
မိုးတွေတောင်ရွာစပြု
သွားဦးမယ်အပုရေ...
ငါ့ခြေရာငါသိမ်းရင်း
ငယ်တုန်းကသီချင်းလေးနဲ့ ငါပြန်အန်ခဲ့တယ်
ငါ့ဝိဥာဉ်ထဲ ကတော့ထိုးပြီး
နင်သွန်ချခဲ့သမျှ ...။


ငြိမ်းဇေဦး
(“ကေသွယ့်ဆောင်းပါး ဘာတွေပဲ ဖြစ်လာ..ဖြစ်လာ..” ကို ရင်ပြိုအောင် ခံစားမိသဖြင့် ရေးမိပါသည်။)

3 comments:

  1. ပြောရရင်..
    ကဗျာဖတ်ပြီး ရင်ထဲ တစ်ဆို့ဆို့ကြီးကျန်ခဲ့တယ်။
    အန်ပစ်လိုက်မှ သက်သာမယ်ထင်ပါရဲ့။
    အင်းး တခုခု လက်ဆင့်ကမ်းအန်ဦးမယ်..

    ReplyDelete
  2. every each of paragraphs striked my chest step by step till it became a ladder which leads to nowhere....or may be to somewhere that I ve nver been b4. I felt it, a strange and nameless one.
    how do u call it? feeling???? :P

    ReplyDelete
  3. ကဗျာ ကောင်းတယ်ဗျာ။ အဲဒီ့ နေရာလေးကို မြင်ယောင်လာမိတယ်။

    ReplyDelete