Friday, June 27, 2008

ဆူးကြွင်း


ဆည်းလည်းသံတို့ ဖြင့် မနိုးသေးသော ငှက် ကလေးများအား အာရုံနု အငုံအဖူး က လှုပ်နှိုးလိုက်ပေပြီ။
ရင်ခတ် ပန်းနံ့သင်းသင်းတို့အား ချော့မြူ ဖျားယောင်းလာသော အေးလေပြေ ဖွဖွ ၏ လှိုင်းနု စီးကြောင်းက လျှောတိုက်ပွတ်သပ် လျှက် နံနက်ခင်းကို ညင်သာစွာ တလွှာချင်း လွှာလျှက် အပျိုစင်၏ တိတ်တခိုး အိပ်မက်လို။


ဆရာတော်၏ ဘုရားရှိခိုးသံ ကို ကြားတော့ အေးချမ်းလိုက်ဘိခြင်း…။
အိပ်ယာမှ ကြည်ကြည်လင်လင် ထလာကာ ကမ္မဌာန်းကျောင်းလေး၏ နောက်ဖေးရေကပြင်တွင် ရေမှုတ်ကလေးဖြင့် မျက်နှာသစ်ရင်း ဆရာတော်၏ ကြေးစည်သံတွင် အသိအာရုံတို့မျောလွင့်သွား၏။


ဟိုးအဝေး ပင်လယ် ရှိရာသို့ မြင်ရနိုးဖြင့် မျှော်ငေးကြည့်မိတော့…. မရမ်းပင်ကြီး ပေါ်က ဥသြငှက်ကလေးကဆွေးဆွေးမြေ့မြေ့ တွန်ကျူးနေတော့၏ ။

ဆ ကေသ ဓါတု စေတီတော်၏ ရင်ပြင်တော် အစွန်းမှ အဟုန်ပြင်းသော လေကောင်းလေသန့်တို့ က သူမ၏ ဆံနွယ် ထွေးကြီးအား ဆွဲဖြေ ခိုးယူ ဖို့ အစွမ်းကုန်ကြိုးစားနေ ပေ၏။ သွေးကြောစိမ်းကလေးများ ရေးတေးတေး ပေါ်နေသော သူမ၏ ပါးပြင်မို့မို့ နှင့် နုထွေးသော နှုတ်ခမ်းကလေး အား ကျနော် ငေးကြည့်နေရင်း ကျနော့် လက်ဖ၀ါး ကို သူမ၏ ၀ါဝင်း ရှင်းသန့်ပျော့ပျောင်းလွန်းသည့် လက်ချောင်းသွယ်ကလေးများဖြင့် လက်ဖ၀ါးကြမ်းကြမ်း ကလေး က ဖွဖွလေးကိုင်ရင်း “မောင့် လက် ဖ၀ါးကလေးတွေက နုအိ နေတာပဲ မောင်ရယ်၊ မွန့် လက်ဖ၀ါးတွေများ ဆို ကြမ်းလိုက်တာနော်”
“မွန်ကလဲ… မောင်က လက်ကျောမတင်းဘူး ဆိုတာကို ထပ်ပြီးအတည်ပြုနေတာလား အချစ်ရယ်” ကျနော်က သူမ၏မျက်နှာလေးကို ငေးရင်း အပြုံးဖြင့် ပြန်ပြောတော့ သူမက“ ဟုတ်ပါဘူးမောင်ရဲ့ ကုသိုလ်ကောင်းတာကိုပြောတာပါ ….” ကျနော် ဘာမှ ပြန်မဖြေဖြစ်တော့ပဲ မွန့် ကိုယ်လုံး လှလှလေးကို မရဲတရဲဆွဲဖက်လိုက်မိတော့၏။ မွန်က လှိုက်မောရင်ခုန်သောအသံဖြင့် “မောင်….” ဟုခေါ်တော့ ကျနော့်လက်တွေက မွန့် ခါးသေးသေးလေးပေါ်မှာ ရစ်ပတ်လျှက်။ “ပြောလေ…မွန်” ဟု သူ့ လည်ပင်းသားနုနုလေးကို နမ်းနေရင်းမှ ခေတ္တရပ်ကာမေးမိ၏။
“တောင်ပိုင် ဘိုးဘိုးကြီး အမျက်ရှသွားမယ် မောင်ရယ်..” မွန်က ကျနော့်လက်များကိုဆွဲမဖြုတ်ပါ သူ့ပါးပြင်လေးကိုလွှဲမသွားပါ ကျနော့်ရင်ခွင်ထဲ မှာ အိစက် တင်းရင်းလုံးဝန်းသော အတွေ့ အထိဖြင့်၊ သို့သော် ကျနော့်လက်များကိုဖြေလျော့ပေးလိုက်ပါ၏။

ကျနော့် ရင် ထဲတွင်တော့ မြင်း အထောင်အသောင်း က သော မြင်းရထား တစ်စင်း အရှိန်ပြင်းစွာ ပြေးလွှားနေသကဲ့သို့။ ကျနော့်နှုတ်ခမ်းတို့ခြောက်သွေ့လာ၏ ။ အသက်ရှုသံတို့ နှေးလိုက်မြန်လိုက်။ ခန္ဓာတခုလုံး ပူနွေးလာကာ တောင်ခြေရွာကလေးက မီးတောက်အရက်ဆိုင်မှ ကောက်ညှင်းအရက် ကို ကသောကမြော သောက်မြိုရသကဲ့သို့။

“အင်းပါ အချစ်ရယ် ဒါဆိုလဲ မောင် မနမ်းတော့ပါဘူး ကွာ”
“ မဟုတ်ဘူး မောင်ရယ်.. နတ်ကြီးတယ်လေ တောင် တော် ပေါ်မှာ မို့ပါ…. ၊ မောင် အရမ်းချစ်လားဟင်”
“မွန်ရယ်……..သိပ်ချစ်တာပေါ့”
“ဟောဒီတောသူမလေးကို တနေ့ပစ်သွားမှာလားမောင်….” ကျနော့် မေးဖျားအား သူမ၏ ဆင်ြမီးလက်စွပ်ကလေး ၀တ်ထားသော လက်ကလေးဖြင့် ကိုင်လှုပ်ကာ ချစ်စနိုးမေးလိုက်တော့..
“မွန့်ကို မောင် လက်ထပ်ယူမယ် မွန်… မောင့်ကို အချိန်တော့ နည်းနည်းပေးပါ …မောင် ပညာပြည့်စုံချင်တယ်…
မိသားစုလေးကို သာသာယာယာ ထောက်ပံ့ကျွေးမွေးချင်တယ် နော် …မောင့်ကို နားလည်လားဟင်”
“ အင်း..နားလည်တာပေါ့မောင်ရဲ့ .. မောင်က ရွာကျောင်းမှာ ပြန်ပြီးကျောင်းဆရာလုပ်… မွန်က ဆရာကတော် ကြီးပေါ့ နော်…” အဲဒီစကားတွေကိုပြောနေသော မွန့်အပြုံးတွေကို အရည်အသွေးအမြင့်ဆုံး စိန်ပွင့်ကုဋေကုဋာ၏ တောက်ပ မှုက မှီနိုင်မည်မထင်။

ကျနော့်ဘယ်ဘက်ရင်အုံတွင် ခေါင်းကလေးမှီနေသော မွန့် ပုခုန်းသား လှအိနု ကလေးကို ကျနော့်
လက်ဖ၀ါးဖြင့် ဖွဖွပွတ်သပ်ရင်း နေမင်းကြီး စုန်းစုန်းမြုပ်သွားသည်အထိကျနော်တို့ နှစ်ယောက် ဆည်းဆာအလှကို ငေးနေမိခဲ့၏။


မွန့်ကို တောင်ခြေ ရွာကလေးအထိ ကျနော်ပြန်ပို့ခဲ့ရင်း ရွာစွန် ချက်အရက်ဆိုင်ကလေးသို့ ၀င်ခဲ့မိ၏။
ညနေ စောင်းကမှ တက်ထားသော ပင်ကျရည် တမြူ ၊ ရှောက်ရွက်နှင့် ပဲ ကြီးလှော်သုတ် တို့အား မှာပြီး
ထန်းရည် ချို ခါးစူးရှ ကို တမြုံ့ခြင်း မြုံ့ကာ ကို မောင်ရွှေ ၏ မယ်ဒလင် သံကို နားထောင်ရင်း သီချင်းလိုက်ဆိုနေမိ၏။

“နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေ……………..” သီချင်း ဆုံးတော့ ကျနော် နောက်ထပ်တမြူထပ်မှာလိုက်၏။
“ညီလေး ..ဒီည အိမ်လိုက်ပြီး ထမင်းစားကွာ..မင်းကိုလဲ ငါ ခနခန ဖိတ်နေတာငါ့ အလှည့်ကိုမရောက်တော့ဘူး ဟုတ်လား ငြင်းမနေနဲ့တော့” ဟု ကိုမောင်ရွှေက ပြောလာ၏ ။
“ဟုတ်ပြီဗျာ…ဒါဆို လဲ ကျနော် လိုက်ခဲ့မယ်”
ဟု ပြန်ဖြေရင်း ဆက်လက်ကာသီချင်းတို့ တပုဒ်ပြီးတပုဒ်လိုက်ဆြိုဖစ်၏…။


သီချင်းတို့ကို အပူအပင်မရှိလိုက်ဆိုရင်း ဖြင့် ညတော်တော်နက်လာခဲ့တော့ ကျနော်နှင့်ကိုမောင်ရွှေ နှစ်ယောက်သား သူ့ အိမ်ရှိရာ ရွာလည်ဖက်သို့ မယ်ဒလင် သံဖြင့် ပြန်လာခဲ့၏။

“ဟယ်… ကြားသားမိုးကြိုးပါလား အကိုရဲ့ .. ”
“လာလာ..မောင်လေး … အတော်ပဲ ဒီနေ့ ဘဲသားချက်တယ်ဟဲ့ ၊ မရမ်းသီးထောင်း နဲ့ ပိန္နဲ စေ့ ပြုတ် ၊ ဒညင်းသီး ဆားစိမ် ၊ ဘူးသီးဟင်းချို ၊ နင်ကြိုက်မှာ အမတို့ကတော့ တောချက်ပဲ ချက်တတ်တာတော့ ခွင့်လွှတ်ဟ”

ကိုမောင်ရွှေ့ မိန်းမ က ခရားရေလွှတ် ဧည့်ဝတ်ပြုစကားများဖြင့် ကျနော်လဲ အိမ်ထောင့်ကွမ်းပင်အုပ်အောက်မှ စဥ့်အိုးကြီးများဆီသွားကာ ခြေလက်ဆေးကြောပြီး အိမ်ပေါ်တက်ရင်း သူတို့လင်မယားနှင့် ထမင်းလက်ဆုံစားခိုက်ပြတင်းပေါက်မှ လမင်း၏ အလင်းရောင် ကို ဘူးသီးဟင်းချိုခွက်ထဲတွင် မြင်ရတော့ ကိုမောင်ရွှေ့ အားမေးလိုက်မိ၏ ၊
“ ကိုမောင်ရွှေ ..ကျနော် နဲ့ မွန်နဲ့ ရည်းစားဖြစ်နေတာ သိတယ်မဟုတ်လားဗျ”
“ သိတာပေါ့ဟ.. တရွာလုံးသိ တနယ်လုံးသိ.. နေနဲ့ လ ရွှေနဲ့မြ ပေါ့ကွာ ငါတို့တော့ သဘောတူတယ်ကွ”
“ကျေးဇူးတင်ပါတယ်ဗျာ ကျနော် သူ့ကို တကယ်ချစ်တာပါ ၊ ကျနော်ရည်းစားမထားဖူးဘူးဗျ သူက ကျနော့် အချစ်ဦး နောက်တော့….ကျနော့် ရဲ့ တဘ၀လုံးမှာ တယောက်ထဲ ချစ်တဲ့ ချစ်သူ ဘ၀လက်တွဲဖော်ဖြစ်မှာပါဗျာ”
“ဟားဟား…ငါ့မောင်က လဲ ကဗျာက ဆန် နေပြန်ပြီ.. နင်သူ့ကိုယူပြီး မြို့ခေါ်သွားမလား၊ သူကတော့လိုက်မယ်မထင်ဘူး အဲလိုဆို နင်ကရော ဒီတောမှာနေနိုင်လားဟဲ့ အဲဒါလဲတွေးပါဦး”
ကိုမောင်ရွှေ့ မိန်းမ မအေးက ရယ်ရင်း မေးလာတော့
“ အမရယ်.. ကျနော် ဒီမှာ နေမှာပေါ့ သူမလိုက်နိုင်ရင်၊ ဒါပေမယ့် ကျနော် ပညာစုံချင်သေးတယ်လေ သူညှိုးငယ်မှာ စိုးတယ်ဗျာ”
“ အိမ်ကဟာကြီးနဲ့တော့ကွာပါ့..၊ ဆယ်တန်းဖြင့် ဖြေပြီးမယ်မကြံသေးဘူး အတင်းကိုခိုးပြေးတာလေ” သူ့ယောက်ျားကို မေးငေါ့ပြကာ မအေးက ဂုဏ်ယူ သလို လို စိတ်ပျက်သလိုလို အရွှန်းဖောက်လာ၏။

ထိုညက အတော်ညဥ့်နက်သည်အထိ ကိုမောင်ရွှေတို့အိမ်မှာ မယ်ဒလင် တီး သီချင်းဆိုကြရင်း ကျနော် တောင်ပေါ် ကျောင်းသို့ပြန်မတက်ဖြစ်တော့ပဲ ကွမ်းပင်အုပ်ကြားက ကွပ်ပျစ်ကလေးပေါ်တွင် အိပ်ပျော်သွားခဲ့ ၏။

မနက်လင်းတော့ ကို မောင်ရွှေက လာနှိုး၏ ။
ကပြာကယာ မျက်နှာသစ်ကာ သူတို့မိသားစုနှင့်တူတူု လက်ဖက် သုတ်ဖြင့် ထမင်းကြမ်းစားပြီးတော့ တောင်ပေါ်ကျောင်းဖက် ခပ်သုတ်သုတ်ပြန်လာခဲ့၏။

တောင်ခြေ က ဒေါ်သိန်း၏ ခြံထဲတွင် အိမ်က တိုယိုတာ ကိုရိုလာ ကား နှင့် ပါ့ ဘလစ်ကာ ၊ ဆန် နီပစ်ကပ် ကားများ ကိုတွေ့လိုက်ရတော့ ခေါင်းနည်းနည်းကြီးသွားမိ၏ ။ ဒေါ်သိန်းတို့ခြံဟိုဖက် ဒေါ်ကုလားမ၏ ခြံထဲတွင်တော့ ဘတ်စ်ကားကြီးနှစ်စီးကိုတွေ့ရ၏။

ကျနော်လဲ သုတ်သီးသုတ်ပြာဖြင့် ကျောက်လှေကား ကလေးမှ အပြေးတက်ကာ တောင်ပေါ်သို့လာတော့ ကျောင်းရှေ့ စပယ်ခြုံများ ဘေးမှ ဇောင်းပါတိတ် ၀မ်းဆက်ဖြင့် အသားဖြူဖြူ ခပ်လှလှမိန်းမတယောက်ကိုဘွားကနဲတွေ့လိုက်၏။

ကျနော် ကိုယ်ရှိန်သပ်ကာ ကျောင်း ဆီသို့ ဖြေးဖြေးလှမ်းလာခဲ့၏။

ကျနော့်အဒေါ် အငယ် ဆုံး က ကျောင်း ရှေ့ သို့ထွက်အလာနှင့် တည့်တည့်တိုးတော့ “ညက မင်း ဘယ်ကိုသွားတာလဲ ၊ ဆရာတော်က ပြောတယ် မင်းညက ပြန်မအိပ်ဘူးတဲ့ဟုတ်သလား ”
“ အင်း..ဟုတ်တယ်..သား ည က တောင် အောက် က ရွာ က ကိုမောင်ရွှေတို့ အိမ်မှာ” ပြန်ဖြေရင်း အမေပါ ကျောင်းထဲမှ ထွက်လာသည်ကိုတွေ့တော့ အမေ့ကို ပြုံးပြမိ၏။
“ မမ.. မမ..သားက ဒီမှာစည်းမဲ့ကမ်းမဲ့ ဖြစ်နေတာ သိသလား ”
အမေ့ဖက်သို့ သမင်လည်ပြန်လှည့်ကြည့်ရင်း ကျနော့် အကြောင်းစတင်မြည်တွန်တောက်တီးတော့“ ဟယ်..ထွေး ကလဲ..သူလဲ လူငယ်ပဲ တခါတလေသွားတာပဲ မင်းတို့ကလဲ ကဲကိုကဲတယ်” ဆိုသောအသံကို ကျနော့်နောက်ကျောက ကြားလိုက်ရတော့ ကျနော်လှည့်ကြည့်လိုက်မိ၏။

ကျနော့် အဒေါ်က ဘာမှဆက်မပြောတော့ပဲ စိတ်ပျက်သောမျက်နှာဖြင့် ကျနော့်ကိုကြည့်ကာ အမေ့ကို တောင် ထိပ်ပေါ်မှ မဏိမေခလာ စေတီတော်ဆီသို့ သွားကြမည်ဟုပြောကာ အမေနှင့် တူတူ ကျောက်လှေခါးထစ်များအတိုင်း တောင်ထိပ်ဆုံးပေါ်သို့တက်သွားကြတော့ ထိုမမလှလှက
“ မောင်လေး…မမကို ဒီနားတ၀ိုက်လိုက်ပြပါလားဟင်…”



ဆက်ရန်

ငြိမ်းဇေဦး

1 comment:

  1. ဒါလေး တော့ ကြိုက်တယ်။
    ဆက်တင်ပါအုံး။

    ReplyDelete