Thursday, July 31, 2008

အပိုက်ခံချင် နေပြီ ဆိုတဲ့ ဆုဖလား ကြီး

ထာင့်ကန်ဘော လို အလစ်မှာ
သန်သန်မာမာ ကန်ထည့်သွားတယ်..။


ရင်ဖွင့်ထားလိုက်မိတယ်
ရင်ဘတ်ကို အပူရှပ်မှာမကြောက်တဲ့
အရက်ပူပျံနေတဲ့
အသည်းတခြမ်းခြောက်နေတဲ့
အရက်သမားလိုကို ဖွင့်ထားမိတာ....။

ထွေးကနဲ အေးကနဲ
နွေးကနဲ ရင်ဘတ်ထဲ အရှိန်နဲ့ဝင်လာလိုက်တဲ့
အဲဒီအချစ်တွေနဲ့
ဒီတခေါက်တော့ ထွက်လိုက်ရပြီထင်ပါရဲ့.
ဘာပဲဖြစ်ဖြစ် အဲဒီ ဘယ်သူမှ ပိုင်ပိုင်နိုင်နိုင်မရဖူးတဲ့
ဒါမှမဟုတ် အကုန်လုံး ချောင်ထိုးထားတဲ့
ဒါမှမဟုတ် ဆတ်ဆော့မိလို့ပါဆိုတဲ့စကားနဲ့ ပြန်ချသွားတဲ့ ဆုဖလားကို မှ
ဘ၀နဲ့ မြတ်နိုးပါတယ်ဆိုလား ...
အဲ..အဲ... အဲဒီ နုထွား လေးကို
မိန်းမရေ ကလေး ငိုနေပြီ ....
ငိုနေပြီလို့ တကျီကျီ ပြောပစ်ချင်ပြီ ..။


ငြိမ်းဇေဦး

ကလေးတယောက်လို တမ်းတ


ရှမ်းပြည်ကိုချစ်တယ်...
ခရီးထွက်ချင်တဲ့တောင်တန်းတွေကို ချစ်တယ်...
ပဲပုတ် ကြမ်းနဲ့ ရှမ်းဆန်ကိုချစ်တယ်....
တို့ ဟူးနွေးကိုချစ်တယ်....
မီးလင်းဖိုဘေးက အခါးရေကြမ်း နဲ့ ညတွေကိုချစ်တယ်...။

သိပ်အေးတဲ့ဆောင်းမှာ ဂွမ်းကပ်စောင်ထဲက ညကိုချစ်တယ်...
အားလုံးထက်ပိုပြီး မွန်းဆန်ဟွန် ကိုချစ်တယ်...
ရှမ်းပြည်ရယ်
ယမ်းတွေဝေတုန်းလားကွယ်
မွန်းရယ်.. လွမ်းတယ်
တောင်တန်းတွေတောင် ညိုမှောင်လို့ 
ငိုအောင် ပြုစားတဲ့ ညတွေကိုချစ်တယ်
ချစ်တယ်..

ချစ်တယ်...
ချစ်တယ် ကွယ်...................။

ငြိမ်းဇေဦး

ကြက်တူရွေးများ နှင့် အချဉ်ပေါက်မှု

ဖွင့်ဆိုမှုတွေ ...
အဲဒီ ဖွင့်ဆိုမှုတွေ ပလူပျံနေတဲ့ ရပ်ဝန်းကြီးထဲမှာ
အဆိုအမိန့် ဆီပြန်..
ဘာဘီကျူး ..
အဖုတ် အကင်..
အပြုတ် အချဉ်တွေ ....
အဟုတ်ပင် ရွာရွာချနေလိုက်တာ မစားရ ၀ခမန်း...။

အတိအကျ ကတော့ မျက်နှာကို တံတွေးနဲ့ ပက်နေသလိုပါ။


အတိတ်ဆိုတာ ဟ၀ှာ
အနာဂတ် ဆိုတာ ဟိုဟာ
ပစ္စုပ္ပာန် ဆိုတာ ဂလိုပါ...။

ဗုဒ္ဓက ဒီလို
သခင်ယေရှုက ဟိုလို
အလာဟ်အရှင် က ဟောဒါ
မစ္စတာ ကွန်ဖြူးရှပ်က ဟောသလို
အရစ္စတိုတယ်က ဒီလို..........
တော်ကြပါတော့ဗျိုး...................
အဲသလို မိုးလုံးညံအောင် အော်တောင်းပန်ရမှာလား...။


ကဲ လေ ထူးပါဘူး
ဒို့ မြို့ က စိတ္တဇဝေဒနာသည်ကြီး ဒေါ်ပုမ က
ထမိန် လှန်လှန်ပြရင်း
“ဘ၀ဆိုတာ ဟောဒါဟဲ့ ဟောဒါ”လို့
ဈေးလည်ခေါင် လူစည်စည်မှာ အော်အော် ရယ်တာကိုပဲ
ပုဆိုးလည်ပင်းသိုင်းရင်း ခပ်ရိုင်းရိုင်း ကိုးကားလိုက်တော့မယ်
တကယ်တော့ ဘ၀ဆိုတာ ဟောဒါဟဲ့ .. ဟောဒါ.......။

အမျှော်နဲ့အကြောက်


လက်ဆယ်ဖြာထိပ်မှာမိုးလို့
ပြိတ္တာမျိုးတွေလဲ အပါယ်ကြောက်တာပဲ....။


ငြိမ်းဇေဦး

Wednesday, July 30, 2008

ဆိုင်ဘာ ကိုယ်ခံပညာ (ကိုယ်ချည်း ခံရခြင်းမှ ဝေးလိုလျှင်)

မဇ္စျိမ သတင်း ဌာန၏ မြန်မာဘာသာ အင်တာနက်စာမျက်နှာနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ အင်တာနက်စာမျက်နှာများအား တိုက်ခိုက်ခံလိုက်ရပြီးနောက် မြန်မာသတင်းအားမြန်မာလို ဖတ်စရာ စာမျက်နှာတော်တော်နည်းသွား၏။ မဇ္စျိမ ကတော့ အင်္ဂလိပ်ဘာသာစာမျက်နှာကျန်နေသေး၏။

ပုံကြည့်ရတာကတော့ Zombie Systems/Networks ဟုခေါ်သော အိမ်သုံး ကွန်ပြူတာများ အလုပ်သုံးကွန်ပြူတာများအား ကွန်ပြူတာပိုင်ရှင် မသိပဲ ကိုင်ထားနိုင်သော Hacker group တစ်ခုခု က သော်လည်းကောင်း ၊ အစိုးရတစ်ရပ် ရပ် ၏ အကူအညီဖြင့် သော်လည်းကောင်း တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းဖြစ်၏ ။ D-DOS attack သည် ရိုးစင်းသော တိုက်ခိုက်နည်းဖြစ်သော်လည်း ယခု ကဲ့သို့ ထိရောက်သော တိုက်ခိုက်နည်းတစ်ခုလည်းဖြစ်နေပြန်ပါ၏။

မဇ္ဈိမ ၏ အဆိုအရ ဆယ့်ငါးမိနစ်အတွင်း 5gb ရှိသော network traffic ဖြင့်တိုက်ခိုက်သည်ဟု သိရ၏။တိုက်ခိုက်ရာတွင်အသုံးပြုသော Windows Computer System တစ်လုံး ချင်းစီ၏ Maximum packet size ဖြစ်သော 65500 Bytes ဖြင့် တွက်မည်ဆိုလျှင် ကွန်ပြူတာ ပေါင်း ၇၆ လုံးကျော် ဖြင့် အဆက်မပြတ် ဆယ့်ငါးမိနစ်အတွင်း တိုက်ခိုက်နိုင်၏ Unix သို့ မဟုတ် Linux Computer Systems များ ဖြင့်တိုက်ခိုက်မည်ဆိုလျှင် ကွန်ပြူတာပေါင်း ၇၂ လုံးကျော်ဖြင့်တိုက်ခိုက်နိုင်၏။

သို့သော် ထိုသို့တိုက်ခိုက်ရန်အတွက် victim computers ပိုင်ရှင်များ အနေဖြင့် သတိထားမိလာနိုင်သလို ထိုကွန်ပြူတာအသုံးပြုသူ၏ ISP မှလည်း သတိထားနိုင်၏။ လုံခြုံရေးကောင်းသော ISP များအနေဖြင့် ဆိုလျှင် attack interruption ဖြစ်သွားနိုင်၏။
ထိုအခါ Hacker များအနေဖြင့် Geographically တနေရာဖြင့် တနေရာ ဆက်စပ်ရန်ခက်သော ပြန့်ကြဲ ဒေသများမှ ၄င်းတို့ ထိမ်းချုပ် ထားသော ကွန်ပြူတာများကို အသုံးပြု ကာ targeted website or network ကို နှစ်ဆယ့်လေးနာရီပတ်လုံးတိုက်ခိုက်ကြတော့၏။
ထိုအခါ တိုက်ခိုက်ခံရသော network / website သည် မည်သည့် request ကိုမျှ လက်မခံတော့ပဲ sole purpose of existence သည် ယာယီကာလတစ်ခုအထိရပ်တံ့သွားရပါတော့၏ ။

ယခု တိုက်ခိုက်မှုကို ကြည့်ပါက independent hackers များဆိုလျှင် ထောင်သောင်းချီသော ကွန်ပြူတာများ ကို သူတို့ လိုလျှင် လိုသလို ထိမ်းချုပ် ကာ automated attacks ဖြင့် တိုက်ခိုက်နေခြင်းဖြစ် ၏။
ထိုတိုက်ခိုက်မှုမျိုးအား အစိုးရ တရပ်အနေဖြင့် ကိုင်တွယ် တိုက်ခိုက်မည်ဆိုလျှင် တရုတ် အစိုးရ၏ network security engineers များအနေဖြင့် ကျွမ်းကျင်စွာလုပ်နိုင်သလို Russian အစိုးရ၏ network security engineers များ အနေဖြင့်လည်း လုပ်နိုင်သည်ဖြစ်၏။ Cyber attacks , Cyber war သည် ရုပ်ရှင်များထဲတွင် ကြည့်ကောင်း စိတ်ကူးယဉ်ကောင်းသော ကိစ္စများ မဟုတ်။

တကယ့် အဖြစ်အပျက်များဖြစ်သလို ယခု လက်ရှိ တွင်ပင် မြန်မာ သတင်းဌာန နှစ်ခု ခံလိုက်ရပေပြီဖြစ်၏။
ထိုအတိုက်ခိုက်ခံနေရသော အင်တာနက် သတင်းဌာနများအနေဖြင့် disaster recovery plan , backup plan များ ရှိသင့်ကြသလို ၄င်းတို့  ၏ သက်ဆိုင်ရာ web hosting များ ISP များမှ network engineers များအနေဖြင့်လည်း routers များ switches များ firewalls မှ တဆင့် တိုက်ခိုက်မှုကို ခံရသည် ဆိုသည်မှာ မဖြစ်သင့်သော ကိစ္စဖြစ်ပါ၏ ။
ထိုရိုးစင်းသော တိုက်ခိုက်မှုကို ခံလိုက်ရခြင်းမှာ အစကနဦးကတည်းက သတိထား မှု လုံး ၀ ကင်းမဲ့သော Engineers များ ၏ pain ပင် ဖြစ်သော်လည်း ယခုလို သတင်း ဌာန များ အား အတိုက်ခိုက်ခံရသော အခါ သတင်း ဖတ်သူ ပရိဿတ် ထုကြီးအနေဖြင့် လည်း သွယ်ဝိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပါ၏။

ကာကွယ်လိုစိတ်နှင့် ကာကွယ်ရမှန်းသိခဲ့ကြလျှင် Hardware firewalls များမှ လည်း D-DOS Attack ကို ကာကွယ်နိုင် သကဲ့သို့ web server မှလည်း
firewall ထားရှိခြင်း ၊ Intrusion detection system များထားရှိခြင်း မိမိ၏ network နှင့် servers များ သာမန် computer systems များ အား အမြဲလို စစ်ဆေးခြင်း၊ security policy များထားရှိကာ အမြဲ လို computer system တစ်လုံးချင်းကစ၍ သတိပြု စစ်ဆေးခြင်း ၊ မိမိ၏ network ကို ပုံမှန် Audit ၀င်ကာ အားနည်းချက်
ရှိမရှိ စစ်ဆေးခြင်း၊ software patches များ regular updates များ ကို apply လုပ်ခြင်း ၊ exploits အသစ်များကို မျက်ခြေမပြတ် လေ့လာသလို မိမိ network အတွင်းတွင်လည်း
ပြန်လည်စစ်ဆေးခြင်း ကာကွယ်ခြင်းများ လုပ်ခြင်း ၊
ဖြစ်နိုင်ပါက ကွန်ပြူတာလုံခြုံရေးအတွက် မိမိတို့ ဌာန မိမိတို့ကုမ္မဏီ အတွင်း တွင် တကယ် ကျွမ်းကျင်နားလည်သော အင်္ဂျင်နီယာများကို သပ်သပ် လုံခြုံရေးတာဝန်ပေးထားခြင်း ၊Web Server အမျိုးအစားကိုလိုက်၍ လုံခြုံရေး ပေါ်လစီ အတိုင်း configuration များ ပြုလုပ်ခြင်း
Microsoft မှ IIS webservers များ APACHE , Tomcat, JBOSS အစရှိသော servers များ တွင်လည်း vendor အလိုက် လုံခြုံရေး software များ patches များ ရှိသည်ကို အလေး ထားကာ အချိန်အခါအလိုက် update လုပ်ခြင်း install လုပ်ခြင်း၊ Load Balancers တစ်မျိုးမျိုးများ ထားရှိခြင်း တို့ အစကနဦးကတည်းက ရှိသင့်ကြပါ၏။

ဖြစ်နိုင်ပါလျှင် အိမ်သုံး ကွန်ပြူတာသမားများအနေဖြင့်လည်း anti-virus software များ ကို မဖြစ်မနေ မိမိတို့ ကွန်ပြူတာများ တွင် ထားရှိကာ ပုံမှန် update လုပ်ခြင်းများ scanning လုပ်ခြင်းများ လုပ်သင့်ကြပါ၏။
ငွေပေးဝယ်ယူလိုခြင်းမရှိသောwindows system ပိုင်ရှင်များ အနေဖြင့် Aviraမှသော်လည်းကောင်း AVG မှ သော်လည်းကောင်း download လုပ်ယူကာ install လုပ်နိုင်သကဲ့သို့ ကွန်ပြူတာများတွင် virus များ trojan များ ရှိနေပြီဟု သံသယဖြစ်ကြပါလျှင်
Cleanerကို download လုပ်ကာ ကွန်ပြူတာကိုစစ်ဆေးခြင်း AVIRA မှ Anti-rootkit tool ကို download ကာ မိမိကွန်ပြူတာ အားစစ်ဆေး ခြင်း တို့ ကို လိုအပ်သလို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် Cyber attack များ ၏ ရန်မှ ကာကွယ်နိုင်ကြပါ၏။ သို့သော် Computer နှင့် Network တွင် absolute security ဟူ ၍ မရှိ ပါသဖြင့် အချိန်အခါသမယ အလိုက်မျက်ခြေမပြတ် update လုပ်ရန် ကို မမေ့ကြသင့်ပါကြောင်း ဝေမျှ ပြောကြားလိုပါ၏ ။

ငြိမ်းဇေဦး

အနှစ်နှစ်ဆယ်တေး


ကိုကိုတို့က
တညလုံး...
'ကျဆုံးရမည် ကျဆုံးရမည်' ဆိုတာကို
ဗျစ်ရည်နဲ့မြည်းရင်း
မနက်လင်းတော့ ခေါင်းကိုက်ကြတယ်..........။

ငြိမ်းဇေဦး

ဂျူလိုင်ရဲ့ သတို့ သမီး


တနှစ်ကြီးပြန်ပြီ ..
တနှစ်ကြီးပြန်ပြီ နဲ့
လူ့ဘ၀ရဲ့ စက်ဝိုင်းကြီးထဲ
ပိတ်မိနေခဲ့ကြတာပေါ့ မိကေရယ်...။

ဒီစက်ဝိုင်းထဲမှာ
ဘ၀သာ ထူပျစ်လာတယ်
တချို့ လူမဖြစ်ကြသေးဘူးဟေ့...။

ဒီနေ့..
ငါ့အိမ်ရှေ့က သစ်တောအုပ်က
အလျင်တွေရှရှနဲ့ သစ်ရွက်တွေ ထရယ်ကြတယ်...
တနေကွယ်တမိုးချုပ် တိုင်း
အိုးပုတ် ချိုးရုပ် ပလုတ်တုတ်နဲ့
အလုပ်ရှုပ်ခဲ့တဲ့ ငယ်ဘ၀ကို
ပြန်ရချင်ကြသလားတဲ့ ..
ရယ်တာမှ လှောင်သံနဲ့နော်.............။

ငါကပြောလိုက်တယ်...မိကေ..
နင်သိချင်သိနေမယ်ပေါ့...
ဒါပေမယ့် လျော့တိလျော့ရဲပါ...
“ပြန်ရချင်တာပေါ့....”လို့..
သစ်ပင်တွေ မခို့ တယို့ ယိမ်းလို့
ဗြုန်းဆို လေစိမ်းတွေ တိုက်သွားတယ်ဟာ
ဒီမှာပဲ ...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းလို့
လည်ပင်းဖက်ပြောချင်စိတ်နဲ့
ပြန်အိပ်တော့မယ်ကွယ်...
ဟဲ့..ဟဲ့ နေစမ်း ခဏ ပြောရဦးမယ် တကတည်း....
အသည်းတခြမ်းနဲ့
အားလုံးကို ငါလဲ အမြဲလွမ်းတယ် ဆိုတာ....။

ငြိမ်းဇေဦး

ဇရာ နှင့် ဇယားရှုပ်ရသော လူ့ ဖြစ်စဉ်အတွင်းမှ သူငယ်ချင်း ကေသွယ့်  မွေးနေ့ အမှတ်တရ

အနှစ်နှစ်ဆယ် ကမ်းပါးထိပ်က အလွမ်းရိပ် ပြိုလဲမှု

ဆဲဖြစ် ...
ဆိုဖြစ် ...
ငိုဖြစ် ....
အာသာတွေဖြေဖျောက်ဖြစ်...
အချိန်ဖြုန်းဖြစ်..
ဘ၀ကို မန်ကျည်းစေ့လို လှော်ပစ်ခဲ့မိတယ်။

ကြိုက်တတ်ရင် ယူ ၀ါး
စိတ်ချ သွားမကျိုးစေရဘူး
ဆီးမချုပ်စေရဘူး...။

သံယောဇဉ်တိုးလို့ ခိုးရှိုက်တဲ့ ပင့်သက်မှာ
သေချာပြန်ကြည့်..
သေချာပစေလေ...
အရမ်းကို သေချာပစေ...

ငါ့ကို ၀ိဥာဉ် ထဲမှာ ထုတ်ပိုးယူမသွားဖို့
ငါ့ကို မသိချင်တဲ့အခါ ဆံပင်ဖြူ တစ်ချောင်းလို နှုတ်မပစ်ဖို့
ငါ့ကို ပကတိခင်တဲ့အခါ သံယောဇဉ် ဇာပုဝါနဲ့လွှား လို့ နောက်ကျောဓါးနဲ့မထိုးဖို့...

ကိစ္စတော့မရှိပါဘူး အရာရာ က အနိစ္စပဲလေ....
သိနေရင်ပိုကောင်းမယ်ထင်လို့
နောက်တော့ မမုန်းလောက်ဘူးထင်လို့ 
တုံးခေါက်သတိပေးထားတာပါ....။

ငါကလေ
သူများနဲ့မတူတဲ့ နက္ခတ်အ၀င်အထွက်မှာ
တခါတခါရှင်ရက်စရာမရှိတဲ့ နာကျင်မှုတွေနဲ့
ဝါ၀င်ရင် ဥပုဒ်စောင့်ချင်စောင့်တတ်တာ..အဲဒါသိရဲ့လား...
ည ခုနစ်နာရီကျော်ရင် ဘီယာသောက်ချင်သောက်တယ်
နားလည်ပေးနိုင်မှုတွေကို အပေါင်ထားပြီး
ဒါကိုလဲအပြစ်ကြီး တစ်ခုလိုမမြင်ပါနဲ့
ပြောပြလှည့်မယ် နားထောင်နော်.........။


ငါ့ကိုယ်ငါ...
အရာရာ ငါ့ကြောင့် ငါ့ကြောင့် ဆိုတဲ့စွဲချက်နဲ့
ဘာတွေကို ၀မ်းနည်းမှန်းမသိတဲ့အခါ
ဘာတွေကို ခွင့်လွှတ်ရမှန်းမသိတဲ့အခါ
ဘာတွေကို အပြစ်တင်ရမှန်းမသိတဲ့အခါ
ဆောင့်ကြောင့်ထိုင်ပြီး ကလေးလိုငိုမိပါရဲ့....။

ညက ခဏအိပ်မက်တယ်
ငါရယ်..
ငါ့အမေရယ်...
ငါ့အဖေရယ်..
ငါ့ညီလေး..ညီမလေးတွေရယ်နဲ့
တကယ့်ခဏလေးကွာ....
တကယ့် ခဏလေးဆိုတာ
ငါကြိုမသိခဲ့လို့ပါ
အဲသလိုအိပ်မက်မယ်မှန်းသိခဲ့ရင်
အိပ်ဆေးအလုံး တစ်ရာ သောက်
တောက်လျှောက် အိပ်ပစ်လိုက်မိမှာ.....။

ဒီည....
ကြယ်ရောင်တွေ လှပါစေသား ........။


ငြိမ်းဇေဦး

မလင်းသော မဂ္ဂင်

ဒုက္ခ က ပုဒ်မ မပါဘူး
လုပ်ကြပါဦး................။

ကယ်ပါ ယူပါ
တပူပူ တစာစာ
လူတကာ ကိုဖမ်းစား ပစ်တဲ့ ဒုက္ခအသစ်တွေ...။

ပြောတောင်သွားသေးရဲ့
“အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး”တဲ့
တကယ်တော့ သံသရာဟာ
နာဇီ သိပ်ဆန်လွန်းပါတယ်ကွယ်.....................။

ငြိမ်းဇေဦး

လက်ပစ်ကူးတဲ့ကမ္မ

လူကောင်းယောင်ဆောင် ရမှာ
အလွန်တရာ ၀န်လေးတဲ့ အကောင်

ပြန်မရ နိုင်တာတွေများလွန်းတော့
သံသနဲ့ ထိုင်ကာ မှားလွန်းတဲ့အကောင်

မာနအမှောင်နဲ့ သဘာဝထောင်မှာ
ပိတ်မိတဲ့အကောင်

မင်းအကြောင်း တစ်ခုနဲ့ ပတ်သက်ရင်
ကျဉ်းမြောင်းမှုနဲ့အရပ် ပျက်တဲ့ အကောင်

လူက ကွန်မြူနစ်ဖြစ်ချင်ဖြစ်ပေမယ့်
အချစ်မှာတော့ ဖက်ဆစ်ဖြစ်တဲ့အကောင်

အဲဒီအကောင်ဟာ
ညက ယောင်ပြီး သူ့သွေးပြန်ကြောတွေကို
ဖွင့်ချခဲ့တယ် အိပ်ယာတောင်စိုရွှဲလို့
နီရဲ........................

ထွက်ပေါက်ကလေးနဲနဲတွေ့မလားဆိုတဲ့စိတ်နဲ့
ပိတ်မိနေတဲ့ဝိဥာဉ်ကို
သွေးတွေနဲ့အတူဖောက်ထုတ် ကြည့်ခဲ့တာပေါ့

ဒါပေမယ့် မအောင်မြင်ခဲ့ပြန်ဘူး။


ငြိမ်းဇေဦး

Tuesday, July 29, 2008

ကျေးလက်ည



ငြိမ်းဇေဦး (pencil)

ခါ..ခါ..ချ ခဲ့ ချိန်

ခြင်ကို ခိုင်းစားနေတဲ့ငှက်ဖျားပိုးတွေလို
မှေးမှိန်မှိန် သေးသိမ်သိမ် အောင်မြင်မှုတွေကြောင့်
မျက်လုံးတွေ ယောင် ရ စိတ်တွေ ကယောင်ခြောက်ခြားဖြစ်ရ
ပစ္စုပ္ပာန်က လိမ့်လိမ့်ကျရ..။


ခေါင်ရေပေါတဲ့ မြင်းမထိတောင်ကျောက
ဖာလာပင်တွေအောက်မှာ တခေါက် အိပ်ခဲ့ဖူးတယ်ဆိုယုံနဲ့
ကွမ်းယာသည် ရဲ့ ဈေးတွက် ကို နားလည်မတဲ့လား
ဒါလဲ ....မသိခဲ့ပါဘူး.....
စိတ်ကူးယဉ်နဲ့ ကာကာကုလားကြီးလိုလဲ လေထဲ တိုက်အိမ်ဆောက်သေး။

ညရထား ပေါ်မှာ တခါအိပ်ဖူးယုံနဲ့
ရထားပေါ်က ဘ၀တွေကို ရွာတည်ပြီး
မဆုံးတဲ့ခရီး ကို ထွက်ခဲ့ချင်တာကိုလဲ
မသိခဲ့ပါဘူး..............
အဲသလို သံယောဇဉ်က လွယ်လွယ်နဲ့ ခိုင်တတ်သေး။

ဆင်တကောင်လောက်ကြီးမားတဲ့ အရှုံးတွေ တောလိုပေါက်
တောင်လိုပုံ ခဲ့ရပြီ ဆိုမှ
အိပ်မရ .. အထိတ်တလန့် နာကျင်ပူဆွေး
အတိတ်က ထွက်ထွက်ပြေးချင်
ဒါကိုလဲမသိခဲ့ပါဘူး..........
အဲသလိုလဲ ရှုံးပြေးပြေးရင်း ပန်းဝင်တတ်သေး။

အဲဒီအချိန်မှာပဲ သစ်ရွက်တွေကြွေသွားခဲ့တယ်....။

ကြွေတာမှ ဝေ့... ဝေ့...၀ဲ..၀ဲ
ဖွဲ ကနဲ လေထဲ မျောလို့ ကကြိုးလေးတခု လို ငြိမ့်ငြိမ့်လေး...။

အရှုံး.... အနိုင် ...အောင်မြင်မှု
တခုမှ တကယ်မရှိတဲ့ အရာ
နေခြင်း..သေခြင်း ..ဖြစ်ခြင်း ပျက်ခြင်းတရားဟာ
အသက်သွင်းထားတဲ့တဒင်္ဂ
သင်္ခါရ မှော်ပညာဆိုတာသိလာတဲ့အခါ
လေညှာမှာ အသင့်နဲ့ ကြွေခွင့်ကို ပဲ စောင့်ပြီး
အဲသလို ကိုယ့်စိတ်ဓါတ် ကြွက်သားတွေ ခပ်လျော့လျော့နဲ့
ကြော့ကြော့လေး အညောင်းဖြေရဲ့............။

ငြိမ်းဇေဦး







Monday, July 28, 2008

ငါတို့ ဆရာမ

နွေဆို အဲဒီ စိန်ပန်းပင်ကြီးက ပွင့်လိုက်တာ ရဲ ကနဲ
ကြွေလိုက်တာလည်း တဖွဲဖွဲ..။

အဲဒီစိန်ပန်းပင်ကြီးဟာ ကတ္တရာ လမ်းမအဟောင်းကြီးကို
အမြဲငုံ့ကြည့်တယ်

ဘယ်သူမှလမ်းမလျှောက်တဲ့ ညနက်နက်တွေမှာ
ကတ္တရာလမ်းမကြီးကို စိန်ပန်းပင်ကြီးက စကားပြောနေကြ...

ကတ္တရာလမ်းမကြီးဟာ တခါတခါ တော မြင်းလှည်းတွေဖြတ်သွားပြီးကာစ
ထ..ထ.. ချောင်းဆိုးနေကြ....။

အာရုံတက်ဆို..
အဲဒီ စိန်ပန်းပင်ကြီးအောက်ကဖြတ်ပြီး
သုတ်.. သုတ် ..သုတ်..သုတ်နဲ့ ဈေးသည်တအုပ်
ခေါင်းပေါ် တက်နင်းထားတဲ့ ခံတောင်းကြီးတွေ ကို
မျှော်လင့်ချက်နဲ့ ရွက်လို့
မြို့လည် ဈေး ကို ပြေးနေကြ.....။

တညလုံး မထပဲအိပ်တဲ့ ကင်းသမားဟာလဲ
ပုလင်းပါးပါးလေး ကို လက်ဝါးနဲ့ရိုက်လို့ သွားမတိုက်ခင်
တစက် နှစ်စက် တင်ကျန်နိုင်သေးတဲ့ တောအရက်ကို
သူ့ပါးစပ်ထဲ ပုတ်ပုတ်ချနေကြ....။

အဲဒီ စိန်ပန်းပင်ကြီး ကို ရှင်သန်ခွင့်ပေးထားတဲ့ ခြံကလေးထဲက
အိမ်ကလေး မီးလင်းလာတဲ့အခါ
သြကာသ သြကာသ နဲ့ မောလာသမျှ
လောကဓံ အညစ်တရားကို အပြစ် စကားမဆိုပဲ
ဂေါတမ ကို ရှိခိုး ဦးတင် သံ တခု
မနက်ခင်းကို အစပြုနေကြ ....။

ဒါပေမယ့် ..... တခါဖူးမျှ ဆုတောင်းပုံမရတဲ့
အဲဒီ အဘွားကြီးဟာ ...
သားသမီးတွေကိုလဲ လူဖြစ်အောင်မွေးခဲ့တယ်
တပည့်တွေကိုလဲ တွေးတတ်အောင်သင်ခဲ့တယ်...။

သူ့ နွမ်းပါးမှုကို ကျမ်းများပြုရမယ်ဆိုရင်
ရုပ်ဝတ္ထုကလွဲလို့ စိန်လိုဖြူတဲ့ အသည်းတစ်မြွှာပိုင်တယ်
သံသရာ ၀ဲသြဃမှာ ပုလဲ မနောမယနဲ့
နေထိုင်တယ်...။

စိန်ပန်းပင်ကြီးဟာ မိုးစင်စင်လင်းတာနဲ့
အပျင်းတကြီး ကတ္တရာလမ်းမရဲ့ဒုက္ခတွေကိုငုံ့ကြည့်ရင်း
လေပြေသက်ပြင်းတွေနဲ့ သူ့ အပွင့်တွေကို ခြွေခြွေချတဲ့အခါ
ငါတို့ ဆရာမဟာ
အနာတရအပြည့်နဲ့ ဘ၀မေ့နေတာကြာတဲ့စာသင်ကျောင်းမှာ
ဇာတက ဟောင်းတွေ သင်ဦးတော့မယ်လို့
စစ်ကား တစင်းဖြတ်နင်းသွားတဲ့ ကတ္တရာလမ်းမ က
ထ ..ထ ..အော်တတ်ရဲ့...........။

အဲသလိုနဲ့ နှစ်ပေါင်း နှစ်ဆယ်မှာ
ဆရာမ ဟာ ဘာမှ ပြောစရာမရှိသလိုငြိမ်သက်မှုနဲ့
စိန်ပန်းတွေကြွေတိုင်း မျက်ရည်ဝိုင်းသတဲ့..........................။


ငြိမ်းဇေဦး



မြန်မာစာကို ဖတ်တတ်ရေးတတ် တွေးတတ် ဖန်တီးတတ်ရန် သင်ကြား ပေးခဲ့သည် ကျေးဇူးရှင် ဆရာမ ဒေါ်လှခေါ် ကဗျာ ဆရာမ စာရေးဆရာမ မလေးချို အား ဤ ကဗျာဖြင့် ပူဇော်ကန်တော့ပါသည်။

Sunday, July 27, 2008

မပိုင်သာ အလွမ်းနဲ့ ဒီဇိုင်နာ ဘရန်း


ရုံးမှာ ပင်ပန်းလွန်းလှသည်။ တနေ့ တနေ့ မိုးလင်းက မိုးချုပ် ကော်ဖီသောက်လိုက် အပေါ့သွားလိုက်
ဗီဒီယိုကွန်းဖရင့် လုပ်လိုက် ဆေးလိပ်ထွက်သောက်လိုက်၊ နေ့လည်စာထွက်စားလိုက် ဟိုသည်လျှောက်ကြည့်လိုက် ပြန်လာလိုက် ၊ ကွန်ပြူတာ ကို စကားဝှက်တွေရိုက်ထည့်လိုက် ၊
ကိုယ့်ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားသော လေပေးဖြောင့်သည့် တယောက်ယောက်ကို မြင်လိုက်လျှင်
အတည်ပေါက်ဖြင့် ဟာ သ မမြောက်သော စကားများဖြင့် လှမ်းနောက်လိုက် ကိုယ့်ဟာကိုယ် သဘောကျပြီးရယ်လိုက်ဖြင့် အလုပ်ချိန်ကုန်ပြန်တော့ ကိုယ့်ရုံးခန်းတံခါးလေးသော့ခတ်ကာ ကားရပ်ထားရာ နေရာသို့ မလှမ်းချင်လှမ်းချင်ဖြင့် လှမ်းလာရင်း ကားရပ်နားရန်နေရာတွင်တွေ့သော
သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တယောက်ယောက်အား အရင်ကမှ မလှသော မျက်နှာကြီး ကို ရှုံ့မဲ့ကာ
“သိပ်ပင်ပန်းတာပဲ…”ဟု ခေါင်းခါရင်း ငြီးပြနေကြ….။


ဒီနေ့တော့ Saks Fifth Avenue ဖက်ကို ခဏလောက်သွားလိုက်ဦးမည်ဟု ဆုံးဖြတ်ကာ ကားထဲဝင်ထိုင် လေအေးစက်ကလေးကိုဖွင့် ဓါတ်ပြား အသစ် တစ်ခု ကို ဓါတ်ပြားစက်ထဲထည့်ကာ
နောက်ပြန်ဂီယာထိုးရင်း နောက်သို့ ဆုတ်လိုက်၏ ၊ပြီးတော့ နံပါတ်တစ်ဂီယာထိုးကာ အလိုအလျှောက် ဖွင့်သောပိတ်သော မှန်တံခါးခလုတ်ကိုဖွင့်လိုက်ရင်း လက်တဖက်မှ သူများ အလကားလက်ဆောင်ပေးသည့် ဇစ်ပို မီးခြစ်ကို ခြစ်ကာ စီးကရက်ကို မီးညှိလိုက်ရင်း ဂီယာကို ပြောင်းလိုက်၏။


လမ်းဘေးဝဲယာမှ ကားကြီးကားငယ် များကို ကြည့်ရင်း နောက်ဆုံးတွင် Saks Fifth Avenue
ကား ရပ်ရန်နေရာသို့ ရောက်လာ၏။

ကားကိုရပ်ကာ မိမိမျက်နှာနှင့် တစက်မျှ မလိုက်ဖက်သော John Varvatos နေကာမျက်မှန်ကို နောက်ကြည့်မှန်တွင်ချိတ်ထားရာမှ ယူတပ်ရင်း အဆီပြန်နေသော မျက်နှာအား တစ်ရှူးပေပါအနည်းငယ်ဖြင့်သုတ်လိုက်ပြီး ကားတံခါးကို ဖွင့် ၊ပြီးတော့ပြန်ပိတ်ကာ လေးငါးဆယ်လှမ်းလောက်လှမ်းပြီးမှ လူ တကာက မိမိ၏ infiniti G 35 ကလေးကို မျက်စိစူးရောက်စေရန် Remote control သော့ပိတ်စနစ်ဖြင့် “တီ…တီ”ဟူသော အောက်ကလိအာ အသံထွက်စေကာ ပိတ်လိုက်၏ ။

အတွင်းထဲရောက်တော့ Valentino Roma ဖက်လှည့်ဖြစ်၏ Prada ဖက်လှည့်ဖြစ်၏ ခပ်ဈေးပေါပေါ coach နှင့် Juicy Couture ဖက် ကို အားနားပါးနာ သွားငေးဖြစ်၏ ။ ထိုဆိုင်များက ခပ် နန့် နန့် ခပ်ပျံပျံ ဟာလေးများ ငွေကို ခြုစ် ခြုတ်စုကာ ၀ယ် ယူသုံးစွဲနေကြနေရာလေးများဖြစ်သဖြင့် ကရုဏာတရားရှေ့ ထားကာ အနှီ မဒီကလေးများအား အားနာပါးနာ စိတ်ဝင်စား ဟန်ဆောင်သောမျက်လုံးဖြင့် ငေး ကြည့်အားပေးရန်ဖြစ်၏။

မိမိ၏ Prada Leather Thong ခြေညှပ်ဖိနပ်အောက်မှပြောင်လက်သော ကြမ်းပြင်ကို လက်နက်သဖွယ်အသုံးပြုကာ မီနီစကတ်ကလေးများဖြင့် ကောင်မလေးတော်တော် များများ ရှပ် ပြာပြာ ဖြတ်သွားနေကျဖြစ်သည့် ရေပန်း အ၀ိုင်းကြီး ၏ ဘောင်ပေါ်တွင် မျက်မှန်ကို လက်တဖက်ဖြင့် ကိုင်ရင်း ထိုင်ကာ
တွေတွေ ငေးငေး စဉ်းစားခန်းဝင်နေသည့် ဟန်ဆောင်လျှက် ကြမ်းပြင်မှ ထင်ဟပ်သော အရာများကို မမှိတ်မသုန်ကြည့်နေမိ၏။

……………………………………

အိမ်ပြန်မှဖြစ်တော့မည်။ ဒီည စာ ကောင်းကောင်းချက်စားမှဖြစ်မည်။
ဒီတော့ အိမ်သို့ ပြန်လာခဲ့ရင်း လမ်းတွင် ဓါတ်ဆီ နည်းနေပြီဖြစ်သော ကားအတွက် ဓါတ်ဆီဆိုင်တွင်ရပ်ရင်း
လေးထောင့် ပလပ်စတစ် အိတ်ကလေးများဖြင့်ထုတ်ထားသော အ၀ိုင်း ကွင်းလေးများ ဟု အထင်ရှိသည့် အရာလေးများအား စိတ်ရောက်သွား၏။ သေချာယူကာ ဖတ်ကြည့်တော့ Condom ဆိုပဲ….။

ထို အရာတို့သည် လောလောဆယ် မိမိနှင့် မည်ကဲ့သို့ မျှ ယာယီမသက်ဆိုင်သေးသောအရာများဖြစ်သဖြင့်….
ချစ်ရသူကလဲ တနယ်တမြေမှာ ဒီတော့ ထို ကိလေသာတို့၏ ထုတ်ပိုးရာဖြစ်သည့် ကိစ္စကိုလည်း ဝေးဝေးရှောင်မှဖြစ်မည်။
ပေါက်ပေါက်ရှာရှာ ဒီဇိုင်နာ condom လေးများမရှိကြဘူးလား မသိ….။

ဒီတော့ တခါ တွေ့ ဖူးသည့်အင်တာနက် ဆိုက်က အကောင်းဆုံး ကွန်ဒွန်ဆုပေးတာကိုသွားသတိရမိပြန်သည်။
ဘာတဲ့ "Official Condom Tester Pool"ဆိုပဲ...ချစ်ရသူများ မရှိလို့ ကတော့ Quality Control မှာ အချိန်ပြည့်ဝင်လုပ်လိုက်ချင်ပါရဲ့…။

……………………………….
ဓါတ်ဆီဖြည့်ပြီးတော့ ကားကို ဖြေးဖြေးမောင်းပြန်လာရင်း မိတ်ဆွေတဦး ပြောပြသော သူ၏ တောင်ပေါ်မြေမှ condom ဇာတ်လမ်းကို ပြန်သတိရမိကာ ပြုံးမိပြန်၏။
……………
ချင်းတောင်တွင် HIV , AIDS ကာကွယ်ရေးအတွက် ကျမ်းမာရေးဌာနများမှ United Nations အစီအစဉ်ဖြင့်
Condom များဝေကြသည် ဆို၏။ ထိုအခါ ရွာလုံးကျွတ် ရှိသမျှ ယောက်ျားများအား သူကြီးအိမ်ရှေ့တွင် စုရုံးခေါ်ကာ မဟာ Condom သုံးစွဲနည်း ပညာပေးကြ၏။
ကျမ်းမာရေးမှူးက သူကြီးအိမ်ဘေး တွင် ထိုးထွက်နေသော ဘူးစင်မှ ၀ါးလုံး အား သေချာလက်ညှိုးထိုးပြလျှက်
“ခင်ဗျားတို့ ည ည…ခင်ဗျားတို့ အမျိုးသမီးတွေနဲ့ အိပ်ကြမယ်ဆိုရင် ဟောဒီ ပလပ်စတစ် အိတ်ကလေးကို ဟောသလို စွပ်ပြီးမှ အိပ်မယ်ဆိုရင် လိင်က ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တဲ့ အပြင် မလိုလား ပဲ ကိုယ်ဝန်ရှိလာနိုင်မှုတွေကိုလဲ ကာကွယ်ပြီးသားဖြစ်ပါတယ်” လို့ ရှင်းပြခဲ့သတဲ့…။
နောက် သုံးလလောက်ကြာတော့ အဲဒီရွာက ရွာသားတစ်ယောက်ဟာ မြို့ ကို ဒေါနဲ့မောနဲ့တက်လာပြီး ကျန်းမာရေးမှူးရဲ့ ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်….ပြီးတော့ မျက်နှာမာနဲ့“ခင်ဗျားပေးတဲ့ ပလတ်စတစ်အိပ်တွေလဲ စွပ်တာပဲ ဗျ ခုတော့ ဒုက္ခရောက်ပြီ ” လို့ ပြောသတဲ့.
ကျမ်းမာရေးမှူးက ဘယ်လိုဖြစ်တာတုန်း ကျနော် သေချာပြသလို မလုပ်လို့ ဖြစ်ပါလိမ့်မယ်လို့ပြောသတဲ့ အဲဒီအခါ အဲဒီ ရွာသားက ဘာပြန်ပြောသလဲဆိုတော့“ လုပ်သမှသိပ်လုပ်တာပေါ့ ဆရာရယ် ညည မိန်းမနဲ့မအိပ်ခင် အပင်ပန်းခံပြီးအဲ ဒီဘူးစင်က ၀ါးလုံးမှာ သွားသွားစွပ်ရတာ ဆရာ ဝေခဲ့သမျှ ကုန်ပါရောလား”တဲ့လေ…။
အော် တကယ်တော့ ဒီဇိုင်နာ ဘရန်းတွေ ဘာဘရန်းတွေ ပဲဖြစ်ဖြစ် Condom ကို ဘူးစင်က ၀ါးလုံးစွပ်မိတာနဲ့ တူနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါလား ဟု တွေးမိရင်း ကြွားချင်စိတ်ကို မြိုသိပ်ကာ ကားကို ကားရပ်နားရာနေရာလေးတွင်ရပ်လျှက် ခပ်ကုတ်ကုတ်ဖြင့် အိမ်ဖက်သို့ လှမ်းလာမိပါတော့၏။


ငြိမ်းဇေဦး

သူမ၏ အောင်ခြင်း တစ်ပါး

အလိမ်မာတုံးလေး..
ဒေါသတွေထွက် ခွေးရူး ရေပက်သလိုဖြစ်တတ်တဲ့ငါ့ကို
အသက်တိုမှာစိုးတတ်တဲ့............။

အမုန်းဝေးစွ ၊ ဟန်ဆောင်မှုဝေးစွ
ဘ၀ရဲ့အလှအပကို အရှိအတိုင်း မြတ်နိုးတတ်တဲ့..။


ငါ့ရဲ့ခက်ထန်မှုတွေကို ပိုးသားလိုသဘောထားပြီး
ခက်ထန်မှုတွေကြား ငါ ညပ် သေသွားမှာ စိုးရိမ်တဲ့...။



ဘုရားနဲ့ တရား စခန်းကြားမှာ
စကားအဆန်းတွေလည်း မပြောတတ်တဲ့...။

အဲဒီ အလိမ်မာတုံးလေးရယ်
မာရ်နတ်လိုအရှုံးပေးပါရဲ့
သိပ်ချစ်ခဲ့ပြီ...........................။

ငြိမ်းဇေဦး

တွေ့ရှိချိန်


သချိုင်္င်းနဲ့ တခေါ်လောက်ဝေးချိန်မှာ
အချစ်စစ်ကို သစ်မြစ်လို ခလုတ်တိုက်မိမှ
ခြေမ ဟာ ခေါက် သေရမှာကြောက်.........။

ငြိမ်းဇေဦး

မေတ္တာစူး၍ ရူးသောခါ





အဲဒီ ဟာလေးက
ငါ့လို ကျောမွဲ တောဘဲ ကို
သဘောလဲကျ မေတ္တာလဲ သက်ဝင်
ဖီလင်လဲ တက် တသက်လုံးလဲ ချစ်မတဲ့
တကယ့်ပျက်လုံး................။

အဲဒီလိုကို ကိုယ့်ညှိုးငယ်မှုတွေနဲ့
အချစ်ရဲ့ သင်္ကေတကို
မြင်နေရတာတောင်
ဗြောင် ငြင်းမိခဲ့ရလောက်အောင်
လူမွေးမပြောင်ခဲ့တာပါ အချစ်ရယ်........။

ငြိမ်းဇေဦး

မြွေ


သစ္စာကို မြို မြိုချ သွားခဲ့တာ
သံသရာတောင် အပြန်တရာပတ်လို့ရသွားပြီတဲ့.......။

ငြိမ်းဇေဦး

ပန်းချီကားထဲမှာ ပုန်းသွားတဲ့ ၀ိ ဉာဉ်



တိတ်ဆိတ်သော ည စာ စားခြင်း ပြီးဆုံးတော့.............

စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှိုက်သွင်းလိုက်မိ၏................။
စီးကရက်မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း မီးခိုးငွေ့များနောက်သို့ စိတ်အလျင်သည် အပ်နှင့်ထိုးဖောက်ခံလိုက်ရသော မိုးပျံပူဖောင်းကဲ့သို့ ကစဥ့်ကရဲ လွင့်စဉ် ယိုင်ထိုးကာ လွင့်ပါသွားတော့၏။
အိပ်ခန်းတွင်းသို့ ပြန်ဝင်လာခဲ့ပြီးနောက် အိပ်ခန်းတွင်းမှ ရုပ်မြင်သံကြား ကို ပိတ်လိုက်၏ ၊ စားပွဲတင်နာရီ မှ ဓါတ်ခဲများကို ထုတ်ပစ်လိုက်၏။ ပြတင်း လိုက်ကာ ကို ပိန်းပိတ်အောင် ဆွဲစေ့လိုက်၏။
အားလုံး ပြီးတော့...အပြင်ပြန်ထွက်ကာ အိပ်ခန်းတံခါးကို အသေအချာပိတ်လိုက်၏၊ ပိတ်လိုက်ရင်း ဖြူ လွလွ အိပ်ခန်းတံခါး ပေါ်က ပန်းချီကားကလေးကိုငေးကြည့်မိ၏။

တောတန်းလေး ... အ၀ါရောင် ရွက်ခြောက်များ...... တိမ်ရောင်တွေ ပါးပါးလေး ခြုံထားတဲ့ စမ်းချောင်းလေး ............စိမ်းနု စိမ်းရင့် စိမ်းမှောင် ၊ အစိမ်းရောင် အနုအရင့် မညီ့တညီ မြက်ရိုင်းပင်များ..၊
လေပြေတို့ တိုက်မနေ...... သစ်ရွက်တွေလဲ ထပ်မကြွေ.....။
စမ်းချောင်းလေးလျောတိုက် မဆင်း ၊ တိမ်တိုက်တွေလဲ ခရီးမထွက်..။
ဟိုး ခပ်ဝေးဝေး ညာဘက် တောတန်းအစပ်က တလူလူတက်နေသော မီးခိုးငွေ့ တန်း ပင်လျှင် ကြက်သေ သေ လျှက်................။

ပန်းချီကား ကလေးကို အသာဖြုတ်ယူလိုက်ပြီး အက်နေသော ရင် ဘတ်ထဲသို့ ဒဏ်ရာရ ယုန်လေးတကောင် ခြုံတွင်းခုန်ဝင်သကဲ့သို့ ထည့်လိုက်မိ၏ ။

ပြီးတော့........အိပ်မက်ယောင် ကာ လမ်းလျှောက်သူလို တရွေ့ ချင်း တလှမ်းခြင်း ဧည့်ခန်းသို့ လာခဲ့၏..လေးငါးလှမ်းမျှသော ခရီးတွင် မြစ်နှစ်စင်းစီးနေသည်ကိုတွေ့ခဲ့ရ၏ ထိုမြစ်သည် ပူနွေးသော စီးကြောင်းတို့ကို အသံမထွက်ပဲ စီးဆင်း၏။

ဧည့်ခန်းတွင်း က ဖန်မီးအိမ်ကလေးကို ဇာတိမဲ့ ဘ၀မဲ့သူတယောက်၏ လက်များကဲ့သို့ လက်လှမ်းယူလိုက်၏။
ဖန်ပြောင်းလေးကို ဟလိုက်ကာ အစိမ်းရောင် ဓါတ်ငွေ့မီးခြစ်ကလေးကို ခြစ်ကာ မီးညှိလိုက်၏ မီးညှိလိုက်ရင်း အလွမ်းတွေ သောကတွေ မောဟတွေ အားလုံးသော ခံစားချက်တွေများ ထိုကဲ့သို့ကျွမ်းလောင်သွားလျှင် ကောင်းပေတော့မည်ဆိုသည့်အတွေးက နွေခေါင်ခေါင် မီးသံချောင်းသံလို စိတ်ထဲတွင် လွှမ်းမိုးဆူညံလျှက်။

ပြီးတော့ ဧည့်ခန်း တစ်ခုလုံးမှာ ရှိသော လျှပ်စစ် ကိရိယာ ပစ္စည်းအားလုံးကို ပိတ်လိုက်၏ နောက်ဆုံးခံစစ်မှ ဆုတ်ခွာတော့မည့်သူတယောက်ကဲ့သို့..........။

ရေခဲသေတ္တာမှ တိုးတိုးညင်ညင်သာသာ အသံကိုကြားနေရ၏။ လေအေးစက်မှ ပင်ပန်းတကြီး ရုန်းကန် အမောဖောက်သံကပိုမို
ကျယ်လောင်လာသကဲ့သို့။

လေအေးစက်ကို ပိတ်လိုက်၏ ရေ ခဲသေတ္တာ နောက်သို့ လက်လှမ်းကာ လျှပ်စစ်ဓါတ်အား ကြိုးကိုဆွဲဖြုတ်လိုက်၏ ၊
ကိုယ့်ရင်ဘတ်ကို ထက်ခြမ်းခွဲလိုက်သော ဆာမူရိုင်းတစ်ယောက်လိုပေါ့။

အားလုံးပြီးတော့ ကော်ဖီစက်ကလေးမှ အစိမ်းရောင် ဒစ်ဂျစ်တယ် နာရီကလေးက လင်းနေသေး၏။
ကော်ဖီ ဖျော်စက်ကလေးမှ လျှပ်စစ်ဓါတ်ကြိုးကိုလဲ ဆွဲဖြုတ်လိုက်၏ တောက်တက်သမားတစ်ယောက်
ကိုယ့်ခန္ဓာကိုယ်ကို ဆွဲတင်ပေးနေသည့် ကြိုးကို ဖြတ်ချ ခဲ့သလို ။

အရာရာ ငြိမ်သက် ငြိုးပျ ညို လျ ၀ိုးတ၀ါးဖြစ်သွားတော့ အခန်းပတ်လည်ကို သေချာပြန်ကြည့်မိ၏။ ဧည့်ခန်း မှန်တံခါးကြီး၏ လိုက်ကာ ကြား မှ ကျိုးတိုးကျဲတဲ ယိုင်လဲ ကျနေသော အပြင် တောအုပ် အစပ် ဓါတ်မီးတိုင်မှ အလင်းရောင်တို့ကို မနှစ်မြို့စွာဖြင့်
လိုက်ကာကို သေချာ ဆွဲစေ့လိုက်ပြန်၏။

စီးကရက်တစ်လိပ်ကို ထပ်မီးညှိပြီး ... ဝေးလံသော ခရီးကြီးတစ်ခု ကို ဆက်လာခဲ့ရင်း လမ်းခုလတ် သစ်ရိပ်တစ်ခုတွင် ခြေပစ်လက်ပစ်နားနေသော ခရီးသွားတစ်ယောက်ကဲ့သို့ ထိုင်ခုံပေါ်တွင် ထိုင်လျှက် အမှောင်ထုကြား တွင် ပျပျ လေး လင်းနေသော ဖန်မီးအိမ်ကလေး မှမီးညွန့် ကလေးကို ငေးနေမိ၏။

ပြီးတော့ ဂစ်တာ စင်ကလေးပေါ်မှ မဟော်ဂနီရောင် အလင်းရိပ်ပြေး နေသော ကလပ်စစ်ကယ် ဂစ်တာလေးကို လက်လှမ်းလိုက်ပြီး ပိုက်ထားလိုက်မိ၏။

ဂစ်တာမတီးဖြစ်ပဲ ဂစ်တာကြိုးပေါ်မှ ပုံပြင်လေးများအား ပြန်လည်ကြားရနိုးဖြင့် ပိုက်ထားသောဂစ်တာလေးအပေါ်မှ လက်မောင်းသားများပေါ် မေးတင်ရင်း မျက်လုံး နှစ်လုံးကို မှိတ်ကာ နားစွင့်ကြည့်နေမိရင်း ...ဖန်မီးအိမ်ကလေး ငြိမ်းသွားခဲ့သည်ကို မသိလိုက်တော့........။

အိပ်ခန်းထဲပင် ၀င် မအိပ်ဖြစ်လိုက်တော့.............။

တကယ်တော့........ အက်နေသော ရင်ဘတ်ထဲသို့ ထိုည က ကျွံ ကျခဲ့ပြီး...
မစီးသော စမ်းချောင်းလေးထဲတွင် တိမ်လွှာရောင်ပြန်တွေ ဖုံးလို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည် ကို ပန်းချီဆွဲခဲ့သော ကိုယ်တိုင်ပင်မသိခဲ့...။


သို့သော်လည်း ထိုပန်းချီကားကလေးကို တနေ့ နေ့ တချိန်ချိန်တွင် ပိုင်ရှင်အသစ် တယောက်သာ ပိုင်ဆိုင်ခဲ့မည်ဆိုလျှင် ထိုပိုင်ရှင် သစ် အနေဖြင့် ပန်းချီကားလေးအလည်မှ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းကလေးထဲကို သေချာစူးစိုက်ကြည့်ဖြစ်ခဲ့မည်ဆိုပါက
တိမ်လွှာဇာပါးအောက် ရေလွှာသလင်းသားအောက် မျက်နှာပြင်တွင် ခပ်ရေးရေး မြင်သည်ဆိုယုံမျှ ထို ၀ိ ဉာဉ်ကြွေ တစ ကို တခဏ တွေ့ ကောင်းတွေ့နိုင်ပါလိမ့်မည်....။

ငြိမ်းဇေဦး

ငဲ့ညှာတတ်သည်

မပြောရက်လို့
တောထွက်ဖို့ပဲကျန်တော့တယ်..။

ငြိမ်းဇေဦး

Saturday, July 26, 2008

နေသားကျနံရံ



ဒီ ညဈေးထဲမှာ
တိုက်ဆိုင်မှုနဲ့တိုက်ဆိုင်မှု
ပုခုန်းချင်းဝင်တိုက်မိသွားတယ်...။

မျက်လုံး ထဲ ဖုန်မှုန့်ဝင်သွားတယ်
ဖုန်မှုန့်ဟာ မျက်ရည် ကျ သွားအောင်
ရေစိုသဘက်ကို ညှစ်သလို
အဲဒီ မျက်လုံး ကြွက်သားတွေကိုညှစ်ချမယ်အကြံနဲ့
ခုန် ကို ၀င်လိုက်တာ....လေဟုန်စီးပြီး....။


အဲဒီဖုန်မှုန့်ဟာ ကတ္တီပါ ပုံတော်ဖိနပ်ထူထူ အောက်မှာ
တညလောက် စတည်းချဖူးတယ်။

အဲဒီ ကတ္တီပါ ပုံတော်ဖိနပ်ကို စီးတဲ့ ကောင်မလေးဟာ
ဟောဒီ ဟိုတယ် နံရံတွေ ကို
နားနဲ့ကပ်ကပ်နားထောင်ဖူးတယ်..။

ဖုန်မှုန့်ဟာ တခါမှ မျက်ရည်တွေကျအောင်
ကိုယ်တိုင်ကိုယ်ကျ မလုပ်ခဲ့ဖူးဘူး ...

ဒါပေမယ့် အဲဒီညက
ကောင်မလေး မျက်ရည်စတွေ ကြွေကြွေကျတာ
သူကိုယ်တိုင်မြင်လိုက်ရတယ်.....။

တိုက်ဆိုင်မှုနဲ့ တိုက်ဆိုင်မှု
ပုခုန်းချင်းဝင်တိုက်သွားကြပြီ

ငိုတဲ့ကောင်မလေးက ခုတော့ရယ်လို့
မြို့ပြ ညတွေကို ဖမ်းစားတတ်သွားပြီ
ဒီည ...
အရက်တွေ ပိုမူးတယ် လေ..........။

ငြိမ်းဇေဦး

လောဘ ကြီးတဲ့ ပင်လယ်


ပင်လယ်ကြီးဟာ မူးပေနေတာပဲ
သောက်ထားတာလေ သူ့ ကိုယ်သူသောက်ထားတာ
ပြီးတော့ လှိုင်းပုတ်တိုင်း ထွီ ကနဲ ထွီ ကနဲထွေးရင်း
အမလေး ငံလိုက်တာ လို့ အမြဲ မြည်တွန်တောက်တီး...။

ကမ်းခြေက သဘာဝအလှတွေ ပြူးပြဲထွက်နေတာ
သူက စိတ်ဝင်စားမယ်ထင်သတဲ့လား
ဘီကီနီပါးပါးအောက်က အသားစိုင်တွေ...
အသားစိုင်တွေ ...
“မှားတောင်မကိုင်ဘူးကွ”တဲ့ အဲလို ကြွေးကြော်တာ
တခါထဲ ငုံပစ်လိုက်တာကိုး ပြောအားရှိမပေါ့....။

သောက်အားကလဲကောင်း
ဝါးမြိုအားကလဲ အံ့မခမ်း
ဗွမ်းကနဲ ဗွမ်းကနဲလဲ အန် အန် ချ
အဲဒီ ပင်လယ်ဝ က မီးပြတိုက်လေး လို
ငါ တယောက်ထဲ ပင်လယ်ကို ငေးနေမိလိုက်တာ..........
ပင်လယ်ဟာ နေ ကို ပါ မြို ချသွားပါရောလား.............။

ငြိမ်းဇေဦး

မာတာ


ငြိမ်းဇေဦး(Acrylic)

Friday, July 25, 2008

အတု



ငြိမ်းဇေဦး(Acrylic)

တန်းညှိခြင်း

ဘာမှ လုပ်မရတော့ဘူး
အတ္တတွေချိုးကပ် နေလိုက်ကြတာ
တူးသွားတဲ့ဝက်စာလိုပဲ မဲတူးပျော့ပြဲ...။

လိုချင်တာတွေ....
ရချင်တာတွေ များလွန်းတော့
ဆင်းတုတော်ရှေ့မှာ လာဘ်ထိုးလိုက်ကြတာ..။

ခုတော့ ဗုဒ္ဓလဲ ညာ ညှိဖို့ ကြိုးစား ခံလိုက်ရပြီ..............။

ငြိမ်းဇေဦး

Thursday, July 24, 2008

အသားမသေသောအခြေကျခြင်းများ

သူ့ဟာနဲ့သူတော့ အခြေကျနေကြတာပဲ
လမ်းထိပ်က ခပ်မွဲမွဲ အုတ်ခုံလေးတောင် မြောင်းပုတ်နံ့နဲ့အခြေကျ....။


အဲဒီအုတ်ခုံပေါ်မှာ ည..ည
ဂစ်တာ တစ်လုံးပိုက်ပြီး သီချင်းငြီးတတ်တဲ့
နားပင်းနေတဲ့လူရဲ့ သီချင်းသံဟာလဲ
ဘာနဲ့မှ မတူအောင် အခြေကျခဲ့...။

အဲဒီဂစ်တာသံကိုလဲ ဘယ်တော့မှ နားဝင်ချိုဖို့
ဘယ်သူမှ မမျှော်တော့လောက်အောင် အခြေကျခဲ့..။

သူကလဲ ဂစ်တာကို ပိုက်ပြီး စိတ်လိုက်မာန်ပါ
အော်သာဆိုနေရဲ့... သူ့အသံသူမကြား
စာသားတွေ ကဗျာလွတ်နဲ့
ဟောဒီအုတ်ခုံလေးမှာ အခြေကျခဲ့...။

သူဟာ...
ငယ်စဉ်အခါက စာတော်တဲ့လူတယောက်

သူဟာ...
ငယ်စဉ်အခါက အနာဂတ်ကို ဒိန်ချဉ်တစ်ခွက်လို
စုံမက်တဲ့လူတယောက်

သူဟာ
ငယ်စဉ်အခါက လမ်းထိပ်က ဆရာမ ဖြစ်သွားတဲ့ ကောင်မလေးကို
မန်ကျည်းချိုသီးတွေ တက်ခူးပေးနေကြ

သူဟာ
ကျောင်းပေါင်းစုံ ဘောလုံးအသင်းမှာ
အနိုင်ဂိုးကိုသွင်းသွားနေကြ

အဲဒီ ဗိုလ်စွဲတဲ့ ညနေတွေမှာ
ပန်းကုံးလာစွပ်တဲ့ကျောင်းသူတွေကြားက
အဲဒီ ဆရာမဖြစ်သွားတဲ့ ကောင်မလေးဆီက ပန်းကုံးကိုမှ အစွပ်ခံနေကြ

ပြီးရင် ပြုံးစစနဲ့ ကွင်းလည် မှာ ဇော်က က ပြီး
ပျော်ပြ နေကြ....။


အခုတော့ အဲဒီကျောင်းဆရာမလေးမှာလဲ
ကလေးနဲ့ ခွေးနဲ့ အကြွေးနဲ့

အခုတော့ အဲဒီ အုတ်ခုံလေးနေရာမှာ
အုတ်ခုံလေးရှိခဲ့ပါတယ် ဆိုယုံ
အုတ်ခဲပုံ လေး ညိုကျင့်ကျင့်နဲ့...။



ည..ည မိုးတွေခြုန်းပြီဆို
အဲဒီဆရာမလေး ထထ ငေးတုန်း
ဟို နားမကြားတော့တဲ့ကောင်လေး
ပုဆိုးခြုံလို့ အိမ်ပြန်မှပြေးရဲ့လားလို့.............။

အရာရာဟာ သူ့ ဟာနဲ့သူတော့အခြေကျနေကြတာပါပဲ

မိုးသည်းသည်းမှာ
ည နက်ပြီ ဆိုရင်
မြောက်သချိုင်္င်းက
ဝိဥာဉ်တခု...
မျက်ရည်တွေ ဥ တုန်း တဲ့................။


ငြိမ်းဇေဦး

တခါက သိခဲ့ဖူးသော သူ့ ဖခင် ရိုက်သဖြင့် နားကန်းသွားရသည့် လူတယောက် ဘ၀ကို မှတ်မိသမျှ ပြန်လည် ရေးသားခြင်းဖြစ်ပါသည်။



Wednesday, July 23, 2008

သံယောဇဉ်ပန်း


ငြိမ်းဇေဦး(pencil)

စာဗူးတောင်း

ရယ်ချင်တယ်...
တကယ်ငြီးငွေ့တဲ့ညနေပေါ့
ဝါရွှေရောင် နေလုံးကိုယ်တိုင်က သမ်းပြနေသေးတော့...။

ကဲ...ရယ်ချင်သဗျ
ဟာသတွေတလှေကြီးနဲ့ ရင်ဘတ်ကြီးဆွဲလှန်လိုက်တယ်

ဟော..တွေ့ပြီ...
အသဲမာတဲ့ ကောင်မလေးတယောက် လမ်းလျှောက်နေတုန်း
ငါက ငါးခူပြုံးနဲ့ အပူလုံးတွေမြိုချ
ဟာသ...။

ဟော..တွေ့ပြန်ပြီ
ရန်ထောင်ကောင်းတဲ့ ပါးဖောင်းဖောင်းကောင်မလေး
ငါက တံတွေးတွေမြိုချ
ဟာသ....။


ဟော..နောက်တယောက်
စကားပြောရင် ဒိုးဒိုးဒေါက်ဒေါက်
ပေါက်ပေါက်ဖောက်သလိုပြောတတ်တဲ့ကောင်မလေး
ငါက ချွေးတွေသုတ်ရ
ဟာသ....။


ဒါပေမယ့်သိပ်မရယ်ရသေးဘူး
ဗြုန်း..........ဆို
စာဗူးတောင်းတကောင်ဟာ ၀ှစ် ကနဲ
လှစ်ကနဲ သပွတ်အူထဲဝင်သွား ရဲ့
ဒီညတော့အားရပါးရ နှပ်မယ့်ဟန်နဲ့........။


မကြာပါဘူး ...
စာဗူးတောင်းဟာ
ခေါင်းအသာလျှိုထွက်
ပျံတက် ...
သူ့မျက်နှာသေးသေးလေးမဲ့ရွဲ့လို့ အော်ခဲ့...
“တကယ်ရှုပ်တဲ့သပွတ်အူ ” တဲ့....
ရယ်ချင်တဲ့စိတ်တွေ ကြက်သေ သေ ကျန်ခဲ့...။

လှန်ကြည့်သမျှပြန်ဖိချရင်း....
“အင်း” တလုံးနဲ့ အပျင်းဆုံးခဲ့ရ
ပြုံးစစ နဲ့
အဲဒီည... ဘာမှမရယ်ချင်တော့ဘူးလေ...။

ငြိမ်းဇေဦး




အနယ်ထိုင်စ


ဟောဒီခေါင်းမှာ ဘာမှမရှိ
ပုဇွန်ဆိပ်ခေါင်းကမှ ပြည့်ပြည့်တင်းတင်းရှိ

ဟောဒီခေါင်းမှာ သန်းပေါင်းများစွာ
ကမ္ဘာတည်ခွင့်မရှိ
ဆံဖြူများစွာအလံထူခွင့်ရှိ

ဟောဒီခေါင်းမှာ အဆိုးအကောင်းမရှိ
ဖြစ်လေ့ဖြစ်ထနဲ့ အကျိုးအကြောင်းရှိ

ဟောဒီခေါင်းမှာ တခြားခေါင်းတွေမရှိ
ဒါပေမယ့် အမှားအဟောင်းတွေရှိ

တကယ်ပြောတာ......
ဟောဒီခေါင်းဟာ လောကီကြောင်းတွေနဲ့
မမော့ချင်တော့ပါဘူးကွယ်............။






ငြိမ်းဇေဦး

မိုးနှောင်းသစ်ပင်


အရိပ်နေချင်နေ
အခက်ချိုးချင်ချိုး
မိုးနှောင်းသစ်ပင် အပြစ်မတင်ဘူး ။

သစ်ပင်ရဲ့သဘာဝနဲ့
ဖြစ်စဉ်ခဏမှာ
ဟိုယိမ်းသည်ယိမ်း
ခပ်စိမ်းစိမ်းလို့လဲအပြစ်မတင်နဲ့
သစ်တပင်ကောင်းလို့
ငှက်တသောင်းလဲနားခဲ့ပြီးပြီကွယ့်...။


ငြိမ်းဇေဦး

ငပျင်းကြီးနဲ့ မင်းသမီး




ငြိမ်းဇေဦး(pencil)

Tuesday, July 22, 2008

Luminary dignitary


ငြိမ်းဇေဦး(Acrylic)

ခေါင်းစဉ်ကောင်းတဲ့ အလွဲသုံးစား


ဘာတွေဖြစ်မှန်းမသိပါဘူး
မိုးတွေ တအုန်းအုန်းရွာမှ
သင်္ကြန်သီချင်းတွေ ထအော်နေမိ။

အာဏာရချင်တယ်
အာဏာ ...
ကမ္ဘာကြီးကို ဆေးကုပေးနိုင်တဲ့အာဏာ
တရုတ်မကို ဒုက္ခကြားက ကယ်ချင်တဲ့အာဏာ
ကုလားမကို သိက္ခာရှိရှိ
လင်ကိုခေါင်းခေါက်ယူနိုင်အောင်ထုံးတမ်းစဉ်လာကိုပြောင်းနိုင်တဲ့အာဏာ
ဘာမဆိုကို ဘာမဆို ဖြစ်လာအောင် လုပ်ပစ်နိုင်တဲ့အာဏာ....

အဲဒီစိတ်နဲ့ စေတသိက်အစက
ဟောဒီမိုးညမှာ သင်္ကြန်ကျချင်တာက စခဲ့တာပဲ
ကဲ သိပ်ခက်တာပေါ့ ............။


ငြိမ်းဇေဦး

အပြစ်မတင်တတ်တဲ့ ပတ္တမြားတုံးကြီး



ဟဲ့..ဟဲ့ အပုရယ်
မင်းဟာလေ...
အလကားရမယ်ဆိုရင်
နွေခေါင်ခေါင် လောင်တဲ့
တောမီးကိုတောင် ချွေးထွက်အောင်လှုံမယ့်သူဖြစ်ပေမယ့်...
တကယ့် စေတနာရှင်လေးပါလားကွယ်
တကယ်..တကယ်...
တကယ်လက်ပေါက်ကပ်တဲ့ဟာလေး....။

ငါသိတယ် ..
ငါသိတယ်.. ငါဆိုတဲ့ အမဲကင်ကြီးကို
အသည်းဘ၀င်မှာ သင်္ဘောဆေးလိုစွဲ နေပေမယ့်
တာပင်တိုင်သုံးပြီးတောင် ဖျက်မရတော့မယ့်တူတူ
စားရမှာလဲ
သွားကြားညပ်
သွားနာ
ရေဆာ
လည်ပင်းနင်
အစာအိမ်အချဉ်ပေါက်
ဒီတော့ တယောက်ယောက် ကောက်ယူလို ယူစေတော့ဆိုပြီး
ဒူဝေေ၀ ကြေးစည်မထု
အမျှမဝေ
ရေစက်မချ လမ်းဆုံလမ်းခွ ချသွားတာလားဟယ်...။

ဒါဆိုလဲ သာဓုပါ ကွယ်
တကယ်က အမဲကင် ယောင်ဆောင်ထားတဲ့
ပတ္တမြား တုံးကြီးဟဲ့.....
ပတ္တမြားတုံးကြီး...................................။


ငြိမ်းဇေဦး

Olden moment


ငြိမ်းဇေဦး (pencil)

Monday, July 21, 2008

မိုးရွာတဲ့ည




မိုးတွေရွာနေတယ်
မိုးစက်တွေ...
တဖျောက်ဖျောက်ကို ကျနေတာ
ကမ္ဘာလောကကို ဖနောင့်နဲ့ဝိုင်းပေါက်နေကြတာ
ဆူမှ ဆူပေါ့.........။

ကမ္ဘာကြီးက သူ့အသားတွေကို ဖဲ့ချခွင့်ပေးလိုက်တယ်
သူ့အရေပြားပေါ်မှာ ဒဏ်ရာတွေဖြစ်
သူ့အတွင်းသားထဲကို ယိုစီးထိုးဖောက်....။

ကမ္ဘာကြီးကတော့ မိုးပေါက်တွေကို
ငြူစူ ငြိုညင်မှုမရှိတဲ့အပြင် သူ့ရင်ခွင်ထဲကလွင့်မှာစိုးလို့
ရှိသမျှ ဆွဲအားနဲ့ လွင့်ထွက်မသွားအောင် ဆွဲပေးရှာရဲ့...။

အဲသလိုချစ်ခဲ့တာပါ
ငါ့ဘ၀ကိုဆွဲနှစ်သွားခဲ့ရင်တောင်
မင်းရပ်တည်နိုင်အောင် အနစ်မြှပ်ခံဦးမှာတဲ့....................................။

ငြိမ်းဇေဦး

အလကား အလကား ...

ကျမ က သူ့ကို ကို ဆန်းလို့ ခေါ်ပါတယ် ။ ကိုဆန်းနာမည်အပြည့်အစုံက ကိုကျော်ဆန်း အသားကမဲမဲ အရပ်က ပုပု ရုပ်ရှင်သရုပ်ဆောင် ဦးစံမတူပုန်းရည်ကြီးခွက်ထဲ မှောက်ရက်လဲပြီးသူ့မျက်နှာကို လက်ဖ၀ါးနဲ့ ပြီးစလွယ်သုတ်ပြီးချိန်မြင်ရမယ့် မျက်နှာနဲ့
ကိုဆန်းမျက်နှာဟာ အတူတူပါပဲလို့ပြောလို့ရတာပေါ့ အဲ.. မျက်မှန်ပါတပ်လိုက်မယ်ဆိုရင်ပေါ့လေ။

ကိုဆန်းက ကျမတို့မြို့ကလေးရဲ့ရပ်ကွက်ထဲမှာ နွေရာသီရောက်တိုင်း ဆိုက်ကားတစ်စီးနဲ့ ဘက်ထရီအိုး ၊ မိုက်ခွက် တစ်ခု ၊ကက်ဆက်တစ်လုံး အမ်ပလီဖိုင်ယာတစ်လုံးနဲ့ လော်စပီကာနှစ်လုံးကို ရှေ့နောက်တင် ကြိုးခိုင်ခိုင်ချည် ပြီး မီးအန္တရာယ်ကြိုတင်ကာကွယ်ရေးအမြဲတန်း
ဆော်သြ တတ်သူပေါ့ ၊ ဘာပဲပြောပြော ကိုဆန်းက ကျမတို့ရပ်ကွက်မှာတော့ အရေးပါတဲ့သူတယောက်ပါ ၊ ဟုတ်ကဲ့ ကိုဆန်းက ကျမ ယောက်ျားပါ ၊ ရှင်တို့သိတဲ့အတိုင်းလေ ကိုယ့်ရပ်ကိုယ့်ရွာပြန်ရင်တော့ ကိုယ့်ရှေ့မှာ ဟုတ်သော်ရှိမဟုတ်သော်ရှိ မားမားမတ်မတ်ရပ်မပေးရင်တောင် လက်ညှိုးထိုးပြီး ဒါငါ့လင်ဟဲ့လို့ ပြောနိုင်ဆိုနိုင်ဖြစ်ဖို့တော့လိုတာကိုးရှင့် ၊ တံခွန်မရှိတဲ့ရထား လို လင်မရှိတဲ့မယား ဆို ဘယ်တင့်တယ်ပါ့မလဲ အထူးသဖြင့် ကျမတို့လို အလုပ်မျိုးကိုလုပ်စား နေရသူတွေအတွက် ကိုဆန်းလို လင်တယောက်တော့လိုတာအမှန်ပါပဲ။

ကျမ အလုပ်သွားလုပ်တဲ့မြို့မှာက တလကိုးသတင်းမကနေရတာကိုး ဒီတော့လဲ ကိုယ့်ကိုအရေးဟဲ့အကြောင်းဟဲ့ဆို ကာကွယ်ပေးမယ့် တခုခုဖြစ်လာရင် လိုက်ဆောင်ရွက်ပေးမယ့်သူကလဲ လိုတာကိုး ဒီတော့ လိုအပ်ချက်အရ ကျမတို့မှာ ရည်းစားထားရတာပေါ့ရှင်
တိုက်တိုက်ဆိုင်ဆိုင်ပေါ့ ကျမ ယောက်ျားက ကိုဆန်း ဆိုတော့ ကျမရည်းစား ကို ကျမ က ကိုသန်းလို့ခေါ်တယ်လေ ။ ကိုသန်းက ပေါ့သေးသေးတော့မဟုတ်ပါဘူး အဲဒီမြို့ကလေးက နယ်ထိမ်းတယောက်ပေါ့ ။ သိတယ်မဟုတ်လားနယ်ထိမ်းဆိုတာအဲဒီနယ်မြေကို
တာဝန်ယူပြီး အမှုမှန်သမျှ သူပဲ ဖမ်းတာဆီးတာ ချုပ်တာကိုင်တာလေ ဒီတော့ ကိုသန်း လို အသက်ကြီးပေမယ့် ခုထိ တရားမရနိုင်သေးတဲ့ ပုလိပ်မျိုးကိုလဲ ရည်းစားအဖြစ်ထား ထားတော့ တော်ယုံလူက ဒုက္ခမပေးနိုင်ဘူးပေါ့ရှင် ၊ဟုတ်ကဲ့ ကိုသန်းနာမည်က ကိုသန်းရွှေပါ
အသားက ကျောက်ပန်းတောင်းထန်းညက်ကြမ်းလိုပါပဲ အမြဲတန်းမျက်နှာအဆီပြန်ပြန်နေတတ်တော့ ဟင်းဟင်း...မရယ်နဲ့နော် ခွေးလျက်ထားတဲ့ ထန်းလျှက်လိုပေါ့ ။ တခါတလေ ကိုသန်းက သူ့ပြသနာတွေသူမနိုင်မနင်းဖြစ်နေချိန်တွေမှာသာ ကျမကို ရိုက်တတ်တာပါ
သူ့ပါးစပ်ကတော့ ကျမကိုချစ်လိုက်တာ မှ အဖေအမေအရင်းထက်တောင်ချစ်တယ်ဆိုပဲ ။ ကျမလဲငယ်ရာကကြီးလာတာပဲရှင် အရိုးလိုလို့အသားတောင်းတဲ့ ကိစ္စတွေကိုနားလည်ပြီးသားပါ ဒါပေမယ့်ဆက်မတွေးချင်ပါဘူး ။
မတွေးချင်လို့ပဲကျမဒီဘ၀ရောက်နေသလားမသိတော့ပါဘူး ကိစ္စမရှိပါဘူးလေ ဖြစ်သမျှအကြောင်းအကောင်းချည်ပဲကိုး ကျမတို့ မြန်မာလူမျိုးတွေရဲ့ သည်းခံတတ် အေးအေးနေတတ်တဲ့ချစ်စရာ ဓလေ့ထုံးစံတွေက ဘယ်လောက် ပဲ ဒုက္ခဆင်းရဲတွေကျနေ ကျနေ ဘယ်လောက်ပဲ
ဘ၀တွေ ပျက်နေ ပျက်နေ ကျမတို့မှာ အပြစ်ပုံချစရာ ကံဆိုတဲ့ဝေါဟာရကြီးကို ပိုင်ထားပြီးသားပဲ ။ ဘာတွေပဲဖြစ်လာဖြစ်လာ ကံဆိုတာကိုပဲ ထိုးနှက်ကန်ကျောက် မြည်တွန်တောက်တီးအပြစ်တင်ရင်း ကျမတို့က လက်လျှော့ပစ်လိုက် ၊ အားငယ်ပစ်လိုက် ၊ရှောင်လွှဲပစ်လိုက်
ခွင့်လွှတ်ပစ်လိုက်ကြတာကလား...။



ဒီမယ် ...ကျမလဲချစ်တတ်ပါတယ်ရှင် ၊ ကျမ မှာ နှလုံးသားနဲ့ပါ ၊ကျမဟာ စက်ရုပ်မဟုတ်တဲ့ ပြီးတော့ ကျောက်ဆစ်ရုပ်မဟုတ်တဲ့ သက်ရှိပါ ၊ သက်ရှိကိုမှ ခံစားတတ် နားလည်တတ် နာကျင်တတ် ၀မ်းနည်းတတ် အားငယ်တတ်ကြောက်ရွံ့တတ်တဲ့ လူတယောက်ပါ။
လူတယောက်ကိုမှ အင်မတန်သိမ်မွေ့တဲ့ယဉ်ကျေးတဲ့ မြန်မာအမျိုးသမီးတယောက်ပါရှင် ဘ၀အရကျမကိုနှိမ်ချင်လဲနှိမ်လို့ဖြစ်ပါတယ် ဒါပေမယ့် ကျမဟာလူသားဖြစ်ပါတယ် အဲဒီအချက်ကလေးကိုတော့ အသိအမှတ်ပြုပေးဖို့ မရဲတရဲမေတ္တာရပ်ခံချင်ပါတယ်ရှင် ။ ဒါပေမယ့်
ကျမမေတ္တာရပ်ခံချက်ကို ပါယ်ချမယ်ဆိုရင်လဲ ကျမဘ၀မှာမထူးဆန်းတော့ပါဘူး ၊ ဘာကြောင့်ဆို.. ကျမရဲ့အလုပ်သဘောအရကိုက ကျမ မလုပ်ချင်တာကိုပဲ ၀မ်းစာအတွက် လုပ်နေရတာကိုး အင်းပေါ့လေ ရှင်ပြောတာ မှန်ပါတယ် လှချင်တာ ၀တ်ချင်စားချင်တာကိုး ဆိုတာ
ဒါပေမယ့် မဟောက်ပါနဲ့ရှင် ကျမ ကိုမဟောက်ပါနဲ့ ။

ဟုတ်ကဲ့ ..ကျမချစ်သူက ကိုစိန်ဝင်းပါ ၊ ဟုတ်တယ် ကျမသူ့ကိုချစ်တယ် သူက ပညာတတ် လူအေး နည်းနည်းလက်ကျောမတင်းပြီးပျင်းတတ်တာကလွဲလို့ ကျမကိုလည်း သူက သိပ်ချစ်တယ်ပြောပါတယ် ။ သူသိပ်ချစ်တာတွေမချစ်တာတွေကို ကျမက စိတ်ကူးယဉ်ပြီး
ယုံရလောက်အောင် မငယ်တော့ပါဘူးရှင် ။ ကျမ ကိုစိန်ဝင်းကိုချစ်တယ် ဒါကျမ နှလုံးသားထဲက လာတဲ့ဘာသာစကား ကျမဟာ ကိုစိန်ဝင်းနဲ့ရှိတိုင်း... ဟိုး ကျမ ငယ်ငယ်တုန်းက အပျိုပေါက်ဘ၀ လေးတုန်းက ကျောင်းကကောင်လေးတယောက်ကို ခိုးချစ်ခဲ့ရသလို
ရင်ခုန်ခဲ့ရသလို ရင်တွေအမြဲပြန်ပြန်ခုန်မိတယ် ဒါကြောင့်ကျမ သူ့ ကိုချစ်တယ် ။ ဟုတ်ကဲ့ ကျမသိပ်ချစ်တဲ့ကောင်လေး က အသတ်ခံလိုက်ရပါတယ် အဲဒီနောက်မှာ ကျမ က လဲ အပျို ပေါက် ပေါ့ ရင်တွေ ကွဲထွက်အောင် ငိုမိယုံကလွဲလို့ဘာမှမလုပ်နိုင်ပါဘူး အဲဒီအချိန်မှာ
ကျမကို စကားပြောသိပ်ကောင်းတဲ့ တိုက်ပုံဝတ်ထားတဲ့ ကျမ ကောင်လေးထက် နည်းနည်းအသက်ကြီးတဲ့အကိုကြီးက ချစ်လှချည်ရဲ့ဆိုပြီး ကျမ ကို ချစ်ရေးဆိုခဲ့ပါတယ် ကျမ လိုက်လျောညီထွေပဲနေခဲ့တယ် ဒါပေမယ့် တနေ့သားပေါ့...ကျမဘ၀လုံးဝ ကံဆိုးမိုးမှောင်ကျတဲ့နေ့
အခု ကျမဒီမှာထိုင်နေတဲ့အချိန်အထိရဲ့ အကြောင်းရင်းခံတွေဟာ သူ့ ကြောင့်ပေါ့ ကျမတို့ရပ်ကွက်ထဲက ကာလသားခေါင်း မြာသိပ်ပွေတဲ့နေ၀င်းဆိုတဲ့ ကောင်ပေါ့ ။ ကျမ ဟာ သေသွားတဲ့ကျမကောင်လေးကိုလဲလွမ်း တိုက်ပုံဝတ်ထားတဲ့အကိုကြီးရဲ့စိတ်ပျက်စရာကောင်းလှပုံတွေကိုလဲ တယောက်ထဲ ငြီးငြူနေမိတုန်း မှောင်ရီတရောလေးမှာ ကာလသားခေါင်း နေ၀င်းဟာ ကျမကိုခြေတော်တင်ခဲ့တယ် အဓမ္မပြုခဲ့ရက်တယ် ပြီးတော့ အတော်ကြာတဲ့အထိ ကျမမှာ သူ့မယား လိုလို မယားငယ်လိုလို တိတ်တိတ်ပုန်းလိုလိုနဲ့ ကျမ ရဲ့ စာရိတ္တတွေ ပျော်ရွှင်မှုတွေ အရာရာခမ်းခြောက် သွားသည်အထိ ကျမကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုးနှိပ်စက်ခဲ့တယ် လေ ....................။

ကျမ ဖောက်သည်တွေကတော့ လူမျိုးပေါင်းစုံပါပဲ ရှင် သူတို့ကတော့ ကျမ ကို လူတယောက် အနေနဲ့ မြန်မာ အမျိုးသမီးတယောက်အနေနဲ့ဆိုတာထက် သူတို့ အသုံးချချင်တာ အသုံးချနိုင်တဲ့ ကိရိယာ တစ်မျိုးလောက်ပဲ သဘောထားတာပါ ။ ကိစ္စမရှိပါဘူး
ကျမဘ၀မှာဒါတွေက ရိုးနေပါပြီလေ ဒါပေမယ့် ကျမလေ မျှော်မိတယ်သိလား တချိန်မှာ ကိုစိန်ဝင်း ကျမကိုမယားမှတ်မှတ်သားမှတ်မှတ် ယူ ချင်တယ် ကွယ် လို့ ဖွင့် ပြောလာခဲ့မယ်ဆိုတဲ့နေ့ကို ..
အိပ်မက်ပဲဖြစ်ဖြစ်ပါ အဲဒီလို အိပ်မက်မျိုးမက်ခဲ့ရင် ကျမ တသက်လုံး မနိုးတမ်း အိပ်ပစ်ချင်တယ် သိလား.....................။
....................................................................................
....................................................................................
....................................................................................
...........................................................................................................................................................။
....................................................................................
....................................................................................

ဟုတ်ကဲ့ ရပါတယ်ရှင်... ရပါတယ်.... ရှင်တို့ကရဲတွေပဲ......။


ငြိမ်းဇေဦး

Sunday, July 20, 2008

ကိလေသာ ပေကျံတဲ့ အင်တာနက်


အဝေးရောက် မေထုံမှီဝဲမှုများနဲ့
ကမ္ဘာကြီးတကယ်ကျဉ်းသွားတဲ့အခါ
တချို့အရာတွေ မကျယ်သင့်ပဲကျယ်ကုန်ကျသတဲ့
အဲဒီ ကျယ် ကုန်တဲ့အထဲမှာ
စကားတွေကျယ်ကျယ်အော်ရတာလဲ ပါမှာပဲထင်ရဲ့ .
ဘယ့်နှယ့် ဝေးကြတာကိုး ..။


ငြိမ်းဇေဦး

တချို့တွေ လိုအပ်တဲ့ယောက်ျားဖြစ်နည်း


ပိန်းကြာဖက်ပေါ် ရေသွန်ချသလိုပါပဲလား
ကြားရဖန်များတော့အသံတွေက နားဝမှာလျှံလျှံကျသွားလိုက်တာ။

ခွေးလှေးဂျပိုးစိတ်နဲ့ အတိတ်ဆိုတာကိုလာတူးဆွချင်ကြသလား
မင်းမှာသိက္ခာတမတ်သား ရှိရင်လာခဲ့
ဘ၀ကို ချွတ်ချပြီး မတ်တပ် ကော့ရပ်ပြမယ်။

ဂရုစိုက် တတ်ခဲ့ရင်
နာကျင်တတ်တယ်ဆိုတာ ထထအော်ဖို့အကြောင်းမရှိဘူး
ဒူးတုန်တတ်ရင်
ဖူးငုံသမျှတွေခူးဖို့ အမြင့်မတက်ဘူး ။

ဘ၀မှာညစာအတွက် အရသာပျက်လောက်အောင် ရုန်းခဲ့ဖူးတယ်
အားလုံးကို ခပ်ပြုံးပြုံးနဲ့ ကြည့်ဖူးတဲ့ငါ့မျက်လုံးထဲမှာ
ဘယ်တော့မှ အမုန်းတွေမပါဘူး

မင်းဘာလဲ ငါဘာလဲ
မင်းအခြေအနေဘာလဲ ငါ့အနေအထားဘာလဲ
မင်းလဲမင်းကိုယ်မင်းသိတယ်
ငါလဲ ငါ့ကိုယ်ငါသိတယ်

ဖရိုဖရဲ စာရိတ္တနဲ့ သိပ်မရွနဲ့ငါ့လူ
လူတိုင်းကိုယ့်အပူနဲ့ကိုယ်ကွ..............။

ငြိမ်းဇေဦး

Saturday, July 19, 2008

အပြစ်မဲ့ဆိတ်ကွယ်ရာ

ဘယ်လောက်မဟာဆန်တဲ့အချစ် တွေ နဲ့ချစ်ချစ်....
ဘယ်လောက်နူးညံ့မှုတွေနဲ့နမ်းနမ်း
အီးပေါက်ရင်တော့ ...
“ဘူ....”ကနဲ...ကြမ်းတတ်ကြတာချည်းပါပဲလေ ။


ငြိမ်းဇေဦး

Hankered river




ငြိမ်းဇေဦး(Acrylic)

ကျင့်ဝတ်


သိက္ခာမခန့်ချင်နေ လိပ်ပြာသန့်ချင်တယ်။


ငြိမ်းဇေဦး

ငါမပိုင်တဲ့မနက်



ဒီအချိန်ဆို ခုန်ခုန်ချနေကျ
အာဂ နေမင်း
လေညှင်းကိုဇိုးဇိုးဇတ်ဇတ် ဆောင့်တွန်း
ဂျွမ်းပစ် ဇွတ်ကြမ်း
ကမ္ဘာဒီဖက်ခြမ်း အုန်းမှုတ်ခွံကို
ညဆီက လုယူလိုက်ပြန်ပြီ
ငါ့ကိုလဲ ငါ့ဆီက လုယူလိုက်ပြန်ပြီ။



ငြိမ်းဇေဦး

Friday, July 18, 2008

Beguiling




ငြိမ်းဇေဦး (Digital art)

တွယ်မက်


ပြန်မလာကောင်းတဲ့
ဒဏ်ရာဟောင်းနဲ့
သံသရာပေါင်းရှည်ခဲ့ပြီ။

ငြိမ်းဇေဦး

Climber

ငြိမ်းဇေဦး(Acrylic)

Thursday, July 17, 2008

ကမာ

အဲဒီပုလဲ ငါ့ရင်ထဲမှာ
ခွဲသာယူသွား ။

ငြိမ်းဇေဦး


(၂၀၀၇ ဒီဇင်ဘာလ နောက်ဆုံးပတ်)

ဖာနိုင်ငံကြီး

ဗိုလ်ချုပ်မှာတာ
ဘာဂျာမှုတ်ဖို့ မဟုတ်ဘူးလို့ကြားဖူးတယ်။



ငြိမ်းဇေဦး

စိုက်ပျိုးရေးသတ္တ၀ါ

လူပါဆိုမှ
နောင်တရဲ့ ဥယျာဉ်မှူးလား
လာမေးသေး..........။

ငြိမ်းဇေဦး

အ၀ိဇ္ဇာ ကို ချယ်မှုန်းခြင်း


တစုံတယောက်ကဆေးဖော်စပ်ဖို့အတွက်မျက်နှာမသစ်ပဲကော်ဖီသောက်တတ်တဲ့သူတယောက်လိုတယ်လို့
ပြောလာရင်၊အဲဒီလိုပြောလာတဲ့သူကလဲလွတ်လပ်တဲ့အပျိုစင်နုနုထွတ်ထွတ်လေးဖြစ်နေမယ်ဆိုရင်၊
အဲဒီကောင်မလေးဟာ ဟောဒီက ရေမချိုးပဲ နာရီပေါင်းများစွာနေတတ်ပြီး မျက်နှာမသစ်ပဲ အလုပ်အတော်များများကို လုပ်တတ်တဲ့ ဟောဒီက လူအပေါ်မရိုးသားတော့ဘူးလို့ တဖက်သတ်ထင်ခွင့်ကို ဟောဒီကလူက ပိုင်ဆိုင်တယ်။

အရာရာဟာ မှန်နေဖို့မလိုဘူး အစပ်အဟပ်လေးတည့်ပြီး စင်္ကြ၀ဠာနဲ့ အလျဉ်းသင့်ဖို့တောင်မလိုဘူး၊ ကိုယ်စီ တည်ဆောက်ထားတဲ့ ကမ္ဘာလေး နဲ့ အံဝင် ဂွင်ကျ ဖြစ်နေတယ်လို့ ပုဂ္ဂလိက တစ်ဦးချင်း ကျေကျေနပ်နပ်လက်ခံနိုင်ဖို့ပဲလိုတယ်လို့ ဟောဒီလူက လက်ခံထားပြန်တယ်။ တပြိုင်နက်ထဲမှာပဲ အရာတော်တော်များများကို တိတ်တဆိတ်ငြင်းဆန်ခဲ့ယုံမက အရာတော်တော်များများထဲက တော်တော်များများအရာတွေကို ဆူညံကျယ်လောင်စွာ တယောက်ထဲ ငြင်းဆန်ရှုပ်ချ သူပုန်ထလေ့ရှိတယ်။

လိင်စိတ်တွေဟာ ဘိလပ်မြေမပါတဲ့ ရွှံ့နဲ့တည်ဆောက်ထားတဲ့ဆည်မြောင်းတာတမံကြီးတခုရဲ့တံတိုင်းလို သူ့ စိတ်ထဲမှာအချိန်မရွေးကျိုးပေါက်ကျလာတတ်ပေမယ့် အပြစ်ကင်းစင်တဲ့ မိန်းကလေးတွေကို ချစ်တယ်လို့ပြောရမှာကို ဟောဒီလူရဲ့ ဒီအသက်အရွယ်မှာအင်မတန်ဝန်လေးလာခဲ့ရပြီ ။
ငယ်ငယ်တုန်းက ဘုရားသခင်နဲ့ လက်လှဲဖို့အထိ မိုက်မဲခဲ့ဖူးတဲ့ သူတယောက်အတွက်တော့ ဒါဟာ သေဆုံး ခြင်း တခုလည်း ဖြစ်နိုင်သေးတယ်။

ဒါမှမဟုတ်လဲ သူ့အချစ်ဆိုတဲ့ စိတ်ခံစားမှုကို တယောက်ယောက်ကများ အပိုင်သိမ်းသွားလေသလား
ဆိုတဲ့ အဖြေအတွက် ဟောဒီလူက ဘယ်သူရိုက်စစ်တာမှမခံဖူးလို့ ဆုံးဖြတ်ခဲ့ဖူးသလို သူ့ကိုယ်သူလဲ ဇောက်ထိုး ချပြီး ရင်ဘတ်က ထွက်ကျလာမလားဆိုပြီး စမ်းသပ် စစ်ဆေးဖို့ ဘယ်တော့မှ ဆန္ဒမရှိဘူး။

သူ့ကိုယ်သူ စာနာတတ်သူ၊ ဆင်းရဲ သူတွေ အဖိနှိပ်ခံတွေ ဖက်ကရပ်တည်သူလို့ ကုန်လုပြီဖြစ်တဲ့ အပေါစားသွားတိုက်ဆေးဘူး ကို ဖျစ်ညှစ် သလို သူက အဲဒီ ယုံကြည်ချက်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စိတ်ဖြစ်စဉ်ကို သူ့ပါးစပ်ကြီးထဲကိုညှစ်ညှစ်ချပြီး အဲဒီ ပုတ်အည့်အည့် ပါးစပ်ကြီးနဲ့
အကောင်းစားတွေကို စားသုံးချင်တဲ့ အရိုးမရှိတဲ့ လျှာကြီး က လဲ အမြဲတန်းသူ့ကို ဒုက္ခပေးတတ်တယ်။


သေသွားရင် အသုဘပြင်ဆင်သူတွေက (ကံကောင်းလို့ သူသေတာကို လူသူအချိန်မှီသိခဲ့ရင်ပေါ့လေ)
သူ့ရဲ့ ခန္ဓာရုပ်ကို သေချာ အပြန်ပြန်အလှန်လှန်ချွတ်ပြီး ပွတ်သပ်ဆေးကြောမှာသိနေယုံမက၊ရှားရှားပါးပါး သူလိုဟာနဲ့ သံဝါသ ပြုမယ့် မိန်းကလေးတွေ က သူ့ခန္ဓာကိုယ်ကို အလင်းရောင်အောက်မှာမြင်ခွင့်ရှိတယ်ဆိုတာကို သိသိနဲ့ ဟောဒီလူဟာ အမြဲလိုလို ရေချိုးကပျင်းသေးတယ်။

ဂင်္ဂါမြစ်ထဲမှာ ဥုံ နဲ့ စတဲ့ မန္တန် တွေ ကို ရွတ်ရင်း အနောက်ဖက် ကမ်းကိုကျသွားတဲ့ နေမင်းရဲ့ ဆည်းဆာ
ရောင်အောက်မှာ အခြားသူတွေနည်းတူ သူ့ကိုယ်သူစိမ်ရင်းလဲ အပေါ့သွား ဖူးချင်တဲ့ ဆန္ဒတွေ တခါတခါဖြစ်ဖြစ်လာတတ်သလို ဟိမ၀န္တာက ဆာဒူး တယောက်လိုလဲ ဂူအောင်းပြီး လောကဓါတ်ပညာတွေ နဲ့ ကျကျနန ယက်လုပ် ထားတဲ့ နေ့တွေညတွေကို သူ့ခန္ဓာကိုယ်ပေါ်က ချွတ်ချချင်တဲ့ ရမက် ခြောက်သွေ့သွေ့တွေ တဖြောင်းဖြောင်းမီးထတောက်တတ်သေးတယ်။

ဟောဒီလူဟာ ခုတော့ သူ့ရဲ့ စွမ်းပကားတွေ နဲ့ သူ့ရဲ့ ဘ၀ဆိုင်ရာ အဆင့်အနေအထားကို ကျကျ နန သိခွင့်ရခဲ့ပြီ ၊ သူဟာ ဟက်ဟက် ပက်ပက် မျက်ရည်တွေ ထွက်ကျလာအောင် ရယ်လိုက်တယ် ၊ ထွက်ကျလာတဲ့ မျက်ရည် စတွေကို ဆေးရောင်စုံ ပေပွနေတဲ့ သူ့ ဘယ်ဘက် လက် ဖမိုးနဲ့သုတ်ရင်း သူ့ ညာ လက်ထဲက စုတ်တံ မျှင် မျှင်လေးကို သေချာ သုတ်ပြီးတော့ တာပင်တိုင်ခွက်ကလေးထဲကိုထည့်လိုက်တယ် ပြီးတဲ့အခါ သူဟာ အောက်ခံဆေး သုတ်တဲ့ စုတ်တံပြားကြီးကိုယူပြီး ဆေးမဲတွေကို ဆေးစပ်ပြားပေါ်မှာညှစ်ချလိုက်တယ် တချက်မှ မတုန့် နှေးပဲ ပေါ့။


စုတ်တံပြားကြီးနဲ့ ဆေးမဲတွေကို ကျကျနနမွှေနေတဲ့ပုံက တောမှီရဟန်းတပါး ဆွမ်းခံရသမျှ အရာအားလုံးကို မခမ်းနားလှတဲ့ မြေသပိတ်ကလေးထဲမှာသေသေချာချာရေမွှေ နေသလိုဟန်ပန်မျိုးနဲ့ ။
သူဟာ စုတ်တံပြားပေါ်က ဆေးမဲတွေကို ဆွဲလက်စ ပန်းချီကားရဲ့ မျက်နှာပြင်ပေါ်မှာ အင်မတန်ပျင်းစရာကောင်းတဲ့နေ့လည်ခင်းတခုရဲ့အလည် တောကျောင်းဝိဟာရ တစ်ခုက ကပ္ပိယ တစ်ယောက် ဖြေးဖြေးလေးလေး တံမြက်လှည်း သလို မျိုး အေးဆေးမှုနဲ့….။


သူ့ပန်းချီကားမျက်နှာပြင်တပြင်လုံး နက်မှောင် မဟူရာသွေးတွေ ကွန့်မြူးသွားခဲ့ပြီ အရာရာဟာ တပြေးတညီထဲ တရောင်ထဲဖြစ်သွားခဲ့ပြီ ။ သူဟာ အေးအေးဆေးဆေးနဲ့ သူ့ရဲ့ အနက်ရောင် ကားချပ်ကို တချက်ကြည့်ရင်း စုတ်တံမျှင်မျှင်လေးနဲ့ အနက်ရောင်ဆေးတွေကို တို့ထိလိုက်ပြီး ပန်းချီကားရဲ့ဒေါင့်လေးမှာ လက်မှတ်တခုထိုးလိုက်တယ် သူ့လက်မှတ်က တကယ်တော့ သူ့နာမည်မဟုတ်တော့ဘူး ဒါပေမယ့်သူရေးလိုက်တဲ့လက်မှတ်ကတော့ “လူ” တဲ့…။

သူဟာ အသာအယာပဲ ဘာ ပရိဘောဂမှမရှိတဲ့ ဧည့်ခန်းကလေးကနေပြီးတော့ သုံးလှမ်းလျှောက်ရင် ရောက်တဲ့မီးဖိုကို သွားတယ် ။ မနက်ကတည်းက အိုးထဲမှာ ရှိနေတဲ့ ကော်ဖီကို အစိမ်းရောင် ကြွေမတ်ခွက်ထဲကိုထည့်လိုက်ပြီး သကြားမပါ နွားနို့မပါပဲသောက်လိုက်တယ် ။

တအိမ်လုံးမှာ တစ်လုံးတည်းသော သူမွေးနေ့လက်ဆောင်ရခဲ့ဖူးတဲ့ ကုလားထိုင်ကလေးပေါ်မှာတက်ထိုင်လိုက်ပြီး ကော်ဖီပူပူကို တကျိုက်ဖြေးဖြေးငုံလိုက်ရင်း
သူ့စိတ်ထဲကနေပြီးတော့သူ့ပန်းချီကားလေးကို “အသိဉာဏ်”လို့ နာမည်ပေးလိုက်ပြီး ကုလားထိုင်ကထလို့ အင်မတန်ညစ်ပေတဲ့သူ့အ၀တ်အစားတွေကိုချွတ်ချလိုက်ပြီးရေချိုးခန်းထဲကို ၀စ်လစ်စလစ်ဝင်သွားတော့တယ် လေကလေးချွန်လို့ပေါ့.............။

ငြိမ်းဇေဦး



ကန္တာရ အရိပ်

အလွမ်းတွေပဲ ရှင်သန်ခဲ့ပုံက
ကန္တာရ အလည်က ရှားဇောင်းဆူးပင်တွေလိုလေ
ဖြစ်ထွန်းနေလိုက်ကြတာ ဆူးတောင်ဆူးခက်တွေနဲ့
ရင်ဘတ်က ထိုးထွက်ပွားများနေကြတာပေါ့........။

ဘာပဲဖြစ်ဖြစ် ပါ
မိုးမရွာတဲ့အရပ် အရိပ်မဲ့တဲ့အရပ်မှာ
အလွမ်းရိပ်ကို တိတ်တိတ်တိုးဝင်
အပြစ်မတင်စတမ်းစိတ်နဲ့ ဘ၀ကိုချိတ်ထားလိုက်ခွင့်အတွက်
သြော်..အသက်အမျှ မြတ်နိုးခဲ့တယ်ဆိုတာ
ထပ်ပြောဖို့လိုဦးမလားကွယ်....။

ငြိမ်းဇေဦး

Wednesday, July 16, 2008

Tuesday, July 15, 2008

စာရေးဆရာဗိုလ်မှူး သော်က (တိုက်ရေယာဉ် ၁၀၃)ပြောသောပုံပြင်





ကျနော်တို့ငယ်ငယ်က ငယ်တာပေါ့ဗျာ ဟုတ်ဘူးလား ။
ငယ်တော့ ပေါက်တတ်ကရ လူပျိုသိုးပုံပြင်တွေ နားထောင်ရရင် ကြိတ်ရင်တွေခုန်ရတာ အမော။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကောင်းစဉ်ကပေါ့။ တိုက်ပုံ တကားကားနဲ့ လူကြီးတွေ များ မြို့တော်သိန်းအောင်ဇာတ်က လူရွှင်တော်ကြီး ဦးပေါစံနဲ့နင်လားငါလား။
အဲလိုနားထောင် နေရရင် ပျော်လို့ ရယ်လိုက်ရင်လဲ အူလှိုက်သည်းလှိုက် ပြောပြတဲ့ လူကြီးတွေကလဲ သွားတဖြီးဖြီးနဲ့။

နွေဆည်းဆာ အသက်ငင်ကာစပေါ့ ။ အဲဒီအချိန်ကြီးမှာ အဘိုးကလဲ ယပ်တောင်ကြီးတကားကားနဲ့
သူ့ ပက်လက်ကုလားထိုင်မှာထိုင်လို့ ဘီဘီစီဖွင့်လို့ပေါ့ ။
ရှေ့သို့ဂျာနယ်တွေ စစ်ပညာဂျာနယ်တွေ ကလဲ အိမ်မှာ တပုံကြီး ပေါ့။ အဘိုးက ရေဒီယိုကို နားထောင်လိုက် မြည်တွန်တောက်တီးလိုက် ကျနော်တို့ မသိတဲ့ကမ္ဘာ့အကြောင်းအရာတွေပေါ့။
အဲဒီနေ့ကအဘိုးက ဘာစိတ်ကူးပေါက်တယ်မသိပါဘူး ရေဒီယို အစီအစဉ်ဆုံးတော့
သူ့ ပက်လက်ကုလားထိုင်ကထ ခြေလက်တွေဆန့်ရင်း သူ့  ဖင်ကြားညပ်နေတဲ့
ပုဆိုးစကိုပါ ဆွဲဆန့် လိုက်တယ်။
ပြီးတော့ မမေးစဖူး မေးတယ် ငါ့မြေး ပုံပြင် တပုဒ်နားထောင်မလားကွတဲ့ ။ အော် ဘယ်ရမလဲလေ ဒါမျိုးဆိုသိပ်နားထောင်ချင်နေတာနဲ့ကအတော်ပေါ့။

“ဟုတ်ကဲ့ အဘိုး နားထောင်မှာပေါ့”
“ဟုတ်ပြီ ကဲ ကြောင်အိမ်ထဲက ဖန်ဘူးထဲမှာထန်းလျက် နှစ်ခဲ ယူ ၊ နှစ်ခဲနော် ငါ့မြေး”
“ဟုတ်ကဲ့အဘိုး” ဆိုပြီးသကာလ တက်တက်ကြွကြွ ထန်းလျက်ဖြူဖွေးဖွေးလေးနှစ်ခဲယူလိုက်ပြီးအဘိုးဆီပြန်လာတော့ ....။
“ အဘိုး ဇက်ကြောဆွဲပေးစမ်းကွာ”တဲ့။

“ဒီလိုကွ အဘိုး တို့ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ် ကြေးရုပ်သိတယ်မဟုတ်လား ”
“ဟုတ်ကဲ့အဘိုး”
“အေး အဲဒီကြေးရုပ်က မြင်းမစီးဘူးကွ သတိထားမိလား”
“ဟုတ်ကဲ့ အဘိုး ၊ သား ကိုတောင် မှ အဲဒီရှေ့  မှာ လေးလေးကြီးဓါတ်ပုံရိုက်ပေးသေးတယ်လေ”
“အေးပေါ့ ကွာ ...အဲဒီ လို ဗိုလ်ချုပ် မတ်တပ်ကြီးဖြစ်နေတာရှေ့ မှာ မင်း ဓါတ်ပုံရိုက်ခွင့်ရခဲ့တာ ကံကောင်းတယ်မှတ် ပုံပြင်က အဲဒါနဲ့ဆက်စပ်နေတယ် ဒါပေမယ့် ဒီပုံပြင်ကအဘိုး လဲ သူများပြောပြခဲ့လို့ ကြားဖူးတာ
ပုံပြင်ရဲ့ မူလ ပိုင်ရှင်ကတော့ ဗိုလ်မှူးသော်က ပဲ ကွ တပ်မတော်(ရေ) က ”
အဘိုးက စကားအရှည်ကြီးပြောပြီး ကျနော့် ညာဘက်လက်ကိုလှမ်းကိုင်ကာ ပုခုံးသားကိုနှိပ်နေရာမှ သူ့ လည်ကုတ်ပေါ်သို့ တင်ပေးလိုက်၏၊ ယပ်တောင်ကိုခပ်ကာ ဖင်တချက်ကြွလျှက် “ဘူ..........” ကနဲနေအောင်သံရှည်ဆွဲကာ
လေလည်လိုက်သေး၏။


.................................................
နိုင်ငံတော်အကြီးအကဲတဦး ဖြစ်သော ဦးမောင်မောင်ခ သည် ဘောရစ်ဘက်ကာ လို တင်းနစ်သမားများဝတ်သော ဘောင်းဘီ အဖြူ အရောင်နုနုဖြင့် ရှူးဖိနပ် အိအိကိုစီးကာ စပို့ ရှပ် အကောင်းစား ကိုဝတ်လျှက်
သဘက်ကလေး ပုခုန်းပေါ်တင်၍ ဗိုလ်ချုပ်ကြေးရုပ် တ၀ိုက်မနက်တိုင်း ပတ်ပြေးနေကြဖြစ်၏။

ယနေ့ မနက်လည်း ထုံးစံအတိုင်း ကျန်းမာရေးအတွက် ရွရွလေးပြေးနေ၏။
“ဟေ့ကောင် မောင်မောင် ခ ”
ဦးမောင်မောင်ခ လန့် သွားသလိုဒေါသလဲထွက်သွား၏။
လူငယ်တယောက်၏ အသံဖြင့် သူကဲ့သို့ အကြီးအကဲကို မောင်မောင်ခဟု ဘယ်သကောင့်သားခေါ်သနည်း။
“ဘယ်သူလဲကွ ငါ့ကိုမောင်မောင်ခလို့ခေါ်တာ”
ဒေါနှင့်မောနှင့်ပြန်မေးလိုက်ကာ လိုက်ကြည့်တော့ဘယ်သူမှမရှိ...။

“ဟေ့ကောင် မောင်မောင်ခ မင်းကန်းနေသလား ငါခေါ်နေတာကွ”အသံက အထက်မှလာ၏။
ဦးမောင်မောင်ခ မော့ကြည့်လိုက်တော့ မျက်နှာထားတင်းတင်းဖြင့်ဗိုလ်ချုပ်က သူ့ ကိုငုံ့ကြည့်နေ၏။

“ဗိုလ်ချုပ် ...ဗိုလ်ချုပ်စကားပြောတာလား”
“ အေး ဟုတ်တယ် ၊ ငါညောင်းတယ်ကွ မောင်မောင်ခ ”
“နှိပ်ပေးရမလားဗိုလ်ချုပ်”
“ ဖားလိုက်တာလဲ ပြာနေတာပဲ နှိပ်ပေးခိုင်းနေတာမဟုတ်ဘူး ကွ ငါဘယ်တုန်းက ဇိမ်ခံဖူးလို့ လဲ”
“ဒါဆို ဘာလုပ်ပေးရမလဲဗိုလ်ချုပ်”
“ငါညောင်းတယ်ကွ ငါမြင်းစီးချင်တယ်”
“ကောင်းပါပြီ ဗိုလ်ချုပ် ဖြစ်စေရပါမယ်” ဦးမောင်မောင်ခ ကတိပေးပြီး အိမ်သို့ ကုတ်ချောင်းချောင်းဖြင့်ပြန်လာခဲ့၏။

လမ်းတွင် ကိုယ်ရံတော်များ သက်တော်စောင့်များအားတခွန်းမှ ကားထဲတွင်စကားမပြောတော့။
အိမ်သို့ရောက်သောအခါ ရေချမ်းချမ်းလေး တခွက်တောင် မသောက်နိုင်ပဲ ဦးစန်းယု ကို ဖုန်းဆက်ပါတော့၏။
“ဟယ်လို ..ဦးစန်းယုလား မောင်မောင်ခ ပါ ..ဟုတ်ကဲ့ အရေးကြီးလို့ ဗျာ ဦးစန်းယုကို ဖုန်းပေးလိုက်ပါ နှိုးပေးပါ ဟုတ်ကဲ့ ...အင်း...ဟုတ်ကဲ့...ဟုတ်ကဲ့... ”
“ဘယ်လိုဖြစ်တာလဲဗျာ စောစောစီးစီး ရေးကြီးသုတ်ပြာ ဗကပတွေ ရန်ကုန်ဝင်စီးလို့ လား ”
“မဟုတ်ဘူးဗျို့..ကျုပ် မနက်က ကန်တော်ကြီးပတ်ပြေးတာ ဗိုလ်ချုပ်ကြေးရုပ်ကစကားပြောတယ်ဗျ”
“ဘယ်လို ...ဘယ်လို ဗိုလ်ချုပ်ကစကားပြောတယ် ဟုတ်လား” ဦးစန်းယုစိတ်ထဲတွင် ပဲပြုတ်နှင့်နံပြား တော့ တောင်းပြီထင့် ဟု တွေးလိုက်မိ၏။
“ဟုတ်တယ်ဗျို..ဟုတ်တယ် မြင်းစီးချင်တယ်တဲ့ ဗျ”
“ဟေ့ မဟုတ်တာဗျာ ပေါက်တတ်ကရ” ဦးစန်းယု စိတ်မရှည်တော့ ဖုန်းချရန်ပြင်၏။
“ဦးစန်းယုရေ မယုံရင် ခင်ဗျားကိုယ်တိုင်မနက်ဖြန်မနက် လိုက်လာခဲ့ မပြောမရှိနဲ့”
“အေးဗျာ ကြားကြားဖူးပေါင် ခင်ဗျားပြောတာဆိုတော့လဲ မနက်လိုက်ရတော့မှာပေါ့”

.....................................................................................................

ဝေလီဝေလင်း မနက်စောစောတွင် ဦးမောင်မောင်ခနှင့် ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ကို ပတ်၍ ပြေးနေကြ၏
ဗိုလ်ချုပ် ထံမှ စကားသံထွက်မလာသေး။ ပဲပြုတ်သည် ပဲပြုတ် အစိတ်သားခန့်  စက္ကူကန်တော့ လေးထဲထည့်ပြီးချိန်လောက်အကြာတွင်တော့
“ဟေ့ကောင်တွေ ....ဒီနေ့ မင်းတို့ က နှစ်ယောက်ပါလားကွ”
ဦးစန်းယု မရှိမယ့်ရှိမယ့် ဆံပင်မွှေးများထောင်ကုန်၏ အီးပါချင်သလိုလို သေးပေါက်ချင်သလိုလိုဖြစ်လာ၏ ပြီးတော့တဆက်ထဲပင် သတိပါဖမ်းဆွဲမိသွားပြီး “ဟုတ်ကဲ့ပါဗိုလ်ချုပ်”
“အေး ..ငါညောင်းတယ်ကွ မြင်းစီးချင်တယ် ကြားလား”
“ဟုတ်ကဲ့ပါဗိုလ်ချုပ် ဖြစ်စေရပါ့မယ်” ဟု သံပြိုင်ဖြေလိုက်ကြကာ နှစ်ဦးသား ကုတ်ကုတ် ကုတ်ကုတ်ဖြင့် အိမ်အပြန်လမ်းတွင်တိုင်ပင်လာခဲ့၏ ။ “နံပါတ်ဝမ်းကြီးကိုတော့အသိပေးမှဖြစ်မယ် ”
ဟု ဦးစန်းယုကအဆိုတင်သွင်းသောအခါ...
ဦးမောင်မောင်ခက“ ဥက္ကဌကြီးသိမှဖြစ်မယ်ဗျ ဟုတ်တယ်” ဟု ထောက်ခံလိုက်၏ ။ သို့ ကလို ဆရာများက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အဆိုတင်သွင်းကာ ရှယ်ယာခွဲပြီး လစ်နေကြဆိုတော့ အလုပ်ကိုဖြစ်နေကြ၏။
သို့ဖြင့် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့  သည် ဗိုလ်ချုပ် ညောင်းတော်မူသည့်ကိစ္စကို မယားများကြားဗျာများနေသော ဥက္ကဌကြီး ဦးနေ၀င်းအားမည့်အချိန်ကို စနည်းနာကာ တင်ပြလိုက်ကြ၏။
ဦးနေ၀င်းက မယုံ သူပါလိုက်မည်ဆိုလာပြန်သဖြင့် နောက်နေ့ မနက်စောစော ဦးနေ၀င်း ပါ ပါလာမည့်အတွက် လုံခြုံရေး ထပ်မံချရန် ညွှန်ကြားကြရပြန်၏။
...................................................................................................................
မနက်စောစော သုံးယောက်သား ဘောင်းဘီတိုများ ဖြင့် ဗိုလ်ချုပ်ကို ပတ်ပြေးနေခဲ့ကြသည်မှာ တော်တော်ကြာခဲ့ပြီ ဦးနေ၀င်းဆာလှပြီ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲ ပြာလှပြီ ။
ဗိုလ်ချုပ်ကျောက်ရုပ်က စကားတခွန်းမှမထွက် ... နေလည်းအတော်မြင့် ပြီ ဦးနေ၀င်း ဒေါသူပုန်ထကာ ဦးစန်းယုနှင့် ဦး မောင်မောင်ခ အား ငါ ချင်းမအေချင်းမိုးမွှန်အောင်ဆဲဆိုပြီး
ပြန်သွားတော့၏။ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲမျက်နှာငယ်လေးများဖြင့် အိမ်သို့ ပြန်ကြတော့၏။
အိမ်အပြန်လမ်းတွင် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့ မကျေနပ်ကြ ဗိုလ်ချုပ် ကတော့ သူတို့ ကို ချောက်ချတာပဲဟု တွေးကာ ၀မ်းနည်းနေကြရင်း နောက်ထပ် တခေါက်နှစ်ယောက်ထဲ ထပ်သွားရန် ဦးမောင်မောင်ခ မှ အဆိုတင်သွင်းပြီး
ဦးစန်းယုကထောက်ခံကာ သဘောတူလိုက်ကြ၏ ။

...........................................................................................................................

မနက်စောစောတွင် ဦးမောင်မောင်ခ နှင့်ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကျောက်သမံသလင်း ကြမ်းပြင်ပေါ်သို့ ခြေမှမချခင် ဗိုလ်ချုပ် ၏ ကြိမ်းမောင်းသံကိုကြားလိုက်ရသဖြင့် လန့် သွားကြ၏။
“ဗိုလ်ချုပ်ရယ်မနေ့ က ကျနော်တို့ ကို တမင်သက်သက် အချွန်နဲ့မလိုက်သလိုပါပဲလား ဗျာ ” ဟု ဦးစန်းယုက မရဲတရဲ ငြီးပြောပြောလိုက်သောအခါ
ဗိုလ်ချုပ်က“ ဟေ့ကောင် စန်းယု နဲ့မောင်မောင်ခ ၊ ငါ မင်းတို့ ကိုပြောတာ က မြင်းစီးချင်တယ်ပြောတာ မင်းတို့ခေါ်လာတာက နွားကြီးကိုကွ ” ဟု ဒေါနှင့်မောနှင့်ပြောလိုက်ပါတော့သတည်း။

..............................................................................................................................................

ပုံပြင်ဆုံးသွားသောအခါ အဘိုးသည် “တဟားဟားရယ်ရင်း အဲသလို ငါ့မြေးရေ ငါတို့တိုင်းပြည် အုပ်ချုပ်နေတဲ့ ကောင်က နွားဆိုတာ လူမပြောနဲ့ အသက်မဲ့ တဲ့ကြေးရုပ်ကတောင်သိတယ်ကွ ”
ဟုပြောရင်း သူ၏ လေးလံ သော ခန္ဓာကိုယ်ကြီးဖြင့် ဖြေးဖြေးလေးလေးထကာ စစ်သဘက်လေးဖြင့် သူ့ လက်ဖျံသို့ပုတ်လိုက်ရင်း ခြံရှေ့ တံခါးပိတ်ရန်တရွေ့ရွေ့ဖြင့် ထွက်သွားပါတော့၏။








ငြိမ်းဇေဦး



ပြုကြ



တချို့ က ရေမချိုးပဲ အ၀တ်ခဏခဏချွတ်ချင်လို့
အိမ်ထောင်ပြုကြ။


တချို့က ဘ၀တစ်ခုအတွက် အသည်းကိုလက်ဖွဲ့ လို့
အိမ်ထောင်ပြုကြ။

တချို့က ချစ်သူနဲ့ တည်ဆောက် တမိုးအောက်
တယောက် အချစ်နဲ့
ဘ၀သစ်အတွက် အိမ်ထောင်ပြုကြ။


ပြုကြ ပြုကြ ပြုနိုင်တုန်းပြုကြ
ဖြေးဖြေး ပြုကြ ။


ငြိမ်းဇေဦး

အနှစ်ရတနာမွှေး

ဆုံးရှုံးရမှုတွေက
ဆွဲချသွားပြန်ပါပြီ
အနှစ်ရတနာမွှေး ကို
အချစ်အနာသွေးအဖြစ်နဲ့...။

ငြိမ်းဇေဦး

သေလိုက်ကြ

လိပ်သဏ္ဍာန်သဘာဝနဲ့
ပဋိသန္တာရ စကားတွေ ဥ ဥနေတဲ့
ဥပဲ ဥ နိုင် သူတွေ

အဲဒီအင်္ကျီလေး သိပ်လှတယ်
အဲဒီဖိနပ်ကလေးကိုကြိုက်တယ်
အဲဒီဆံပင်ပုံလေး မိုက်တယ်
သေလိုက်ကြ....။


ငြိမ်းဇေဦး

I scream


Come on floozies! I called out
here we have a party brought
inspire me with dandy crowd

Nyein Zay Oo

ကြိုး


အဲဒီ စိတ်ကျမှုတွေကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာ
တွဲလောင်းကျနေတဲ့ကြိုးလေ။

မနက်ဖြန်ဟာ မသမာသူတွေရဲ့ထံမှာ
အပေါင်ဆုံးသွားပြီ ဒီတော့ အတိတ်ထဲ ဖြဲဝင်လို့
လှဲချင်လဲလှဲကြ
ငါတော့သန်ဘက်ခါကို
ု ခြင်္သေ့ တကောင်လို ခုန်ကူးလို့ရမယ့်ကိစ္စတွေအတွက်
အဂ္ဂိရတ်သမားတယောက်လို ဖော်စပ်ဦးမယ်။

ဖြစ်ချင်ဖြစ်မဖြစ်ချင်နေ
ငါ့မုတ်ဆိတ်တွေဖြူနေအောင် နေရောင်ကို ငါ မခိုးခဲ့ဖူးဘူး
နေရောင်က ငါ့ကို ဘာဘီကျူးလုပ်ချင်နေတာ ငါသိတာပေါ့
ငါကနေရောင်ကို ဘယ်လိုအသုံးချရမလဲတွေးတာလဲနေရောင်သိတာပေါ့။

ငါဟာ ကမ္ဘာကို ယက်လုပ်သူမဟုတ်ဘူး
ငါဟာ ကမ္ဘာကို လောက်စာလုံးလိုလုံးသူမဟုတ်ဘူး
စင်္ကြ၀ဠာကြီးက ငါ့ကို ခဏခဏထွေးထုတ်ခဲ့တယ်
ဒါကသူထင်တာ
အမှန်က ဆွဲအားမဲ့သွားတဲ့အဖြစ်နဲ့
ပေါလောမျောနေတဲ့နဂါးငွေ့တန်းတွေနင်လို့
သူ့မှာချောင်းတွေဆိုးရ။

ငါဟာစိတ်ကျမှုကြိုးကို တင်းတင်းဆွဲလို့
ခပ်ရဲရဲပြန်တက်ခဲ့ပြီ
ကမ္ဘာကြီးကရယ်လို့
စင်္ကြ၀ဠာကြီးက ကိုလံဘီယာကော်ဖီတခွက်သောက်လို့
ငါက ဘာမှမဖြစ်ခဲ့သလိုနဲ့
စီးကရက်တစ်လိပ်ကို သဂြိ င်္ုလ်လိုက်တယ်
ငါ့ကို မြန်မြန်သဂြိ င်္ုလ် ကြဖို့ ။

ငါဟာစိတ်ကျမှုကြိုးကို သေသေသပ်သပ်ခွေလိုက်ပြီ
အိတ်ကပ်ထဲကို ကျကျနနထည့်လိုက်တယ်
ခေါင်းနှစ်ဖက်ပါတဲ့မြွေတကောင်လို
သူ့ကို လုပ်စားရတော့မယ်
အလမ္ပါယ်ဆရာဖြစ်ခဲ့ရပြီပေါ့


ခုတော့ အဲဒီကြိုးဟာ ငါလိုရာ အမြင့်မှန်သမျှ ဘယ်လိုတက်ရမယ်ဆိုတာ
သေသေချာချာလည်းသင်ပေးခဲ့ပြီ ။

ကဲ ..ကော်ဖီတခွက်တိုက်ပါ စင်္ကြ၀ဠာကြီးရေ
ဟာသတွေပြောပါကမ္ဘာကြီးရေ
အကျည်းတန်နေတဲ့လှပမှုတွေဟာ တီဟီရန်က အပျိုမ လို ဆိုတာ
ငါရှာဖွေတွေ့ရှိခဲ့ရပြီ။

ငြိမ်းဇေဦး

Postmortem

covetous eyes
being trapped in the wild
'isn't it peculiar?' a mellow leaf whispered in rhyme
and swiftly dropping down like a prisoner on the gallow
and thought surfing without suffering like a sparrow


covetous eyes
like the fishing poles
diving tangibly in the dead flow
where human were moving without souls
'isn't it peculiar?' a girl shattered in sorrow
and glittery tears hanging down like the undertaker of her ego
and stopped lurking without asking like a tadpole

covetous eyes are now trying to dig out
cavorting ... cavorting.. like spring's sprouts....

Nyein Zay Oo

ညလည်ခရီး





ငြိမ်းဇေဦး(digital art)

Magnetized floating




ငြိမ်းဇေဦး(digital art)

လူဖျင်းဖြစ်ရခြင်းအကြောင်း

လူဖြစ်လာတာနှစ်ပေါင်း သုံးဆယ်ကျော်ပြီ
ဒီနှစ်သုံးဆယ်ကျော်မှာ ခေါင်းခါခြင်းအတတ်ကို
သိပ်နောက်ကျမှ တတ်ခဲ့ရတယ်

ဘယ်သူ့အပြစ်တင်ရမယ်ဆိုတဲ့ လက်ညှိုးကိုလဲ
ဖြောင့်ဖြောင့်မထိုးတတ်သေးဘူး

ခင်သမျှကို ရင်ဝသွန်ပြီး ဆက်ဆံတာ

ဟင့်အင်းဆိုတဲ့ စကားတစ်လုံးကို
အများဆုံး သုံးခဲ့တာ တဘ၀လုံးမှာ
အခါ တရာမှ ပြည့်ပါ့မလား။


သံသယတွေဆင်းရဲတယ်
စဉ်းစားဥာဏ်နည်းခဲ့လို့ထင်ပါရဲ့။

ဘ၀ပေးချစ်မိသူကို
တညလေးမှ ပျော်အောင်မထားတတ်အောင်
ခပ်ကြောင်ကြောင်ညံ့ဖျင်းခဲ့တာ

ချစ်သူအပေါ်မှာ ပျော်ပါစေဆိုတဲ့စိတ်ရင်း
ချစ်သူကို ဘ၀ထက်ပိုချစ်တဲ့စိတ်ရင်း
အဲဒီစိတ်ရင်းတွေကို ကြောင်လက်သည်းလိုဝှက်ထားတတ်တာ

ချစ်သူက မုန်းတယ်ပြောရင်တောင်
ချစ်သူကို ၀မ်းနည်းပြုံးနဲ့နားလည်စေချင်တဲ့
အားငယ်တတ်သူဖြစ်သွားတာ။

ငါဟာ
ဘ၀ကို ကျရာနေတဲ့ ရွက်ကြွေပါပဲလား
အချိန်မှားတွေကို စိန်သွားနဲ့ထိုးခွဲလို့
လှလှပပ
ငြင်းဆန်ဖို့သင်ယူဦးမှ.......................။


ငြိမ်းဇေဦး


Monday, July 14, 2008

မသွေ့ သေးသော အငွေ့များ၏ အသံကိုနားထောင်ခြင်း

ငယ်ငယ်တုန်းက
ကလေးပဲ ။

ကလေးဆိုတော့
ကလေးလိုပဲ အထင်ကြီးလဲခံချင်
အသိအမှတ်ပြုလဲခံချင်
မပြည့်တဲ့အိုးရဲ့ ဘောင်ဘင်ခတ်မှုတွေနဲ့...။

စကားလုံး လှည်းဘီးလောက်ကြီးတွေ
ပါးစပ်က လှိမ့် လှိမ့်ထွက်လာလိုက်တာ
မသက်မသာ....။

နည်းနည်းလေးလဲ ဆရာလုပ်လိုက်ရမှ
သိသမျှနည်းနည်းကိုလဲ
သည်းသည်းမည်းမည်းကြွားလိုက်ရမှ
နေရထိုင်ရ အဆင်ပြေသဗျ...။

ငယ်ငယ်ကပေါ့လေ
ငယ်ငယ်ကပေါ့
ခုတော့ ဘောင်ဘင်ခတ်စရာမလိုတော့ပါဘူး
ဘာကြောင့်ဆို ..ပြည့်သွားလို့မဟုတ်ပါဘူးလေ
သွေ့သွားလို့ပါ.............။

ငြိမ်းဇေဦး

ချစ်သူတိုင်းလဲညားကြစေ



အချစ်ဆိုတဲ့အရာကြီးကို
ဒူးရင်းသီးလို မြည်းခဲ့ဖူးသတဲ့
ဒင်း ဆိုတဲ့ ဟာကြီးက.....။

အောင်မယ် ပြောင်တယ်နော်
အပျော်အပျက်နဲ့ ဟိုဖက်က ကောင်လေးကိုတောင်
သူယောင်မယ်လို တန်ခိုးနဲ့
မရိုးမရွဖြစ်အောင် လုပ်သတဲ့
အလဲ့....။

တို့တွေက နင်ဆိုတာ
မွေးကတည်းက လင်စိတ်သားစိတ်ကုန်နေတဲ့
မှုန်ကြီးလို့ ထင်ခဲ့တာဟဲ့
မှားတဲ့အခါလဲမှားပေမပေါ့....။

အချစ်ဆိုတာ တကယ်တော့
ဖိနပ်အသစ်လေးပါ
စီးစမှာတော့ ခြေထောက်နာတတ်တာလဲရှိ။

အချစ်ဆိုတာ တကယ်တော့
ကိုယ်ဝန်တားဆေးပါ မတည့်တဲ့အခါ ၀လာတတ်တယ်။

အချစ်ဆိုတာ တကယ်တော့
မြင်းတစ်ကောင်ပါ စီးရာလူစေရာသွားတယ်။

အချစ်ဆိုတာ တကယ်တော့
မမြရင်ရဲ့သီချင်းပါ ဒေါ်လာပြားကြီးဆယ့်ငါးပြားနဲ့
ခါးကိုင်းနေရတတ်တယ်။

အချစ်ဆိုတာ တကယ်တော့
မြစ်တစ်စင်းပါ စီးဆင်းတတ်တဲ့သဘောလဲရှိတယ်။

အချစ်ဆိုတာ တကယ်တော့အချစ်ပါဟာ
မယုံရင် ထုံကျင်နေတဲ့အချိန် ထပြေးကြည့်
အဲသလိုအသိတွေလဲရစေတတ်တယ်.........။

အချစ်ဆိုတာ တကယ်တော့
ကမာရွတ်က မာမွတ် သမီးလေးဆိုတာကလွဲလို့
ငါလဲ သေချာ မသိမှတော့
ဒီ စကား ၀ိုင်းမှာ ငါ မပါတာ အကောင်းဆုံးဖြစ်မယ်ထင်ပါ့
ကဲ ...အဲသလောက်လွယ်နေမှတော့
ချစ်သူတိုင်းလဲ ညားကြစေ.............။


ငြိမ်းဇေဦး








အနုလုံ ပဋိလုံ




ဘာမှ မကျန်လို့
မာနအလံထူမိကြသတဲ့။

စားသုံးခြင်းတွေမွေးဖွားနေလိုက်တာ
ဟိုက်ဒရိုဂျင်ဗုံး တွေ တ၀ုန်းဝုန်းပေါက်သလို
ဆာလောင်ခြင်းတွေကလဲကြီးထွားလှချည့်။

ကမ္ဘာမှာ အစာပြဿနာ
လောင်စာ ပြဿနာ
နယ်မြေပြဿနာ
စစ်မက်ပြဿနာ
အို...ပြဿနာတွေကစုံမှ စုံ
ဟိုကောင်မလေး ပြောသလိုဆို
အမျိုးစုံ ကြိုးခုန်နေကြတာပေါ့...။

ဒီမယ် မမအေးရယ်
ကလေးတယောက်နဲ့ တူတဲ့
အပျိုကြီးရဲ့ ....

တကယ့်ပြဿနာတွေရဲ့အရင်းအမြစ်က
အချစ်တဲ့ ...
အဲဒါ ရှားပါးရင်
အဲဒါ အတုဖြစ်ရင်
အမှုအသစ်တွေတိုးသတဲ့...။

လင်လိုမယားလို အချစ်တွေကို ဆိုလိုတာမဟုတ်ဘူး
ခွေးလိုနွားလို အချစ်တွေကိုဆိုလိုတာမဟုတ်ဘူး
အသွေးမလို အသားမလိုတဲ့ သားလိုသမီးလိုအချစ်တွေနဲ့ဆိုရင်
သွေးကြောတမျှင် ဟာ ပေါင်မုန့်တချပ်
ဝိုင်တခွက် လည်ပတ်စီးဆင်းရာ
အဟာရ သိဒ္ဓိတွေ အစပျိုးရာ
မေတ္တာ ပိုက်လိုင်းကြီးပါ မမအေးရဲ့...။

ည ည တွေးပြီး
အိပ်မရ စိတ်မချ
သူခိုးရွှေရ တပြပြ မလုပ်မိတဲ့
အုံ့ပုန်းချစ်တွေနဲ့
ဒေါမနဿတွေ ပွားမနေနဲ့ မမအေးရဲ့ ....
လှလှလေးနေ
မိတ်ကပ်တွေ ပျက်ကုန်အောင်
လက်ကုန် ကြိတ်ငိုပြီး စိတ်မတိုပါနဲ့ မမအေးရဲ့...။

ခင်ဗျားပစ်တဲ့
မျှားအစစ်တွေ အလကားမဖြစ်အောင်
အားအသစ်တွေမွေးလိုက်ပါဦးမမအေးရဲ့
တခါမှ လူမရောက် ငှက်မနား ယင်ဖိုတောင်ဖြတ်မသွားဖူးတဲ့
အဲဒီ စိတ် သားအိမ် အားကောင်းကောင်းနဲ့.......။


တခါတခါတော့လဲ မမအေးရေ
ဘာမှ မကျန်သူ အတွက် မာနအလံထူဖို့တော့လိုတာပေါ့ဗျာ
ဒါလဲ မုန်းစရာတော့မဟုတ်ပါဘူး....။


ပြဿနာက ဇာတ်မနာဖို့
အဖြစ်အပျက်က စစ်မက်မစဖို့
အရာရာကို ဘာဝနာလိုရှုကွယ့်
နှိုးစက်မြည်တဲ့အခါ ပြန်ထ
ဒါ ဘ၀ရဲ့ ရပိုင်ခွင့်တွေပဲ
အသည်းနာတာကို ပုလဲ ရတနာဖြစ်အောင်လှည့်ပြောင်းနိုင်စွမ်းရှိပါကွယ့် မမအေးရဲ့...။

နိဂုန်းချုပ် မှာတော့
ကမ္ဘာကြီးရဲ့ ပြဿနာတွေထဲ
အသည်းကွဲမှု တဧက ကို ရွှေချပြီး ကိုးကွယ်တဲ့အခါ
လွမ်းတာကို က ဘာသာရေးဖြစ်လာတတ်တယ်
မုန်းတာကို က ဘာသာရေးဖြစ်လာတတ်တယ်
ရှုံးတာကိုက ဘာသာရေးဖြစ်လာတတ်တယ် မမအေးရဲ့
ကဲ ...ကလေးလို သန့်ရှင်းသော ၀ိဥာဉ် နဲ့
အိပ်တော့ကွယ့်နော်.............။

ငြိမ်းဇေဦး

မွေးနေ့ဆုတောင်း



လိုရာပြည့်ဝ
ဆန္ဒစေရာ
အရာရာဖြစ်
အကောင်းအသစ်တွေ
ရပါစေသား။

ငြိမ်းဇေဦး

Sunday, July 13, 2008

နေတတ်အောင်နေ



စိတ်မရှိနဲ့ ညီမ ပိတ်မိတဲ့ဘ၀မှာ
အသာမှေးပြီး တေးတပုဒ်ကိုငြီးနိုင်မယ်ဆိုရင် ..
ညိုညင်စရာတွေတောင် တောက်ပြောင်လာမယ်။

အဲဒီအခါ ခုလို ကဗျာလေးတွေဖူးပွင့်လို့
ပိတ်မိသူချင်းဝေမျှပေါ့...။


ငြိမ်းဇေဦး

Saturday, July 12, 2008

Phantasm





ငြိမ်းဇေဦး(Acrylic)

အချောင်းအကျစ်


ကြံ တစ်ပင်ကို
လူမမြင်ခင် ချိုးလာခဲ့တယ်
ဓါးမရှိဘူး
ကိစ္စမရှိဘူး သွား ရှိတယ်။

ကြံဖတ်ကိုပါးစောင်ကိုက်ခွာတယ်
သွားနာတယ် တကယ် မာတဲ့ကြံ။

ချို လို့အေးလို့
အရည်ကရွှန်း လူကို လန်းသွားသပ။

အချောင်းအကျစ် ကို တဆစ်ခြင်းခွာ
အသာဝါး ဖြေးဖြေး အရသာခံ
ဘာမှမကျန်တဲ့ အဖတ်တွေ ထွေးထွေးချ။

သြော် ...ဒါနဲ့ ကလေးမရယ်
အချစ်အကြောင်းကတော့
အချောင်းအကျစ်ပါပဲကွယ်
ဘယ်လိုဝါးဝါး ချိုသွားရမယ်ဟဲ့။

ငြိမ်းဇေဦး

Burmese family dinner




ငြိမ်းဇေဦး(Acrylic)

အာရောဂျံ အသိုး များ

ဖြစ်တတ်တယ်
စိတ်ဝင်စားမှုတွေ ခြေဆုပ်လက်နယ်ပြုကြ ။


လူ့ဘ၀ဆိုတာ တကယ်တော့ ဘေးမဲ့တောကြီးပဲ


သားရဲ တိရိစ္ဆာန် တစ်ကောင်က
ပေါင်ပေါ်မှာ ကွန်ပြူတာပါးပါးလေးတင်လို့
စင်္ကြ၀ဠာကြီးရဲ့ ဇကာပေါက်တွေကို ကောက်ယူ။

စရိုက်တွေ လေ
စရိုက်တွေပေါ့
မိတ်ကပ်ဖျော့ဖျော့လေး ပွတ်လို့
ဇွတ် ကို လှချင်နေကြတာ
ခါတော်မှီ ရောဂါတွေနဲ့
တောမှာသွားပြောကြ။


မနေ့က တညလုံး အိပ်ပျော်ဖြစ်တယ်
အဲဒီအတွက် အသည်းရဲ့ကျန်းမာရေးနဲ့ လဲခဲ့ရတယ်
အိပ်ဆေးလိုတဲ့ အရက်သမား
တခါတခါများ နွားလိုသောက်
ပက်လက်မှောက်
ကောင်းလိုက်တာ
တယောက်ကိုမှ သတိမရ။

အဲဒီဖြစ်တတ်မှုဖြစ်စဉ်ထဲမှာ
ချစ်ရင်လဲညှာတတ်တဲ့ အားနည်းချက်တွေနဲ့
ကစားကွက်တွေ ပျောက်ခဲ့တာ ကြာပြီလေ..။

ငြိမ်းဇေဦး

Friday, July 11, 2008

Addictive


ငြိမ်းဇေဦး (Acrylic)

လော်စပီကာမ

တချို့မိန်းမ များ
သူ့ အမေ သန္ဓေသားကိုလွယ်ချိန်မှာ
လော်စပီကာကြီးစားချင်တယ်လို့ ချင်ချင်းဖြစ်ပြီး မွေးလာသလားမသိ
အသံက တော့ အမှန်အကန်ကျယ်တာဟေ့..............။

ဝုန်းဒိုင်းဂွမ်း
ဂျမ်းဘုံ မှ ဂျမ်းဘုံ
ဒါပေမယ့် နှုတ်ခမ်းတစ်စုံကို နမ်းကြည့်
ရေညှိလို ချောမွေ့လို့ သဘောတွေ့ငြိမ်သက်............။

ငြိမ်းဇေဦး

တကီလာ ညနေ


ပါ ပ ဂြိုလ်တွေ ခြေပုန်းခုတ်ချိန်မှာ
မိုးပေါ်က အပ်နဲ့ မြေကြီးက အပ်
ထပ် ကနဲ အရှိန်နဲ့ ထိခဲ့တာပေါ့
အဲဒီမှာငြိမ်းဇေဦးဆိုတာ
လူ့ဘ၀ကို ဗီဇာရခဲ့တယ်
တကယ့် မနုဿတ္တဒုလ္လဘ ...။

တည တခါ ဘ၀နာလွန်းတယ်
ဘ၀နာလွန်းတယ်နဲ့
နယ်လှည့်တရားဟော ဆရာလို
သူ့ကိုယ်သူ လိမ်ရတာလေ။

အဆင်မပြေတဲ့အခါ ဘ၀ကိုကျိန်ဆဲပြီး
လူမစွမ်းနတ် မ တဲ့ဖြစ်စဉ်ထဲမှာလဲ
သွားကြီးဖြဲလို့ တဟဲဟဲ.....။


မချစ်လို့ပုန်းသူအတွက်လဲ
ချစ်လို့ မမုန်းသူက
ခင်ဗျားကို မုန်းတယ်လို့
မဖုံးကွယ်ပဲ သူ့ ရှင်မီးအင်္ကျီကို ဟပြခဲ့တယ်
ရင်ဘတ်က ဒဏ်ရာကို ပလာစတာနဲ့ တောင် မကပ်နိုင်အား...။

မာန နဲ့ ဗျာပါဒများနေတဲ့ သတ္တ၀ါပါ

နိရောဓသစ္စာ ဆိုတာ
ပရိသောက အဖြစ်ပါလို့
လွယ်လွယ် ဘာသာပြန်ချင်တဲ့
ဟိုမတတ်ဒီမတတ် ကောင်လေ
ယုန်ထောင်ကြောင်မိတဲ့အခါတိုင်း
ရင် ကော့ပြီး မိတဲ့ကြောင်ကို ရင်ခွင်ပိုက်
ကြင်နာလိုက်တာ သူ့ အပြင်ဘယ်သူမှမရှိ
ယုန်မမိတော့လဲ ညစာငတ်ရုံကလွဲလို့
ဟောဒီကြောင်ကလေးကို အမြဲအဖော်လုပ်လို့ရတာပေါ့ဆိုတဲ့ စိတ်နဲ့
အရိပ်မဲ့ နေတဲ့တစ္ဆေပေါ့...။


ဒီည ငြိမ်းဇေဦးဟာ
မေတ္တာတရားနဲ့ ခဏ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုလက်မှတ်ထိုးထားတယ်
ဝယ်လာတဲ့ တကီလာကို ပန်းချီဆရာတယောက်လို
မျက်နှာမဲ့ပြီး မြိုချလိုက်ပြီ................။

ကမ္ဘာမြေကတော့ သံဝေဂ အထပ်ထပ်နဲ့
အညိုညင်ပေးခံနေရတုန်းပေါ့............။


ငြိမ်းဇေဦး

နောင်တ သချိုင်္ င်း


သတ်ခဲ့ပြီးပြီ မဟုတ်လား
တချက်မှ မတုန့်ပြန်ပဲ ငုံ့ခံပေးခဲ့တာပါအချစ်ရယ်
ဘယ်တော့မှနောင်တမရနဲ့ကွယ့်
အပြစ်တင်မယ့်သူထဲမှာ သေပြီးသားသူမပါပါဘူးကွယ်..။

ငြိမ်းဇေဦး

အခါတော်ပေး နတ်မရေးသော်

ဆံပင် အနက်ရောင်တလွင့်စာ ကြာတော့ကြာခဲ့ပြီ….။
အဲဒီနေ့က ဘုရားမုဒ်ဝမှာ စက်ဘီးလေးတွေကိုယ်စီရပ်လို့ အုတ်ခုံ ပလက်ဖောင်းလေးပေါ် တန်းစီထိုင်ကြရင်း ဘုရားဝန်းရှေ့ စာအုပ်အငှားဆိုင်သို့ လာကြသော မြို့ ဂုဏ်ဆောင် ဗိုင်းကောင်းကျောက်ဖိလေးများ ကို တာဝန်အရ ငေးရင်း ထုံးစံအတိုင်း စကားတွေပြောဖြစ် တိုင်ပင်ဖြစ်ကြ၏။

ကွမ်းသမားက ကွမ်းယာ ထုတ်ကို ဖြေကာ ဗမာဆေး နှင့်အာမွှေး ပါသော ကွမ်းယာကို လက်ကမ်းပေး၏ ၊ ဆည်းလည်းသံတို့ က တချွင်ချွင် ခပ်ဝေးဝေး ဘုရားပရ၀ဏ်အတွင်း တနေရာမှ တစုံတစ်ယောက်၏ ဆုတောင်း ခေါင်းလောင်းထိုးသံကလဲ ကားသံ လူသံ မြင်းလှည်းသံတို့ ကြားသို့ဖောက်ထွက်လာ၏ ၊ သူ့ ဆုတောင်း ဘယ်လောက်ပြည့်မည်ကိုတော့
ဘယ်လိုဆုမျိုးကို ဘယ်လို ကာလအတွက်သူတောင်းခဲ့သည်ဆိုသောအပေါ်မူတည်၍ ဆုတောင်းသူနှင့် ဘုရားသာသိပေလိမ့်မည်။

ဂျူဒိုချန်ပီယံ က “မရိုးမရွဖြင့် လက်ဖက်ရည်ဆိုင်သွားကြမယ်ကွာ”
“ပိုက်ဆံပါဘူးကွ” လို့ ပြန်ပြောလိုက်တော့
“ငါ တိုက်ပါ့မယ်ကွာ မင်းကလဲ သွားကြမယ်” ဟု ဂျူဒို ချန်ပီယံ ကပြန်ပြော၏။

အမှန်တော့ လက်ဖက်ရည် ဆိုင် ဆယ်ခါထိုင်လို့ ကျနော်ဆိုတဲ့ကောင်က တခါ မတိုက်နိုင်တဲ့ကောင် နောက်တော့ အားလုံးထဲတွင် ရည်းစားလဲ တခါမှ မထားဖူး ထားရန်လဲ အစီအစဉ်မရှိသည့်ကောင် ၊ ရည်းစား စာပေးကြည့်ဖို့လဲ တီထွင်ဥာဏ်မစူးရောက်ခဲ့ မွဲလှသည့် ဘ၀လေးမှာ တခါထဲ အမဲရိုး နှယ် ဟင်းအိုးမှ အားမနာဟု ပစ်ပစ်ခါခါပြောခံလိုက်ရလျှင် မတွေးရဲ သတ္တိမရှိ ထို့ ကြောင့်လဲဖြစ်သည်၊ ဆိုင်ထိုင်တိုင်းလဲ
သူငယ်ချင်းများက သာ တိုက်သွားကြသည်မှာများ၏ မွဲခဲ့ပုံက အဲသလိုပါ။


လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်မှာသောက်ပြီးတော့ ခဏ သီချင်းနားထောင်ကြ၏။
ပြီးတော့ အုပ်စုလိုက် စက်ဘီးလေးများဖြင့် ဘုရားကြီးဖက်သို့ပြန်နင်းလာကာ စောစောက ထိုင်ခဲ့သော နေရာလေးတွင်ပင်ပြန်ထိုင်ဖြစ်ကြ၏။

“ ပပ တို့ ပြောင်းတော့မယ်ကွာ” ဟု စာရေးဆရာ လိုလို ပန်းချီဆရာလိုလို ဘုရားဒကာပေါက်စ က ပြော၏။
“ဟာ ဒါဆို မင်းတို့ဝေးပြီပေါ့ကွ ၊ တခုခုတော့မင်း လုပ်သင့်တယ်နော်” အမြဲတန်းစကားပြောတိုင်း ရယ်တတ်သည့် ရိုးလွန်းလှသည့် ကွမ်းသမားက စပြီးပြောလာ၏။
“အေးကွာ ငါဘာလုပ်ရမှန်းမသိဘူး ” ဘုရားတကာပေါက်စက စကားအဆုံးမှာ ကတ္တရာလမ်းအစပ်မှ ခဲလုံး သေးသေးလေးများကိုကောက်လျှက် လမ်းမပေါ်သို့ တချက်ခြင်း ပစ်နေ၏။
“ ဒါများလွယ်ပါတယ် ..ငါတခုမေးမယ် ကွ အဲဒါမင်းသေချာစဉ်းစားပြီးဖြေ”
ကျနော်က ဆရာကြီးလေသံဖြင့် ဘုရားတကာကိုမေးတော့ ဘုရားတကာက “အေးပြောဘယ်လိုလုပ်မလဲ” ဟု အားကိုးတကြီးမေးလာ၏။

“မင်း.. ပပကို ယူနိုင်သလား ”
“အေး ယူနိုင်တာပေါ့ကွာ သိပ်ချစ်တာပဲ ခြောက်တန်းကတည်းကဖြစ်လာတာမင်းကလဲ”
“ဟုတ်ပြီ ဒါဆိုရင် ဒီလိုလုပ်ကြမယ်” စကားကို ခနရပ်ကာ
ဗမာဆေးနည်းနည်းများသွားသဖြင့် စပ်ပူပူနိုင်လှသော ကွမ်းယာကို ထွီကနဲထွေးထုတ်လိုက်ရင်း အိတ်ကပ်ထဲမှ ဆေးပေါ့လိပ်တလိပ်ကိုထုတ်လိုက်၏။

“ဟကောင်ရယ် ပြောမယ့်ဟာပြောစမ်းပါ ဈေးက ကိုင်နေသေးတယ်” ဂျူဒိုချန်ပီယံက မနေနိုင်တော့ ၀င်ပြောလာ၏။
“ဟကောင် ဈေးကိုင်နေတာမဟုတ်ဘူး မူနေတာမဟုတ်ဘူး ဒီကိစ္စမျိုးက သေချာရတယ် တိကျရတယ် နောက်မို့ အကုန် မြွေခြောက်ကိုက်သွားနိုင်တယ်ကွ” ဟု ဖြဲခြောက်လိုက်ပြီး ဆေးလိပ်မီးကို ညှိလိုက်၏။

“ဒီလိုလုပ်ရင်တော့ ကွက်တိ လုံးဝကျိန်းသေဖြစ်ရမယ် ကွ စိတ်ပညာသဘောအရ” ဟု စကားကိုအစချီလိုက်၏။
“ မင်း ပပ ကိုချိန်းတွေ့ဖို့  တောင်းဆိုရင် သူလိုက်လျောနိုင်မလား”
“ကြိုးစားကြည့်ရမှာပေါ့ ၊ သူက တော့လိုက်လျောမှာကျိန်းသေပါတယ်ကွ”
“အေး…ဟုတ်ပြီ ဒါဆိုရင် အင်္ဂါနေ့ မှာ ချိန်းရမယ် ”
“ဟေ ချိန်းပြီးတော့ဘယ်ခေါ်မလဲ”
“ခေါ်ရမှာက တို့ မြို့အရှေ့ဖက်ကရွာကလေး ကိုခေါ်ရမယ် ”
“ဘယ်ရွာလဲကွ”
“ ကရင်ရွာနားကရွာလေကွာ တဇောင်းကြီးကုန်းကိုပေါ့”
“ဟား..ဟား မင်း ဟာကလဲဟုတ်သေးပါဘူး ”
“အော် ငါ့နှယ် ခက်ပါလား အဲဒါ အသေအချာ အကွက်ချပြီးတော့ကို ငါ ရွေးပေးနေတာ မင်း မယုံဘူးလား မယုံရင် ငါ့အစီအစဉ်အတိုင်းမလုပ်နဲ့”
“ဟ ယုံပါတယ်ကွာ ဆက်ပြောပါမင်းကလဲ”
“အေး အဲဒီရွာကိုခေါ် ကောင်းတာကတော့ နေ့လည် မရောက်တရောက်ပေါ့ကွာ အဲဒီရွာက မင်းတို့ အိမ်မှာအလုပ်လုပ်တဲ့ ကရင်ကြီး အိမ် ကို ခနတောင်း ရမယ် ပေးပါ့မလား”
“ဟ ပေးတာပေါ့ကွ သူနဲ့ငါနဲ့ က ညီအကို လိုပဲကို”
“အေး ဟုတ်ပြီ ဒါဆိုရင် မင်း ပပ ကိုခေါ်သွားရမယ် ပီကေ၀ယ်သွားပါ ၀ါးသွားပါ ထပ်ပြီးတော့ လဲ များများဆောင်သွားပါ အဖော် တယောက်မှ သူ့ဖက်က မပါစေနဲ့
မင်းဖက်ကလဲ အဖော်တယောက်မှ မပါစေနဲ့ ကိစ္စက လုံး ၀ စိတ်ချရတဲ့ ဆိတ်ကွယ်ရာကိုဖြစ်နေရမယ်၊ ရွာကိုရောက်တာနဲ့ မင်း က သူ့ ကို အသံ တိုးနိုင်သမျှ တိုးပြီးပြော ဖြေးဖြေးလေးပေါ့ကွာ ဖီးလ်သံနဲ့ ”
“ဟီး….ရှက်စရာကြီးကွ”
“အောင်မယ် စပ်ဖြဲဖြဲလုပ်မနေနဲ့ အဲဒါထိရောက်တယ်ကွ ၊ စကားကိုဖြေးဖြေးလေးပြောပြီး သူ့ကို တဖြေးဖြေး မင်း ဆွဲဖက်လိုက် ဖြေးဖြေးလေးနော် ခွင့်တောင်းရတဲ့အမျိုးထဲမှာချစ်သူကိုဖက်တာမပါဘူး အထူးသဖြင့် ချစ်ဦးသူတွေအတွက်ပေါ့ကွာ အဲဒါက အလိုလို လိုက်လျောပြီးသားတွေ”
“ တော်ကြာပါးကျိုးနေပါဦးမယ် ကွာ” ဂျူဒိုချန်ပီယံက ကြားက ၀င် စကားထောက် လာ၏။


“ဟကောင် ..မင်း စော်နဲ့ချိန်းတွေ့တိုင်း ဘယ်သူ ပေးတဲ့အကြံနဲ့ မင်း ရေတွေဆာလာတာလဲပြောစမ်း”
“အေးပါ အေးပါ ငါ ကပြောပြတာပါ ” ဂျူဒိုချန်ပီယံက စကားနဲရန်ဆဲပြောပြီး သူ့မျက်နှာနားဝေ့ ဝဲလာသော ဆေးလိပ်ငွေ့ များကို လက်ဖြင့် ခါထုတ်နေ၏။

“ဆက်ပြောပါဆရာရယ် အားကိုးပါတယ် ” ဘုရားဒကာပေါက်စက မရိုးမရွ ထပ် တောင်းဆိုလာတော့ ဆေးလိပ်ကို မီးသတ်ကာ မတ်တပ်ထလျှက် စက်ဘီး လက်ကိုင်တွင် ညှပ်လိုက်ရင်း လမ်းပေါ်မှ စက်ဘီး နှစ်စီးဖြင့် တမင်သက်သက် ပဲပေးကာ ခြေခွင် လျှက် နင်းလာသော ကျူရှင် ပြန် ဗိုင်းကောင်းကျောက်ဖိလေးနှစ်ယောက်ကို လှစ်ကနဲကြည့်လိုက်၏။
“ အေး အဲဒီလို မင်းက သူ့ ကိုဖက်လို့ ရပြီဆိုလို့ ကတော့ အသာလေးဖက်ထား လက်က အသေလိုမနေနဲ့ လော်ကယ်ရထားရှန်တိန်လုပ်သလို မင်းလက်တွေက အထက်အောက်စုန်ဆန်ခပ်မှန်မှန်လေးပြေးနေရမယ် နားလည်လား”
“ဟုတ်ကဲ့ဆရာ”
“အေး အဲသလိုလုပ်နေရင်း သူ့ နား ရွက်နားလေးကိုသေချာကို ကပ်ပြီးတော့ ပါးစပ်နဲ့တေ့ ပြီးရင် လေသံလေးနဲ့မေး .. ပပ ဒီနေ့ဘာနေ့လဲ ဟင်လို့ ၊ သူက သိရင်ဖြေမယ် အင်္ဂါနေ့ မသိရင် မင်းကသေချာ သူဖြေနိုင်အောင် မနေ့က တနင်္လာကွာ ဒီနေ့ဘာနေ့လဲဟင်.. လို့ မေး “ဟင်” ဆိုတဲ့နေရာရောက်ရင် အသံကို တိုးနိုင်သမျှတိုးပြီးလျှော့ချရင်းမေးနော် နှာဘူး သံလို့ ခေါ်တာပေါ့ကွာ ၊ အဲလိုမေးလို့  သူက အင်္ဂါ နေ့လေ လို့ ပြောရင် သူ့မျက်နှာလေးကိုသေချာကြည့်ပြီး ဘာအင်္ဂါလဲဟင် လို့ တမင်ကို ပြုံးဖြဲဖြဲနဲ့မေး အဲဒါဆို သူက ရှက်ပြုံးပြုံးလာမယ် မင်း စော် ဒုန်းမဝေးဘူး သိလား” နည်းနည်းစကားပြောရတာမောတော့ရပ်လိုက်ရင်း ကွမ်းသမားဆီက နောက်ထပ်ကွမ်းတယာ လှမ်းတောင်းလိုက်ကာ ပါးစပ်ထဲအပြည့်ထိုးထည့်လိုက်ရင်း ခဏ ၀ါးနေလိုက်၏။

“ ဆက်ပြောပါကွ မင်းက သိပ်အိုက်တင်ခံတာပဲ” ဟု ဂျူဒိုချန်ပီယံက ပြောပြန်၏။
“ဟကောင် မင်း စော်နဲ့ တွေ့ ဖို့ အကြံပေးနေတာမဟုတ်ဘူး မင်းငြိမ်ငြိမ်နေ” ဟု ပလုတ်ပလောင်း ပါးစပ်ဖြင့် ပြန် ပြောလိုက်ရင်း ဘုရား ဒကာပေါက်စ ဖက်လှည့်ကာ“ အေး ..ပြီးတာနဲ့ မင်းက ထပ်မေးရမှာက ပပ ဒီရွာနာမည်ဘာလဲသိလားဟင်လို့ မေး၊ သူက သိတယ်ဆိုရင် ပါးစပ်နဲ့အသံထွက်ဖြေခိုင်း မသိဘူးဆိုရင် မင်းက တော်ပါပြီ ပြောမပြတော့ဘူး လို့ ပြော ဒါဆို သူက သိပ်သိချင်လာမယ် သိပ်သိချင်လာတဲ့ပုံမပေါက်ရင်တော့ မင်းက ပြောကိုပြရမယ် အေးလေ ဘာပဲဖြစ်ဖြစ် မင်းက တဇောင်းကြီးကုန်း လို့  အသာလေး ပြောလိုက် ပြီးရင် ပပ ရှေ့အပတ် အင်္ဂါအားလား ဟင် လို့ မေး သူ က ကြောင်တောင်တောင်ဖြစ်ချင်ဖြစ်သွားမယ် အဲဒီအခါ မင်းက လဲ ရိုးရိုးသားသားမေးတာမဟုတ်ဘူးဆိုတဲ့ မျက်နှာ နဲ့နေ သူက မကြောင်ပဲ ဓါတ်ပေါက်သွားလို့ ရှက်သွားရင် ပပ ရယ် အရမ်းချစ်တယ် မခွဲနိုင်ဘူးဆိုပြီး သူ့ နဖူးလေးကိုနမ်း ပြီးရင်တော့ နှုတ်ခမ်းကို နမ်း ရမယ် သူ ပြန်နမ်းလာမယ် ပြီးရင် မင်း သူ့ ကို အသာတကြည်လေးတောင်းပေတော့ အလုပ်ဖြစ်ကိုဖြစ်ရမယ် ကွာ”
“အေး ဟုတ်ပြီ မင်းပြောတဲ့အတိုင်းငါလုပ်မယ်”

-----------------------------------

ရာသီတို့ပြောင်းလာခဲ့ပေပြီ။ နှစ်တို့ ကြာခဲ့ပြီးနောက်မှ သူငယ်ချင်းချင်း ပြန်တွေ့ ဖြစ်တော့ စကားများစွာ ပြော ဖြစ် ကြရင်း ထိုကိစ္စလေးသို့ရောက်သွား၏
“ မင်းပြောသလိုငါအကုန်လုပ်တယ် ကွာ အားလုံးအဆင်ပြေတယ် နောက်ဆုံးမှာ ပပ ကပြောတယ်ကွာ ကိုကို သိပ် ဆန္ဒရှိရင်တော့ ယူပါ ဒါပေမယ့် ပပ ကိုသိပ်ချစ်ရင်တော့ အချိန်ကိုစောင့်ပါကိုကိုရယ်တဲ့…” သူ့ စကားဆုံးတော့… နွေည လရောင် အောက်မှ ညောင်ပင်အိုကြီးသည် လေရူးဝှေ့ သမျှ သစ်ရွက်တို့ တဝေါဝေါမြည်သံဖြင့် ….။

“ ဆိုတော့.. အလုပ်မဖြစ်လိုက်ဘူးပေါ့” ကျနော်က သိပ် မထူးဆန်းတော့သလို နောင်တရစရာမလိုသလို ခပ်အေးအေးမေးလိုက်၏
“အေးပေါ့ကွာ ငါ မလုပ်ရက်ဘူးလေ ဒါနဲ့ ငါတို့လဲပြန်လာခဲ့ကြတယ်”
“အေး ကောင်းပါတယ် မလုပ်ဖြစ်တာ တကယ်တော့ ” ကျနော် ထိုမျှ သာ ပြန်ပြောပြီးတော့ ဂစ်တာလေးကို သာသာဖွဖွလေး တို့ ထိကစားကာသက်ပြင်း တလွှာခြွေချလိုက်မိ၏။
…………………………………….

“ဟေ့ကောင် … မင်းနှယ်ကွာ နေနိုင်လိုက်တာ ဖုန်းလဲမဆက် စာလဲ မရေး
ခြေရာဖျောက်သွားလိုက်တာ ငါတို့ လင်မယားမှာတော့ မင်းအကြောင်းပြောရ သတိတွေရ လို့  မင်းတော်တော်နေနိုင်တဲ့ကောင်” ဘုရားဒကာ လူမိုက် ဖြစ်သွားပြီဖြစ်သော သူငယ်ချင်းက ပြောလာတော့ “အေးကွာ ငါလဲ ဒီလိုပါပဲ ခုမင်းဘယ်လိုလဲကွ အဆင်ပြေလား ”
“အေးကွ အငယ်ဆုံး သမီးလေးရတယ်ကွ ယောက်ခမကြီးဝင်စားတာလေ အကြီးနှစ်ကောင်ကတော့ အေးဆေးပေါ့ကွာ အငယ်မက တအားငိုတယ်ကွ”
“အေး ဟုတ်လား ငါ့တူမက မင်းသမီးဖြစ်ချင်လို့ အငိုကျင့်နေတာဖြစ်မှာပေါ့ကွာ”
ထိုညက နာရီပေါင်းများစွာ စကားတွေ ပြောပြီး သူလဲ ဖုန်းချ ကိုယ်လဲ ဖုန်းချ ကာ အတိတ်သို့ ပြန်လည် လည်ပတ်ခြင်း ခရီးစဉ်လေးဆွတ်ပျံ့စွာ ပြီးဆုံးသွားခဲ့၏။

ကျနော်သည် ဖြေးဖြေးလေးလေးဖြင့် ထမင်းစားခန်း သို့သွားကာ စားပွဲပုလေးပေါ်တွင် အုပ်ဆောင်းသေးသေးလေးဖြင့် အုပ်ထားသော ပဲဟင်းလေးနှင့် ၀က်သားဟင်းလေးကို နွှေးကာ တယောက်ထဲ တိတ်ဆိတ်စွာ စားသောက်နေမိ၏။


ထိုအချိန်တွင် အလွန် ချစ်စဖွယ်ကောင်းပြီး လှပ ရိုးသားသည့် ကျောင်းစိမ်းစကတ်ကလေးဝတ်ကာ
သနပ်ခါးပါးကွက်ကြားဖြင့် ပျော်ရွှင် ခဲ့ဖူးသော ကောင်မလေးတယောက်သည်လည်း မန္တလေးမြို့ တနေရာတွင် သူ့ သူငယ်ချင်းတယောက်နှင့် သူ့ ချစ်သူ အကြောင်း သူ့ စိတ်ထဲတွင် တွေးဖြစ်ခဲ့မည်ဆိုပါလျှင်………………………………….။

ငြိမ်းဇေဦး





Thursday, July 10, 2008

ဥဒါန်း

တကောင် ထဲ
ဒါပေမယ့် ငါးခုံးမဟဲ့...။

ငြိမ်းဇေဦး

ဥဒါန်း

တကောင် ထဲ
ဒါပေမယ့် ငါးခုံးမဟဲ့...။

ငြိမ်းဇေဦး

စိတ်ကျရောဂါနဲ့ခရု


အရည်အချင်းမဲ့မှုထဲမှာ
မျက်နှာလွှဲတတ်တဲ့ အရည်အချင်းမဲ့တာ
ပြုံးပြပြီး မငြင်းပါယ်တတ်တာ
အကာအရံခုနှစ်လွှာနဲ့ အဇ္ဈတ္တကို မဆင်မြန်းတတ်တာ
မထိတထိခလုတ်တိုက်မှုတွေကို
အုတ်ခဲကျိုးတစ်လုံးလို မတုန့်ပြန်တတ်တာ….
ဆိုးပါ့ကွာ….
အဲဒါတွေအဆိုးဆုံး…….။

အဲဒီဝန်ထုတ်ဝန်ပိုးတွေကို
ကုန်းပိုးပြီး နှောင့်နှေးလေးဖင့်နေရတာ
ကြာပြီ။

အနည်းဆုံးတော့
အေးအေးဆေးဆေး နစ်မြုပ်ခွင့် ရနိုင်ကောင်းရဲ့ ဆိုပြီး
အကြံကြီးကြီးနဲ့ ခရုဟာ
သူ့ကိုအားကျနေတဲ့ ၀င်ကစွပ်ကောင်ကိုတောင် နှုတ်မဆက်ပဲ
ပင်လယ်ထဲခုန်ချသွားတော့တာပါပဲ….။

ဲငြိမ်းဇေဦး

အစိုးမရမှု

သစ်ရွက်ကလေးတွေလေ
မကြွေချင်ကြသေးဘူး။

ကိုင်းဖျားကိုင်းနားတွေကတော့
လေအနော့မှာ ကျော့ကျော့လေး
အနှေး က ကွက်တွေနဲ့ ……..။


ငြိမ်းဇေဦး

ငါးကြော်




ကြောင်မ တစ်ကောင်ရဲ့

နှာခေါင်း ရှုံ့ တာ မြင်တိုင်း

အဲဒီအသံကြားတိုင်း

မျက်ခုံးလှုပ်ခဲ့ရတာပါ။



ငြိမ်းဇေဦး