Wednesday, July 2, 2008

နေစိမ့်သူများထဲကငါ


မနက် ဆို ကာဖီလေးတခွက် သောက်ရမှ
နေရထိုင်ရတာ သွက်လက်
စီးကရက်လေး တဖွာ
စာအုပ်လေးတအုပ်
လက်ဖက်သုတ်လေးပါရင် ပို ကောင်းသေး..။

အဆင်ပြေမှုတွေ လည်တိုင်အပြည့်မြိုမြိုချ
ကိုယ်က အတ္တနည်းသူပါကွယ်လို့
ခဏ ခဏ မောင်းထုရတာကလဲ
နာရီသံချောင်းခေါက်သံလို..........။

ဓါတ်ရှင်မင်းသမီးလေးတွေ ဖောင်းကားကြွရွ
လှမှလှ...
ညှို့အားတွေကပြည့်သမှ
ဒင်းတို့က ည ည နှိပ်စက်
ရမက်ငရဲ က ပုခက်လွှဲ
တကတည်း ဆိုးမှဆိုး
အဲလိုလဲ မိုးသောက်ရတာ ခဏခဏ..။


ငါက ဘ၀ကို အလိုမကျနေချိန်မှာ
မနက်စာ မရှိ
နေ့လည်စာမသိ
မချိတဲ့ ၀မ်းနဲ့ ငိုနေတဲ့ကလေးတွေ
တခုခုကိုစောင့်နေတယ်ဆိုရင်.........
ဘုရား...ဘုရား...
တခါသားက အဆိပ်စားလို့
မိသားတစု...........
.........................
..............................
အော်...ပြုသမျှ ကုသိုလ်က
ငရဲကိုဆွဲဆန့်လေသလားမသိ....။

ငြိမ်းဇေဦး
( တမိသားစုလုံး စားစရာမရှိသဖြင့် အဆိပ်စားသေသွားခဲ့ရသော မိသားစုလေးအကြောင်းစဉ်းစားရင်း ကျန်ရှိနေကြသေးသည့် ဒုက္ခကြားမှ သန်းပေါင်းများစွာ ပြည်သူလူထု အတွက်ရေးဖွဲ့ပါသည်။)

1 comment:

  1. အစ်ကို ဘ၀တွေကို ဘယ်သူတွေကယ်တင်မှာလဲဗျာ
    မတတ်နိုင်လို့ ထိုင်ကြည့်နေရတိုင်း ဒီမြင်ကွင်း အခင်းအကျင်းတွေက ရင်ထဲကဆောင်းရာသီတွေပါဗျာ....

    ReplyDelete