Saturday, July 5, 2008

ရှိတတ်ခြင်းများ




အတ္တကိုသင်းကွပ်
ကင်းလွတ်ခွင့်တဲ့...
ငါ့ရှင် ဆင်ဆင်ခြင်ခြင်ပြောပါ
ဘ၀ဟာ ဘိလပ်ရည် တစ်ပုလင်းလို
ချို မြ ရှတ နေတုန်းလေး...။

ခွေးရုပ် ဘူတာမှာ
အတွေးတစ်ဆုပ်ယူပါ
စာကလေးကြော်နဲ့ မြည်းပါ။

ဗိုက်ဆာတာ
လိုက်ကာဆွဲပိတ်ထားတဲ့အစာအိမ်ကို
ရာဇိနြေ္ဒမပျက်အောင်နေပါ။

ငါ့ပေါင်သားနဲ့ ပွတ်သီးပွတ်သပ်
စကားတွေကပ်ကပ်ပြောတတ်တဲ့
ပဲပုတ်နဲ့ လေချဉ်တက်တတ်သူရယ်
မီးထွက်အပ်တဲ့ကိစ္စတွေကို
ခရီးထွက်မှမစမ်းသပ်ရဘူးကွယ့်....။

အင်းလေးမှာ
မင်းဘေးငါထိုင်
ခေါင်တိုင်ရောက်တဲ့အထိ
လှေနဲ့ရေနဲ့ညိသလို
တယောက်မျက်နှာတယောက်ကြည့်
ပီတိတွေတောင် ဟန်ကြီးပန်ကြီး ကျွန်းမျောဖြစ်
ခရမ်းချဉ်သီး တစ်တစ်ရစ်ရစ်ကြီးတွေသီးလိမ့်မယ်ကွယ့်...။

ညောင်ရွှေမှာ ခေါင်ရေ မရနိုင်ဘူး ဘယ်သူပြောလဲ
အသည်းကောင်းကောင်း ဘဲပေါင်းတခွက်နဲ့
ပွဲကောင်းချက် က နှဲအဟောင်း ကလက်သလို
ချွဲ ချွဲ နွဲ့နွဲ့
ဘ ရာစီယာကိုတော်လှန်တဲ့ လွတ်လပ်သူလေးရဲ့
အဲဒီတော်လှန်မှုကို အလေးပြုချင်သူပါကွယ့်...။

အဲသလိုဆို
ဖာသိဖာသာ
သာလိကာတကောင်လိုလဲနေတတ်။

အသက်မတူသေးလို့
မျက်ဖြူလေးလန် ကြက်တူရွေးပျံသလိုလဲနေတတ်။

ကိုယ်ကျိုးတခုအတွက်
ရိုကျိုးမှုတွေဘယ်တော့မှမပျိုးတဲ့လက်က
မိုးရဲ့အချက်ပြလျှပ်စီးတွေလို
ဓါတ်မီးမလိုအောင်လဲ
အမှောင်ထဲ လင်းကနဲဝင်းကနဲနေတတ်။

ဗေဒင်က
သေချင်ရင်
နေအ၀င်မှာ ရေစင်ပေါ်ကခုန်ချလို့ဟောခဲ့တုန်းက
သက်သက်သာသာသေချင်လို့
ဒိုင်ယာဇီပင်တွေ ပဲလှော်လိုဝါးရင် ဖြစ်မလား
ဆင်ခြေတွေ လက်တခုပ်နဲ့ ယတြာ တအုပ် လဲတောင်းခဲ့တတ်။

တကယ်တော့ ရာဇဂြိုလ်ပြည်မှာ
ဘရာစိုအရည်တွေနဲ့ ကြေးဆင်းတုတွေ ပြောင်လက်အောင်
ဖောင်ဖျက်ပြီး သာသနာပြုချင်စိတ်လေး
တခါတလေ ခပ်ရေးရေးပေါ်လာရင်

ကိုယ်ကပဲ သားတွေးမယားတွေးတွေးဖူးတဲ့
တခါမှ အဖြေမပေးဘူးတဲ့ ဟာကြီးသံယောဇဉ်နဲ့
ရှင်သွားရင် ဒါကြီးရော လှူလိုက်ရမလား လို့မေးမလား
တထင့်ထင့်နဲ့ ခရီးကဖင့်တတ်။

ကိစ္စမရှိပါဘူး
တောင်ကြားမှာတောင်
ပင်လယ်ယောင်ဆောင်ချင်တဲ့ အင်းလေးထဲမှာ
ငဖိန်းတကောင်ရဲ့ မာန နဲ့ ငါပါကွ လို့လဲ
ပါဝါပြ ချင်မိတတ်။




အဲသလို အဲသလိုပေါ့
ခဲအိုနဲ့ခယ်မ ရဲ့ ဘ၀ဆိုတာတိုက်ပွဲဆိုတဲ့ခေါင်းစဉ်မှာ
အကောင်းမြင်စွာ
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလွဲ
တယောက်က ဘ၀ဆိုတာတိုက်ပွဲ
ခယ်မဆိုတာလိုက်ပွဲ
တယောက်က ခဲအိုဆိုတာ
အချွဲပိုစရာ
သူ့ဟာနဲ့သူ ဟုတ်နေတာတွေလဲရှိတတ်။


ရှိချင်တာတွေ ရှိတတ်တဲ့လောကမှာ
ကျောချစရာ တနေရာနဲ့
ဝေဒနာ သုံးတန်ကားတစီးစာ ဆိုလုံလောက်ပြီ
အမြည်းမပါရင်နေချင်နေတော့ ငါ့ရှင်
ဝါ၀င်ခါလဲနီးပြီ ဆိုတော့ အဘိဓမ္မာရည် လေးငါးပက်နဲ့
သွေးသားပျက်မယ့် အချစ်ဆိုတာကြီးကို
ဖောင်စီး မီးနေ သလိုသဘောထားနဲ့
ကွေ့သွား သူတွေလဲရှိတတ်။

ပါဝါတွေမြင့်မြင့်လာတဲ့မျက်မှန်တစ်လက်တပ်ပြီး
မနက်ဖြန်မနက်ကို ဖြဲဖြဲကြည့်ရတာ စိတ်ကုန်တဲ့
သိပ်မလုံမယ့် ပါးစပ်နဲ့ မိန်းမတွေလဲရှိတတ်။


တခဏတာ ခြင်ဖြစ်ရရင်ကိုတော်ပါပြီဆိုတဲ့
သွေးစုတ်ချင်တဲ့ ဘူဇွာပေါက်စတွေလဲရှိတတ်။

ဘာပဲဖြစ်ဖြစ် ရှိတတ်မှုတွေ
ရှိတတ်တဲ့ ကမ္ဘာကြီးမှာ
ပန်းသီးလေးတလုံး...
ခပ်ပြုံးပြုံးကိုယ်လုံးတီးမိန်းမရှိမယ့်အရပ်
ဖိနပ်ပြတ် တွယ်ချိတ်ထိုးရင်း
ဒိုးလိုက်ဦးမယ် ။



ငြိမ်းဇေဦး

3 comments:

  1. ဟားဟားး..မိုက်တယ်.. တချို့နေရာတွေ နဘေ တမင်ယူထားသလိုဖြစ်ပေမဲ့ ကိုက်နေ လိုက်နေ မိုက်နေရော..။ ဘာပဲဖြစ်ဖြစ် ရှိချင်တာရှိတတ်တဲ့ ကမ္ဘာကြီးကို တွေ့ပါ၏။

    ReplyDelete
  2. ကဗျာက ဖတ်ရင်းနဲ့ သူ့နောက်ပါသွားတယ်။ အဲ.. နောက်ဆုံး ဒိုးအုံးမယ်ဆိုမှ အော် - ငါလည်း ဒိုးရအုံးမှာပါလားလို့.....

    ReplyDelete
  3. ဖတ်လို့ကောင်းတယ်ဗျို့.....အားရပါးရ သဘောကျ အားပေးသွားတယ်။ ဘာတွေမှန်းတော့ အကုန်မသိဘူး။ အားမှ နောက်တစ်ခေါက် ပြန်လာဖတ်ရအုံးမယ်။ :P ဟီး

    ReplyDelete