Saturday, August 30, 2008

မိုး



လေသားတွေက
တိမ်တွေကို ထမ်းပိုးထားတာပါ
တိမ်တွေရဲ့ ဝေဒနာကိုလဲ
သူပဲအတွင်းသိ ...................။

တိမ်တွေဟာ
ယာယီရေစက်တွေနဲ့ ပိန်လိုက်ဖောင်းလိုက်
ဖြစ်တည်ပြနေရတာ
ခါးချိလှရဲ့.... မငြီးခဲ့ပါဘူး အဲလိုလဲ...........။

တိမ်တွေဟာ နွေးထွေးမှုကို ကြိုက်တယ်အချစ်ရေ
အေးစက်ရင် ပြိုကျ ငိုချသတဲ့ ...............။

ငြိမ်းဇေဦး

ကလျာ ဏ မိတ္တ

အတိတ် ပစ္စုပ္ပာန်
လှန်ယုံမကဘူး
ကိုယ်လုံးတီးချွတ်လို့
လွတ်လွတ်ကြီးကို ရပ်နေတာပါ။

ငါ နဲ့ပတ်သက်သမျှ
ချစ်သူတိုင်းသိကြတယ်ဟေ့
အဲဒါကို က သဘောတွေ့ စရာ
ကဲ ပြောချင်တာပြော
ဘောပဲ...................။

ငြိမ်းဇေဦး

Thursday, August 28, 2008

Wednesday, August 27, 2008

နေ၀င်ဖြိုးဖြနေပြည်တော်

ရွာဟာ ဒဏ်ရာတွေမြို လို့
မြို့ပြထူထောင်ခံလိုက်ရပြီ


ပွဲဈေးတန်းတွေ အစီအရီ ပေါ်လာ
နိုက်ကလပ်တွေ ကသီကရီပေါ်လာ
ကြေငြာဆိုင်းဘုတ်တွေထဲ မိန်းမလှတွေခုန်ဝင်
စောင်းတံဆိပ်မီးခြစ်ဘူးထဲက မီးခြစ်ဆံပိန်ကပ်ကပ်လိုပေါ့

ဆိုင်းဘုတ်ကိုမော့ကြည့်ဖူးတဲ့
နွမ်းပါး ညှိုးငယ်မှု ရေကျဲပွတ် မျက်နှာနုနုလေးတွေထဲ
သောကတွေတဖွဲဖွဲခုန်ဝင်
ပဲခူး ဘုရားပွဲ ရွှေမန်းတင်မောင် ရုံပြည့်သလို ပေါ့

လက်မဲ့တွေတော့မဟုတ်ကြပါဘူး
သောက ၀၀ကြီးတွေ အထုပ်နဲ့အထည်နဲ့ပါ

မောဟတွေ သင်တုန်းဒါးလို စက္ကန့်တိုင်းရှ သမျှ
ထုံပေပေ ဘ၀နဲ့ နာရမှန်းမသိတဲ့ ခံနိုင်ရည်နဲ့ပါ

မြို့ပြဟာ စကတည်းက
ရာသက်ပန် အညာခံဖို့
ရာသက်ပန် ညာဖို့
ညာသမျှ ယုံဖို့
ယုံသမျှ ညာဖို့
သူ့ကြမ္မာသူညာရင်း
သူ့ဖြစ်တည်မှုသူ အာမခံခဲ့ပြီ
ဒီတစပြင်မှာ နီယွန်ရောင်တွေ
ကြွေကျ....

နေ၀င်ဖြိုးဖျ ဆည်းဆာဟာ
တခါဆို တခါ ပဲ ထတောက်လိုက်တယ်
တိမ်တွေကွယ် လို့ ရှက်ရယ် ပါ ရယ် တယ်

တရွာမပြောင်းပဲ
မြို့ကြီးသူဖြစ်သွားတဲ့ ရွာသူမဟာ စကပ်ပါးပါးနဲ့
ကာရာအိုကေသီချင်း ဖြစ်သွားပြီ

သူက ရှိုက်ရယ် ရယ် တယ်
မဲ့ပြုံးပြုံးတယ်
မျက်လုံးကိုစင်း
သက်ပြင်းမချ ပဲ မုန်းတယ် လို့ နှုတ်ခမ်းလေး ဟယုံ
အပြည့်အစုံ ရေရွတ်တယ်

တကယ်နေ၀င်သွားခဲ့ပြီလေ
မြို့ပြဟာ အဲလိုတခွန်းပဲ အတည်ပြုရင်း
သံချပ်ကာအင်္ကျီထဲ ခုန်ဝင်သွားခဲ့တယ်
သူ့ အသံသူမကြားရဲမှုတွေနဲ့
နေကွယ်တိုင်း သူကြောက်တာကိုး......................။


ငြိမ်းဇေဦး


ဥုံ......

ရွတ်တွပြဲလန် ရွစိပျံတို့
ကပ်လို့မရ စည်းချ ထား၏
သေချာကြည့်......
ပြီးမှ ငါ့ထံကပ်ပါလော့...။

ငြိမ်းဇေဦး

တယောက်ဆင်းတယောက်တက် ဘ၀သံသရာ




-- ယားလို့ လင်များတာမဟုတ်ပါဘူးရှင်
-- သရမ်း လို့ ရှင်ခန်းတွေဖြတ်ခဲ့ရတာပါ...။

ဒါနဲ့များ ....
ဘ၀ဇာတ်ဆရာအလိုကျတဲ့
ကျ..ကျလဲ
ကျနိုင်လွန်း.............။

ငြိမ်းဇေဦး

Tuesday, August 26, 2008

သဘောရိုး

ဆန္ဒန်ဆင်မင်းစိတ်နဲ့ ဆေးပြင်းလိပ်ဖွာလိုက်ပါဦးမယ်
ပစ်မယ်ဆိုပစ် နိုင်ပါပေ့...။

ဘ၀မှာတခါပဲ လက်ကုန် အစွန်းရောက်
နောက်မဆုတ်တမ်း ချစ်ခွင့်ရှိတယ်
အဲဒီ ကိစ္စက လည်း ငြင်းမယ်ဆိုငြင်းစရာ ဖြစ်မပေါ့...။
ဘ၀မှာ အကြိမ်ပေါင်းများစွာ ကာမဆက်ဆံခွင့်ရှိတယ်
အဲသဟာလည်း ပျင်းမယ်ဆိုပျင်းစရာပေါ့.......။

ကဲ စူဠသုဘဒ္ဒါတို့ရေ
စစ်မရောက်ခင်မျှားကုန်သွားတဲ့
ခပ်ညံ့ညံ့မုဆိုးတွေ ....
ငှားကြပေတော့..............။


ငြိမ်းဇေဦး



ဖြစ်သွားခဲ့ရပြီ

ဟိတ်ဟန်တွေချို့တဲ့တယ်

အဘိဓမ္မာချုပ်ရိုးဆွေးတွေ
ကျဲ...
ပြဲ..
ကွဲ..
အဲဒီထဲ ဖြဲဖြဲ ပြီးမှ
ကားမှတ်တိုင်တွေဖြစ်လာ
ဘူတာတွေဖြစ်လာ
လမ်းကြားတွေဖြစ်လာ
လမ်းဆုံလမ်းခွတွေဖြစ်လာ

ဒီမှာတော့
အာရုံတွေပျော့ဖတ်ဖြစ်သွား

စက္ကူသားထူထူတွေဖြစ်သွား

စက္ကူသားပေါ် လမ်းမတွေဖျော်ချ
လမ်းကြားတွေအကွက်ရိုက်
စရိုက်တွေနဲ့အရောင်ဆိုး
ဗန်ဂိုး မဆွဲဖူးတဲ့ပန်းချီတကား
ရှားရှားပါးပါး ဆေးသားအတုံးအတစ်တွေနဲ့
ကော်ဖီပျစ်ပျစ်တခွက်ဖြစ်သွား

စီးကရက်တစ်လိပ်ဖြစ်သွား

မီးခိုးငွေ့တွေဖြစ်သွား

လွင့်ပျံတက်ခွင့်အတွက် ကိုယ့်ကိုယ်ကိုယ်မီးရှို့ရတဲ့ရင်းနှီးမှုဖြစ်သွား

တိမ်ထုတွေကြားထဲ တိမ်ထုဖြစ်ခွင့်ရသွား
ဘာဆိုဘာမှ ဘယ်ဟာမှမဟုတ်ဘူးဆိုတာ
ဝိုးတ၀ါးမြင်ချိန်မှာပဲ စိတ်မရှည်မှု တိုနန့်နန့်နဲ့
ဝါးကနဲသန်းလို့...ဗျန်းကနဲခုန်ချ
ဒီည...စိတ်ကျခြင်းတွေ ရွာချခဲ့ပြီလေ
ဟိတ်ဟန်တွေချို့တဲ့စွာ....
တခုခုတော့ဖြစ်သွားခဲ့ရပေဦးတော့
ကြေမွလို့ ကြေမွလို့ ပေါ့...................။

ငြိမ်းဇေဦး

Monday, August 25, 2008

တရားသောအချစ်

ငယ်ကချစ် အနှစ်တရာ မမေ့သာဆိုတဲ့ စကားကလေးကိုကြားဖူးကြမှာပေါ့ကွယ် ...။

ဟိုးရှေးပဝေသဏီက အင်မတန်သာယာစည်ပင်ဝပြောတဲ့တိုင်းပြည်ကြီး တပြည်ရှိခဲ့သတဲ့ကွယ်။

အဲဒီတိုင်းပြည်ကြီးမှာ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ စည်ပင်သလို ပွဲလမ်းသဘင်တွေကလည်း ပေါမှပေါတဲ့ ။ အဲဒီတိုင်းပြည်က ဘုရင်ကြီးဟာလည်းမင်းကျင့်တရား ဆယ်ပါးနဲ့အညီအုပ်ချုပ်တယ်ပေါ့...။

အဲဒီတိုင်းပြည်ရဲ့ နယ်စပ် အစွန်အဖျားမှာ ရွာငယ်လေးတစ်ခုရှိသတဲ့ အဲဒီရွာငယ်လေးရဲ့ အရှေ့ ဖက် တောစပ်ကနေ၀င်သွားရင် အင်မတန် မှလှပသာယာတဲ့တောအုပ်ကြီး တခုရှိသတဲ့ ကွယ် ။

အဲဒီတောအုပ်ကြီးကနေပြီးတော့ တဆင့် တောင်ကမူလေးတွေကိုကျော်ပြီးသွားမယ်ဆိုရင်တော့ တောနက်ကြီးထဲကိုရောက်တော့တာပေါ့...။

အဲဒီတောနက်ထဲမှာ အင်မတန်မြင့်မားတဲ့သစ်ပင်မျိုးစုံရှိကြတယ်လေ။

အဲဒီလို သစ်ပင်မြင့်ကြီးတွေနဲ့ စိမ်းမှောင် ညိုလဲ့နေတဲ့သစ်တောကြီးထဲမှာ ထူးဆန်းတဲ့သစ်ပင်တမျိုး ရှိတယ် အဲဒီ သစ်ပင်ဟာ မျိုးဟာလည်း အင်မတန်မှ ရှားပါးလှတာပေါ့ကွယ် ။

ဘယ်လောက်ရှားသလဲဆိုရင် အဲဒီ သစ်တောကြီး တခုလုံးမှာတောင်အဲဒီလိုအပင်မျိုးက တပင်ပဲရှိပြီး အဲဒီ တပင်ကိုလည်းသာမာန်လူရဲ့မျက်စိနဲ့မမြင်နိုင်ဘူးတဲ့လေ ။

ဒါပေမယ့်အဲဒီသစ်ပင်ဟာ ညအခါမှာတော့ အလင်းရောင် မှိန်မှိန်လေးတွေထွက်နေတတ်တဲ့အတွက် ညပိုင်းများ အဲဒီတောနက်ကြီးထဲကိုရောက်သွားရင် မြင်နိုင်တာပေါ့ကွယ်။

မိုးတွေမှောင်မဲ တိမ်တွေအလိတ်လိုက်ကောင်းကင်မှာ ဖြစ်နေတဲ့တနေ့ မှာ အဲဒီ တောအုပ်ကြီးနားက ရွာငယ်လေးက လူငယ်လေးတယောက်ဟာ တောနက်ကြီးထဲကိုထွက်လာခဲ့တယ်တဲ့။ သူ တောနက်ထဲကိုထွက်လာခဲ့တာဟာ ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူးတဲ့ကွယ်

အဲသလိုနဲ့တောနက်ထဲရောက်လာတော့ တဖြေးဖြေးမှောင်လာတာပေါ့ ။ မှောင်လာတော့ သူ ဟာ ပြန်မယ့်လမ်းကိုမမြင်တော့ဘူးတဲ့ ကောင်းကင်ကကြယ်တွေ နက္ခတ်တာရာတွေကို အားကိုးဖို့ ဆိုတာလဲ မိုးမှောင်ကျနေတော့ကာ သူ့ ခမျာ မမြင်ရှာတော့

ဟိုး တောအုပ် ထဲ က ခပ်မှိန်မှိန်အလင်းရောင်ရှိရာကိုသူ ဦးတည်သွားတော့တာပေါ့...။

အဲဒီ လိုနဲ့လူငယ်လေးဟာ အလင်းရောင် တွေထွက်တဲ့ သစ်ပင်အောက်ကိုရောက်သွားသတဲ့ ။ အဲသလို သူရောက်သွားချိန်မှာ ပုရစ်တွေက အော် ခပ်ဝေးဝေးက သမင်တွေ ရေသောက်ဆင်းလို့  ချေ ကလေးတွေကလဲ တောက်နေကြတဲ့ အသံတွေပဲ တောထဲမှာ

ဆူညံနေပြီး တခါတခါ ကျားဟိန်းသံသဲ့သဲ့ကိုကြားရတာပေါ့။

လူငယ်လေးဟာ အဲဒီအပင်အောက်မှာ ထိုင်နေရင်း သစ်သီးတစ်လုံးကြွေကျလာသတဲ့ ။အဲဒီသစ်သီးဟာ ကြည်လင်ပြီးတော့ ဖန်သီးလေးလိုဖြစ်နေပြန်ပေမယ့် ပျော့အိ တဲ့ အသီးတစ်လုံးလဲဖြစ်နေတာပေါ့ ။ လူငယ်လေးဟာ အဲဒီအသီးကို ကောက်ယူပြီးတော့

သူ့ ရဲ့ အင်္ကျီလက်မောင်းစနဲ့ သေချာ ပွတ်သပ်ပြီး ဆာဆာနဲ့ တစ်လုံးလုံးကုန်တဲ့ အထိစားလိုက်တာပေါ့။

အဲဒီအသီးဟာ ချိုအေးမွှေးမြပြီးတော့ သူစားဖူးသမျှ ဘယ်လို အသီးအနှံနဲ့ မှ မတူတဲ့ အရသာ ထူးရှိနေတာပေါ့။

သူဟာ အဲဒီသစ်သီးကိုစားလို့ ကုန်ချိန်မှာပဲ အိပ်ချင်စိတ်ပေါက်ပြီး အဲဒီသစ်ပင်ကိုမှီပြီး အိပ်တော့တာပေါ့။

သူစအိပ်ပျော်ပြီ ဆိုတာနဲ့ အိပ်မက် တစ်ခုကိုသူစမက်တော့တယ်လေ...................။

အဲဒီအိပ်မက်ထဲမှာ သူ့ကို အင်မတန် အသက်ကြီးပြီလို့ ထင်ရတဲ့ အဘိုးကြီးတယောက်က လာခေါ်သတဲ့  သူလဲ အဲဒီ အဘိုးကြီးခေါ်ရာ နောက်ကိုလိုက်သွားလိုက်တာ လေစီးကြောင်းထဲမှာပေါ့ပါးလွင့်ပျံနေသလို ပဲတဲ့  ။

အဲသလိုနဲ့ အလင်းရောင်တွေထွက်နေတဲ့ဂူကြီးတစ်ဂူအ၀ကိုရောက်တော့တာပေါ့ ...။

အဲဒီဂူဝကိုရောက်တာနဲ့အဘိုးကြီးဟာ သူ့ ကိုပြုံးပြပြီးတော့ ကဲ ငါ့မြေးရောက်ပြီ လို့ ပြောရင်းရှေ့ က ၀င်သွားသတဲ့။ လူငယ်လဲ အဲဒီဂူကြီးထဲကိုနောက်က ၀င်လိုက်သွားတာပေါ့။

ဂူကြီးထဲကိုရောက်တဲ့အခါ အဘိုးကြီးဟာ လူငယ်ကို ကျောက်ဖျာကြီးတချပ်ပေါ်မှာထိုင်ဖို့ ပြောသတဲ့ လူငယ်လဲကျောက်ဖျာကြီးပေါ်မှာ တင်ပလ္လင်ခွေထိုင်လိုက်ချိန်မှာ ချောက်ကမ်းပါးတစ်ခုထဲကိုပြုတ်ကျသွားသလိုဖြစ်ပြီးမေ့သွားတာပေါ့။

အဲဒီအိပ်မက်က လန့် နိုးတဲ့အချိန်မှာ လူငယ်ဟာ တကယ်ပဲ ဂူထဲကိုရောက်နေပြီး သူ့ ရှေ့ မှာ ကျောခိုင်းပြီး တင်ပလ္လင်ခွေထိုင်နေတဲ့အဘိုးကြီးကိုတွေ့တော့တာပေါ့ ။

အဘိုးကြီးက လူငယ်ကို အေး ...လူလေး မင်းနိုးပြီမဟုတ်လား ဒီတော့မင်းကိုငါပြောမယ် ခုချိန်ကစပြီး မင်းဟာ ကိုယ်ပျောက် ပုဂ္ဂိုလ်တပါးဖြစ်သွားပြီဖြစ်သလို မင်းဟာ လောကကြီးရဲ့ ရှိသမျှ ပညာရပ်တွေအကုန်လုံးကိုတတ်မြောက်သွားတဲ့လူတယောက်ဖြစ်သွားပြီ

လောကကြီးကိုကောင်းကျိုးပြုဖို့ မင်းသွား ရတော့မယ်လို့ ပြောတယ်တဲ့။

ဒီအခါ လူငယ်က နားမလည်နိုင်ပဲ အဘိုးရယ် ကျနော် က ကိုယ်ပျောက်ပြီဆို ကိုယ် မပျောက်ချင်ရင်ဘယ်လိုလုပ်ရမတုန်းဗျာ လို့ မေးရှာသတဲ့ ။

အဘိုးကြိးက လူငယ်ကိုပြောတယ် လေ ၊ ကိုယ်မပျောက်ချင်တဲ့အချိန်မှာ ကိုယ်မပျောက်ချင်ဘူး အာရုံပြုလိုက်ယုံပါလို့ ပြောသတဲ့ အဲဒီမှာလူငယ်ဟာ ဟုတ်ကဲ့ခင်ဗျာလို့ ဖြေပြီးတော့ အဲဒီဂူထဲကနေထွက်ခွာဖို့ အဘိုးကြီးကို တဆက်တည်း နှုတ်ဆက်လိုက်တာပေါ့

နှုတ်ဆက်ပြီးတာနဲ့လူငယ်ဟာ ဂူထဲကထွက်လိုက်တယ်ဆိုရင်ပဲ နန်း မြို့တော် ကြီးကို ဦးတည်တဲ့ လမ်းမပေါ်တန်းရောက်သွားသတဲ့။

လူငယ်ဟာ ရွှင်လန်းတက်ကြွစွာနဲ့ နန်းမြို့တော် ထဲကိုဝင်သွားတာပေါ့ နန်းမြို့တော်ထဲရောက်တဲ့ အခါ မင်းညီမင်းသားတွေ မှူးကြီးမတ်ရာတွေနဲ့ အစေခံတွေ သာမာန်ပြည်သူတွေ ဥဒဟိုသွားလာ လှုပ်ရှားနေကြတာကိုမြင်ရတာပေါ့

သူ့ ကိုတော့ဘယ်သူမှမမြင်ဘူးလေ...။

ဒါနဲ့ သူဟာ သွားရင်း ဘုရင်ကြီးရဲ့တဦးတည်းသော သမီးတော် ပင်တိုင်စံ ထိပ်ထားလေးနဲ့သူ့  ရံရွေတော်တွေ ဟာ ရဲမက် ဗိုလ်ပါ အခြံအရံတွေကြားမှာ ဝေါယာဉ်သာပေါ်မှာထိုင်လျှက် ပါလာတာကိုမြင်တယ်တဲ့

လူငယ်ဟာ အဲဒီ ဝေါယာဉ်သာနောက်က နေပြီးတော့ အသာလေးလိုက်လာတာပေါ့...။

နန်းတော်ထဲကိုဝေါယာဉ်သာ ဟာ ဦးတည်သွားပြီးတော့ တပင်တိုင် စံနန်းဆောင်ရှေ့ မှာ ရပ်တဲ့ အခါ မင်းသမီးလေးဟာ ဆင်မယဉ်သာ ခြေလှမ်း ကလေးတွေနဲ့ ကနွဲ့ ကလျလေး ကတ္တီပါ နက်ပြာရောင် ပိုးသား ကော်ဇောထက်မှာ တလှမ်းချင်း နန်းဆောင်ထဲဝင်သွားတာပေါ့...။



သူဟာ မင်းသမီးလေး ရဲ့နောက်က ထပ်ကြပ်မကွာလိုက်သွားပြီးတော့ အပျိုစင်မင်းသမီးရဲ့နန်းတောထဲမှာစပ်စုတာပေါ့ ..။ မင်းသမီးလေးဟာ သလွန်ညောင်စောင်းပေါ်မှာကျော့ကျော့လေး ဘေးစောင်းထိုင်လို့ အထိမ်းတော်တွေ အပျိုရံတွေနဲ့

ဂီတကြောင်း ၊ နတ်ဘုရားတွေအကြောင်း ၊ သူရဲကောင်းတွေအကြောင်းနဲ့ မင်းပျိုမင်းလွင်တွေအကြောင်းပြောနေတာကို လူငယ်ဟာ သေချာ ထိုင်ပြီး ဘေးနားက နားထောင်နေတာပေါ့ ။

အဲသလို နားထောင်ရင်း မင်းသမီးလေးကြိုက်တဲ့  ရတု ရကန်တွေ ဂီတတွေ နဲ့ မင်းသမီးလေးလိုချင်တဲ့ကြင်ယာတော် ဖြစ်မယ့်လူတယောက်မှာ ရှိရမယ့်အချက်တွေအကုန်လုံးကိုသိသွားတာပေါ့..။

အဲသလိုနဲ့ လူငယ်ဟာ မင်းသမီးလေးကို အင်မတန်မှ ချစ်ခင်မြတ်နိုးပြီး မေတ္တာမျှနေပြီဖြစ်တယ်လေ ဒါပေမယ့် သူ့ ကိုယ်သူ ကိုယ်ယောင်ပြပြီးချစ်ရေးမဆိုရဲရှာဘူး။

မင်းသမီးလေးကလည်းအမြဲတန်း ည အိပ်တိုင်း အိပ်မက်မက်ရင် အဲဒီ လူငယ့်မျက်နှာကို အိပ်မက်ထဲမှာ မက်မက်နေတာပေါ့......................။

အချိန်တွေဟာကြာလာခဲ့ပြီးနောက်ဆုံးမှာ မင်းသမီးလေးကို ဖခင်ဘုရင်ကြီးက ကြင်ယာတော်ရှာရမယ်လို့ အမိန့် တော်ချမှတ်တဲ့ အခါမှာ သမီးတော်လေးအတွက် ကြင်ယာတော်ရွေးပွဲ ကျင်းပရတော့တာပေါ့...။

အဲဒီကြင်ယာတော်ရွေးပွဲမှာ နိုင်ငံတကာက မင်းညီမင်းသားတွေ ဟာ လာရောက်ယှဉ်ပြိုင်ဖို့တဖွဲဖွဲ လာကြတာပေါ့ ။ အဲသလို နဲ့ မင်းသမီးလေးရဲ့ကြင်ယာတော်ဖြစ်သင့်တဲ့သူဟာ

အတော်ဆုံး အကောင်းဆုံး နဲ့အရည်အချင်းအရှိဆုံးဖြစ်ရမယ်ဆိုတဲ့စံနှုန်းတွေသတ်မှတ်လိုက်တာပေါ့။

အဲဒီကြင်ယာတော်ရွေးပွဲကို လူငယ်ဟာ ၀င်ရောက်ယှဉ်ပြိုင်လိုစိတ်ဖြစ်မိတာပေါ့ ကနဦးကတည်းက သူ ကချစ်နေရသူပဲ လေ ...။

ဒါနဲ့လူငယ်ဟာ အဲဒီကြင်ယာတော်ရွေးပွဲကို သွားပြီး ယှဉ်ပြိုင်ခွင့်အတွက် စာရင်းပေးချိန်မှာ လူငယ်ရဲ့ ဇာတိ မျိုးရိုး ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေကို မေးတဲ့အခါ လူငယ့်ခမျာ နန်းတော်ကြီးရဲ့အလည်မှာ ဘာမှ မဖြေနိုင်ရှာဘူးတဲ့ အဲသလိုမဖြေနိုင်တဲ့အခါ

စာရင်း ကောက်ယူ နေတဲ့ ဟူးရား ပုဏ္ဏား ပညာရှိတွေဟာ ဒေါသတွေထွက်ပြီး မောင်းထုတ်တာပေါ့..။ အဲသလို ဆူဆူညံ ညံအသံကို မင်းသမီးလေးက ကြားတဲ့အခါ ညီလာခံသဘင်ကျင်းပရာ နန်းမဆောင်ကြီး ဘက်ကို မင်းသမီးလေးကိုယ်တိုင်လာပြီး

ကြည့်တော့တာပေါ့..။

အဲသလိုကြည့်တဲ့အခါ သူ့ အိပ်မက်ထဲက ကောင်လေး သူ့ အိပ်မက်ထဲက မြတ်နိုးရတဲ့ လူငယ်လေးဆိုတာ သူတန်းသိတာပေါ့ အဲသလိုတန်းသိတဲ့အခါ သူဟာ သူ့ အိပ်မက်ချစ်သူလေးဟာ အခြေမဲ့အနေမဲ့ကောင်လေး ဆိုတာ ကိုလဲ သိလိုက်ရတော့ဝမ်းနည်းသွားပြီး

တခါထဲပဲ ကြင်ယာတော်ရွေးပွဲနဲ့ပတ်သက်လို့  စည်းမျဉ်းစည်းကမ်းကို သူ့ စိတ်တိုင်းကျပြင်ပါရစေလို့ခမည်းတော် ဘုရင်ကြီးကိုခွင့်ပန်တာပေါ့...........။

အဲသလို အင်မတန်လည်းချောမောလှပ စိတ်ကောင်း စေတနာကောင်းလဲရှိ နူးညံ့ ညင်သာ မဟာကလဲဆန် တဲ့ ပင်တိုင်စံမင်းသမီးလေး က သူ့ ဖခင်ဘုရင်ကြီးကိုခွင့်ပန်တာကတော့ မင်းသမီးလေးရဲ့ကြင်ယာတော်ရွေးပွဲကို အယုတ်အလတ်အမြတ်မရွေးမည်သူမဆို ပါဝင်ခွင့်

ရှိရမယ်လို့ ဖြစ်ပါသတဲ့ ....။

အဲသလိုနဲ့ ကြင်ယာတော်ရွေးပွဲစည်းမျဉ်းစည်းကမ်းကို ပြင်ဆင်လိုက်ပြီး အယုတ်အလတ်အမြတ်မရွေးပါဝင်ယှဉ်ပြိုင်ခွင့်ရှိတယ် လို့ သိလိုက်ရတဲ့အချိန်မှာပဲ တိုင်းနိုင်ငံအသီးသီးက ပုရိဿယောက်ျား မှန်သမျှ ၊ အိမ်ထောင်မရှိသူမှန်သမျှဟာ အဲဒီနန်းတော်ကြီးဆီကို လာရောက်ပြီး တော့ စာရင်းပေးသွင်းလိုက်ကြတာပေါ့ကွယ်.........................။

အဲသလိုနဲ့ အရည်အချင်းပြိုင်ပွဲကြီးကို စတင်နိုင်ဖို့ နှစ်ပေါင်းများစွာ စာရင်းကောက်ယူပြီး တဲ့နောက် ပြိုင်ပွဲကို လည်း စတင်ခဲ့တာ နှစ်များစွာကြာပြီးနောက် ပြိုင်ပွဲ အဆုံးသတ်တဲ့အခါ .........။

မင်းသမီးလေးကိုဘယ်သူမှရှာလို့ မတွေ့ တော့ပါဘူးတဲ့............................။

ဒီပုံပြင်လေးကိုဖတ်မိတဲ့ ညီ ညီမလေးတို့  တူတူမလေးတို့ ရေ တကယ်လို့ များ နှင်းဆီကုန်းဘိုးဘွားရိပ်သာကိုရောက်ဖြစ်ခဲ့မယ်ဆိုရင် တခုသော အမျိုးသမီးဆောင်မှာ ခါးကုန်းလို့ မျက်ခုံးမွှေးတွေဖြူနေတဲ့ အဘွား တစ်ယောက်ကို တွေ့ ခဲ့တယ်ဆိုရင်

ဒီပုံပြင်လေးကိုဖတ်ခဲ့ရပါတယ်ဆိုတဲ့အကြောင်းနဲ့ ကြင်ယာတော်ရွေးပွဲပြီးသွားပါပြီ ဆိုတဲ့အကြောင်း ပြောလိုက်ကြပါ လို့  မှာလိုက်ချင်ပါတယ် ကွယ် သို့ သော်လည်းကိုယ်ပျောက်သွားတဲ့ လူငယ်လေးကတော့ ဆက်ပြီးပျောက်နေတုန်းပါပဲ ဆိုတာကိုလဲ အသိပေးလိုက်စေချင်ပါတယ်ကလေးတို့ရေ.........................။

ငြိမ်းဇေဦး

Sunday, August 24, 2008

ပရိုတိန်းပြည့်တဲ့အဟာရ

အကြောင်းပြချက် ဆင်းရဲတယ်
တနည်းအားဖြင့်...
ပြည်တန်ပတ္တမြားထက်ရှားပါးတာပေါ့....

ချစ်သူတွေဆီက
ကျေးဇူးတင်ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်
တာ့..တာ
ထိုစကားများအား
ပထွေးနှင့်အပျိုရည်ပျက်ဖူးသော
ကံနည်းသူလေး အမေ့အိမ်ကိုမုန်းသလို
မုန်းပါရဲ့....

မပြောကြပါနဲ့...
အောင်မယ်လေး မပြောကြပါနဲ့....
တိတ်ဆိတ်တဲ့ တန်ဖိုးထားမှုဟာ
ကမ္ဘာကြီးရဲ့လည်ပတ်အားပါ
ဒီလို...ဒီလို မသိကျိုးကျွံမှုတွေကို
အသည်းအသန်နှစ်ခြိုက်.....


ခြောက်ပစ်ကင်း..
သဲလဲစင်..
စင်းလုံးချော...
ပြည့်စုံ....
ကွက်တိကျတဲ့ အနာတွေကို
ကိုက်လိုက်..လျက်လိုက်...
တအီအီငြီးငြူလိုက်
မေ့ပစ်ကြည့်လိုက်နဲ့
ညရောက်တိုင်း ခြံလုံအောင် မခိုမကပ်
ဟောင်တတ်တဲ့ ကိုက်တတ်တဲ့ခွေးလို
ချစ်သူကိုလဲ အလွန်အကျွံ သ၀န်တိုတတ်...။


သဲတတင်းစာမက
များပြားလှစွာသော
မိန်းမသားတို့သည်လည်း
ထိုကဲ့သို့သော ဇီဇာကြောင်မှုများအား
ပေါင်ပေါ်တင်ပွတ်သပ်
နေ့စဉ်စားကောင်းသောက်ဖွယ်များဆက်သ
ညနေတိုင်းလမ်းတူတူထွက်
ယင်းသို့ ...
ယင်းကဲ့သို့..အချစ်မြို့ပြတွေတည်ဆောက်
ဒဏ်ရာတွေရ...တိုက်ပွဲကျ
နေသားကျ..စိတ်ဓါတ်ကျ
တချို့က ကံကောင်းတယ်ထင်ကြ
ငါ့ ကိုကိုက သိပ်သ၀န်တိုတယ်ပြောကြ
အရမ်းချစ်တယ်ဆိုပြီး သဘောကျ
ထိုသို့ လှလှပပ အကျဉ်းကျ.....။


ဘာတတ်နိုင်မလဲ
အဲသဟာလည်းအရောင်ပြောင်းတတ်တဲ့သဘာဝ
ကျွန်ုပ်သည်လည်း သဘာဝ၏ အလေနတောပစ္စည်းတစ်ခု
တကယ်တော့..ဒီအမှုက ကွင်းလုံးကျွတ်
လွတ်လမ်းမရှိတဲ့စီရင်ချက်
ဒီအတွက်လည်း ကျစ်ကျစ်လျစ်လျစ်နေသားကျ...။

ကိုယ့်လောက်အသပြာမမက်တဲ့ကောင်
ကြောင်လက်သည်းဝှက်သောကတွေတောင်လိုပုံ
ကြာတော့အဲဒီသောကတွေ ကိုယ်၌က ဘ၀၏ အရိုးအဆစ်များဖြစ်သွား
လမ်းများစွာကိုလျှောက်ဖြစ်ခဲ့

လူ့လောကတဲ့ ....
ဂုဏ်ဒြပ်အာရုံများ
တလွှာခြင်းထောင်ထားတဲ့ လှေကားတစင်း
ထိုသို့သောလေးဆယ့်ငါးဒီဂရီမျဉ်း
ဆင်းသလား..တက်သလား...
တခါသားမျှ..အနားကပ် မစစ်ဆေးတတ်
ပေကပ်ကပ်သတ္တ၀ါ
ကြိမ်လုံးတွေကို အသေမုန်း
တယောက်ချင်း တဖုန်းဖုန်းပစ်ကန်ချင်
တယောက်ချင်းမယှဉ်ရဲတဲ့အစုအဖွဲ့များကိုလည်း
ဟစ်တလာ အသည်းနာသလို နာ

စရွေးကိုက်
အတွေးတိုက်ဆောက်
ကြောက်မက်ဖွယ်မြို့ပြတို့၏ ပိုးဟပ်များကြား
ရထားလုံးတစင်းဖြင့် သီချင်းငြီး
ဖိနပ်ပျောက်သောမင်းသမီးအား
သားမယားပြုကျင့်ရန်လည်း
လူပီပီ စိတ်ရိုင်းဝင်တတ်ပါ၏


ထို့နောက်...
အတ္တ..မောဟ
မာန်မာန တို့ဖြင့်
အဆင်သင့်မီးတင်ရှို့ကာ
ကိုယ့်ဟာကိုယ်ကားစင်တင်ရင်း
ပျင်းရိဖွယ်သူရဲကောင်းပုံပြင်တို့အား
ပုံမှားရိုက် သံယောင်လိုက်
စက္ကန့်တိုင်းသေပစ်လိုက် ရှင်ပစ်လိုက်မိ



ဒန်တီးလိုပါ
ချီဂွေဗားရားလိုပါ
မော်စီတုံးလိုပါ
လီနင်လိုပါ လင်ကွန်းလိုပါ
ကားလ်မာ့က်စ်လိုပါ ယက်ဖ်တူရှင်ကိုလိုပါ
ကပ်ဖ်ကာလိုပါ
ဗီသိုဗင်လိုပါ ကိုစောငြိမ်းလိုပါ
မြို့မငြိမ်းလိုပါ
ကပ်ကိုဘိန်းလိုပါ
ဗန်ဂိုးလိုပါ
ဦးကျော်ရင်လိုပါ
ဗလာပုံမှားရိုက်
ဘယ်လိုမှ မတူသော မိတ္တူ ကူးမှုများစွာဖြင့်
သင်နှင့်လောကအား..
ဘယ်တော့မှ မတောင်းဆို
ဘယ်တော့မှ ပုံမှားမရိုက်..
အနည်းဆုံး .....
ကြိတ်မှိတ်အထင်ကြီးတတ်တဲ့ချစ်သူကိုတောင် မတောင်းဆို
ထိုသို့နေတတ်ခဲ့ရင်း အသက်ကိုမျှင်းမျှင်းရှူ
ပေါင်မုန့် မီးကင်စက်လို ဘ၀ထဲတွင်လည်း
ကျဉ်းကျပ်ပူလောင်စွာ ခုန်ခုန်ထွက်တတ်လာ၏
ကဲ.... ငါ့ကို သုံးဆောင်ပါလေတော့........................။


ငြိမ်းဇေဦး

ညယိုပေါက်


ဟောဒီမှာ အနာဂတ် တထပ်ကြီးကို
ရွရွလေးဖြန့် ပြသွားတာ
ကာစီနိုမှာဖဲဝေတဲ့ လက်တွေလိုပဲ...။

စေးစေးပိုင်ပိုင်ရှိလှတယ်
သုညဒီဂရီနှုတ်ခမ်းဖျားတွေ
တာထွက်နှေးနေတာ....။

ချစ်သူ ၊
ကော်ဖီကြိတ်စက်
ညမနက်..
ဒိုင်ယာလက်တစ် ပျစ်ပျစ်တွေ
ခွေခွေကျသွား................။

ချစ်လေး..
ဟန်နီ..
အသည်းတုံး..
ညီမလေး..
ဘေဘီ ...
အချစ်ဆုံး
သည်းငယ်
ဘယ် ကာလမှာပဲဖြစ်ဖြစ်
အသုံးအနှုန်းတစ်တစ်ရစ်ရစ်တွေနဲ့
ပစ်..ပစ်..သွား.............။


ဒီည
အာကာသကိုမစုံစမ်းတော့ဘူး

မိုးရွာတယ်
ကာဖီခါးခါးတွေနဲ့
မနက်ထိ ကူးခတ်ရဦးတော့မယ်
အိပ်မရဘူးကွယ်

တစ်တောက်..တစ်တောက်နဲ့
စက္ကန့်တံအောက်က ည ပွတတခြုံ လွှမ်း
ဘ၀တခြမ်းကို သမ်းဝေရင်းလွမ်းရပြန် .....................။

ငြိမ်းဇေဦး

Friday, August 22, 2008

မရှင်းရင်ထပ်ပြောမယ်


ငါသိ ငါတတ် စိတ်တွေ ပွက်လောရိုက်နေတာလား
စားပြီးနားမလည်လုပ်သွားလို့ ကိစ္စမရှိတဲ့
စတုဒီဿာ မဏ္ဍပ်မဟုတ်ဘူး

ကိုယ်ပစ်တဲ့မြှားတစင်းတိုင်းအတွက်
အပစ်ခံရတဲ့ အရာ ဟာ
စက်ဝိုင်းပုံပစ်မှတ် မဟုတ်ရင်တောင်
သားကောင် တကောင်
သတ်ဖြတ် စားသောက်ခြင်းအတွက်
ဘ၀ဖြစ်ပေးရတဲ့ အကောင် တကောင်
ဆိုရင်တော့...........

မင်းဟာ...
လက္ခဏလဲဖြစ်နိုင်တယ်
ရာမလဲဖြစ်နိုင်တယ်
ဒဿလဲဖြစ်နိုင်တယ် ငါ့ကောင်.....


ငါ လူယောင်ဆောင်ပြီး
လွတ်မြောက်ရေးသီချင်း ခါတော်မှီမဆိုဘူး

ငါ ပညာတတ်ယောင်ဆောင်ပြီး
အာဘောင်အာရင်းသန်သန်နဲ့ ဆူညံနေအောင်မငြင်းဘူး

လုံချည်တကွင်းထဲတူတူဝင်
လက်ချင်းကြိုးချည် ဓါးမြှောင်တလက်စီနဲ့
မသေမချင်း ထိုး ရဲတဲ့ ဇ ရှိရင် ငါ့ကို လာစ
ဘ၀ဆိုတာ ရလို့ နေနေတဲ့ဖြစ်စဉ်
သိပ်နေချင်လို့ မထင်နဲ့
ငါ့မှာဆုံးရှုံးစရာ အမုန်းဆုံး အနာတွေပဲရှိတယ်

မင်းကိုယ်မင်း ၀က်သားထင်ချင်ထင်
ငါ့ကို ငပိရေထင်ချင်ထင်
ကိစ္စမရှိဘူး....
တကယ် လဲနိုင်ရင် လာခဲ့
တခုတော့ပြောမယ် ငါ့ဘ၀နဲ့ငါနေတယ်

အင်တာနက်လေကြောမှာဘုန်းဘောလအော
လွတ်မြောက်ရေးစကားနဲ့
ငချွတ် ငကြောက် ငပြေးတွေကြားထဲ ငါမပါဘူး
အဲဒါ အတိအကျ အသေချာမှတ်..
ပွဲပြတ် သွားတတ်တယ် ကိုယ့်ဆရာ...
ကဗျာရေးတဲ့ကောင်တိုင်းက ငကြောက်မဟုတ်ဘူးကွ......။


ငြိမ်းဇေဦး

Wednesday, August 20, 2008

တနပ်စား

ဝါးချင်တယ်...
မန်ကျည်းရွက် နုနု
ရွှေ ပုဇွန်ခြောက် ...မြေပဲ နိုင်နိုင်
ဆီ၀၀..
ကြက်သွန်နီ ကြက်သွန်ဖြူ နိုင်နိုင်နဲ့
အဲဒီ.... မန်ကျည်းရွက်သုတ်

ဝါးချင်တယ်
ဆူးပုတ်ရွက်နဲ့ ပဲကြီးဟင်းရည်
နွေခေါင်ခေါင်နေ့လည်မှာ
ဝက်သား သုံးထပ်သားဆီပြန်နဲ့

ဝါးချင်တယ်...
ပုန်းရည်ကြီးသုတ် ကြက်သွန်ဖြူ နိုင်းချင်းနဲ့
ရေချို ငပိရည်လေး က တခွက် ...
ဒညင်းသီးခပ်စေးစေးလေး တွေပြုတ်လို့ က တဖက်....
အရွယ်မရောက်သေးတဲ့ မချစ်စု နုနုလေးကို
အလည်တည့်တည့်ကခွဲ အစေ့လေးကိုဖြဲထုတ်
ထမင်းလုတ်ထဲ မြှုပ်

ဝါးချင်တယ်
ဝါးချင်တယ် ရှောက်သီးထွားထွားကို အပြတ်
ဟီရိသြတ္တပ တရား ကုန်တဲ့အထိ နွှာ
ပြောင်တဲ့အထိနွှာ ..
အတွင်းသားတွေ ၀င်းကနဲ ရှင်းကနဲ ကြည်လဲ့နေတဲ့အထိနွှာ
ပဲမှုန့်သာသာလေး.. ငံပြာရေ သာသာလေး
မြေပဲဆန် သာသာလေး ရွှေပုဇွန်ခြောက်သာသာလေးနဲ့ရောသုတ်
ဗြောင်သုတ် အတိအကျသုတ်
အတိအလင်းသုတ်
မိသားဖသားပီပီသုတ်
သုတ်ပြီးရင်းသုတ်
ပြီးတော့ ငုတ်တုတ်ထိုင်...
ငိုင်စရာကိုမလိုပါဘူးလေ တနပ်စားပဲ ကဲ
ဟင်းခါးရေ ပူစပ်စပ် ခုံဖိနပ်ဖင်ခု လို့
ချွေးတွေစို့အောင် ၀ါးချင်တယ်ဟေ့.....။


ငြိမ်းဇေဦး

သွေးတိုး




တချို့ ဟာတွေက
ကြောင်နာကားနင်းသလို
ကြွေရတာနဲ့မတန်ဘူး

ဝက်သားဆီပြန် သုံးထပ်သားလို
အပြတ်ဝါးပြီး ဖိနပ်ခါးကြားထိုး ပြန်လာလိုက်သင့်တယ်


ဒီစိတ်တွေနဲ့ သွေးတိုးတွေတရိပ်ရိပ်တက်ခဲ့တော့လဲ
ကလေးဆိုးလိုခံစားလိုက်ပါဦးမယ်ကွာ
လောကမှာဘယ်အရာ အမူးဆုံးဆိုတာ
တွေ့ရှိဖို့....
သွေးတိုးရေ ...
တရေးနိုးမှ ထပ် တွေ့ ကြတာပေါ့..........။

ငြိမ်းဇေဦး

Tuesday, August 19, 2008

မမဘာလို့ ဖုံးတာလဲ ...



ဟိုးရှေးတုန်းက
ကောင်မလေး တယောက်ရှိတယ်။

အဲဒီကောင်မလေး ကိုမွေးဖွားတဲ့ တိုင်းပြည်က တောင်ကြီးတစ်ခုရဲ့ ခြေရင်းမှာတဲ့။

အဲဒီလိုနဲ့ ... ကောင်မလေးဟာ တဖြေးဖြေး အရွယ်ရောက်လာတော့ ... ထင်းရူးပင်ကြီးတွေအောက်မှာ မိုးရာသီဆိုရင် အနီရောင်မှိုကြီးတွေကို အမြဲကောက်တတ်တယ်တဲ့

ပြီးတော့ အဲဒီမှိုနီကြီးတွေကို သူ့ ရဲ့ ပလိုင်းလေးထဲကို မိုး စက်တွေကျနေတတ်တဲ့ ညနေတွေမှာ ကောက်ပြီးထည့်ယူလာတတ်တယ်တဲ့

အဲလို ပြန်လာတိုင်း အင်ပင်ကြီးတွေရှိတဲ့အင်တောကိုဖြတ်တဲ့အခါ
အင်တောက အင်ပင်တွေအောက်က
ညိုမဲမဲရောင် အလုံးလေးတွေနဲ့တူတဲ့အင်ဥတွေကို ကောက်တာပေါ့


အဲဒါနဲ့အဲဒီအင်ဥလေးတွေကိုလဲ စုကောက်ပြီးတော့ ဖက်ကလေး နဲ့ ကန်တော့ထိုးပြီးတော့ ယူလာတာပေါ့
အင်း
ရေချောင်းလေးကို ရောက်တိုင်းသူက ရေဆေးနေကြတဲ့
မှိုတွေ အင်ဥတွေကိုရေဆေးနေချိန်မှာ
ရေထဲက ငါးကလေးတစ်ကောင်ကိုမြင်ရတယ်တဲ့
ကောင်မလေးဟာ ငါးကလေးကိုမြင်တဲ့အချိန်မှာ
ငါးကလေးက စကားပြောတယ်တဲ့
ပထမတော့ကောင်မလေးဟာ ငါးကလေးကသူ့ ကိုစကားပြောတယ်မထင်ပဲ
တခြား လူတယောက်ယောက်များလားဆိုပြီး လိုက်ရှာကြည့်တာပေါ့

ဒါပေမယ့်နောက်ဆုံးမှာ ငါးကလေးကသူ့ ကိုပြောနေတာကျိန်းသေသွားတော့
ငါးကလေးရယ် နင်ငါ့ကိုဘာပြောနေတာလဲဟင်လို့ မေးတယ်တဲ့
အဲဒီအချိန်မှာ ငါးကလေးကဘာပြောလဲဆိုတော့
“ကောင်မလေးရယ် နင်ဟာ အောက်ခံဘောင်းဘီလဲ မ၀တ်ပါလား ” လို့ ပြောတယ်တဲ့ အဲဒီကစလို့ ကောင်မလေးတွေဟာ အောက်ခံဘောင်းဘီကိုအပြင်ထွက်တိုင်းဝတ်ကြရတော့တာပေါ့။
တချို့လဲ ငါး တွတ်ခံချင်စိတ်ပေါက်တဲ့အခါမှာ တော့ မ၀တ်ကြဘူးတဲ့ကွယ်။


ငြိမ်းဇေဦး

Tuesday, August 12, 2008

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ


လှန်လှောပါ
တမျက်နှာခြင်း ....
တလွှာခြင်း အသာလေး...
ကြည့်ပါ.....
မကြည့်တောင် ကြည့်ချင်ယောင်ဆောင်လိုက်ပါ
စိတ်ချမ်းသာရင် ကမ္ဘာငြိမ်းချမ်းတယ်
ငြိမ်းချမ်းပါရစေ

ကမ္ဘာကြီးက ဒေါသတွေနဲ့ ရင်ဘတ် လှိုင်းထ နေတာ
တော်ကြာ ဟိုနေရာ စစ်ပွဲ ဒီနေရာ စစ်ပွဲ
တကတည်း ဆိုးမှ ဆိုး .....

စာမျက်နာအစက
နောက်ဆုံးစာမျက်နှာထိ
သံစဉ် ဖြစ်ရပ် အကြောင်းအရာ
အားလုံးဟာ တလမ်းသွားပါပဲ
စကတည်းက....
လောကဖြစ်စဉ်တွေ ထဲ မှာ
နှာခေါင်းတောင်မဖော်နိုင်ရှာပါဘူး
သိပ်ထူးဆန်းတာတွေတော့မပါဘူးပေါ့....


ဒီနှစ်နှစ်ဆယ်ကျော်မှာ....
ပီပီသသ ဆိုရအောင်လဲ
ရင်ဘတ်ထဲ သံပုရာရည်တွေပဲ ကျန်ခဲ့တယ်

ဒီမှာပဲ....
ခပ်ချဉ်ချဉ် ပင်လယ်ကြီးထဲ
ချဉ်စူးစူးပေါလောမျောမှုကို
ဘ၀ဆိုတဲ့ ဖောင်တစင်း အဖြစ်
ခုထိသံသယနဲ့ ပိုင်ဆိုင်လာတာပေါ့

ကဲလေ...
အဲဒီ ဖောင်ကိုဖျက်ရအောင်
ဘုရင့်နောင် မဟုတ်ခဲ့ပေတော့
ကျော့ကျော့လေး ပက်လက်မျောခဲ့တာကိုက
စာဖွဲ့စရာ ဖြစ်ရပြန်သတဲ့
အဲသလို နေတတ်ခဲ့တာ.............။

ငြိမ်းဇေဦး

Sunday, August 10, 2008

Anticipation(1)


ငြိမ်းဇေဦး (pencil)

ဈေးကောင်းတဲ့ကိစ္စများ


မုဒိတာ တရားတွေ ဈေးကျ

ရင်းနှီးမြှပ်နှံထားသလား
ရှုံးမှာ ကျိန်းသေတယ် ထုတ်ရောင်းတော့

မေတ္တာတရားတွေ ဈေးကျ

ရင်းနှီးမြှုပ်နှံထားသလား
ရှုံးမှာကျိန်းသေတယ် ထုတ်ရောင်းတော့

သစ္စာတရားတွေ ဈေးကျ

ရင်းနှီးမြှပ်နှံထားသလား
ရှုံးမှာ ကျိန်းသေတယ် ထုတ်ရောင်းတော့

ကမ္ဘာမှာ
သစ္စာအတု
မေတ္တာအတု
မုဒိတာအတု
အလိမ်အညာအစစ်တွေနဲ့ လောင်စာ အတွက်
အာမခံချက်ရှိတယ်
ဝယ်လက်အသစ်တွေ ငါးရစ်တက်သလိုတက်နေတယ်
ဝယ်ထား လှောင်ထား..
ရှုံးသွားမှာမပူနဲ့ ဖြုန်းအားကတော့အပြည့်
ဒီလိုနဲ့ ကမ္ဘာကြီးအငွေ့ ပျံခြင်း စခဲ့တာပေါ့................။

ငြိမ်းဇေဦး

သည်းခံနိုင်မှုအမြှေးပါး မယားဒရားပြုခံရတဲ့ ညနေ



သန်းပေါင်းခြောက်ထောင်မှာ
တယောက်ပဲ ဖြစ်တတ်တဲ့ ရောဂါနဲ့
မရိုးမရွ ဖြစ်နေတာ စိတ်ကူးထဲ ခွေးလျားသီး မှုန့်တွေ လွင့်ကျသလို
ငြိမ်းဇေဦးဆိုတဲ့ရောဂါ ပေါ့
ငြိမ်းဇေဦးဆိုတဲ့ ရောဂါပါ
ဆန်းတော့မဆန်းပါဘူး....။

ညနေက ဘီယာဆိုင်မှာ
တခါမှ မမျှော်လင့်ပဲ
တစားပွဲထဲ အရစ္စတိုတယ်နဲ့ထိုင်ဖြစ်တော့....

“ဟေ့..တိုတယ်ကြီး
ခရီးပမ်းလာသလား..
နေကောင်းလား...
သားရေးသမီးရေး အိုကေလား”

စားပွဲထိုးမ အနားရောက်လာတဲ့အထိ
သာလိကာလိုမေးပစ်လိုက်တယ်...

အရစ္စတိုတယ်က
ကက်သရင်းဇီးတာဂျုံးလို
မျက်မှောင်ကြုံ့ကြည့်ပြီး
အလကားရတဲ့ အာလူးကြော် ကို စမြည်းတယ်

ပြီးတော့ စားပွဲထိုး မ ကို
ချစ်နှမ ..ဆားငံလှချည်ရဲ့
တခုခုနဲ့ လဲပေးပါလို့ တောင်းဆိုလိုက်တယ်

စားပွဲထိုးမ က ခဲဖိုး မရတဲ့  ကာလသားခေါင်းရဲ့အကြည့်နဲ့
ရှိတဲ့ဟာယူခဲ့မယ် ခဏစောင့်လို့ ပြောပြီး
အန်ဒါဆင်ရဲ့ ပုံပြင်ထဲက ငွေငန်းဖြူမ လေးဖြစ်သွားတယ်

အဲဒီမှာ ...ပြသနာစတာပဲ
အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကင် မြို့တော်ဝန်တယောက်ဟာ
ဘယ်ချောင်က ထွက်လာမှန်းမသိပါဘူး
နှစ်လုံးပြူးတစ်လက်နဲ့ ငန်းဖြူမကို ပစ်ချလိုက်ပါလေရော


အရစ္စတိုတယ်စိတ်ပျက်သွားခဲ့ပြီ
တိုတယ်ကြီး စိတ်ပျက်သွားခဲ့ရပြီ

ငန်းဖြူမဟာ ဆန့် ငင် ဆန့် ငင် ...
မသေခင်မှာပဲ ရွှေဥတစ်လုံးဥချခဲ့တယ်

ဘာပဲဖြစ်ဖြစ် ရွှေဥနဲ့ ငန်းသားဟာ
လွမ်းဖျားကိုတော့ ယာယီပျောက်စေတယ်လို့ အယူရှိတဲ့ နတ်ဆရာက
ဟော့ဒီမယ်.. ပြဿနာမရှိပါဘူးကွ လို့  ထပြောတယ်
ကျင်ငယ် စစ် စစ် ရောင်ထနေတဲ့အမြှပ်တစီစီ ရေခဲစိမ် ဘီယာကို
တရုတ်ပြည်ကလာတဲ့ဖန်ခွက်ကြီးနဲ့မော့ချလိုက်တယ်

စောစောက စိတ်ပျက်သွားတဲ့  ပညာရှိကြီး မစ္စတာ တိုတယ်ဟာ
ခုတော့..နှုတ်ခမ်းတွေကို လျှာနဲ့သပ်လို့
အပျိုရွယ်ဝင်စ ကလေးမ တယောက်
ဘီယာဆိုင်ရှေ့ က ဖြတ်လျှောက်သွားတာကို
ကားစပါယ်ယာရဲ့ လက်လို အကြည့်တွေနဲ့
မိမိရရ ဖျစ်ညှစ် ပွတ်သပ်လိုက်တယ်

ကျုပ်ရဲ့ ဘီယာ သောက်ချင်တဲ့ စိတ် စမ်းအိုင်လေး
ခမ်းခြောက်သွားခဲ့ရပြီ


ဒါနဲ့ဆိုင်ထဲက ပြန်ထွက်လာတော့
ဗုဒ္ဓ ရယ်
သခင်ယေရှုရယ်
အလာဟ်အရှင်မြတ်ရယ်နဲ့
ကမ္ဘာ့နယ်ပယ်ပေါင်းစုံ ခေတ်ပေါင်းစုံက
အထောင်အသောင်းသော ပညာရှိတွေကို
ဒွါရ ကိုးပေါက်ထဲ ချောင်ချောင်ကြီး ထိုးသွင်းနေတဲ့
ဗမာ ပညာရှင်တွေကိုတွေ့ လိုက်တယ်

ကျိန်းသေတယ်
ဒီည အိမ်ပြန်ရောက်ရင်
ရေဒီယိုကို
ကိုင်ပေါက်
ထုခွဲ
သည်းသည်းမည်းမည်း
ပျစ်ပျစ် နှစ်နှစ်
ဆဲဖြစ်တော့မယ်..................။


ငြိမ်းဇေဦး

Saturday, August 9, 2008

တဦးတည်း ဆည်းဆာ



အိမ်ရှေ့ သမံသလင်းပေါ်က ဂမုန်းအိုး များကို ရေလောင်းနေရင်း သေသွားသော နွယ်ပန်းပင်လေးနှစ်ပင် ၏ ခြောက်သွေ့မှုကို မမှိတ်မသုန်ကြည့်နေမိ၏။
အရင်တုန်းကတော့ ခရမ်းရောင်လေးတွေပွင့်နေကြ ခုတော့ ခြောက်သွေ့သော ပင်စည် ကိုင်းခက် သစ်ရွက်များဖြင့်...။

အချို့သောသစ်ရွက်များက ပင်စည် ကိုင်းခက် များပေါ်မှာ ငုတ်တုတ်ခြောက်သွေ့ နေကြ၏ ။ ပြိုလဲမကျသွားသေး။ လွင့်မျော ပျောက်ဆုံးမသွားသေး ....။

ဆေးရောင်စုံတို့ ပေကျံနေသော အကျီ င်္ ဟောင်း က ရင်ဘတ်ဟကွဲ ..။
အောက်ဆုံး ကြယ်သီးတလုံးကတော့ တစ်ထည်တည်းသော ယောပုဆိုးလေး ပြန်လည်ဖာထေး ပြုပြင်ဝတ်ဆင်လို့ မရသည့် အဆုံး ရေချိုးခန်း ခြေသုတ်ဝတ်မဖြစ်ခင်ကာလ ကတည်းက ပုဆိုးကို ဒေါနှင့်မောနှင့် စည်းလိုက်ချိန်တွင်
ပြုတ်သွားခဲ့ရ၏။


သမံသလင်းပေါ်သို့ ကျကျ နန တင်ပလ္လင်ခွေထိုင်ချရင်း အနောက်ဖက် မှ လင်းဖြာဆဲရှိသေးသော နေရောင် အိုအို၏ ဖျားနာ ရောင်ခြည် အောက်မှ မြက်ခင်းစိမ်းတို့၏ စိမ်း ၀ါ စိမ်းနု အရောင်တို့ အား ငေးနေမိ၏။
သစ်တောကြားမှ ဖြတ် သန်းလာသော နေရောင်သည် မြက်ခင်း တခုလုံးကိုတော့မင်းမူနိုင်စွမ်းမရှိတော့ ။ သစ်ရိပ်များ အောက်မှ မြက်တို့သည်ကား စိမ်းရင့်ရောင် စိမ်းမှောင်ရောင် ...။
လေ အဝှေ့တွင် မာဆတ်ဆတ် လှုပ်ယမ်းတုန်ခါနေသော မြက်ပင်တို့၏ ထိပ်ဖျားတွင် ပုရွက်ဆိတ်တစ်ကောင်တလေများ ရှိနေမလား ။

ပြီးတော့ ထိုပုရွက်ဆိတ်က မြက်ပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ဆီမန်းမန်းသလို “ ခြေမမြဲ လက်မြဲပါစေ ၊ လက်မမြဲ ခြေမြဲပါစေ” ဟုများ ဆုတောင်းနေမလား။

ရေခရားလေး ကိုကြည့်မိပြန်တော့ ရေခရားလေး တွင်းမှ ရေတို့သည် ငြိမ်သက် ကြည်လင်လျှက်။
ရေခရားလေးသည် ကြေးနီ ခရားလေးဖြစ်သည့်အလျှောက် ကြေးနီရောင် ကြမ်းပြင်ကို ရေထုကိုဖြတ်လျှက်မြင်နေရ၏။
ထိုရေခရားလေးသည် ကြေးနီအစစ် ဖြစ်မဖြစ် ဆိုသည်မှာ ကျနော်သိရန် တခါမှ မကြိုးစားမိသော ကိစ္စဖြစ်၏။
ထိုရေခရားလေးကို စက်ဖြင့် ပြုလုပ်သလော ။ လက်ဖြင့် တဆင့်ချင်း ကျကျနနပြုလုပ်သလော ကျနော် မသိ။
ထိုရေခရားလေး၏ ပိုင်ရှင်ဟောင်းသည် ထိုရေခရားလေးကို မည်ကဲ့သို့ အသုံးပြုခဲ့သည်ကျနော်မသိ။
ထိုရေခရားလေးကို အဟောင်းဆိုင်တွင် တွေ့ ခဲ့စဉ်ကာလ က အိမ်၌ရှိသော ပန်းပင် ပန်းအိုးလေးများအား ရေလောင်းရာတွင်အသုံးပြုမည် ဟူသော ရည်ရွယ်ချက်တခုဖြင့် သာ ၀ယ်ယူလာခဲ့ပြီး
ထိုရေခရားလေးသည် ကျနော်ရည်ရွယ်ခဲ့သော တာဝန်ကို ကျနော် အပျင်း မထူ ချိန်တိုင်း သတိမမေ့ချိန်တိုင်းတွင် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြ။


ဂမုန်းပင်များသည် စိုပြေထွားကျိုင်းလျှက် အကိုင်း ပျော့များ နွယ်ယှက် တိုးထွက် လွင့်တက်နေကြသလို ဂမုန်းရွက်တို့ သည်လည်း ရေစို မျက်နှာပြင် စိမ်းပျော့ အိ ညက် ၏ အပေါ်တွင် လှဲချ ငြိမ်သက်နေသော နေမင်း၏ နောက်ဆုံးမိနစ် ရောင်ခြည်များအား
အားရှိသမျှ ပြန်လည်တွန်းထုတ်နေသလော အငမ်းမရ စုပ်ယူနေသလော ကျနော်မသိ သို့သော် အိပ်တွင်း တခြား ဖက် နံရံ ထိ အလင်းပြန် အလင်းရိပ်တို့ ထင်ဟပ် လှုပ်ရှားနေ၏။

လွန်ခဲ့သော ငါးနှစ်က ဂမုန်းပင်လေးတစ်ပင် ၀ယ်ယူခဲ့ပြီး ယခုတော့ ဂမုန်းအိုး သုံးအိုးဖြင့် ပွားများ ဖြစ်ထွန်းနေသော ဂမုန်းပင်များအားကြည့်နေမိစဉ် ဂမုန်း သဘာဝ ၊ ရွက်ကျပင်ပေါက် ရှင်သန်မှု၏ ဂုဏ်သတ္တိကို တွေးတောနေမိရင်း အိမ်တွင်းသို့ပြန်ဝင်လာခဲ့၏။

စာကြည့်ခုံ အံဆွဲထဲမှ ကပ်ကျေး တစ်လက်ကို ထုတ်ယူလိုက်ကာ ဂမုန်းအိုးများရှိရာသို့ပြန်လာခဲ့ပြီး ခြောက်သွေ့ သေဆုံးနေသော နွယ်ပန်းပင်လေးနှစ်ပင်အား ခြောက်သွေ့သော မြေသားများနှင့် ဈာပနတစ်ခုချင်းကို သူ့ခန္ဓာကိုယ်ဖြင့် လွယ်ထား ရသော ပန်းအိုးထဲမှ ဖွဖွဖြေးဖြေး ဆွဲထုတ်ယူလိုက်၏။ ပြီးတော့ ရေခရားလေးထဲမှ ရေ အနည်းငယ်စီကို လောင်းလိုက်ကာ လွန့် လူး ယိမ်းနွဲ့ နေသော ဂမုန်း ကိုင်းများအား ကတ်ကျေးဖြင့်ဖြတ်လိုက်၏ ။

ဂမုန်းကိုင်းဖြတ်စ လေးခု ကို နှစ်ခုစီခွဲကာ ပန်းအိုးလေး နှစ်အိုးတွင်း သေချာ ဖိထိုး မြေစာဖို့  ထည့်ရင်း ရှေ့သစ်တောကြားမှ မြက်ခင်းပြင်အားကြည့်လိုက်မိသော အခါ နေရောင် ပျောက်လု အမှောင်ရိပ်ကြီးစိုး တော့မည့် စပ်ကူးမတ်ကူးကာလတွင်
စတင်ပျံသန်း ဟန်ရေးပြနေပြီဖြစ်သော ပိုးစုန်းကြူး လေးများ ကိုတွေ့ လိုက်ရ၏။

ယခုတော့ နွယ်ပန်း နှစ်ပင် ၏ အရိုးစု နေရာတွင် စိမ်းလန်း သန်မာသော ဂမုန်း ပင်အသစ်များ နေရာယူလျှက် ...။ ယခု အချိန်တွင် ကျနော့်အိမ်ရှေ့မှ တစုံတယောက်ဖြတ်သွားရင်း ကျနော့် ဂမုန်းအိုးများကိုသတိထားမိမည် ဆိုပါက
ထိုဂမုန်းအိုးလေးများသည် အစကနဦးကတည်းကပင် ဂမုန်းပင်များ ရှင်သန်ခဲ့ သည် ဟု ပင် ထင်ပါလိမ့်မည်။

ကျနော်သည် နွယ်ပန်းပင်ခြောက်လေးနှစ်ခုကို အသာအယာ သတိဖြင့် ကိုင်တွယ်ရင်း အိမ်တွင်းသို့ ၀င်လာခဲ့ပြီး သစ်သားဖြင့် ပြုလုပ်ထားသော ဆင်စွယ်ဖြူရောင် သေတ္တာ ကလေးကိုဖွင့်ကာ အနီရောင်ကတ္တီပါစကလေးကိုဖြန့်ခင်းလျှက် နွယ်ပန်းပင်ခြောက်လေးနှစ်ပင်အား
အသာအယာ သိမ်းဆည်းပြီး ငွေရောင် သော့ချောင်းကလေးဖြင့် ပိတ်ကာ ကျနော် အမြတ်နိုးဆုံး စာအုပ်စင်လေး၏ အပေါ်သို့ ဖြေးညှင်းစွာပြန်တင်လိုက်ရင်း ဆို့လှိုက် နင့် နစ် လာသော ရင်အစုံဖြင့်
ထိုနွယ်ပန်းပင်လေးနှစ်ပင်ကို ၀ယ်လာခဲ့စဉ်က အဓိပ္ပါယ်ဖွင့်ဆို မှုကလေး ကို သတိမရမိအောင်ကြိုးစား လျှက်..................။

ထိုနွယ်ပန်းပင်လေး နှစ်ပင်သည်သာ သိပ်ချစ်သော ချစ်သူများဖြစ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးသေသည်အထိမျက်စိအောက်ကအပျောက်မခံ နေခွင့်ရခဲ့သလိုသာ ......................................................။



ငြိမ်းဇေဦး

half caped darkness


ငြိမ်းဇေဦး (pencil)

Friday, August 8, 2008

အနိစ္စ


မီးဇာကုန်ဆီခမ်း
ဒီလမ်း ကတော့ ထင်းနေမြဲ...။

ငြိမ်းဇေဦး

Disfigured



ငြိမ်းဇေဦး (pencil)

သံဝေဂ ခါးခါး





ကိုယ့်ကိုယ် ကိုယ် တူးဖော်ခဲ့ပြန်ပြီ
ချွေးတွေ...
သွေးတွေ....
မျက်ရည်တွေ...နစ်လို့
ငါ့ကိုယ်ငါစစ်ဆေးမှ ဖြစ်မယ်
နှစ်နှစ်ဆယ်လေ ...။

လား..လား......
ငါ့ချွေးတွေ မဟုတ်ဘူး
ငါ့သွေးတွေ မဟုတ်ဘူး
ငါ့မျက်ရည်တွေ မဟုတ်ဘူး
အချိန်ကျ တိုင်း နတ်ဆိုင်းနဲ့
အမယ်မင်း အမယ်မင်းဟင်းဟင်းလို့
ရင်ဘတ်စည်တီး ငိုကြီးချက်မ
ထထ က တာ က လွဲလို့ .........။

တော်ပေသေးရဲ့
သွေးအိုင်တွေ ချွေး တွေ မျက်ရည်တွေ နဲ့ခြေမဆေးခဲ့လို့
တချို့ သိသင့်ပြီ..................။


ငြိမ်းဇေဦး

Thursday, August 7, 2008

Wednesday, August 6, 2008

ပရိဗိုဇ်ရဲ့ ၀ိဟာရ


တစပြင်လို ပါ
ဟောဒီနေရာကိုလာတိုင်း အမျှဝေကြ
သာဓု အနုမောဒနာခေါ်ကြ
သက်ဆိုင်သူများ
မျက်ရည်သုတ်ကြ ...။

အနည်းဆုံးက ဆေးလိပ်တလိပ် ယပ်တောင်တချပ်နဲ့
ကိုယ်နဲ့မသက်ဆိုင်သလို ယပ်ခပ်ပြန်သွားတတ်ကြပါ
ဒါ ဟာ လွမ်းနေတဲ့ကောင်ရဲ့ တင်းကုတ်ဖြစ်တယ်.............။

ငြိမ်းဇေဦး

ဝမ်းစာ


ငြိမ်းဇေဦး(Acrylic)

Monday, August 4, 2008

မဟူရာကိုကို ရေ.............

မဟူရာကိုကိုရေ
ဘ၀ကို ပန်းပဲဖိုထဲ ထည့်လိုက်ပါကွယ်
ပြီးရင် သစ်လွင်မာကျောအသားတင်းတင်းနဲ့
လောကကို ပြုံးပြပါ ဖီးနစ် ငှက်တကောင်လိုပေါ့..။

ဆိတ်ဖလူးနံ့တွေ ညမွှေးနံ့တွေနဲ့
ဧရာဝတီကမ်းပါးမှာ စာသားတွေ တောင်ကျရေလို စီးဆင်းတဲ့ညတွေကို
ဘ၀နဲ့ငဲ့လိုက်ပါကွယ်
မင်းဘ၀ကို မင်းကိုယ်တိုင်ပဲ ငဲ့လိုက်ပါ
ငါတို့ က မစွမ်း အာဇာနည်တွေလေ
သေတာမှကောင်းနေသေးတော့...။

ဘ၀တွေက ဘ၀တခုကို မငဲ့ကြဘူး
အဲဒါကို လဲ အပြစ်မတင်နဲ့
အဲဒီဆူးတွေ ထုတ်ပစ်လိုက်ပါ
ကုတ်ခြစ်လိုက်ပါ နာနာကျင်ကျင်ငိုပစ်လိုက်ပါကွယ်
ငိုတတ်သေးရင်ပေါ့...။

မဟူရာကိုကိုရေ ငါတို့ ကို အပြစ်တင်လိုက်ပါ
လူချင်းတွေ့ရင် စေ့စေ့ကြည့်ပြီး ခရီးရောက်မဆိုက်ပါးရိုက်လိုက်ပါ
အဲသလောက်တောင် ငါတို့ ညံ့ခဲ့ကြတယ်ကွယ်....။

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘယ် အမှောင်တွေပဲဖြတ်ခဲ့ဖြတ်ခဲ့
နားကပ်နဲ့ ရင်းတဲ့ ညစာ
အရပ်ရဲ့ သီချင်းနဲ့ တညတာ
ဖိနပ် နဲ့ နင်းတဲ့ ဘ၀ အနာ ဖြစ်ခဲ့ရပြီ ဆိုလဲ
“အနာထဲမှာ ဗလာအသည်းဟဲ့
မာဆဲ ငါမလဲ ဘူး
ဖေဖေရေ သမီးမလဲဘူး ”လို့
ပြည်မြို့ ကြီးကို ပတ်ပြီး ငိုချင်ငိုလိုက်စမ်း မဟူရာကိုကို


မင်း မငို တတ်တော့ဘူးဆိုတဲ့အချိန်မှာ
မင်းနာမည် မဟူရာကိုကိုလို့ 
ငါ့သမီးနာမည် မဟူရာကိုကိုလို့
လက်ဖက်ရည်ကရားထဲက သွန်သွန်ကျလာပြီး
လက်ဖက်ရည် ပန်းကန်လုံးထဲမှာ ကျစ်ကျစ်လျစ်လျစ်ပျော့ပျော့ပြောင်းပြောင်း
စီးဆင်းအားကောင်း သလောက်
တည်ငြိမ်ပြတတ်တဲ့ လက်ဖက်ခြောက်ကောင်းကောင်း
လက်ဖက်ရည်ကြမ်း လို
အာခံတွင်း ရွှင်တဲ့ ကဗျာ သီချင်းဘုရင် မင်းအဖေဟာ
သမီးနာမည် မဟူရာကိုကိုလို့ ထုတ်ပြောဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့သလို
သူ့ အရိုးတွေ ပင်စင်ယူသွားတဲ့ သုဿန်မြေမှာလဲ ၀ိဥာဉ်တွေကို
ကဗျာ နဲ့ပြုစားရင်း မုသားမပါ အလှဆုံး ဗလာစကားလုံးနဲ့
ပြုံးပြုံးပြီး ပြောနေဦးမှာ
သမီးနာမည် မဟူရာကိုကို
မဟူရာကိုကိုလို့ ................။


ငြိမ်းဇေဦး

ကိုချော သမီးလေးအားရေးဖွဲ့ ပါသည်။

Sunday, August 3, 2008

စိတ်ကူး ဆင်ဖိုနီ



စိတ်ကူးနဲ့စိုက်ပျိုးခဲ့
စိတ်ကူးနဲ့ ခူးဆွတ်ခဲ့
ကောင်းကင်ရိုင်းကိုလဲ စိတ်ကူးနဲ့
ပေါင်းသင်ခဲ့

တဖန်ပြန် ထွန်ယက်ခဲ့

ညနေခင်းတိုင်းကို
ခေါက်...ချိုး.. ပုံသွင်း
စက္ကူလေယာဉ်လေးတစင်းပြီး တစင်း လုပ်ခဲ့

အနောက်ဖက် ခြမ်းကိုလဲ ကန်းနေတဲ့ လှံပစ်သမားလို ပစ်ခဲ့
ခြုံတောတွေနဲ့တူတဲ့မြို့ပြတွေမှာ အလင်းစတွေ ညိကျန်ခဲ့

အမှောင်ထဲမှာတယောက်ထဲကျန်ခဲ့


ချက်အရက်ဖို တခုလိုရင်ဘတ်နဲ့
အလွမ်းရာနှုန်းပြည့်ပါတဲ့ မျက်ရည်တွေ တစက်ချင်းကျခဲ့

အမြှပ် တစီစီ ထနေတဲ့
ဝါရွှေရောင် ဘီယာရည်တွေလို ပျော်ရွှင်မှုတွေကိုလည်း
စိန်ရောင်ထနေတဲ့ ဖန်ခွက်နဲ့ အဲဒီဖန်ခွက်ကိုင်းကို
မိမိရရ ကိုင်ပြီး စိတ်ကူးနဲ့ မြုံ့ ခဲ့

စာကလေးကြော်နဲ့မြည်းခဲ့
စာကလေးကြော်ကို အ၀တ်ဗလာနဲ့
ဟီရိသြတ္တပ တရားကင်းလွန်းရဲ့လို့
မြည်တွန်တောက်တီးခဲ့

ပေါင်ရင်း က ကိုင်ပြီး တကိုက်ချင်းဖဲ့ခဲ့


ဝါးနေရင်းလျှာဖျားက အရသာကို
“ကောင်းလိုက်တဲ့ စာကလေး”
“ကောင်းလိုက်တဲ့စာကလေး”လို့ ချီးကျူးခဲ့

စိတ်ကူးနဲ့ပဲ စာကလေးကြော်ဆီတွေပေနေတဲ့
ငံကျိ ဆိမ့် လက်ညှိုးကို ကလေးတယောက်လို ပြန်လျက်ခဲ့

ဝေးဝေးတခါ
လောဘ သားရေအိတ်နဲ့ မြွေဆိပ်တွေ အပြည့်သိုလှောင်ခဲ့
ဂရိုင်းမစ်ချား လို တဇွန်းခြင်း သောက်ခဲ့

အားမရမှုတွေ ပေါင်းမြက်တွေလို မပျိုးရပဲ ရှင်သန်ခဲ့

အတင်း..အတင်းကို အငမ်းမရ မော့သောက်ခဲ့


စိတ်ကူးနဲ့ သေဆုံးခဲ့

စိတ်ကူးနဲ့ လူဝင်စားဖြစ်ခဲ့


သုတ္တံတရားကို စုတ်တံဖျားနဲ့ ရေးချယ်ချင်ခဲ့

နောက်တော့ ဇော်ဂျီတပါးကိုအားကျခဲ့

သူယောင်မယ်တွေကို ဖန်ဆင်းခဲ့

ငါ့ပန်းချီကားထဲက အပြင် ဘ၀ထိ ဆွဲထုတ်ခဲ့
ပေါင်းသင်း ဆက်ဆံခဲ့
သံဝါသ ပြုခဲ့

ကိလေသာ သန့် သန့် တွေ သံယောဇဉ်ပျစ်ပျစ်တွေနဲ့
အရောခံရခဲ့

ဖောဌဗ္ဗ အင်္ဂျင်ကြီး လည်ပတ်နှုန်းပျက်ခဲ့
ရေပါတဲ့ ဓါတ်ဆီနဲ့မောင်းမိတဲ့ကားလို
စိတ်ဆိုး မာန်ဆိုး အသံမျိုးစုံ
“ဖုန်းကနဲ ဒိုင်းကနဲ” ထထ ပေါက်ကွဲခဲ့


ဆေးမဲတွေကို စုတ်တံပြားနဲ့ တို့ယူခဲ့
အားမရတဲ့ အခါ ပန်းချီကား ပေါ် ညှစ်ချခဲ့

ပြီးတော့ နဂို အောက်ခံအရောင် အတိုင်း
ခပ်ရိုင်း ရိုင်း ကြမ်းကြမ်း အမှောင်တိုက်သွင်းပစ်ခဲ့

အဲသလို တချပ်ထဲသော ကားချပ်ကို ပြန်သစ်လွင်အောင်ကြိုးစားခဲ့
အသစ်ကပြန်စချင်ခဲ့

ဖန်ဆင်းထားခဲ့သမျှ အားလုံး ဆေးမဲတဘူး သုံးပြီး ဖျောက်ဖျက်ခဲ့

ရုတ်တရက် လက် က နဲလင်း ကနဲ
စိတ်ကူး ထဲ က စိတ်ကူး က အသိထူး တခုပေးခဲ့

ငါကိုယ်တိုင်ဟာ ပိတ်ကားတချပ်ဖြစ်သတဲ့
ဖြတ်သန်းသမျှ တွေ့ ကြုံသမျှ တွေဟာ
ရောင်စုံ အနှစ်သာရစုံ ဆေး ဘူးတွေဖြစ်သတဲ့
ငါ့ လမ်းကြောင်းတွေ ငါ့ဆုံးဖြတ်ချက်တွေဟာ စုတ်တံအရွယ်အစားစုံဖြစ်သတဲ့

စိတ်ကူးထဲက စိတ်ကူး ရေ
တခုမှ တခု ထဲ ကိုပဲ ရတဲ့ ဘ၀ ပိတ်သားမှာ
ရေးချယ်လိုက် အောက်ခံဆေး တွေ ထပ်သုတ်လိုက်
အသစ်ဟန်ဆောင်လိုက်
အဟောင်း စုတ်ချက်တွေ ရောင်စုံတွေ ပေါ်မှာ
တခါပြန် ရေးချယ်လိုက်နဲ့

“မင်းသိရဲ့လား ........
ငါရတဲ့  ဘ၀ အစစ်
ငါ့ကိုမောင်းနှင်တဲ့ဝိဥာဉ် ဟာ ဖြူသလား မဲသလား
ငါ မမှတ်မိတော့အောင် မေ့ခဲ့ ”

စိတ်ကူးထဲမှာပဲ ဆေးဖြူတစ်ဘူး
စုတ်တံတချောင်းနဲ့ အားလုံးကို စွန့်ပစ်ခဲ့

စီးကရက်တစ်ဘူးဘယ်လက်ကကိုင်ခဲ့
ဦး ဘချစ် နဲ့ မမြ၀င်းရှေ့ မှာ ကုလားအုပ်စီးကရက်ကို
ဟန်ပါပါသောက်ခဲ့တဲ့ ဗိုလ်အောင်ဒင်ဟန် နဲ့
စီးကရက်တစ်လိပ်ရှိုက်ဖွာခဲ့
ပြီးတော့ ဘယ်ဘက်ရင်ဘတ် အိပ်ကပ်ထဲ
စီးကရက်ဘူး ကို ထည့်ခဲ့

အဲဒီ စီးကရက်ဘူး ပေါ်က ကုလားအုပ်ဟာ
ငါ့ရင်ဘတ်ကို စုတ်ဖြဲ အသည်းထဲ ထိ ၀င်ခဲ့

ငါပြန်မရတော့မယ့် နေရာဖြစ်ခဲ့

ငါပြန် မတောင်းဆိုမယ့်နေရာဖြစ်ခဲ့

ငါ စွန့် ပစ်ထားတဲ့ နေရာဖြစ်ခဲ့

ငါ့ တန်ဘိုး အထားဆုံး နေရာဖြစ်ခဲ့

ကုလားအုပ်ဟာ အိမ်ယာတည်ဆောက်ခဲ့

မြို့ ပြ ထူထောင်ခဲ့

ဟိုင်းဝေးလမ်းမကြီးဆောက်ခဲ့

အရက်ဓါတ်တွေ လင်းခဲ့

အသက်ဓါတ်တွေ ပင်းခဲ့

ရက်မြတ်တွေ ငြင်းခဲ့

အဆက်အစပ်တွေ ရှင်းခဲ့

မရှက်တတ်လေခြင်းဟဲ့ လို့ ငြီးခဲ့

ချစ်တတ်ခြင်းတွေကို ကြိုးစင်တင်ခဲ့
ဆောင့်ကန်ချခဲ့

အဲဒီ ကတည်းက ကုလားအုပ်အိုးအိမ်မဲ့ခဲ့
ခုတော့ ပျိုးချိန်တန်ခဲ့ပြီ ပေါ့
ပြန်လည် ပျိုး ထောင်ချိန်တန်ခဲ့ပြီလို့  နားလည်ခဲ့

မန္တန်တွေ ရွတ်ဖတ်ခဲ့
စိန္တာမဏိ ဂါထာ လိုနှုတ်တိုက်ရွတ်ခဲ့
သိပ်ချစ်တဲ့အချစ် ရေ
သိပ်ချစ်တဲ့အချစ်ရေလို့ တကြော်ကြော် ကောင်းကင်ပေါ်မော့ကြည့်
အော်ခဲ့....................

အဲသလိုနဲ့ စိတ်ကူးဟာ သွက်သွက်ချာအောင်ရူးသွားခဲ့
ဘာမှ မရှိတဲ့ ပန်းချီကားတချပ်က အဲဒီအရူးကိုလက်ခံခဲ့
ဒါမှမဟုတ် ရှိသမျှ ကို အမဲရောင်နဲ့ဖိချပြီး ဖုန်းကွယ်ထားတဲ့ ပန်းချီကားတချပ်က
အဲဒီအရူးကို လက်ခံခဲ့

ဘာမပြောညာမပြော ဆေးဘူးဖြူပေါ် ခုန်ချခဲ့

ဆောင့်ဖိ ဖျစ်ညှစ် ခဲ့
ဆေးဖြူတွေပေါ်ထွန့် ထွန့် လူး
လူးလှိမ့်ခဲ့

ဒီလိုနဲ့ ဘ၀ဟာ
အဖြူတွေ စွန်းထင်းတဲ့ အနက်ရောင် ပိတ်ကားတချပ်ဖြစ်ခဲ့

ဘုရားသခင်နဲ့ ငြင်းလိုစိတ်ပြယ်ပျောက်ခဲ့
အိမ်မွေးတိရစ္ဆာန်တကောင်လိုယဉ်ကျေးခဲ့
ဂျင်းဘောင်ဘီ အဟောင်းတခုထဲ ခြေတပေါင်ကျိုးဝင်ခဲ့

ပြီးတော့ ဇရက်တောင်ပံကျိုးတွေကို ရှောင်ခဲ့
ကြောင်ခံတွင်းပျက်ဖြစ်ခဲ့
ဘူဖေးဆိုင်ဖက် ခြေဦးလှည့်ခဲ့

အပျိုစင်တယောက်ကိုတွေ့ ခဲ့
ငါထပ်မှားတော့မယ်ဆိုတာငါသိခဲ့
အဲဒီမှာပဲ ဘုရားက တဟားဟားနဲ့ ငါ့ကို ဟားခဲ့

ငါ က ပြန်ပြောခဲ့ မတားနဲ့တော့ အရှင်
သံစဉ်တွေ ပေးပါ
ကြွယ်ဝမှုတွေပေးပါ ချမ်းသာမှုတွေပေးပါ
အဆင်ပြေမှုတွေပေးပါ
ပြည့်စုံမှုတွေပေးပါ
ကြင်နာမှုတွေရဲ့ ပေါင်ကြားကို
ကြောင်သားပေါက်လေးလို ၀င်ကွေးပါရစေ
ဒီတခါတော့ .... ဘုရားက သနားဟန်နဲ့
ဖြစ်စေ............လို့ ခွင့်ပြုတော်မူခဲ့
အဲဒီမှာပဲ စိတ်ကူး က စိတ်ကူးကို ဒေါသတကြီး
လက်ပတ်နာရီကို လက်ညှိုးထိုးပြခဲ့
အိပ်တော့မယ်အချစ်ရယ်...............................။



ငြိမ်းဇေဦး

Saturday, August 2, 2008

ယောဂီ တမ်းချင်း

ဒင်းက အမရာ တို့ လောက် လိမ်မာတယ်

ဒင်း က ရုပ်ဝတ္ထုတွေကို
ပဲခြုံထဲ ၀င်တဲ့ ဆိတ်မ တစ်ကောင်လို မမက်မောဘူး
ဒင်းက အောက်ချင်းငှက်မတကောင်လို
ကျုပ်ကို တန်ဘိုးထားတယ်

ဒင်းကအကောင်းဆုံး ဂရိတ်နဲ့
စိန်တပွင့်လိုစိတ်ကောင်းတယ်

ဒင်းက သစ္စာ တရားနဲ့ သံယောဇဉ် တွေကို
ဘယ်တော့မှ အံသေ မသွားစေဘူး

ဒါကြောင့် ဒင်းစကားကို အကြိုက်ဆုံး သီချင်းများထက်
ပိုနားထောင်ဖြစ်တယ်.....။

ဒင်းကို သိပ်ချစ်တယ် ပြီးတော့ အရမ်း လက်ကုန် လွမ်းတယ်
ဒင်းရယ် ခဏပါကွယ်သာဆိုတယ်
အဲဒီ ခဏဟာ
တကယ်တော့ ထာဝရထက်တရက်လျော့သလား ထင်ရ
ငါ့မှာ လည်ပင်းရှည်လှတော့မယ်...။

ငြိမ်းဇေဦး

တရားစခန်းအ၀င်


ငြိမ်းဇေဦး(Acrylic)

Friday, August 1, 2008

အက်ဆစ်နှင့် ကျင်ငယ်


သူဟာ ဓါတ်ပြားသီချင်းတွေကို နားထောင်တယ်
ပိုလီယိုဖြစ်နေတဲ့ လူငယ်တယောက်လို လည်ပင်းကို လှုပ်တယ်

သူ့ ဖင်အောက် ပြုတ်ကျလု မတတ်
ဂျင်းဘောင်ဘီ စကောစက ကို ဆွဲဆွဲတင်တယ်

လျှာ ထိုး ဦးထုတ်ကို ပြောင်းပြန်ဆောင်းတယ်
သူ့လက်နှစ်ဘက်ကို ချိုင်းကြား အနာပေါက်နေတဲ့ ဝေဒနာသည်လို
မလိုအပ်ပဲ ချဲ့ကားရင်း မျက်လုံးကြီးပြူးလာလိုက်
ခြေတဖက်ကို နောက်ဆုတ်လိုက် ရှေ့ ပြန်တိုးလိုက်လုပ်နေတယ်။

သူဟာ သူ့ကိုယ်သူ တော်လှန်သူလို့ တံဆိပ်ကပ်တယ်
ဘယ်တိုက်ပွဲမှာ မှ မပါဘူးတဲ့သူဟာ
လူထူပြီဆို လူစွာ ထထ လုပ်တတ်တယ်..။

သူဟာ တကယ်တော့ ငါဟဲ့နဂါးဆိုပြီး
မြေသားတွေကို ကျစ်ကျစ်စားတတ်တဲ့ တီကောင် တကောင်ဖြစ်တယ်
ဒါ့အပြင် ကျင်ငယ်ရေ အိုင်လည်းဖြစ်တယ်..
ဒီအကောင်အတွက် စာဖွဲ့ဖို့ မလိုအပ်ပါဘူး ။

အက်ဆစ်ရဲ့ကြီးမြတ်ခြင်းအကြောင်း
ကောင်းကောင်း ပြောပြချင်လို့
တကယ့် လူကြောက်တကောင် အကြောင်း က စခဲ့ရတာပေါ့...။

ဟေ့..............
အက်ဆစ်ဟာ တီကောင်ကိုလဲ ရှိတ်ကနဲ ပျက်သုံးစေတယ်..
နဂါးဆိုလဲ စကားအပိုမပြောဘူး လူးသွားမယ်
ရူးသွားမယ် တကယ်ပဲ....။

ဒီမယ်...ဒီမယ်လေ...
အက်ဆစ်ဟာ အက်ဆစ် ဖြစ်နေသမျှ
အသည်းမငယ်တဲ့သဘာဝနဲ့ ဓါတု ဖြစ်စဉ်
အရသာချဉ်ကောင်းချဉ်မယ် အဲဒါကို က အက်ဆစ်ပဲ ...........။

ငြိမ်းဇေဦး

သူခိုး

ရောက်ဖြစ်တယ်
စကားတွေ မချန်ဖြစ်ခဲ့ဘူး

ကိုယ့်ပဲ့တင်သံတွေ ကျိုးကြေကျန်ခဲ့မှာစိုးလို့
တိတ်တိတ်လေး ငေးလို့ ပြန်လှည့်တိုင်းလေးခဲ့ရတယ်...။

ဘ၀ထဲ ...
နှလုံးသားထဲ
စိတ်ကူးထဲ
အသည်း ထဲ...
ဝိဥာဉ်ထဲကို မင်းအရိပ်တွေ ခိုးပြီး မဆန့် မပြဲ သွပ်သွပ်လာခဲ့ရလို့ပါ

အဲဒီမှာတင် တမိုးအောက်
သူခိုးတယောက် တိုးခဲ့တာပေါ့ လုံမရယ်...။

ငြိမ်းဇေဦး