Wednesday, November 19, 2008

တထောက်စခန်း

ကိတ်မုန့်တစ်လုံး အစိတ်သုံးဆယ်
တခါမှ မ၀ယ်ဖူးခဲ့ ပေါင်
ဒီလိုပဲ မွေးနေ့တွေကို ငေါင်စင်းစင်းဖြတ်သန်းခဲ့တာ
သုံးဆယ်ကို ခြောက်မူးသားစွန်းခဲ့ပြီ....။
သိပ်ကျိန်းသေတာက
ဒီမောင့်မွေးနေ့ ဟာ ဘယ်အခါမှ
ထူးထူးရှယ်မဖြစ်ခဲ့ပါဘူး
ဒါပေ....ဆောင်တော်ကူးပန်းတွေတော့ပွင့်တတ်ကြတယ်
ဂေါ်သဇင်တွေလည်းပွင့်တတ်ကြတယ်
ခပ်စောစောဒီဇင်ဘာပန်းတွေတောင်မှ ဖွေးဖွေးဝေနေကြ
အဲဒီလို လှတတ်အေးမြ ....။

ဟက်ပီးဘတ်ဒေးသံတွေဖိုထိုးသလိုဆူညံရင်
ဒီမောင် ဟာ တီကောင်ဆားပက်သလို အနေခက်လှ
ဒါပေ...တခါဖူးမျှမရခဲ့ပေါင်..
သို့သော်ငြား ကိုယ့်များရည်းစားစကားပြောမလားဆိုပြီး
ကြိတ်ကျိန်းသေနေတဲ့အပျိုကြီးလိုလည်း
ရင်ဖိုရင်း ဟန်ဆောင်ငြင်းပြချင်စိတ်ကလည်းရှိ
အထီးကျန်မှုအသားသေနေတဲ့ ဘ၀အခြေအနေကလည်းရှိဆိုတော့လည်း
ဒီလိုပဲ မရဲတရဲ ကိုယ့်ဟာကိုယ် ငြင်းခဲ့ရ မကြိုက်ခဲ့ရတော့တာပေါ့
ဒါနဲ့ ပဲ ကိတ် မုန့်တွေပေနေတဲ့ဖယောင်းတိုင်မီးသေနံ့တွေ
ငါ့မွေးနေ့တိုင်းဆန့် ဆန့် ကြီးသေတော့တာပေါ့
တကယ်တော့ မွေးကိုမမွေးခဲ့ကြပေပဲကိုး ...။

ဒီမောင်ဟာ သုံးဆယ့်ခြောက်ချောင်းသော ဖယောင်းတိုင်တွေ
မှုတ်ဖို့အသာထား ပါးစပ်ကြွက်သားတွေ လေဖြတ်သလို
နေတတ်နေတာလည်းကြာပါပြီ
နို့ ထူးမှ ထူးပဲကိုး.............။

အသက်အရွယ်ကရလာတော့
ကျွဲတွေအပါး ဖ၀ါးမချအောင်လည်း ရှောင်တတ်လာပြီ
စောင်းသီချင်းထက် ပြောင်းတခင်းက
ဘ၀အာမခံချက်ရှိကြောင်းလည်း နားလည်လာပြီ

ဒီလိုနားလည်လာမှုတွေကို
စုစည်းရင်း ဦးနှောက်ဟာလည်း
အမှိုက်ခြင်းဖြစ်လာခဲ့ပြီ
တိုက်ချင်းပစ်ဒုံးကျည်တွေလို မပစ်လိုက်ရတဲ့မာနတွေနဲ့လည်း
အထာကျခဲ့တာ ....
ခုဆို ရှိုပင်တောင်ငိုချင်သွားမယ်
အဲဒီကိစ္စတွေကို စပ်ဆိုရရင်ဖြင့်....။

အချစ်ရေ စစ်တွေကိုမလိုလားတော့ဘူး
ဆောင်းဦးမြစ်ရေလို ညင်ညင်သာသာစီးဆင်း
မီးပြင်းကိုင် နာအောင်ထောင်းတဲ့ ဓါးကောင်းတစ်လက်လိုပဲ
ဓါးအိမ်ထဲမှာ မလှုပ်တန်း ပျင်းတိပျင်းတွဲ အသည်းမာမှုတွေနဲ့
ဒီအဖြစ်ကို အစမဆွဲပါနဲ့တော့ တညထဲနဲ့လည်း
ကြယ်ကြွေမကောက်နိုင်တော့ပါဘူး
ငြီးလို့ကောင်းတုန်း
ဝုန်းဆို......
မြင့်ဇေဆုံးပြီတဲ့..........
ကဲ....ကွေးသောလက် မဆန့် ခင် ကိစ္စတွေပေါ့........။

ငြိမ်းဇေဦး

အသက်သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့  အမှတ်တရ ရေးစပ်ပါသည်။
မပျော်ပါ၊ မပျော်ခြင်းသည် မထူးဆန်းတော့ပါ၊ ၀မ်းနည်း နေခြင်း ထိပ်တုံးခတ်ခံလိုက်ရသည် သာလျှင်
ပိုပေ၏..............။
ဂုရုကောင်းရာသုဂတိ လားပါစေ
ပြုပြုသမျှ ငါ၏ ရှားပါး နုံနဲ့သော်လည်း စေတနာမှန်သောကောင်းမှုအားလုံးအား အမျှပေးဝေပါ၏ ။
အမျှ....အမျှ...အမျှ...
အမျှ...အမျှ....အမျှ..
အမျှ...အမျှ...အမျှ..ယူစမ်းပါ သူငယ်ချင်း............။

10 comments:

  1. ဘာပဲဖြစ်ဖြစ်.. ၃၆ တုံးပြည့်သွားတဲ့မိုင်တိုင် အမှတ်တခု အတွက်- ၀မ်းမြောက်ပါလေ။
    ရှင်သန်မူသည် သင့်အပါးမှာ ရှိနေသေးသည်။ သင့်ကို လောကကြီးမှ အလိုရှိသည်ဟု ယူဆပါလေ။ ဟာလေလုယ။

    သူငယ်ချင်း အတွက်- စိတ်အချဉ်တွေ ပေါ့ဖို့..သကြားတပိသာ လက်ဆောင်ပို့လိုက်တယ်။ နေတတ် သေတတ်ပါစေ။ လေတော့မဖြတ်ပါစေနဲ့။

    နောက်ပြီး..ငါနဲ့ဆက်လက်ရန်ဖြစ်နိုင်ပါစေ။ ခဏခဏ တလှည့်စီ ဘလော့နိုင်ပါစေ။

    ReplyDelete
  2. Yappy birthday နော်

    ရန်ဖြစ်ချင်သေးတယ် ..... ခွင့်ပြုရင်ပေါ့လေ ...... ဆရာကြီးလုပ်ချင်နေတာတွေအများကြီး၇ှိနေပေမဲ့ ...... သူ့ မွေးနေဆိုတော့လဲ ဘာမှ မပြောတော့ဘာဘူုးလေ .... (ဟင်း ...သက်ပြင်ရှည်သာချလိုက်ပါတယ်)


    တခါက .. ရန်ဖြစ်ဖော် ... ရန်ဖြစ်ဘက်များ

    ReplyDelete
  3. ကျုပ်က ကျုပ်ဟာကျုပ်တောင် ရန်ဖြစ်နေတာ ဒီတော့ ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ဆိုယုံနဲ့တော့မသိဘူးဗျာ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ခင်ဗျားတို့ လည်း
    ဘုန်းကြီးလို့သက်ရှည်ကြပါစေဗျာ သွေးမဆုံးခင်လင်ကောင်းသားကောင်းရကြပါစေ။
    ဘယ်သူမှန်းမသိသော်လည်း ခင်မင်လျှက်

    ငြိမ်းဇေဦး

    ReplyDelete
  4. မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ.. ။ မပျော်လည်း ပျော်ရွှင်ပါစေ..။

    ReplyDelete
  5. စာတွေ အများကြီးပဲဖတ်သွားတယ်။
    ၃၆ ပြည့်ပြီးပြီဆိုတော့ နောက်၃ရပေါ့ဗျာ။

    ပျော်ရွှင်အဆင်ပြေပါစေ။

    သုခမိန်(E-Journal)

    ReplyDelete
  6. ကောင်းသောမွေးနေ့ပါအစ်ကို...

    ReplyDelete
  7. ပျော်ရွှင်ဖွယ်မွေးနေလေးကို ပိုင်ဆိုင်နိုင်ပါစေဗျာ ။ :)

    ReplyDelete
  8. သူငယ်ချင်းတွေ ရှိသားပဲဗျ.. မဆိုးသေးပါဘူး..

    HAPPY BIRTHDAY....Welcome to 37.. he..he..

    ReplyDelete
  9. တယောက်အတွက်က မွေးနေ့ တယောက်အတွက်က သေနေ့
    ကံဇာတ်ဆရာက သြချလောက်ပါရဲ့
    မွေးနေ့မှသည် ကိုယ်စိတ်နှစ်ပါး ကောင်းကျိုးချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံပါစေ ဘရားသား။

    ReplyDelete
  10. ကိုငြိမ်းဇေ
    အလုပ်တွေများနေတာကြောင့် အရောက် နောက်ကျ ခဲ့တယ်။
    စစ်တွေ မလိုလားတော့ဘူး ဆိုတာနဲ့တင် ဒီမွေးနေ့ဟာ အဓိပ္ပါယ် ရှိသွားပြီ။
    ဒီလို လှပတဲ့ ကဗျာတွေ ဖန်တီးနိုင်တဲ့ မွေးနေ့ရှင်ဟာ စိတ်မလှဘဲ စာကောင်း မရေးနိုင်ဘူးလို့ ယုံပါတယ်။
    ပျော်ရွှင် ချမ်းမြေ့တဲ့ ဘ၀ကိုလဲ ကိုယ်တိုင် ဖန်တီးနိုင်ပါစေ။
    ခင်မင်သော
    မိုးချိုသင်း

    ReplyDelete