Sunday, January 27, 2008

ကောင်းကင်ဘုံ ရှာပုံတော်


ကောင်းကင်ဘုံ ရှာပုံတော်

ဟိုး ရှေးရှေးတုန်းက .... တော အုပ်ကလေး တစ်အုပ် ရှိခဲ့တယ်။
အဲဒီတောအုပ်ကလေးထဲမှာ အလွန်တရာမွှေးပျံ့ လှတဲ့ ပန်းတမျိုးထဲသာပွင့်တဲ့ ဥယျာဉ်ကြီး တခုရှိသတဲ့....။ အဲဒီဥယျာဉ်ကြီးထဲကို ဖြတ်လျှောက်သွားမယ်ဆိုရင် ပန်းကလေးတွေဟာ နေရောင်ခြည် ရဲ့ အနွေးရှိန်ပေါ်မှာလိုက်ပြီး
ပုံသဏ္ဍာန်လေးတွေနဲ့ အရောင်လေးတွေပြောင်းသွားတတ်တာကို မြင်ရပါသတဲ့...။

အဲဒီပန်းဥယျာဉ်ကြီးထဲမှာတမျိုးတည်းသော တေးဆိုငှက် ကလေးတွေသာ နေကြပါသတဲ့။ တေးဆိုငှက်ကလေးတွေဟာ အာရုံကျင်း မနက်လင်းပြီဆိုရင်ပဲ သူတို့ရဲ့ အင်မတန်လှပအရောင်အသွေးကြွယ်တဲ့ တောင်ပံစုံကိုဖြန့်လို့
ထွက်ပြုစနေမင်းကြီးကို ဦးခိုက်ရင်း နံနက်ခင်းကို သီချင်းလေးတွေနဲ့သံပြိုင် သီဆိုကြရင်း ဦးညွတ် နှုတ်ဆက်ကြတာပေါ့။

တေးဆိုငှက်ကလေးတွေဟာ နေမင်းကြီးကို ဦးညွှတ် နှုတ်ဆက်တဲ့သီချင်းလေးဆုံးတာနဲ့ ပန်းပွင့်လေးတွေဆီမှာ ၀တ်ရည်လေးတွေ စုပ်ကြသတဲ့။ အဲသလိုပဲ အင်မတန်လှပတဲ့လိပ်ပြာလေးတွေကလဲ သူတို့ရဲ့ ရွှေမှုန်ငွေမှုန်လေးတွေ မှုန်းသီထားတာနဲ့ တူပြီး ပတ္တမြား ၊ နီလာ ပုလဲတွေ မြှုပ်သီထားတာနဲ့ တူတဲ့ ရောင်စုံ လင်းလက်နေတဲ့ တောင်ပံလေးတွေနဲ့ ၀တ်မှုန်လေးတွေကူးတဲ့အလုပ်ကို ပန်းကလေးတွေအတွက်

တာဝန်ယူပြီးလုပ်ပေးနေကြရင်း
တကောင်နဲ့တကောင် ကလူကျီစယ် လို့  အမြဲတန်းပျော်ရွှင်နေကြတယ်တဲ့...။

အဲဒီဥယျာဉ်ကြီးကနေ အရှေ့ဖက် စူးစူးကိုတက်သွားမယ်ဆိုရင် တောင်ကုန်းကမူပြေပြေလေးတွေနဲ့ အေးမြကြည်လင်နေတဲ့ စမ်းရေလေးတွေ ဖြေးဖြေးလေး စီးနေတဲ့စမ်းချောင်းလေး ရှိသတဲ့။
အဲဒီစမ်းချောင်းလေး ထဲမှာ ဖန်သားလိုကြည်လင်တဲ့ ငါးကလေးတွေ ရွှေသားအစစ်လို

ဝင်းလက်တောက်ပြောင်ပြီး ပတ္တမြားလုံးလေးလို မျက်လုံးလေးတွေနဲ့ငါးကလေးတွေ ငွေသားအစစ်လို အဆင်းအရောင်ရှိတဲ့ငါးကလေးတွေ ရေစီးကြောင်းမှာ လူးလွန့် ကူးခတ်ရင်း ရေမှော်ရေမြက်ကလေးတွေကို ပါးစပ်သေးသေးလေးတွေနဲ့ စားနေကြသတဲ့...။

အဲဒီစမ်းချောင်းလေး စီးလာတာကတော့ ဟိုး အရှေ့ ဖက် အကျဆုံးတောင်တန်းကြီးတွေက ဆင်းလာတဲ့ရေတံခွန်ကြီး က ဖြစ်ပါသတဲ့....။ အဲဒီရေတံခွန်ကြီးဟာ အမြင့်ဆုံး တောင်ကြီး
တစ်လုံး ပေါ်ကနေ စီးကျနေတာပေါ့....။


အဲဒီတောင်ကြီးရဲ့ ထိပ်ဖျားတောင်ထွဋ်ဟာ တိမ်ယံဝေဟင်ထဲထိ ထိုးဖောက်နေပြီး အဲဒီတောင်ထိပ်ကို သက်ရှိသတ္တ၀ါ တကောင်တလေမျှ ခြေမချခဲ့ဖူးသေးဘူးတဲ့ကွယ်.....။

တနေ့တော့... အဲဒီတောအုပ်ကလေးရဲ့သာယာပုံလေးတွေ ငှက်ကလေးတွေရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ တေးသံလေးတွေ အင်မတန်လှတဲ့ စမ်းချောင်းလေးတွေကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်ဟာ သူ့ဖန်ဆင်းမှုတွေကိုကြည့်ရင်း
ပီတိဖြစ်နေသတဲ့ ပြီးတော့ စိတ်ချလက်ချပဲ တရေးအိပ်မယ်ပေါ့ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့တာပေါ့...။

အဲဒီအချိန်မှာပဲ နတ်ဘုရားတပါးဟာ ခရီးထွက်လာရင်း ကမ္ဘာလောကကြီးကိုရောက်လာခဲ့တယ်
ပြီးတော့ တောအုပ်ကလေးဆီကိုရောက်လာခဲ့တယ်.....။ အဲဒီတောအုပ်ကလေးဆီကိုရောက်လာတဲ့အခါမှာ အင်မတန် မွှေးပျံ့တဲ့ ပန်းရနံ့တွေကို ရှူရှိုက်မိတော့ ခနတော့ ၀င်ကြည့်ဦးမယ်လေဆိုတဲ့
စိတ်ကလေးနဲ့ ပန်းဥယျာဉ်လေးထဲထိ ၀င်လာခဲ့တယ် အင်မတန်လှပတဲ့ပန်းဥယျာဉ်ထဲကို ရောက်တာနဲ့ သူဟာ တခဏတော့ ပန်းဥယျာဉ်လေးထဲမှာ နားဦးမယ်လေ ဆိုပြီး နားနေတာပေါ့ ... ။

အဲလိုနားနေတဲ့အချိန်မှာပဲ ပန်းနုရောင်နဲ့ စိမ်းပြာရောင် လည်ကြားလေးနဲ့ အပြာရောင်ငှက်ကလေးဟာ နတ်ဘုရားရဲ့ ပုခုန်းပေါ်လာနားတယ်တဲ့ ။
နတ်ဘုရား ကို လည်း နှုတ်ခွန်းဆက်သ သတဲ့။ ဒါနဲ့ နတ်ဘုရားဟာ အင်မတန် ဖော်ရွေတဲ့ငှက်ကလေးတွေပါလားလို့ ကောက်ချက်ချပြီး ပန်းဥယျာဉ်ထဲမှာသူဟာ နတ်ဘုရားတပါးဆိုတာကိုမေ့သွားလောက်သည်အထိ ကြည်နူးပြီး လိပ်ပြာလေးတွေရဲ့
အက မှာ သာယာနေသတဲ့....။

နတ်ဘုရားဟာ ခဏကြာတော့ ရေဆာလာတာနဲ့ ရေစီးသံလေးတွေကြားတဲ့ စမ်းချောင်းလေးတွေဆီကိုလာခဲ့တယ်တဲ့ ပြီးတော့ အင်မတန် အေးမြတဲ့ စမ်းရေလေးတွေကိုသောက်ပြီး လှပလွန်းတဲ့ငါးကလေးတွေ ကူးခတ်နေတာကိုကြည့်ရင်း
စမ်းရေစီးဆင်းရာ စမ်းချောင်းဖျားဆီကိုသွားကြည့်ဖို့ စိတ်ကူးမိသတဲ့...။

နတ်ဘုရားဟာ တဖြေးဖြေးနဲ့ စမ်းချောင်းလေးအတိုင်း ဘေးနားကမ်းက သီပြီးလျှောက်လာလိုက်တာ တဖြေးဖြေး ရေတံခွန်ကြီးက ငွေစင်တွေသွန်းဖြိုးသလို တဝေါ၀ါ ထိုးကျနေတာကိုမော့ကြည့်မိတော့ တောင်ထိပ် ကို မခန့် မှန်းနိုင်ဘူးတဲ့လေ။

နတ်ဘုရားဟာ တောင်ထိပ်မှာ ဘာရှိပါလိမ့်မလဲဆိုတဲ့ စူးစမ်းချင်စိတ်နဲ့ တခါထဲ ..အင်မတန်ကြီးမားလှတဲ့သစ်ပင်ကြီးတွေ ကြားကနေပြီး ကောင်းကင်ယံ တိမ်တိုက်တွေအဆုံး တောင်ထိပ်ဆီကို သူ့ တန်ခိုးနဲ့ ဖြတ်ပျံတက်သွားပါသတဲ့...

အဲဒီလို ပျံတက်သွားလို့ တောင်ထိပ်ကိုရောက်တယ်ဆိုရင်ပဲ အင်မတန် ခန့် ညားကြီးမား ပြီး လင်းထိန်တောက်ပနေတဲ့ ပတ္တမြား နံရံကြီးကာထားတဲ့ အထဲက ကျောက်စိမ်း ရင်ပြင် ရယ်
စိန်နဲ့လုပ်ထားတဲ့ရေပန်းလေးတွေ ဧရာမ ပုလဲကြီးကို ထွင်းထု ပုံဖော်ထားတဲ့
ပန်းပုရုပ်ကလေးတွေ ရယ် ရွှေသား ငွေသားတွေအတိပြီးတဲ့ ကြေးမုံ မှန်တွေ ရယ် နဲ့ လှပ အံ့မခမ်းဖွယ် နန်းတော်ကြီးကိုရောက်သွားတော့တာပဲတဲ့ကွယ်....။

နန်းတော်ကိုရောက်တဲ့အချိန်မှာ နတ်ဘုရားဟာ ဆာရှာပြီ ဒါနဲ့ နန်းတော်ဆောင်တွေထဲမှာ စားဖို့ သောက်ဖို့ တွေ့ လိုတွေ့ ငြားလျှောက်ရှာရင်း အမွှေးနံ့တွေသင်းပြီး ပန်းပွင့်ချပ်လွှာတွေ ကတ္တီပါကော်ဇောလိုခင်းထားတဲ့ အခန်းကျယ်ကြီးထဲကိုရောက်လာသတဲ့..။

အခန်းအလယ်က ဟန်ချက်ညီညီ ယိမ်းကျနေတဲ့ ဆီမီးတိုင်က မီးညွန့်လေးတွေဟာ နတ်ဘုရား ၀င်လာတဲ့အခါ အကရပ်သွားကြတယ် ...။ ရေကစားနေတဲ့အသံလေးလဲရပ်သွားတော့တယ်တဲ့.... ။
ခန်းမကျယ်ကြီးရဲ့ ညာဘက်ဘေးမှာက ရွှေကွပ်ထားတဲ့ ကြွေသားအတိ
ရေကန်ကြီး တစ်ကန်ရှိပြီး ရေကန်ထဲမှာ ပန်း ပွင့်လွှာတွေ နဲ့ ရေကန်အောက်မှာ ကျောက်စိမ်းသားကြမ်းပြင်နဲ့ ပြီးတော့ ရေကန် ရဲ့ ဘေး နှစ်ဖက်မှာ က အလွန်အင်မတန်သေးငယ်တဲ့
သစ်ပင်လေးတွေ ၀ါးပင်လေးတွေ နဲ့ ဥယျာဉ်ငယ်လေးနှစ်ခုရှိသတဲ့
အဲဒီရေကန်လည်မှာတော့ အရောင်အ၀ါတွေတောက်ပပြီး ပြစ်မျိုးမှဲ့ မထင် တဲ့
လှပ ချောမွေ့ ဆွဲဆောင်အားကောင်းတဲ့ နတ်သမီးလေးတစ်ယောက် ရေ ကစားနေတာပေါ့....။

နတ်သမီးလေးဟာ နတ်ဘုရားကိုမြင်တော့ ရင်တွေခုန်လို့  ရွှေသားအိအိတွေနဲ့ ပိုးသား နုနုတွေရောယှက် ယက်လုပ်ထားတဲ့သူ့ ဝတ်ရုံလေးကို မမှီ့ တမှီလှမ်းယူရှာတယ်တဲ့ .... ။
အဲဒီအချိန်မှာ နတ်ဘုရားဟာ နတ်သမီးလေးရဲ့ ၀တ်ရုံလေးကို ယူပေးရင်း ကျောခိုင်းနေလိုက်သတဲ့ ..။ နတ်သမီးလေးဟာ သူ့ ဝတ်ရုံကို သူလဲလိုက်ပြီးချိန်မှာ ပဲ ဖန်ဆင်းရှင် ဟာ အိပ်ယာက နိုးလာသတဲ့ကွယ်...။

အိပ်ယာကနိုးလာတာနဲ့ တပြိုင်နက်ထဲ သူ့ ရဲ့ နန်းတော်ကြီးထဲမှာ သူစိမ်းတယောက် ရောက်နေပြီဆိုတာ သိတော့ ....သူမဖိတ်ခေါ်ပဲ လာတာကိုသိတော့ ဒေါသအမြက်ချောင်းချောင်းနဲ့ လိုက်ရှာတာပေါ့....။
နတ်သမီးလေးခမျာလဲ သူ့ ဖခင် ဖန်ဆင်းရှင်ကို ကြောက်လွန်းတော့ နတ်ဘုရားကို ကြံရာမရ
ပြောမိပါတယ်တဲ့ ... သူ့  တပင်တိုင် ခမ်းဆောင်မှာ ခုလို သူစိမ်း နတ်ဘုရားတစ်ယောက်နဲ့တွေ့ တာကိုမြင်ရင် ထာဝရ အပြစ်ပေးခံရပါတော့မယ်ဆိုပြီး ငိုတဲ့အခါ...
နတ်ဘုရားဟာ နတ်သမီးလေးကို ချော့ရင်း တခါထဲပဲ သူ နဲ့  လိုက်ခဲ့ဖို့ ခေါ်ရှာတယ်တဲ့ ....။

အဲသလိုနဲ့ နတ်ဘုရားဟာ နတ်သမီးလေးကို ဖန်ဆင်းရှင်ရဲ့ နန်းတော်ကြီးထဲက ခိုးလာခဲ့ပြီးတော့ ကမ္ဘာလောကကြီးထဲကို ပြန်ဆင်းလာခဲ့တယ်တဲ့ ကွယ်...............။

အန်မတန်ဒေါသထွက်နေတဲ့ ဖန်ဆင်းရှင်ဟာ သူ့ ရဲ့ တန်ခိုးအာဏာနဲ့တခါထဲပဲ အဲဒီ နတ်ဘုရားနဲ့ နတ် သမီးလေးကို အပြစ်သားတွေအဖြစ် သတ်မှတ်လိုက်တယ်တဲ့ ...ပြီးတော့ အဲဒီအချိန်ကစပြီး နတ်သမီးလေးနဲ့ နတ်ဘုရား ရဲ့ ပျံနိုင်တဲ့တန်ခိုးတွေ
ကို နှုတ်ယူလိုက်သတဲ့ကွယ်... ။

အဲဒီအချိန်ကတည်းကစပြီး မိန်းကလေးများက ရတနာနဲ့အလှအပကို နှစ်သက် ကြပြီး ယောက်ျားလေးတွေဟာလဲ စူးစမ်း စွန့် စား ရှာဖွေချင်စိတ်တွေ ရှိလာကြရင်း နှစ်ဦးလုံး ဟာ အပြစ်သား ဆိုတဲ့ ဘ၀ကို ပန်းဥယျာဉ် ထဲ က တေးသံတွေကြားက
အေးမြစမ်းရေလေးတွေသောက်လို့  ဖြတ်သန်း ကုန်ဆုံးချင်တဲ့စိတ်တွေ ဖြစ်လာကြတာပေါ့ကွယ်......။
ကာလတွေ ကြာလာတဲ့အချိန်အထိ ဖန်ဆင်းရှင်ဟာ တကယ်ရှိမရှိဆိုတာရဲ့အစ အဲဒီ စမ်းချောင်းလေးကို လူတွေဟာ ခုထိလိုက်ရှာနေတုန်းတဲ့ ပန်းဥယျာဉ်
ဝေးလို့ တောအုပ်လေးကိုတောင်မမြင်ကြ ရသေးပါဘူးတဲ့ ကွယ်....။


ငြိမ်းဇေဦး

ဘေဘီလေး ဖတ်ဖို့  ရေးလိုက်ပါသည်။

နော်စထရာဒါးမတ်စ် မဟောခဲ့တဲ့ ငါ့အကြောင်း



နော်စထရာဒါးမတ်စ် မဟောခဲ့တဲ့ ငါ့အကြောင်း

ဒို့ နှစ်ယောက် တည်ဆောက်ခဲ့ကြတယ်...။
ဘ၀ကို လွန်သွားနဲ့ဖောက်
ကျောက်ဆူးချလို့ ချစ်ခဲ့ကြတာ...
ဘာကိုသက်သေပြဖို့လဲ..............။

လက်ပံပွင့်တွေကြွေပြီ
တံလျှပ်တွေ လှိုင်းထပြီ
နေရီရီညနေချမ်းဟာ အလွမ်းတွေဝေစည်
ချွေမည်မထင် ....
အဲသလိုလဲ ...
ကောက်ရိုးပုံဘေး နွားတကောင်လိုကွေးရင်း
အချိန်ကို စားမြုံ့ ပြန်
အသံတိတ် ဆူဆူညံညံလဲ
တမ်းတဖြစ်ရမယ် မထင်...။

ပုံမှန်မဟုတ်တဲ့ တိမ်တွေငွေ့ရည်ဖွဲ့ပြီ..။

နာရီသံချောင်းခေါက်သံတွေ လျော့လျော့သွားပြီ
ဟိုမှာဖက်ခြမ်းက အမှောင်ဆိုတဲ့စောင်ကြီးကို
လုဆွဲနေပြီ ...
ဒီဖက်ခြမ်းမိုးလင်းလု...
ခရမ်းနု နံနက်ခင်းဟာ
တခါမှ မငိုတတ်တော့တဲ့
နွေကောင်းကင်နဲ့ ငိုဟန်ဆောင်တော့မယ်
ဘာကိုမှတော့မငြိုငြင်ချင်တော့ဘူးလေ..
နွေ နံနက် တွေဟာ
ကီးမား ပလာတာတစ်ချပ်
ဗမာဆေးခပ်စပ်စပ် ကွမ်းတရာ
ရေနွေးတအိုးနဲ့
အနယ်ထိုင်ခဲ့တတ်ပြန်ပြီ။

ပရောဖက်တွေ ကြိုတွက်ရလောက်အောင်
မခမ်းနားတဲ့ နေထိုင်မှုတွေနဲ့
တကယ်တော့ ငါဟာ
စိန်တွေမင်းကိုစီပေးရဖို့
ငရဲပြည်ထိအောင် ထိုးဖောက်မယ့်
ကျောက်တူးသမားဖြစ်ချင်ခဲ့တာ...
ဒါတွေလဲ နော်စထရာဒါးမတ်စ် မသိခဲ့ဘူး...
မာယာ နတ်ဆရာတွေလဲမသိခဲ့ဘူး...
တို့ရပ်ကွက်ထဲက ...
လက်ကိုင်ရရင်ကိုအဆင်ပြေနေတဲ့
ဗေဒင်ဆရာလည်း မသိခဲ့ဘူး....။

ကဲ လေ...
လက်ပေါက်ညစ်ထေး
အချစ်ကြွေးတွေပဲပြောပြော
သောကတွေကို လှေကားလုပ်တက်ရင်း
မနက်ခင်းတစ်ခုမှာ
နင်မလာရင် ၀မ်းနည်းလို့
နင်လာရင် လမ်းခွဲမှာကြောက်တဲ့စိတ်တွေနဲ့
ကြိတ်ကြွေလိုက်ဦးမယ်....။



ငြိမ်းဇေဦး