Tuesday, April 22, 2008

ငါ့ချစ်သူပြန်ပေး

ငါ့ချစ်သူပြန်ပေး

မအောင်မြင်တဲ့စမ်းသပ်မှုတခုလို
ကျောခိုင်းသွားပါ.....
ဓါတ်ခွဲခန်းထဲက မီးသင့်ဖန်ပြွန်တွေလိုပဲ
ငါကတော့မငြိုငြင်ပါဘူး ...။

ကမ္ဘာကြီးလည်ပတ်ဖို့
အတွင်းလှိုက်လောင်မြိုက်ဖို့လိုအပ်တယ်လေ...။

ကမ္ဘာကြီးရယ် ချစ်သူတည်ရှိဖို့ အတွက်
ငါ့ရင်ဘတ်နဲ့လည်ပတ်မယ်ဆိုလဲ
ကျေကျေနပ်နပ် ကျွမ်းလောင်မယ့်သူပါ..။

ခုတော့ ရင်ဘတ်ကြီး ဟဟပြီး
ညည အော်ဟစ်တတ်ခဲ့ပြီ
“ငါ့ချစ်သူ ပြန်ပေး.....................”
ပူနွေးမှုတွေနဲ့ မျက်နှာသစ်ဖြစ်ခဲ့....။

ငြိမ်းဇေဦး


ငယ်ငယ်.....

ငယ်ငယ် (သို့) မပြောဖြစ်တဲ့အသံတွေရဲ့ ပဲ့တင်လှိုင်းများ ...(အခန်းဆက်ဝတ္ထုရှည်)

ကျနော် မနက်ခင်းတွေမှာ မနိုးနိုင်ခဲ့သည်မှာ တော်တော်တော့ကြာခဲ့ပြီ…. ညတွေ အိပ်မရခဲ့…။
ကျနော့်အိပ်ယာခင်းလေးကို လဲသင့်နေပြီ…သို့သော်ကျနော်မလဲခဲ့…။
ခေါင်းအုံးလေးတစ်လုံးကို ကျနော် ပြန်သိမ်းထားသင့်ခဲ့သည်… သို့သော် ကျနော်သိမ်းမထားခဲ့…။

ဖြူလွလွ ကိုယ်သုတ် သဘက်လေးတစ်ထည်ကို ကျနော်တသက်လုံးသုံးမည်မဟုတ်သလို လျှော်ဖွတ်မည်လည်းမဟုတ် ကျနော်ရုတ်တရက်သေရမည်ဆိုခဲ့လျှင်လည်း ကျနော့်သေဆုံးမှုကို ကျနော်
ပြင်ဆင်နိုင်စွမ်းရှိခဲ့ပါလျှင် ခေါင်းအုံးလေးကိုရင်ဘတ်ပေါ်တင်လျှက် သဘက်ဖြူလေးလွှမ်းပြီး မလဲဖြစ်သော အိပ်ယာခင်းလေးဖြင့်ကျနော့်အလောင်းကို ပတ်ကာ မီးရှို့ သဂြိ င်္ုလ်ခွင့်အတွက် ကျနော်ပြင်ဆင်ခဲ့ပါလိမ့်မည်….။

ကျနော်ကသူ့ကို ငယ်ငယ်ဟုခေါ်သည်…။
သူက ကျနော့်ကို ကိုကို.. ဟု ခေါ်သည်…။
ကျနော်ကသူ့ကို ချစ်သူလိုချစ်သည်…။
ကျနော်ကသူ့ကို သူငယ်ချင်းလိုချစ်သည်… ။
ကျနော်ကသူ့ကို ညီမလေးလိုချစ်သည်..။
ကျနော်ကသူ့ကိုလက်တွဲဖော်လိုချစ်သည်… ။
အရာရာသော လောကဓံ အခက်အခဲ တိုက်ပွဲများကိုရင်ဆိုင်ရမည်ဆိုလျှင် ကျောခြင်းကပ်ယုံကြည်မှုမျိုးဖြင့် ချစ် မြတ်နိုး သည်…။

ကျနော်က ဆံပင်ရှည်ရှည် ဖြစ်ကတတ်ဆန်း ဖရိုဖရဲ နုံချာချာ ကပိုကရို ရှင်သန်သည့် လူတယောက်ဖြစ်သည်။
သူက သန့်ရှင်းမွှေးပျံ့သပ်ယပ်လှပချောမော စည်းစနစ်ကျလွန်းသည့်မိန်းကလေးတယောက်ဖြစ်သည်..။
ကျနော်သူ့အကြောင်းလေးများတွေးတိုင်း လူပျိုပေါက်ကလေးတယောက်လို ရင်ခုန်၏ တပြိုင်နက်ထဲလည်း
သူ့မျက်နှာနုနုလေးသည် ကျနော့်အာရုံတွင် ဆေးမှင်ရည်စုတ်ထိုး ထားသကဲ့သို့ ထင်းထင်း ထင်ရှားစိုးမိုးမြဲဖြစ်၏။
ဆေးမှင်ရည်စုတ်ထိုး ထားသည်နှင့်ကွဲပြားသည့်အချက် ကတော့ ငယ်ငယ့် တက်ကြွ ဖျတ်လတ် ယုံကြည် အားပါ
သည့် လှုပ်ရှား ပြောဆို ရယ်မော ငြင်းခုံ မှုလေးများ… ကျနော့်ကို တစိမ့်စိမ့်ကြည့်ရင်း စကားပြောတတ်သည့်မျက်လုံးလေးများ ကျနော်နှင့်တူတူ ကျနော့်ရင်ခွင်တွင် အပူအပင်မဲ့ ပျော်ရွှင်တတ်မှုများ…
ကျနော်၏ အချိုးမပြေ အဆီအငေါ် မတည့်မှုများနှင့် စည်းကမ်းမဲ့နေတတ်စားတတ်မှုများကို မိခင်သဖွယ် ဆူတတ်ပြီး တပြိုင်နက်ထဲ ခွင့်လွှတ်တတ်သင်ကြားတတ်သည့် အသံလေးများ ဟန်လေးများ…….။

ညတို့သည် လိုအပ်သည်ထက် ကျနော့်အတွက်မှောင်လွန်းလှ၏…။
ကျနော် ကောင်းကင်ကိုမော့မကြည့်ဖြစ်ခဲ့သည်မှာ တော်တော်တော့ကြာခဲ့ပြီဖြစ်၏…..။


ဘ၀သည် အကွေ့အကောက် အလှည့်အပြောင်း အနိမ့်အမြင့် တဆစ်ချိုးများ ဖြင့် မပြေပြစ်မချောမွေ့သော သဘာဝဖြစ်စဉ်တစ်ခုဖြစ်၏ ၊ ထိုသဘာဝဖြစ်စဉ်ထဲတွင် ကျနော် သည် ကျနော့်ကိုယ်ကျနော် တာဝန်ယူ၍ ကျနော့်ငရဲ ကျနော့် နိဗ္ဗာန် တို့အား အခါအားလျော်စွာ ကျနော့် ဟာ ကျနော် ဖန်တီး ခိုလှုံ၏ သို့မဟုတ် ကျနော့်ဟာကျနော် နှစ်မြှုပ်လောင်ကျွမ်း၏….။

ထိုလောင်ကျွမ်းမှု ထို နစ်မြှုပ်မှုများအား ငြိမ်းသတ် ကယ်ဆယ်မြဲ ဖြစ်သည့် သူသည် တကယ်တော့ ကျနော် မမျှော်လင့်သော သိမ်မွေ့နူးညံ့သည့် နတ်ဒေ၀တာ တပါးအဖြစ် ကျနော့်ဘ၀တွင် အမြဲရှိနေခဲ့၏။ ကျနော့် နိဗ္ဗာန်တို့အား အမှန်တကယ်တန်းဖန်ဆင်းရှင် သည်ကား သူသာလျှင်ဖြစ်၏။




ဆက်ရန်

ငြိမ်းဇေဦး

ကောင်လေးတယောက်အကြောင်း ကို ဆက်လက်တင်ပြပါမည် ။
ရေးလက်စ အခန်းဆက်ဝတ္ထုရှည်များ အား လက်စသတ်မည်ကြံရင်း ထပ်မံရေးဖြစ်သော အကြောင်းအရာလေးဖြစ်ပါသည်။