Monday, June 16, 2008

ကိုဖိုးညို မငိုတတ်တော့ပါ




အမေက...
“ မငြိုငြင်ပါဘူး
ငိုချင် ငိုလိုက် သား ရေ ”တဲ့
ပြုံးမဲ့မဲ့မျက်ရည်သုတ်လို့
မြို့ ဘက်ကိုမျှော်............။

“လူလေးရယ်..ညည မိုးကရွာ
ခြင်က ကိုက်.. အမေ ဆာလိုက်တာ...
ငါ့မြေးလေးတွေမှ ကျွတ်လွတ်ကြပါ့မလား”
အံနာနာကြိတ်ရင်း ပြောရှာရဲ့....။

ဟော....
သားအကြီးက
ကားတစ်စီး လာတာမြင်တော့
သော့ကနဲထပြေး လက်ကလေးနှစ်ဘက်မြှောက်လို့
“ကျနော်တို့ဒီမှာ... ကျနော်တို့ဒီမှာ
ကူကြပါ ..ကယ်ကြပါ ”
သူ့ခမျာ ၀မ်းဟာဟာနဲ့ ..။

တရွာလုံးပဲ့ကျသွားတာပေါ့ အဲဒီကားလမ်းမဆီကို
ပုရွတ်ဆိတ်တွေလိုတန်းစီလို့...။

ညကအိပ်မက် မက်တယ်
အငယ်မ က ဖျား
သားလတ်က အီ
ချစ်ဇနီးက မျက်ရည်တွေနဲ့
“အကိုရယ် အထက်ပြည်သွား အလုပ်ရှာပါ့လား”တဲ့
မိုးစက်တွေသည်းထန်တော့ အိပ်ယာကပြန်နိုး
မျက်နှာလေးညှိုးနေတဲ့ဇနီးကို အထက်ပြည်ခရီးထွက်
အလုပ်တက်ရှာပါ့မယ်လို့
ကတိလေးတောင်မပေးလိုက်ရ ..။

ကိုယ်ဝန်သည် မယား
သမီးငယ်နဲ့သားလတ်
ဘယ်အရပ်မှာ ငါမသိ
အစာမရှိပဲ အိပ်ရတဲ့ညတိုင်း
သူတို့ကိုအိပ်မက်
မိသားစုထမင်းဝိုင်းလေးကိုအိပ်မက်
တရက်ရက်တော့ ပြန်ဆုံနိုးနဲ့
တလကိုးသတင်းလဲကျော်ခဲ့ပြီ။

“လူလေးရေ..
ငါ့မြေးကြီး ရလာတဲ့
ဆန်လေးနဲ့ ပဲ တဗူး ကို ချက်ပြီးရင်
မနက်ဖြန်မနက်ဆွမ်းတော်တင်ချင်သကွယ်
အမေ့ကို ဘုရားစင်လေး ဆောက်ပေးပါ”တဲ့
ချိနဲ့နဲ့ မလုံမလဲ တဲစုတ်လေးမှာ
ဓနိကာ ဓနိမိုးလို့ တိုးလျှိုးအိပ်နေရတဲ့အထဲ...
ကဲလေ အမေစိတ်ချမ်းသာပြီးရော့ ဆိုပြီး
နှီးလေးတွေ ထဖျာလို့ ...
ကောင်းကင်ကြီးကမိုးတွေညို့။

“အဖေရေ
အမေပြန်လာရင် ပြောပါ
သားအိပ်တော့မယ်နော်
ညီလေးကိုအော်မငိုစေနဲ့
ညီမလေးကို မကိုက်တတ်အောင်သင်ပါဦးအဖေရာ”
ကိုးနှစ်ကျော်သားကြီးက စောင်စုတ်လေးဆွဲမရင်း မှာရှာရဲ့....။

ကိုယ်မပြုတဲ့အမှားတွေနဲ့
ဘုရားရဲ့ဥပေက္ခာပြုမှုကပဲရင့်သည်းလွန်းသလား...။

ရိုးရိုးသားသား
ဘုရား နဲ့တရားနဲ့
မမှားတဲ့သူတွေကိုမှ
ဘ၀ဖျက် သုတ်သင်ချင်တဲ့ တန်ခိုးရှင်တို့ရေ
အမေကတော့ဆုတောင်းတုန်း သူ့ခေါင်းအုံးဘေး
ပုတီးလေး ဖြေးဖြေးစိပ်လို့.....။

လေပြေတွေဟာ
လေပြေမဟုတ်တော့ဘူး
မိုးဖွဲတွေဟာ
မိုးဖွဲမဟုတ်တော့ဘူး
ပန်းပွင့်တွေဟာ
ပန်းပွင့်မဟုတ်တော့ဘူး
ဘ၀တွေဟာ ဘ၀မပီတော့ဘူး
ညတွေဟာ ည မမည်တော့ဘူး
အလှတွေ တစစီကြွေသွားခဲ့ပြီ
မျက်ရည်တွေဖြစ်လို့...။


ခုလေ....
လရောင်တွေ လှေဆိပ်မှာထိုးတော့
ဝိုးတ၀ါးအရိပ်တွေပြိုပြိုကျ
ငိုရမှန်းမသိတော့ပါဘူး.........။

ငြိမ်းဇေဦး
ကဗျာရွတ်သံနားဆင်လိုလျှင်