Saturday, December 6, 2008

မောဟသလ္လာ


နှင်းတို့ ဖွေးဖွေး အေးစက်...ဖြေးဖြေးကြွေကျ........ဝေ့ကနဲဝဲကနဲ။
နက်ပြာရောင်သက္ကလပ် ကုတ်အင်္ကျီအရှည်ကြီးကို ဆွယ်တာ အညိုရင့်ရောင်ပေါ်ထပ်ဝတ်လိုက်သည်။
နံနက်ခင်းလား ညနေခင်းလား မပြောနိုင်လောက်သည့် တဆင်တည်းသော မှိုင်းပျမှုဖြင့် သြကာသလောကတစ်ခုလုံးဖွေးဖွေးလှုပ်နေပြီး အေးစက်ကျစ်လျစ်နေသည်ကလွဲ၍ အရာအားလုံးအိပ်စက်နားနေ နေကြသလို။
နှင်းစီးဖိနပ်ကိုဖြေးဖြေးစွပ်ရင်း ပြတင်းပေါက်မှကျော်၍ လေးပေပတ်လည် အပြင်လောကကိုမြင်နေရ၏။
တနင်္လာနေ့ဆိုလျှင်မျက်လုံးစစ်ဆေးရန်ဆရာဝန်နှင့်တွေ့ရဦးမည်အမြင်အာရုံကတော့ကောင်းနေဆဲဖြစ်သော်
လည်းနည်းနည်းမကြည်လင်တော့ဟု ယူဆမိသဖြင့်ဖြစ်၏။

အဖြူရောင်နံရံတွင် ချိတ်ထားသောသော့တွဲကို ညင်သာစွာယူလိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေသော ဧည့်ခန်းထဲတွင် စပယ်နံ့ အတု မှ လွဲ၍ အာရုံကို လှိုင်းထဖွယ်မည်သည့် ရုပ်ဖြစ်စဉ်မှရှိမနေ။ ဘုရားစင်မှ ဆီမီးတိုင်သည်ပင် ငြိမ်းလျှက်။

ဝမ်းကဟာနေသည်။ ကော်ဖီသောက်ချင်သည်။ မနက်စာ တခုခုစားချင်သည်။ နွေးထွေး အဟာရပြည့်သော မနက်စာ ကို စားပြီးကော်ဖီတခွက်သောက်ရင်း စီးကရက်တစ်လိပ်ဖွာချင်သည်။
ခွေခေါက်ရှုပ်ထွေး ပွစာကြဲနေခဲ့တတ်သော အာရုံတို့သည် ယခုအခါ စီစီရီရီ ဖြင့် ဖိနပ်စင်က ဖိနပ်များလို
သူ့ နေရာနှင့်သူ ဖြစ်သင့်သလောက်ဖြစ်နေပေပြီ။
စပယ်ပင်က စပယ်ဖူးလေးတွေလို ၊ သင်္ကန်းတလွှာက ချုပ်သားတွေလို သူ့ နေရာနဲ့သူ တကယ့် ကျကျနန အစီအစဉ်ရှိရှိ တော့မဖြစ်သေး။

ယက်ကန်းစင်က လွန်းနှင့် တူသည့် သတိတရားဖြင့် ကျကျနန စုစည်း ဖွဲ့ တည်ပါမှ ဖြစ်မည့် ပြန့်ကျဲအာရုံများ နောက် ဆန်စင်ရာကျည်ပွေ့လိုက်သလိုနေခဲ့မိသော ကာလများ ..ထို့နောက် ဖြတ်သန်းလာခဲ့သောကာလများမှ ကပ်ပါတွယ်ညိလာသော ၀န်ထုတ်ဝန်ပိုးများ စိတ်အညစ်အကြေးများ ထိုအရာတို့စုစည်း ပုံဖော်ထားသော ခန္ဓာရုပ်နှင့် စိတ်စေတသိက်တို့မောင်းနှင်နေသော ဘ၀ အစစအရာရာတို့သည် စိတ်အာရုံသို့ အရိပ်မဲ့သဏ္ဍာန်မဲ့ဝင်ရောက်စိုးမိုး နေပြန်၏။ ။

အိမ် တံခါးကိုသော့ခတ်ပြီး လက်အိတ်ကို စွတ်လိုက်၏။ အဖြူရောင် တံတားကလေးကို ဖြေးဖြေး ဖြတ်ကျော်လာခဲ့၏။ နက်မှောင်ရှည်လျားသော ဆံပင်တို့ပေါ်သို့ နှင်းဖြူစများ အမှတ်တမဲ့ ဆင်းသက်လာကြ၏။ လေဝှေ့ လိုက်တိုင်း နှင်းဖြူဖုံးနေပြီး အေးစက် မာခဲ နေလျှက် မစီးဆင်းတော့သော
စမ်းချောင်းငယ်ကလေး ပေါ်သို့ သစ်ရွက်ခြောက်များ လျှောတိုက် လွင့်ပါးလိုက် ယာယီရပ်နားလိုက် အစိုးမရခြင်းကိုယ်စီဖြင့် လွင့်မျောလိုက် ငြိမ်သက်လိုက် နစ်ကျွံလိုက် ဖြင့်။


ကားစက်ကို နှိုးလိုက်၏။ အနွေးဓါတ်ကို မြှင့်လိုက်၏။ အခိုက်အတန့် မျှ ကားထဲတွင် ငြိမ်သက်ရင်း ကား စက် နွေးသည်အထိ စက်နှိုးရင်းထိုင်နေမိ၏။
ကားရေဒီယိုမှ ကြီးမား ဖောင်းကားသော အဆီအသားဖြစ်ထွန်းမှုလျှော့ချသော ဆေး တစ်ခုကို ကြေငြာနေ၏။ အရွက်ကင်းမဲ့ နေသော မေပယ်ပင်ကြီးပေါ်မှ ငှက်ကလေးတစ်ကောင် အိမ်ရှေ့ သမံသလင်းသို့ ပျံဆင်းလာ၏။ မနေ့ က ဖြန့် ကျဲ ပေးထားခဲ့သော သစ်စေ့ ဆန်စေ့ ကလေးများကို နှုတ်သီးကျိုးမတတ် မြန်ဆန်အားပါမှုဖြင့် တတောက်တောက် ကောက် နေ၏။ ဆာလောင်မှု၏ မောင်းနှင်အားဖြင့် လှုပ်ရှားနေသော ငှက်ကလေးကို ကြည့်ရင်း ကား ကို နောက်ဆုတ်ထွက်ဖို့မလုပ်ရက် အစာမ၀ခင်လန့် ပျံသွားရမည်ကိုစိုးမိ၏ ။
ထို့ ကြောင့် ငှက်ကလေး ထပျံသည်အထိ ထိုင်စောင့်နေမိတော့ မိနစ်အနည်းငယ်ပင်ကြာသွား၏။

ငှက်ကလေးထပျံတော့ ကားကိုညင်သာစွာနောက်ပြန်လှည့်ထွက်လာခဲ့၏။ အေးစက်လှသော စနေ နံနက်ခင်း၏ ရေခဲရိုက်မှုအောက်တွင် ဈေးမှ ငါး သေတို့၏ အသက်မဲ့  ခန္ဓာကိုယ်တို့နှင့်မတူသော လူတို့သည် ကားကြီး ကားငယ်များ ဖြင့် မောင်းနှင် သွားလာနေကြဆဲ။

ဘတ်စ်ကားရပ်နားရန် ဆိုင်းဘတ်ကလေး ဘေးတွင် အာဖရိကန် အမေရိကန် မိန်းကလေးတယောက် လက်ကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ပိုက်ရင်း ဘတ်စ်ကားလာမည့်ဘက်သို့ငေးနေ၏။ လေးဆယ့်ငါးမိနစ်တခါလာသောဘတ်စ်ကားကိုပလက်ဖောင်းပေါ်မှဆိုင်းဘုတ်ကလေးအနီးသူ့ခမျာစောင့်
နေ သည်မှာ မည်မျှကြာသည်မသိ။

တနည်းအားဖြင့်လည်းမည်မျှ ကြာအောင်ဆက်စောင့်နေရမည်မသိ သို့သော် ကျိန်းသေသည်မှာတော့ လေးဆယ့်ငါးမိနစ်ဆိုသော အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုနေရာတွင် ပင် သူ ဆက်လက်ရပ်နေကောင်း
ရပ်နေလိမ့် မည်။ နေထိုင်ရာ ရှိ၍ ပြန်လှည့်ရန် နီးပါက ပြန်လှည့်ကောင်းလှည့်မည် ။ မည်သူမျှ သိနိုင်သည့်ကိစ္စမဟုတ်။
ကျိန်းသေလွန်းသည်ကတော့ ကိုယ်တိုင်အပါအ၀င်အားလုံးသောကားကိုယ်စီဖြင့် ယဉ်ကျေးသိမ်မွေ့သော
လူသတ္တ၀ါများကမသိလိုက်ဖာသာပင်ထိုမိန်းကလေးကိုဖြတ်ကျော်မောင်းနှင်သွားကြပြီး
ဖြစ်၏။

ကားကို ရပ်နားရန်နေရာတွင် ရပ်လိုက်၏။ တမတ်စေ့ နှစ်စေ့ကို ထုတ်ယူပြီး ရပ်နားခွင့်အတွက် အချိန်တိုင်းစက်အတွင်း တစေ့ ချင်း ဖြေးဖြေးထည့်လိုက်၏။ ဒုတိယအစေ့သည် လက်ပေါ်မှလျှောကျသွား၏။
လက်အိတ်ကိုချွတ်ပြီး ဖြေးဖြေး ကိုယ်ကို နှိမ့်ချလိုက်ရင်း တမတ်စေ့ ကလေးကို ကောက်ကာ ခန္ဓာကိုယ်ကို ပြန်မတ်၍ ပြန်ထည့်လိုက်၏။ ပြီးတော့ အေးစက်ခြောက်သွေ့ သော လေကို အ၀ရှူလိုက်ပြီး ခနအောင့်ထားလိုက်၏။ ထို့ နောက် ပါးစပ်ကို ဟကာ ရှူထုတ်လိုက်၏။
ဆိုင်တံခါးကို တွန်းဖွင့်ကာဝင်လိုက်တော့ လစ်ဇ်နှင့် သူ့ ယောက်ျားကနှုတ်ဆက်၏။
သူတို့လင်မယားကိုပြန်နှုတ်ဆက်ရင်း မနက်စာ နှင့်ကော်ဖီတခွက်မှာလိုက်၏။ မနက်စာကိုစားရင်း သတင်းစာကိုဆွဲယူပြီးဖတ်လိုက်၏။ အီရတ်စစ်ပွဲ ၊ သမ္မတ အသစ် ၊ ငွေကြေး ပြသနာ ၊ ရာသီဥတု ၊အားကစား ၊ ကမ္ဘာ့သတင်း၊ ကျော်ကြားသူတို့ကိစ္စ၀ိစ္စ စသည်ဖြင့် သံသရာမြောက်အနှစ်သာရတို့၏ ထပ်ချည်းတလဲလဲ အကြောင်းအရာ အသစ်များ ။

ဆိုင်တံခါးကိုတွန်းဖွင့်ကာလူဖြူအဖိုးကြီးတစ်ယောက်ဝင်လာ၏။ဟောင်းနွမ်းလှသောသူ့အနွေးထည်ဂျာကင်ကြီး
အောက်တွင် နောက်ထပ် ဘယ်နှစ်ထပ် ခံပြီးဝတ်လာသည်မသိ လူက လေမလျှော့တလျှော့ အလူမီနီယံမိုးပျံ ဘောလုံးလို ဖြစ်နေ၏။
သူ့ ပါးစပ်နှင့်နှာခေါင်းမှ အငွေ့ ဖြူဖြူတို့ ထွက်လာသည်အထိ ဆိုင်ထဲမှ ဆိုင်ရှင်နှင့် တဦးတည်းသော ဖောက်သည်ကို နှုတ်ဆက်လိုက်၏။ ထို့ နောက် ဘေးမှ ခုံကိုဆွဲထိုင်ပြီး သတင်းစာ ကိုကောက်ယူ၏။ သတင်းစာကို တဗြန်းဗြန်းမြည်အောင် ခပ်မြန်မြန် ဆွဲလှန်နေ၏။ တနေရာရောက်တော့ သူ သေသေချာချာ ဖတ်တော့၏။ အခိုက်အတန့် တစ်ခုအထိ ဖတ်အပြီးတွင် စကားပြောတော့၏။

သူနှင့်အပြန်အလှန်ပြောဆိုရင်း စီးကရက်ဖွာရန်အပြင်သို့ထွက်လာတော့ သူလည်းနောက်နားမှပါလာ၏။
စီးကရက်ဘူးကိုဖွင့်ပြီး မီးခြစ်ကိုထုတ်ကာ မီးညှိရင်း ခပ်ဝေးဝေး မှ အဆောက်အဦအမြင့်ကြီးများ၏ မှန် နံရံကွက်ကြီးများမှ အရိပ်ထင်နေသော အခြားအဆောက်အဦများကိုမြင်နေရ၏။
သူလည်း စီးကရက်ဘူးလေး တစ်ဘူးထုတ်၏ ။ မလုံမလဲပြုံး၏။ ပြီးတော့ စီးကရက်ဘူးကလေးကိုဖွင့်လိုက်တော့ တံဆိပ် အမျိုးမျိုးဖြင့် စီးကရက်အတိုကလေးများ ဖြစ်နေ၏။ ထိုအထဲမှ ခပ်ရှည်ရှည် စီးကရက်တိုကလေးကို ထုတ်ယူလိုက်ကာမီးညှိရှိုက်ဖွာရင်း ကောင်းကင်ကို ပြုံး၍ မော့ကြည့်နေ၏။
သုံးလေးငါးဖွာ ရှိုက်ရင်း ချမ်းလာလွန်းတော့ ဆိုင်ထဲသို့ ပြန်ဝင်လာချိန်တွင် အဖိုးကြီးလဲ နောက်မှ ကပ်ပါလာ၏။ ထို့ နောက် သူက ကော်ဖီတခွက်မှာ၏။ လစ်ဇ်က ကော်ဖီဖျော်ပြီး သူ့ ရှေ့ ချပေးခိုက် တွင် သူ ၏ ဘယ်ဘက် အင်္ကျီအိတ်ထဲမှ အကြွေစေ့ ကလေးများ ကို တစ်စေ့ ပြီးတစ်စေ့ ထုတ်ရင်း ကောင်တာပေါ်တင်လိုက်ပြီး ပြုံးပြကာ နောက်တခါ ကောင်းကောင်း မွန်မွန် ကျကျနန လာစားဦးမယ် ဟု ပြော၏။ ပူနွေးသောကော်ဖီကို မှုတ်သောက်နေသော အဖိုးကြီး၏ မျက်လုံးများသည် မုန့် လက်ကောက်ကွင်းများ ထည့်ထားရာ မှန် ကာထားသည့် စင်ဆီသို့  ဝေ့  ၀ဲနေ၏။
နံရံပေါ်မှ တီဗွီမှ မနက်သတင်းလာနေ၏။ အိမ်ယာမဲ့အလောင်း တစ်လောင်း သတင်းတွင်ပါလာ၏။ အဖိုးကြီးသည် ကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ တီဗွီ ဖန်သားပြင်ကိုသေချာစွာကြည့်ရင်း
“ငါ မင်းကိုပြောတယ် မင်းနားမထောင်ခဲ့ဘူး ကွာ” ဟုတယောက်ထဲ ငြီးလိုက်၏။

လစ်ဇ် က ပေါင်မုန့် နှစ်ချပ်ကို ပေါင်မုန့် ကင်စက်ထဲသို့ ထည့်၏။ ပြီးတော့ ဖောက်သည်တွေအလာကျဲကြောင်း တယောက်ထည်းငြီးသလိုလိုဖြင့် ပြောနေ၏။ လစ်ဇ်ယောက်ျားက စွပ်ပြုတ်အိုးကလေးကို မီးအားလျှော့နေ၏။
အိပ်ထဲမှ ဆယ်တန် တစ်ရွက်ကိုထုတ်ယူလိုက်ပြီး မနက်စာ နှင့် စွပ်ပြုတ် တခွက်မှာလိုက်၏ ။ ပြီးတော့ အဖိုးကြီးကိုပြုံးပြရင်း ဘာကြောင့် နောက်မှ ကောင်းကောင်းမွန်မွန်စားမလဲ ခု စားလို့ ဖြစ်နေတာပဲ မဟုတ်ဘူးလား ဟု ပြုံးကာမေးလိုက်၏။
အဖိုးကြီး၏ မျက်လုံးထဲတွင်အားငယ်မှု ၊ ခိုကိုးရာ ၊ ကျေးဇူးတင်ခြင်း စသော စိတ်ခံစားမှုတို့၏ အရောင်အဆင်း
တို့ ရောပြွန်းလျှက် ဖြင့် ကျေးဇူးတင်စကားပြော၏ ။ ပြီးတော့ သူ့ ဘယ်ဘက်လက်မှာစွပ်ထားဆဲဖြစ်သော လက်အိတ်အဟောင်းကြီးကိုဆွဲချွတ်ကာ ကောင်တာလေးပေါ်မှ ပလတ်စတစ်ဇွန်း ခက်ရင်း ဒါးကလေးများထည့်ထားသော အိတ်အကြည်လေးကို ဆွဲဖောက်လိုက်၏။ လက်သုတ်စက္ကူကြမ်း တစ်ပေပတ်လည် ကို ကျကျနန သူ့ အင်္ကျီ ဂျာကင်ဟောင်းကြီးကို ဟကာ ရင်ဘတ် ပေါ်ညှပ်လိုက်၏။

အဖိုးကြီးကို ပြုံးပြပြီး ခနစောင့်ပါ ဟု ပြော၍ ကားဆီသို့ လာခဲ့၏။ ကားထဲမှ ကား ပိုင်ရှင် မှတ်တမ်း ၊ ပြုပြင်နည်း ၊ ကား တစ်စင်းလုံး၏ တည်ဆောက်ပုံ စာအုပ်တို့  ထည့်ထားသော သေတ္တာငယ်ကလေး၏ တံခါးကိုဖွင့်ကာ စီးကရက်ဘူးသစ် တဘူး ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။ ပြီးတော့ နွေးနေဆဲ ခုံတွင်ပြန်ထိုင်လိုက်ရင်း အားပါးတရစားလိုက် စွပ်ပြုတ်ကလေးသောက်လိုက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေသော အဖိုးကြီးကို စီးကရက်ဘူး ပေးလိုက်၏။

ခဏကြာတော့လစ်ဇ်တို့လင်မယားနှင့် အဖိုးကြီးကိုနှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာရင်း လက်အိတ်ကိုစွတ်၍ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတို့က ပိုမို သည်းထန်စွာကျနေဆဲ ။ ဆောင်းအစတစ်မနက်၏ ဖြစ်စဉ်များ အကြောင်းစဉ်းစားနေမိစဉ်ငှက်တအုပ်သည် ခပ်နိမ့်နိမ့်ပျံသန်းရင်း မြင်ကွင်းထဲသို့ဝင်လာ၏။ ထိုငှက်အုပ်၏ နောက်သို့  အမြင်အာရုံကို မထည့်ထားမိတော့။

ကားစက်ကိုနှိုး၍ မောင်းထွက်လာခဲ့ရာ တူရူမှ လာသော ကားများ၊ ရှေ့ မှ ကားများ၊ နောက်မှ ကားများ သည် နှင်း ထူထဲ သော လမ်းမပေါ်တွင် သတိဖြင့်ဖြေးညှင်းစွာမောင်းနှင်လာကြသော
အကန်းများ၏ လိုရာသို့ တရွေ့ ရွေ့ သွားနေကြ၏ ။ ဆက်၍ ဆက်၍ သွားကြဦးမည်လည်း ဖြစ်ပေတော့၏။


ငြိမ်းဇေဦး