Wednesday, June 3, 2009

ကျောရိုးမဲ့သတ္တ၀ါများ၏

ကျောရိုးတွေ...
ကျောရိုးတွေ....
ဆွဲထုတ်ခံလိုက်ရသလား
အပေါင်ဆုံးခဲ့သလား
အကြွေးနဲ့အသိမ်းခံလိုက်ရသလား
ခန္ဓာဗေဒသဘောအရ မလိုအပ်ကြတော့လို့ လား......။


သက်သာသလိုနေ နေကြတာပါ
ကိုယ့်ဆရာ.....

ကျောရိုးမဲ့သွေးအေးသတ္တ၀ါ
ရရ စား စား တွင်းအောင်းသွားကြတာပါ
ကိုယ့်ဆရာ.....။

အိမ်တွေအကုန်လုံး ကျဉ်းမြောင်းတဲ့
တွင်းဟောင်းတွေဖြစ်သွား...

လမ်းတလျှောက်မှာ ဗိုက်မှောက်တွားသွားသူတွေ
ပြည့်ကျပ်.......

မြို့ လည်က ဖြတ်သွားတဲ့ရထားကတော့
တဖွဖွအတည်ပြုနေတယ်....
သူ့ ကိုယ်သူ
တကယ့်သူ့ ကိုယ်သူပါ
သူဟာ အဲဒီမှာအကြီးမားဆုံး တွားသွားသတ္တ၀ါ ပါတဲ့ ။

ကျောရိုးမဲ့တွေ တွားတက်
ကျောရိုးမဲ့တွေ တွားဆင်း
ကျောရိုးမဲ့တွေနဲ့ တည်ဆောက်ထားတဲ့ မြို့ သေးမြို့ သိမ်တွေ
ကျောရိုးမဲ့ တွေနဲ့  ပြည့်ကျပ်နေတဲ့ မြို့ အို မြို့ ဟောင်းတွေ
ကျောရိုးမဲ့တွေနဲ့ ပျားပန်းခတ်နေတဲ့ လမ်းအိုကြီးတွေ
အဲဒီတိုင်းပြည်ကြီးကိုယ်တိုင်က ကျောရိုးမဲ့
သူ့ ဖြစ်တည်မှုသူ
တစ စ ခေါက်သိမ်းခဲ့ပြီလေ........။

တချိန်မှာ
ကမ္ဘာဟာ သူ့ အရေပြားပေါ်က ယားနာကွက် ကလေး ကို
တသသ ကုတ်ရင်း လူသားတွေရဲ့ သမိုင်း သင်ခန်းစာတွေကို
ထုတ်ထုတ်ပြတိုင်း အဲဒီရာဇ၀င်ရိုင်းရတဲ့ နေရာမှာ
ကျောရိုးမဲ့သတ္တ၀ါတွေနေခဲ့ကြောင်း..........
ကောင်းကောင်း ဖောက်သည်ချတော့မှာ........။


ငြိမ်းဇေဦး

2 comments:

  1. ဒီကဗျာက လွှတ်ကောင်းတော့တာပဲကိုး။
    ရာဇ၀င်မရိုင်းပါရစေနဲ့ရှင်။

    ReplyDelete
  2. ဟိုအရင်က တောက်တဲ့ ကဗျာရှည်ကို ဘယ်လိုမှော်တွေနဲ့ရေးခဲ့တာလဲဗျ။ ကျနော်အဲဒီကဗျာကို ကိုမိုးသီး ဘလော့မှာ စတွေ.တာ။ နောက်ပိုင်းမှ ခင်ဗျားဘလော့ကိုတွေ.တာ။ ခင်ဗျားဘလော့က စီဘောက်မရှိ ဘာမရှိနဲ့...သက်ဆိုင်ရာကဗျာနဲ့ မဆိုင်တာတွေကို comment မှာ ရေးရတော့ ကြောင်တောင်တောင်ကြီး။ ခင်ဗျားကဗျာတွေ စစဖတ်ချင်း ဘုန်းကြီးတပါးလို့ထင်ခဲ့သေးတယ်။ နောက်တော့ဘုန်းကြီးကျောင်းသားပါးရည်ဝနေတဲ့ကောင်လို့ထင်ခဲ့သေးတယ်။ လမ်းသရဲတစ်ကောင်လို့လည်း ထင်ခဲ့သေးတယ်။ နောက်တော့ပန်းချီကားတွေပါထပ်တွေ.လာတော့ ဘာကောင်မှန်းကိုမထင်တတ်တာ့ဘူး။ ကျနော်အမြဲမှတ်မိနေတာက (လူ့ဘ၀သည်သရဲခြောက်သည်ဆိုသော အမည်မသိ ရေကန်ကြီးအတွင်း ဘယ်ကိုမှ မရောက်သော ခေါက်တုံ့ခေါက်ပြန် ရေကူးနေခြင်းသာ) ဆိုတဲ့အဆုံးသတ်လေး။ အားပေးတယ်ဗျာ။ ဒီအနုပညာတွေဆက်လုပ်ပါ။

    ReplyDelete