Friday, July 17, 2009

ရေလည် လွမ်း၏

ဆေးဝါးကုသဖို့ မလွယ်ကူတဲ့နာမကျန်းခြင်းတွေနဲ့
စိတ်ရဲ့အနာတွေ ...
အဲဒီစိတ်ရဲ့အနာတွေကြောင့်
အိပ်မက်တောင် ပြည်တည်လို့
ညမအိပ်ခြင်းတွေနဲ့ ဖောက်ဖောက်ထုတ်ခဲ့ရ...............။

အရက်ပုလင်းခွံမှာ အသာကပ်ပြီး
ဒုတ်တချောင်းနဲ့ စတိုင်အပြည့်
ခရီးမတွင်ပဲ လမ်းလျှောက်နေ တဲ့ကောင် က မှ
ကိုယ့်ထက် စမတ်ကျ နေသေး....။

သွေးမဆူတတ်တော့တာလား
ခန်းခြောက်သွားတာလား သိပ်တော့မကွဲပြားဘူး
ပြောစမ်းပါဦး ကိုဂျော်နီ ဆိုတဲ့ကောင်ရေ..
ရင်ခေါင်းထဲပူဆင်းသွားလိုက်တိုင်း
ချစ်သူ့ ရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ
အဲသလို အဲသလို လက်ဖြောက်လေးတီးတီးပြီး
ထထအော် နေရင်းနဲ့ပဲ
သံသရာကိုဆွဲဆွဲဆန့် ခဲ့...။


ဘ၀ကိုရေခဲရိုက်ပစ်လိုက်တာကြာတော့
နှလုံးသားကို ပြန်ပြန်နှိုးဖို့  အဖိုးနဲဖီလင်ရည်တွေ
ကိုယ့်ကိုယ်ကိုယ် ချို့ ချို့ တဲ့တဲ့ ဆက်ကပ်ရင်းနဲ့
သမမျှတအောင် အားထုတ်ရ.............။

အကောင်းဆုံးပဲ ...
အကောင်းဆုံးပဲ...
ချစ်သူကိုလွမ်းလွန်လွန်းလို့
စာအိတ်ထဲ ကိုယ့်ဟာကိုယ်ခွေခေါက်ထည့်ပိတ်
အနီးဆုံးစာတိုက်မှာ ငါလိုက်ပါရစေဆိုပြီး
ခပ်ဆိတ် ဆိတ်...
ငါ့ကိုယ်ငါပဲ ပို့ လိုက်ပါတော့ မယ်
ကဲ....လက်ခံတော့ဟာ..။



အဲဒါပေါ့ ဝေးကွာ ခြင်းကို
သီချင်းတပုဒ် ဖြစ်အောင်မဖန်တီးတတ်တဲ့ကောင်လို့
ထောင်နေတဲ့ပုလင်း ပေါ်က ကိုဂျော်နီက အော်ဟစ်ရယ်မော..............။


ငြိမ်းဇေဦး



6 comments:

  1. အရမ်းကောင်းတဲ့ကဗျာပဲ.

    ReplyDelete
  2. စာအိတ်ထဲ ကိုယ့်ဟာကိုယ်ခွေခေါက်ထည့်ပိတ်
    အနီးဆုံးစာတိုက်မှာ ငါလိုက်ပါရစေဆိုပြီး ...
    ရေးလိုက်မှ ဖြင့် ထော်လော်ကန့်လန့်ချည်းပဲ ။အင်း .. လူတိုင်းတော့ စဉ်းစားမိတဲ့ထောင့်မဟုတ်ဘူး ။

    ခင်လျက်

    မင်းဒင်

    ReplyDelete
  3. အကို့ချစ်သူက အဲဒီစာအိတ်လေး လက်ခံပါစေ။
    ကိုဂျော်နီကို မောင်းထုတ်
    အလွမ်းတွေကို တောထုတ်ပစ်နိုင်ပါစေ။

    ReplyDelete
  4. အကိုရေ...
    ကဗျာလေး ဖတ်ပြီး...
    ညီလဲ ရေလည်လွမ်းသွားတယ်ဗျာ....

    ReplyDelete
  5. သွေးမဆူတတ်တော့တာလား
    ခန်းခြောက်သွားတာလား သိပ်တော့မကွဲပြားဘူး
    ပြောစမ်းပါဦး ကိုဂျော်နီ ဆိုတဲ့ကောင်ရေ..
    ရင်ခေါင်းထဲပူဆင်းသွားလိုက်တိုင်း
    ချစ်သူ့ ရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ
    အဲသလို အဲသလို လက်ဖြောက်လေးတီးတီးပြီး
    ထထအော် နေရင်းနဲ့ပဲ
    သံသရာကိုဆွဲဆွဲဆန့် ခဲ့...။

    အလွမ်းသံသရာတွေရှည်နေပြီပေါ့နော်.....

    ReplyDelete