Saturday, September 26, 2009

စင်္ကြ၀ဠာကို ငုံ့ကြည့်မိတဲ့အခါ...

ပင်ပန်း၏
လွမ်း၏ ။

ပိတ်ဆို့ခြင်းမရှိ
ထွက်ပေါက်လည်းမရှိ ။

သွားစရာမရှိ
ရွှေ့လျားလိုမှုလည်းမရှိ။

ရှင်သန်လိုခြင်းမရှိ
သေဆုံးလိုခြင်းလည်းမရှိ။

ကောင်းကင်ကိုမော့ကြည့်မိ၏
တိမ်များအား စိတ်ကူးဖြင့် ချိန်တွယ်ကြည့်မိ၏။

ထိုအခါ...
တိမ်လွှာတွေပေါက်ကွဲလို့ မိုးမည်းကြီးရွာ၏
မိုးစက်များလေလွင့်၍ အရှိန်နှင့်ကြွေ၏။

ကော်ဖီတခွက်ဖြင့် မနက်စာပြီးခဲ့၏။
ကော်ဖီတခွက်ဖြင့် နေ့ လည်စာပြီးခဲ့၏။

ညနေခင်း ကောင်းကင်သည် အကြောင်းညီညွတ်စွာ
စွတ်စို ငိုကြွေး၏။

အရာအားလုံး ကို ကျောခိုင်းလိုပြန်၏
တဖန်...အရာအားလုံး အား ထွေးပွေ့လက်ခံလိုပြန်၏။

လူ့ဘ၀၏ ငြီးငွေ့ဖွယ် ဖြစ်စဉ်များ၏တဖက်တွင်
အသက်ရှင်လိုမှုထက်ပိုသောအရာများရှိ၏
မရှိချင်လည်းမရှိ။

ငှဲ့လက်စ ဘီယာတခွက်လောက်မှ
မစည်ကားသည့် ညနေများအကြောင်း
အခါတပါးက ပစ်ချခဲ့ဖူးသည့် ငှက်တကောင်အား ပြန်လည် ဖောက်သည်ချချင်မိ၏။
ထိုငှက်က ငိုလျှက် မတောင်းပန်ခဲ့သည်ကိုလည်း အမှတ်ရမိ၏။

ပင်ပန်း၏
လွမ်း၏
ငြီးငြူမိ၏။

ငြီးငြူမိသည်ကို ငြီးငြူမိ၏။

မီးအပူထိသည်ကို မငြီးငြူခဲ့သော
ဖင်တုံးလုံးနှင့် ငှက်ကို မြိန်ရှက်စွာစားခဲ့ဖူး၏။

ထိုငှက်ကိုပြန်သတိရမိ၏။
ကျင်ငယ်ဖြင့် ကျကျနန ပန်းခဲ့ဖူးသော ပုရွက်ဆိတ်အုံကို လည်းသတိရမိ၏။

ပထမဦးဆုံး ရည်ရွယ်ချက်ဖြင့် ပြောင်ဖူးသော ထိပ်အား
ညစာများစွာဖြင့် လဲ ယူခဲ့ရသည်ကိုလည်းသတိရမိ၏။

ပက်လက်ကုလားထိုင်လေးပေါ်သက်သက်သာသာ ထိုင်လိုက်မိ၏
မသက်မသာ လေးပင်မှုများက ရင်ထဲဝင်လျှက် တွန်းလှဲလိုက်ခြင်းဖြစ်ပြန်၏။

စီးကရက်တစ်ဖွာကို ဖွာ၏
ကပြာကယာကို အသာဆွဲဆန့် လိုက်ကာဖွာ၏
စလိုးမိုးရှင်းဖွာ၏
စိတ်ပြတင်းပေါက်ကို မှေးစင်း ဖြေးလေးစွာပိတ်လိုက်၏။

လည်တိုင်နှင့် ရင်သားစပ်ကြား ပြာသားများကြွေ၏
တခါက ထို လည်တိုင်နှင့် ရင်သားစပ်ကြား
နှုတ်သီးကောင်းလျှာပါးတစ်ခု သို့ မဟုတ် နှစ်ခု
သို့ မဟုတ်အခုပေါင်း မနည်းမများ ခရီးသွားဖူး၏။

ယခုအခါ တယောက်သောသူကို
တည်တည်ကြည်ကြည်လွမ်း၏

မျက်လုံးအစုံအား မှေးစင်းစွာပြန်ဖွင့်ဖြစ်သောအခါ
စင်္ကြ၀ဠာကို ငုံ့ကြည့်မိသားဖြစ်၏။
စင်္ကြ၀ဠာထဲတွင် ကြယ်ကလေးများ ပေါလောမျောနေဆဲဖြစ်၏
ိထိုကြယ်ကလေးများအား
မည်သူမျှမကောက်ယူ ....
ကောက်ယူစရာလည်းမလို
ထိုသို့ဖြင့် မျိုးဆက်ပေါင်းများစွာ ညကိုတန်ဆာဆင်ခဲ့ကြ၏။

တချိန်တွင် ထိုကြယ်ရောင်အောက်
ထိုလရောင်အောက် ထို မိုးစက်မှုန်တို့အောက်တွင်
တယောက်ထဲ ငေးမောရင်း
သီချင်းမဆိုတတ်တော့သော လူတယောက်က
ညပေါင်းများစွာ...........................



ငြိမ်းဇေဦး

(အင်မတန် စိတ်ပင်ပန်းဖွယ် စားဝတ်နေရေးကိစ္စများဖြင့် ကဗျာမရေးဖြစ်ခဲ့သည်မှာကြာပြီဖြစ်၍ထိုးအံလိုက်မိ၏)









4 comments:

  1. အရမ်းးးးး မိုက်တယ်။လွှတ်ကြိုက်ပဲ။
    ကိုယ်ပါရောယောင်ပြီး မျောပါ၊အန်ချလိုက်မိသလို..။

    လေးစားခင်မင်လျက်

    ReplyDelete
  2. ဘယ်တွေသွားနေလဲ အစ်ကိုမွှေးး
    ညီမလေး လိုက်ရှာနေတာ..
    ချူပ်ကြီးလဲ မေးနေတယ် အကုန်လုံးက အစ်ကိုပျောက်လို့ မျှော်နေကြတယ်.တစ်ချိန်တော့ ပြန်လာမယ်လို့ မျော်နေပါတယ်

    ReplyDelete
  3. အေး ရုံးမှာအလုပ်တွေ အသားကုန်များနေပြီဟ။
    အိမ်မှာတောင် ဟင်းကောင်းကောင်းမချက်ဖြစ်ဘူး ။
    ပဲ ပုတ် နဲ့ငရုတ်သီးစိမ်းချည်ပဲ နှစ်ပါးသွားနေရတာ။
    ဒီမှာတော့ ညာလို့ ရတဲ့ အရပ်မဟုတ်ဘူးလေ ။
    ကိုယ့်တာဝန်ကိုယ် မကျေရင် ပြုတ်မယ်။
    တာဝန်ကျေပဲလုပ်ရင်လဲ Bonus က နည်းမယ်။
    ဒီကြားထဲ operation ပါ ကိုင်နေရတော့ နေ့စဉ် ကိစ္စတွေက ငါ့ခေါင်းပေါ်မှာချည်ပဲ ဖြစ်နေတော့ ပြာတာပေါ့ ။ ခု စီးပွားရေးအခြေအနေထဲ အလုပ်ထပြောင်းဖို့ ပြင်ပြန်လဲ ရူးရာကျမယ်။ အသစ်က ဘာကိုမှ ပြန်မစချင်တော့ဘူး ။

    ReplyDelete
  4. “ယခုအခါ တယောက်သောသူကို
    တည်တည်ကြည်ကြည်လွမ်း၏”

    ဘယ်အခါကများ မတည်မကြည် လွမ်းဖူးသတုန်း။ :)

    ReplyDelete