Thursday, September 25, 2014

ရာမ


 အင်မတန်ကျယ်လောင်တဲ့ မိုးကြိုးပစ်သံကြောင့် ကျနော်နိုးလာတယ်။
 မျက်လုံးတ၀က်ဖွင့်ပြီး ပြူတင်းပေါက် လိုက်ကာ အဟကြားက
 ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ လျှပ်စီးတွေ လက်နေလိုက်တာ၊
 တန်ခိုးရှင်တပါးပါးက ကောင်းကင်မဲကြီးပေါ်ကနေ လောကထဲကို အင်မတန်ကြဲတဲ့  ပိုက်ကွန် နဲ့    ပစ်နေသလို ပဲ ။
 ကွန်ချက်ပေါင်းများစွာပစ်ပေမယ့် ငါးတကောင်မှ မရသေးတဲ့ တံငါသည်လို သူ့ ခမျာဖြစ်နေသလား၊
 ဒါမှမဟုတ် တချက်ပစ်လိုက်တိုင်း ငါးတွေထွေးကနဲထွေးကနဲရနေလို့ လောဘမသတ်နိုင်ဖြစ်နေသလား။
 မသိဘူး....။

 ကျနော် စောင်ဆွဲခြုံလိုက်ပြီး အိပ်ဖို့ ပြန်ကြိုးစားတယ်။ မိုးတွေကလဲ သည်းသည်းမည်းမည်းရွာလို့ ၊  မိုးစက်ကျသံတွေဟာသစ်တောက်ငှက်အကောင်ပေါင်းများစွာက    သူတို့ နှုတ်သီးတွေနဲ့တအိမ်လုံးကို နေရာအနံ့ကမနားတမ်းဆွနေ တောက်နေ သလိုမျိုး။
 ကျနော်ပြန်အိပ်မရတော့ဘူး..။ မိုးသံကို နားထောင် ရင်း လျှပ်စီး တွေ တဖြန်းဖြန်းလက် ၊ မိုးကြိုးတွေ  တဂျိန်းဂျိန်းပစ်နေတဲ့ အပြင်လောကကြီးကို ပြတင်းပေါက် လိုက်ကာဆွဲဖွင့်ပြီး ငေးနေမိတယ်။

 လေတွေကလဲ တဝေါဝေါတိုက်နေတာ ပန်းပွင့်အကြီးကြီးတွေ ပန်ပြီးဥပုဒ်ထွက်ကာစအပျိုကြီးလိုဟန်နဲ့  ကျနော့်အိမ်ဘေးက ပန်းပွင့်အကြီးကြီးတွေပွင့်တဲ့အပင်ကြီးဟာလဲ ယိမ်းလိုက်နွဲ့ လိုက်  နဲ့လေဒဏ်မိုးဒဏ်အောက်မှာ လောကဓံကိုတောင်မေ့သွားသလားထင်ရလောက်အောင် အဲဒီ  ကာလအပိုင်းအခြားလေးမှာ   သူ့ ကိုယ်သူ မကျိုးမကျေဖြတ်သန်းဖို့ ကြိုးစားနေရှာတယ်။

 ကောင်းကင်ပေါ်က မြေကြီးဆီကို ဇောက်ထိုး ဆင်းလာတဲ့  လျှပ်စီးနဲ့မရှေးမနှောင်းမှာ  ဂျိမ်းကနဲနောက်ဆက်တွဲ  မိုးကြိုးပစ်လိုက်သံက အိမ်တောင်တုန်သွားသလိုပဲ။
 ကျနော့်စိတ်ထဲမှာ ရုတ်တရက် ဦးရာမ ကိုသတိရသွားမိတယ်..။


 သူ့နာမည်က ရာမ။ အိန္ဒိယနွယ်ဖွား မိဘနှစ်ပါးကမွေးဖွားလာတဲ့မောင်ရာမ၊ မအေးသိပ်ချစ်တဲ့ ကိုရာမ ။  သူ့ သားတွေရဲ့ အထင်ကြီးလေးစားစရာ ရှေ့ ဆောင်လမ်းပြ ဦးရာမ။
 ညနေ မှောင်ရီပျိုးစ ၊ ညီအကိုမသိတသိအချိန်လောက်ဆို  ဦးရာမတယောက် ပေါင်းတည်ဘူတာကိုဆိုက်လာတဲ့ အမြန်ရထားကြီးပေါ်က ရထားကြီးမရပ်ခင်မှာပဲ  သူ့ ရဲ့  ခန္ဓာကိုယ်အတ္တဘောကြီးနဲ့ ဇောင့်ကနဲ....တတွဲ..တွဲက ခုန်ဆင်းလာတတ်တယ်။ကျွဲကြီးတကောင်  ကဆုန်ဆိုင်းလာသလိုမျိုး ။
 ငါးတန်းထိတောင်ကျောင်းမနေဖူးခဲ့ပေမယ့် ဦးရာမဟာ လက်တွေ့ ကပေးတဲ့အသိနဲ့ အင်နားရှားကို  နဖူးတွေ့ ဒူးတွေ့  နားလည်တဲ့သူတယောက်။
 ဘရိတ်အုပ်စ ရထားတွဲကြီးရဲ့ အရှိန်နဲ့အတူ ဦးရာမဟာလဲ သူ့ ရဲ့ ကြက်သားကင်တွေထည့်ရောင်းတဲ့   ဆွဲခြင်းဝိုင်း ဟောက်ပက်ကလေးကို ညာလက်မှာချိတ်လို့ ဘယ်လက်နဲ့ရထားတွဲ တံခါးသံတိုင်ကို  မလွှတ်သေးပဲ ရထားနဲ့ အတူ လိုက်ပြေးပြီးမှ တဖြေးဖြေးအရှိန်လျှော့ရင်း ဗာဒံပင်ကြီးတွေ တန်းစီနေတဲ့  ဘူတာ ပရ၀ဏ်ထဲအရောက်ကျ မှ ဘယ်လက်ကိုလွှတ်ပြီး ပလက်ဖောင်းပေါ်မှာ သုတ်သုတ်  သုတ်သုတ်လျှောက်တယ်။ သူ့ ရဲ့ နက်မှောင်ပြီးအဆီပြန်နေတဲ့ မျက်နှာ၊ ၀ါကျင်ပြီးကျပ်သပ်နေတဲ့ စွပ်ကျယ်၊
 မွဲတေအရောင်ပျောက်နေတဲ့ ချည်ပုဆိုး ၊ သူ့ အလေးချိန်နဲ့ သူ့ ပြေးနှုန်းတွေကို တစက်မှမမှုတဲ့ ဟန်နဲ့  ခိုင်မာနေတဲ့ တိုင်ယာဖိနပ်။ ဒီတိုင်ယာဖိနပ်ဟာ ဦးရာမရဲ့ခြေထောက်မှာ သူ့ သားဦးကလေး  မမွေးခင်ကတည်းကရှိခဲ့တာလား ကျနော်မသိပါဘူး။ 

 တကယ့်တကယ်မှာတော့ အဲဒီ ဦးရာမဟာ ကျနော်တို့ မြို့ ကလေးရဲ့ ငယ်မွေးခြံပေါက်။ အိန္ဒိယ  ဆိုတာဘယ်မှာလဲလို့ သူ့ ကိုမေးရင် သူဟာ ရခိုင်ရိုးမတောင်တန်းကြီးတွေရှိတဲ့အနောက်ဖက်ကိုတောင်  လက်ညှိုးထိုးပြတတ်တဲ့သူတယောက်မဟုတ်တဲ့ ဦးရာမ။
 လက်ပံတန်းနဲ့ပြည်မြို့ ကြားထဲက ရထားလမ်းအိုကြီးပေါ်မှာ နေ့ စဉ် ခေါက်တုန့် ခေါက်ပြန်  လွန်းထိုးတတ်တဲ့ဦးရာမဟာ ဟောဒီပဲခူးရိုးမတောင်တန်းကြီးရဲ့ အနောက်ဖက်ခြမ်းက မြို့ တွေအကြောင်း ၊  ဘူတာရုံပိုင်တွေအကြောင်း ၊ လက်မှတ်စစ်တွေအကြောင်း၊ မီးရထားပုလိပ်တွေအကြောင်းကို ၊ ဘဂ၀ါဂီတ  ထက်ပို နောကြေတဲ့ဦးရာမ၊ မဟာဘာရတထက် ပို ယဉ်ပါးတဲ့ဦးရာမ၊  ကရစ်သျှနားထက်ပိုပြီးသူ့ အပေါ်အလွှမ်းမိုးခံတဲ့ဦးရာမ။ ဂန္ဒီဆိုတာ ပေါင်းတည်မြို့ ဘူတာရုံအဖီလေးဘေးက  ကြံရည်အေးအေးတခွက်လောက်မှ သူ မတမ်းတတဲ့  နာမ တခု။
 ကျောက်တံခါးဖက်ကမီးနင်းပွဲတွေကို သွားပြီး နံငယ်ပိုင်းနဲ့ ခုန်ဆွခုန်ဆွမီးနင်းပြချင်တဲ့ အဲဒီရာမဆိုတဲ့  ဦးရာမနဲ့ သူ့ မိသားစုလေးအကြောင်း အိပ်မပျော်နိုင်တော့တာနဲ့  ကျနော်ဆက်တွေးမိတယ်။
 ရာမဟာ မနက်မိုးလင်းတာနဲ့ သူ့ ရဲ့ ကြက်သားကင်ရောင်းတဲ့ ဆွဲခြင်းဝိုင်းကလေးနဲ့ ဈေးကိုသွားတယ်။  ကြက်သားသည်ဆီက ကြက်သားတပိဿာ     ၀ယ်တယ်။  အင်ဖက်စိမ်းနဲ့ ထုတ်ထားတဲ့အဲဒီကြက်သားကို  သူ့ ဆွဲခြင်းဝိုင်းကလေးထဲထည့်ပြီး ညာလက်ဖျံမှာချိတ်၊  သူနေတဲ့ တန်းလျားလေးဆီကို သူပြန်လာတဲ့  လမ်းမှာ မီးငြိမ်းနေတဲ့ ဗီလီဆေးလိပ်ကလေးကို တေ့ရုံကလေး ကိုက်လို့   သုတ်ခြေတင် အိမ်ပြန်ရင်း လမ်းတွေ့ သမျှ  သူ့ အသိမိတ်ဆွေတွေကို သူနှုတ်ဆက်တယ်။


  ငြိမ်းဇေဦး