လူ့ အဖြစ်ကို ရလို့ နေတယ်............။
အကောင်းဆုံးဖြစ်အောင် ....
လူပုံအလည်မှာ
ခိုင်ခိုင်မတ်မတ်ရပ်နိုင်အောင်ကြိုးစားခဲ့ရတယ်။
ကိုယ့်အိပ်ယာကိုယ်ပြင်
ကိုယ့် ညစာ ကိုယ် ချက်လို့ 
ဘ၀ကို ပက်ပက်စက်စက် ခုံမင်ကြည့်ခဲ့ရတယ်....။
ဒီနေ့.................ဘာကိုမှမလိုချင်ဘူး.........................။
စမ်းချောင်းလေးတစ်စင်း
တောင်တန်း တခု ..
လေပြေတပွေ့ ..............
မြက်ရိုင်း ရှရှတွေရဲ့ သင်းရနံ့ နဲ့....
တောင်ယာဆန် .........
ပဲပုတ် ကင် တစ်ချပ်...........
ငြုတ်သီးစိမ်း လေးငါးတောင့်............
ဒီည အဲဒါတွေရမယ်ဆို ................
ငါ့တောင်ယာမှာငါ
ဖြောင့်အောင်အိပ်နိုင်မှာ.....ကျိန်းသေရဲ့ကွယ်......။
ငြိမ်းဇေဦး
Friday, June 19, 2009
Thursday, June 11, 2009
ဓါးကိုင်ရခြင်းအကြောင်း
ဆင်ဖမ်းမှာလား
သွား..သွား..သွား..
ကျားဖမ်းမှာလား...
သွား..သွား....သွား...
ဟောဒီမှာ
ပုဆိုးကိုခြုံ ကွမ်းကိုငုံလျှက်
ဓါးမကိုသွေး အားကိုမွေးကာ
ငါလာခဲ့ပြီ ၀က်ပေါ်ဖို့ ............။
ငြိမ်းဇေဦး
Labels:
poems
Tuesday, June 9, 2009
မြို့ ဘ၀ကိုစွန့် ခွာချင်တဲ့ရန်ကုန်
ခုဆို ရန်ကုန်ဟာ နှစ်နာရီအတွင်း
ပင်လယ်ပြင်ဖြစ်ဖြစ် သွားတတ်တဲ့
ခုတမျိုးတော်ကြာတမျိုး စရိုက်တွေနဲ့..........။
သူ့ ဗိုက်ပေါ်မှာ
အဆီတထပ်အသားတထပ် ဗိုက်ပေါ်မှာ
စားကောင်းသောက်ဖွယ်တွေနဲ့ စားပိုးနင့်နေတဲ့ အဲဒီဗိုက်ပေါ်မှာ
နှဲသမား ပါးစပ်လို ကြွက်သားအားတွေကကောင်း
အနိမ့်အမြင့်အချွဲအချိုတွေနဲ့ အကဲက ပိုပိုပြတဲ့
ဇာတ်ရံတွေ မင်းသားတွေ ကလဲ ထွန်းကား......။
ထူးခြားချက်ကတော့
ကိုယ်ပြောသမျှ ကိုယ်မယုံတဲ့နေရာမှာ
အကုန်လုံးက ပထမဆုရ......။
ခုထိ
မရိုးနိုင်တဲ့ ပုံပြင်ဟောင်းကတော့
ပါးစပ် အံကတ်ငုံရင်း
စင်ပေါ်က ကို မဆင်းတဲ့ကိစ္စတွေကလဲရှိ..........။
ခက်တာက တက်လာမယ့်သူမှန်သမျှ
ကြိုးတုတ် ထုထောင်း
မရိုးနိုင်တဲ့ချန်ပီယံ ဟောင်းကြီးတွေနဲ့
ရန်ကုန်ဟာ
မိုးသည်းညတွေမှာ
ထထငြီးတယ်
ဒို့ အဖြစ်က မြို့မဖြစ်ချင်တော့ဘူး ကိုရင်ရေ....
ပင်လယ်ကြီးပဲဖြစ်ချင်ပါတော့တယ် တဲ့.......။
ပင်လယ်ပေါ်မှာ
ဘယ်လို လှလှပပ နစ်မြုပ်ကြမယ်ဆိုတာလဲ
ရန်ကုန်သူ ရန်ကုန်သားတွေက ယဉ် ပါး နေသားကကျခဲ့ပြီ ဆိုတော့ကာ...။
တကယ်တော့ ရန်ကုန်ဟာ အကြံကုန်ချင်ယောင်ဆောင်နေတဲ့
မြို့ ကြီးတမြို့လို့ပဲ ငေးလိုက်မိပါတယ်.....
ကိုယ့် ခန္ဓာကိုယ်ငုံလို့  ....
နေခဲ့တော့ရန်ကုန် ရေ ..........။
ငြိမ်းဇေဦး
Labels:
poems
Friday, June 5, 2009
ရွှေ ... ဆိုတဲ့ရွှေ
ဒို့ လူမျိုးတွေက
ရွှေမှ ရွှေ ....
လောက်တက်နေနေ
ရွှေ အဖြစ်က တပြားသားမှမလျှော့
ရွှေမှ ရွှေ ပဲ
နားထားတော့.........။
အမှန်ဆိုရင်.....
မျိုးဆက် တခုကို မျိုးဆက်တခုက
ပေးခဲ့စရာ
အကြွေးနဲ့ အနာတွေပဲရှိတဲ့ ဘ၀။
ယုံကြည်ကြောင်း ကို
လုံခြည်အဟောင်းထဲကလက်သီးပုန်းပြ
တိတ်တိတ်ဆိတ်ဆိတ် ရုန်းကြွ ရတဲ့ ဘ၀။
ကံကြမ္မာကို ဒဏ်ရာတွေနဲ့ငြမ်းဆင်လို့
ကျွမ်းကျင်လိမ်မာ ကြရတဲ့ ဘ၀။
နေတတ်သလိုနေ ရင်း
နေတတ်သလို နေခြင်း ၀ိဇ္ဖာတွေက
အတိတ် ရွှေခေတ်မှာ
အိပ်နေပစ်တာ အစစ်မှန်ဆုံးလမ်းကြောင်းတစ်ခုလို
စမြုံ့ ပြန် ပြနေကြတဲ့ ဘ၀။
ကယ်တင်ခြင်း ကြိုးတစကို
အစိုးမရစွာ မျှော်လင့်လို့ ရော်ရင့်ကြရတဲ့ဘ၀။
ငရဲအိုးထဲ ဆွဲကြိုးဆွဲ သူကဆွဲ
ဒုက္ခ ကပ်ဘေးနဲ့ရှင်သန်နေယုံလေးမှာ
လှုပ်ရွ တတ်သေးတဲ့ အကြောအချဉ်တွေနဲ့
မျောချင်သူကမျော...........
သောကမြစ်မှာ မျောသမျှအဖြစ်တွေထဲ
လောဘအသစ်တွေ ထွန်းကား လာ လိုလာ .........
ဒီမှာ....
ဆိုချင်တာဆိုပြောချင်တာပြော..........
အကြွေးနဲ့အနာ ပေးခဲ့တာကိုတောင်
နောင်မျိုးဆက်က ကျေးဇူးတင်ရမယ့် အလုံးတွေနဲ့
ကိုယ်ရွှေ ကိုယ်မျိုးတွေက ပြုံးပြုံးကြီး မင်္ဂလာယူသေးရဲ့..........။
ငြိမ်းဇေဦး
Labels:
poems
Wednesday, June 3, 2009
ကျောရိုးမဲ့သတ္တ၀ါများ၏
ကျောရိုးတွေ...
ကျောရိုးတွေ....
ဆွဲထုတ်ခံလိုက်ရသလား
အပေါင်ဆုံးခဲ့သလား
အကြွေးနဲ့အသိမ်းခံလိုက်ရသလား
ခန္ဓာဗေဒသဘောအရ မလိုအပ်ကြတော့လို့ လား......။
သက်သာသလိုနေ နေကြတာပါ
ကိုယ့်ဆရာ.....
ကျောရိုးမဲ့သွေးအေးသတ္တ၀ါ
ရရ စား စား တွင်းအောင်းသွားကြတာပါ
ကိုယ့်ဆရာ.....။
အိမ်တွေအကုန်လုံး ကျဉ်းမြောင်းတဲ့
တွင်းဟောင်းတွေဖြစ်သွား...
လမ်းတလျှောက်မှာ ဗိုက်မှောက်တွားသွားသူတွေ
ပြည့်ကျပ်.......
မြို့ လည်က ဖြတ်သွားတဲ့ရထားကတော့
တဖွဖွအတည်ပြုနေတယ်....
သူ့ ကိုယ်သူ
တကယ့်သူ့ ကိုယ်သူပါ
သူဟာ အဲဒီမှာအကြီးမားဆုံး တွားသွားသတ္တ၀ါ ပါတဲ့ ။
ကျောရိုးမဲ့တွေ တွားတက်
ကျောရိုးမဲ့တွေ တွားဆင်း
ကျောရိုးမဲ့တွေနဲ့ တည်ဆောက်ထားတဲ့ မြို့ သေးမြို့ သိမ်တွေ
ကျောရိုးမဲ့ တွေနဲ့  ပြည့်ကျပ်နေတဲ့ မြို့ အို မြို့ ဟောင်းတွေ
ကျောရိုးမဲ့တွေနဲ့ ပျားပန်းခတ်နေတဲ့ လမ်းအိုကြီးတွေ
အဲဒီတိုင်းပြည်ကြီးကိုယ်တိုင်က ကျောရိုးမဲ့
သူ့ ဖြစ်တည်မှုသူ
တစ စ ခေါက်သိမ်းခဲ့ပြီလေ........။
တချိန်မှာ
ကမ္ဘာဟာ သူ့ အရေပြားပေါ်က ယားနာကွက် ကလေး ကို
တသသ ကုတ်ရင်း လူသားတွေရဲ့ သမိုင်း သင်ခန်းစာတွေကို
ထုတ်ထုတ်ပြတိုင်း အဲဒီရာဇ၀င်ရိုင်းရတဲ့ နေရာမှာ
ကျောရိုးမဲ့သတ္တ၀ါတွေနေခဲ့ကြောင်း..........
ကောင်းကောင်း ဖောက်သည်ချတော့မှာ........။
ငြိမ်းဇေဦး
Labels:
poems
Tuesday, June 2, 2009
ချောတိုင်
ပြိုင်ဖက်ရှိလို့ 
တိုင်ဖက်မိကြသူတွေ မပါဘူး။
ညစာကို
ဘ၀အနာနဲ့လဲနေကြရတာ
လာပါအကို ....
အကို့ မယားမသိအောင်
နို့ကြားအထိ အဲဒီ ငွေစက္ကူလိပ်တွေထည့်လှည့်ပါ။
ပစ်မှားခြင်းဈေးကွက်တစ်ခုကို
လူ့ ယဉ်ကျေးမှုက
အခိုင်အမာထူထောင်ခဲ့ပြီးပြီ ....
လာပါ.... ဒီမှာ လိုသလိုပစ်မှား
ချစ်သွားမှာလဲမကြောက်နဲ့
ပစ်သွားမှာလဲမကြောက်နဲ့ .........။
တက်ကနို တီးလုံးတွေနဲ့
ခရီးအဆုံးထိ လိုက်မှ
မသကာ ညသုံးနာရီပေါ့.....။
ဘီယာတွေ မအီမသာစုပ်မနေနဲ့
ဒီမှာ နိုင်ကွက်မရှိလို့
တိုင်ဖက်မိသူတွေ ရှိတယ်အကို
လိုသလိုသုံး
တညလုံးမှ နှစ်ပြားတပဲ
စကားလဲမရှုပ် အမှားလဲမလုပ်
သဘောလဲ မယိုင်
ကျမတို့ က ချောတိုင်ပါအကို..........။
တကတည်း....
တိုင်ဖက်နေရတဲ့ ချောတိုင်တွေမှာ
ချောတိုင်တက်သူတွေတိုးဝှေ့ လို့
ချောတိုင်တွေဟာ ချောတိုင်အတက်ခံရင်း
ချောတိုင်တွေ လျှောလျှောကျ ရ တဲ့
ချောတိုင်တက်ပွဲတွေ
လျှောလျှောရှူရှူ စည်ကားလွန်းလှသပေါ့..........။
ငြိမ်းဇေဦး
Labels:
poems
Monday, June 1, 2009
ရွက်ကြွေ ၏ ဒဏ္ဍာရီ
ရစ်ဝဲ ရွက်ကြွေ
မြောက်လေ အနော့
ကိုယ်ဖော့ ကစား
ပျံသန်း သွား သို့ ။
မြေခ လျှောတိုက်
မောဟိုက်လွင့်မျော
လေစည်းကြောမှာ
ဝေးလွန်းရာ ဆီ...။
ကြွေရွက်ဆိုတာ
လေသက်ရာနှင်
မငြိုငြင်တတ်
လွမ်းတတ်လျှင်လည်း
သူပဲသိမည်....
ဒဏ္ဍာရီ......။
ငြိမ်းဇေဦး
Labels:
poems
Sunday, May 31, 2009
ဘယ်သူလဲ...
ဘိုင်စကုတ်လက်မှတ် တန်းစီတိုးဖူးလို့လား
စတိတ်ရှိုးရှေ့ ပုဆိုးကွင်းသိုင်းပြီး ကိုကြီးကျော်အကွက်နဲ့ 
နတ်ကတော်လို ကဖူးလို့လား
စက်ဘီးဘားတန်းပေါ်မှာ ကောင်မလေးတယောက်ကို
တင်စီးဖူးလို့လား
တမာပွင့်တွေ ဝေ့ကနဲကြွေ
လေအေးတဖြိုက် တိုက်
လမိုက်ညတွေမှာ ဂစ်တာဝိုင်းဖွဲ့ တီးဖူးလို့လား
ဘယ်ဟင်းအိုးကိုမှ အားမနာတတ်တဲ့
အမဲရိုးဖြစ်ဖူးလို့လား...။
အဲဒီမှာ ငြင်းစရာစတာပဲ
ကဲ...အမဲရိုးကို ဟင်းအိုးထဲထည့်တာ ဘယ်သူလဲ.......
ဘယ်သူလဲ............။

Tuesday, May 26, 2009
အလင်းမဲ့ နိုင်ငံ
အရိပ်တွေ ထူပျစ်လှချည်ရဲ့
ထို ညနေများ .........။
မှောင်လာလေ
အရိပ်မဲ့လေ
စိတ် ဖြစ်စဉ်တွေက
တကြောင်းဆွဲပန်းချီကားလို.............။
ဘ၀တွေကို အကျနဆုံး
ဆင်မြန်း တတ်ခြင်း သင်္ခန်းစာ အတွက်
အသက်ရှုဖို့ မေ့ နေခဲ့ကြတာ..............။
ဝေဒနာအသစ်တွေအတွက်
နေရာတဆစ်တောင် မကျန်နိုင်တော့တဲ့
ပြည့်ကျပ်ကျပ် ရင်ဘတ်တွေပေါ့
သော့သော့ပြီးရှိုက်ဖို .............။
ညအိုပြီ အကိုရယ်
ဘယ်လိုဈေးဖြတ်မလဲ
တခါထဲ လား ညလုံးပေါက်လား
အမှောင်သားတွေပြိုပြိုကျ..............။
အတ္တဟာ ပါးစပ်ဝအတွက်ပဲ ကျန်တော့ရဲ့....
ရှင်သန်ခြင်းတဖဲ့ လေးကို
အရှက်နဲ့ ထုတ်ပိုး
မိုးချုပ်လဲမိုးချုပ် နံနက်ခင်းလဲမိုးချုပ်
နေ့ခင်း လဲ မိုးချုပ် နေ၀င်လဲမိုးချုပ်
ခုတော့.....
အမှောင်ထု အုပ် နေတဲ့  နယ်နိမိတ်လေ
အရိပ်တွေကင်းမဲ့လို့
အဲဒီအလင်းမဲ့နိုင်ငံမှာ............။
ငြိမ်းဇေဦး
Labels:
poems
Wednesday, May 20, 2009
Cowards

It's been quite along time
I've forgotten to cry...
Once, I've seen hungry children everywhere
When they plunged into darkest future
Sadly, are the product of civil war...
Hence, I've been there and shared similar fate
It was our life of trade
as the living bait...
Now, I am sure
that I am crying
When she is smiling with grace
calmly and purely brave....
Then she said
' You have to have a very strong and stout heart'
and slowly she departs.......
We are just a bunch of cowards.....
We are just arrogant cowards.....
We are just Ignorant cowards.....
And, we are just castrated cowards....
Nyein Zay oo
Labels:
poems
Tuesday, March 31, 2009
အေဒီ နှစ်ထောင့်တစ်ဆယ်
အလျော် အစားကတော့
အနာဂတ်နဲ့ ၀ိဥာဉ်ပဲ.....။
ငြိမ်ပေမယ့်
လိမ်နေတဲ့ကောင်
ယုတ်ပေမယ့်
ဟုတ်နေတဲ့ကောင်
ညာပေမယ့်
သာနေတဲ့ ကောင်
ထူပေမယ့်
အူနေတဲ့ကောင်
ကြံပေမယ့်
မဟန်လေတဲ့ကောင်
ပုပ်ပေမယ့်
မြုပ်မနေတဲ့ကောင်
ဟောဒီဂျင်ဝိုင်းမှာ
ကြိုက်ရာကိုထိုး
သောက်ကျိုးနည်း
ခြောက်မျိုးထဲ.....။
ငြိမ်းဇေဦး
အနာဂတ်နဲ့ ၀ိဥာဉ်ပဲ.....။
ငြိမ်ပေမယ့်
လိမ်နေတဲ့ကောင်
ယုတ်ပေမယ့်
ဟုတ်နေတဲ့ကောင်
ညာပေမယ့်
သာနေတဲ့ ကောင်
ထူပေမယ့်
အူနေတဲ့ကောင်
ကြံပေမယ့်
မဟန်လေတဲ့ကောင်
ပုပ်ပေမယ့်
မြုပ်မနေတဲ့ကောင်
ဟောဒီဂျင်ဝိုင်းမှာ
ကြိုက်ရာကိုထိုး
သောက်ကျိုးနည်း
ခြောက်မျိုးထဲ.....။
ငြိမ်းဇေဦး
Labels:
poems
Monday, March 30, 2009
လျှော့ကြိုး
သံစဉ်တွေ မဖြစ်လာတော့ဘူး
ဟောင်းနွမ်း ဂစ်တာကြိုးတစ်ချောင်းလိုလည်း
ထောင်းကနဲ ပြတ်သွားစရာ မလိုတော့ဘူး.....။
သွေးအေးသတ္တ၀ါတွေဖြစ်ဖြစ်သွား
တွားသွားသတ္တ၀ါတွေဖြစ်ဖြစ်လာ
အမှောင်ဆုံးတွင်းတွေထဲဝင်ဝင်အောင်း
အသေချာဆုံး သားကောင်တွေကို မြိုမြိုချ
တ၀အိပ် တ၀မြို လိုအပ်ရင်အရေခွံပြောင်း
ဘ၀အဟောင်းကြီးထဲက
အသွင်ပြောင်းလျှော့ကြိုးတွေလေ
ခွေနေလိုက်ကြတာ..............
သေသွားတဲ့အိပ်မက်တွေမျောနေတဲ့ 
မျှော်လင့်ခြင်းမြစ် ရဲ့ ကမ်းပါးမှာ
ဟိုတုန်းကတော့ ဂစ်တာကြိုးတွေပါလို့
တခါတခါ... ထ...ထ...
တွန်သံကပေးသေး.........။
ငြိမ်းဇေဦး
ဟောင်းနွမ်း ဂစ်တာကြိုးတစ်ချောင်းလိုလည်း
ထောင်းကနဲ ပြတ်သွားစရာ မလိုတော့ဘူး.....။
သွေးအေးသတ္တ၀ါတွေဖြစ်ဖြစ်သွား
တွားသွားသတ္တ၀ါတွေဖြစ်ဖြစ်လာ
အမှောင်ဆုံးတွင်းတွေထဲဝင်ဝင်အောင်း
အသေချာဆုံး သားကောင်တွေကို မြိုမြိုချ
တ၀အိပ် တ၀မြို လိုအပ်ရင်အရေခွံပြောင်း
ဘ၀အဟောင်းကြီးထဲက
အသွင်ပြောင်းလျှော့ကြိုးတွေလေ
ခွေနေလိုက်ကြတာ..............
သေသွားတဲ့အိပ်မက်တွေမျောနေတဲ့ 
မျှော်လင့်ခြင်းမြစ် ရဲ့ ကမ်းပါးမှာ
ဟိုတုန်းကတော့ ဂစ်တာကြိုးတွေပါလို့
တခါတခါ... ထ...ထ...
တွန်သံကပေးသေး.........။
ငြိမ်းဇေဦး
Labels:
poems
Sunday, March 29, 2009
ဝီ....ခေါ်နေပေတော့၏
ဝါသနာအရပါ....
လိုရာဆွဲယူကြတာပေါ့
ဒို့တွေ ကိုယ့်ဘ၀ကိုယ် ဆင်စီးမြင်းရံကြတာပေါ့
ဒို့တွေ ကြီးမြတ်မှုတွေကို ချီးမွန်းခန်းဖွင့်ရင်း
ခန့် ခန့်ကြီး ကြံမှီစုတ်ကြတာပေါ့
အလေးစားခံချင်မှု လော်ကယ်ရထား တစင်းစာနဲ့
နည်းများနည်းနေသေးလားလို့....။
အကျင့်ပါနေလို့ ပါ
ဒီမှာတင် ဇွတ် မှီငြမ်းတော့တာပဲ
ဇွတ် အတိုချုန်းတင်ပြတော့တာပဲ
လှေကြုံထဲမှာ ဇွတ် ပွဲတော်တည်ကြတော့တာပဲ
မလုံမလဲ လိပ်ပြာနဲ့ ကိုယ်လိုရာကိုယ် ဇွတ် ဆွဲတော့တာပဲ
ဇွတ်...ချည်ပဲပေါ့ ဇွတ်ပဲ....
ဇွတ်ဆိုမှဇွတ်ပဲ
အဟက်..ဟက် ဟဲ တောင် ရယ်လိုက်သေး။
ဖြစ်ရိုးဖြစ်စဉ်ပါ
တုံးပေ့ ညံ့ပေ့ ထုံပေ့
ရေပေါ်ဆီဖြစ်ပေ့ ရောင်လည်လည် အူကြောင်ကြောင်နိုင်ပေ့ဆိုတဲ့
ယင်ကောင် အကျိုးအကန်းတွေဟာလည်း
အုံတော့တာပဲ ၀ီခေါ်နေအောင်
ဝီခေါ်နေအောင်..။
ငြိမ်းဇေဦး
Labels:
poems
Thursday, March 19, 2009
မျှော့ ကုထုံး
မျှော့တွေဖြစ်သွားကြပြီ
ထွားကြိုင်းပြည့်ဖြိုး နေကြ တာပေါ့
ထွားကြိုင်းပြည့်ဖြိုးဖို့ ကြိုးစားနေကြတာပေါ့
အသိဥာဏ်ရှိဖို့မလိုတော့ဘူး
သွေးနွေးသတ္တ၀ါတွေ ကုတ်ပိုးပေါ် ခုန်ချနိုင်ဖို့ ပဲလိုတယ်
သွေးနွေးသတ္တ၀ါတွေ ရဲ့
လစ် ဟာပေါက်ပြဲနေတဲ့
မရှိတော့တဲ့ ...
နွမ်းရိ စုတ်ပြတ်နေတဲ့ အကာအရံတွေကို
တွားတက် ..
ကုတ်ကပ်.....
သွေးစုတ်နိုင်ဖို့ အားကောင်းချက်ယူတတ်ဖို့ ပဲလိုတယ်
အဲဒီအတွက် ကျင့်ဝတ်တွေမလိုတော့ဘူး
အသိဥာဏ်မလိုတော့ဘူး
သွေးညှီနံ့ကို အာရုံခံတတ်ဖို့ ပဲလိုတယ်
ဒါကလဲ ဗီဇ အဖြစ် အဲဒီ မျိုးရိုး ဇီဝမှာ ထည့်သွင်းပေးလိုက်ခဲ့ပြီ။
အဲဒီမှာ .... အားလုံးဟာ မျှော့တွေပေါ်မျှော့တွေတွယ်လို့ 
မျှော့တွေပဲ မြင်နေရ
မျှော့သံတွေပဲကြားနေရ
မျှော့တွေ ပဲ လမ်းသလားနေကြ
မျှော့တွေပဲ ခမ်းနားနေကြ
မျှော့တွေပဲ အသံကောင်းဟစ်နေကြ
မျှော့တွေပဲ ရင်ကြားစေ့ နေကြ
မျှော့တွေပဲ မျက်လုံးလေးစင်း ခေါင်းကလေးငြိမ့်လို့  ဘေးတီးနေကြ
မျှော့တွေပဲ ပညာရှိ ယောင်ဆောင်ကြ
မျှော့တွေပဲ ရေဒီယို စကားထောက် ဧည့်ကြိုလုပ်ကြ
မျှော့တွေပဲ အရေးဆိုကြ
မျှော့တွေပဲ ခြေအေးဝမ်းယောင်လုပ်ကြ
မျှော့တွေပဲ ဗျူဟာခင်းကြ
မျှော့တွေပဲ စီမံကိန်းဆွဲကြ
မျှော့တွေပဲ ရှေ့ ကြို တွက်ကြ
မျှော့တွေပဲ လေသံပစ်ကြ
မျှော့တွေပဲ အတည်ပြုကြ
မျှော့တွေပဲ မြင်နေရတော့တဲ့ 
အဲဒီမျှော့ ထွေးကြီးဟာ ဧရာဝတီနဲ့သံလွင်တလွှား
ချင်းတွင်း ဒုဌ၀တီ တလွှား
ဘယ်သူမှ ပိုင်နက်သတ်မှတ်မထားတဲ့ လေထုတွေကြား
ဘယ်သူမှ ခြံစည်းရိုး ခတ်မထားတဲ့ နယ်ပါယ်တွေကြား
မျှော့တွေဟာ တာသွားလို့ 
မျှော့တွေကြားမှာ
မျှော့ကြမ်းမရှိဘူး
မျှော့မင်းသား
မျှော့သုခမိန်
မျှော့ဘုရင် မျှော့ဝန်ကြီး
မျှော့ ကျွမ်းကျင်သူ
မျှော့ပေါ်မျှော့ရောင်းသူ
မျှော့ ကဲခတ်သူ မျှော့ ထဲ မျှော့သွေးစမ်းသူ နဲ့
ဟော ကြည့်နေရင်းပဲ ..
မြင့်မြင့်မားမား မောက်မောက်မာမာ
မျှော့တွေဟာ မျှော့တွေပေါ် တွယ်လို့ 
မျှော့တွေ ဟာ မျှော့လို ကပ်နေကြတယ်
မျှော့တွေဟာ မျှော့အာမခံချက်နဲ့
သံပြိုင် တခွန်းပဲ
မျှော့သံ ပေးလိုက်တယ်
ကမ္ဘာကြီး တုန်ယင်တောင်သွားနိုင်ရဲ့
နေကောင်းသွားမှာ ပါ တဲ့.......................။

Wednesday, March 18, 2009
နှိုးစက်မမြည်ခင် ဆယ်မိနစ်
နွေဦးရင်သားတွေဖူးပွင့်စပြုပြီ။
မနက်နေခြည်ခပ်ဖျော့ဖျော့ ဟာ ပြတင်းပေါက် ယင်းလိတ်ကြား က တဆင့် မျက်ခွံသားပါးပါးကို ကုတ်ခြစ် ဆွဲဟ နေတယ် ။
အိပ်ရာပေါ်မှာ ပက်လက်လှန်နေဆဲပဲ နဖူးနဲ့ မျက်ခုံး တန်းကြား ဆံစတွေအပေါ်မှာ လက်မနဲ့လက်ညှိုး စပ်နေတဲ့ ညာလက်ဖမိုးသား ကိုစောင်းတင်လိုက်ရင်း မျက်လုံး နှစ်စုံကို သစ်စေ့တစ်စေ့က အပင်ပေါက်ကလေးဟထွက်လာသလိုမျိုး ဖြေးဖြေး ပြီးတော့
ဆတ်ကနဲ ဖွင့်လိုက်တယ်။ ကလေးသူငယ်တယောက်က အင်မတန် သန်မာတဲ့လေးညှို့ ကိုဆွဲတင်ဖို့ ကြိုးစားပြီးမှ လက်လျှော့လိုက်သလိုမျိုး မျက်ခွံသားတွေဟာ တမင် ပြန်မှိတ်ကျသွားတယ်။
ပက်လက် ခြေဆန့် လက်ဆန့် ပြီးတော့ ငါးပေအကွာက အားကုန်ကန်သွင်းလိုက်တဲ့ဘောလုံး ဂိုးပိုက်ထဲ ကို ၀င်သွားပြီး လွန့် ပျံ လည်ပတ်ဝေ့၀ဲ ထွေးကနဲ ကျွံဝင်သွားသလို မျိုး ရှုသွင်းလိုက်တဲ့လေထုဟာဗိုက်သားနဲ့ ရင်ခေါင်းတခုလုံးကို ဖောင်းကနဲ
ရုတ်ချည်း ဖြည့်လိုက်တယ် ။ပြီးတော့ ထွက်ပေါက်မရှိတဲ့ မြုံးမိငါးတွေ လို အသက်အောင့်လိုက်တယ် ခနနေတော့ မိုး ဦး တာ ကျိုးသလို အရှိန်နဲ့အဟုန်နဲ့ ရှူထုတ်လိုက်တယ် လှောင်အိမ်တခါးဝက ပျံထွက်သွားတဲ့ငှက်တအုပ်လို။
သိသာတဲ့ ထိန်းချုပ် စေခိုင်းမှု မပါသလိုမျိုးဖြစ်စဉ်အားလုံးဟာအလိုအလျှောက်ဖြစ်နေသလို
တကယ့်ကိုအစစ်အမှန်အလိုအလျှောက်ဖြစ်နေသလို................
အစီအစဉ်တကျအလိုအလျှောက်ဖြစ်နေသလို....။
ခုထိ လည်ပတ်နေဆဲ နာရီ အဟောင်းလေး တစ်လုံးက ဖြူဖျော့ဖျော့ခပ်မျှင်မျှင် စက္ကန့် တံဟာ ကြေးဝါရောင်စက္ကန့် သတ်မှတ်ချက်အတုံးလေးတခုချင်းကို ငါးကြိမ်တိုင် ဖြတ်သန်းပြီးချိန်မှာ တဖြေးဖြေးချင်း လေဖြည့်ခံနေရတဲ့ လေမှုတ် ရုပ်လိုအိပ်ယာပေါ်ကထလိုက်တယ်။
အိပ်ယာခင်းကို ပြန့်အောင် ပြန်ဖြန့်နေတဲ့လက်တွေဟာလိပ်ပြာကူး ကူး နေတဲ့ ရေကူးသမားတယောက်ရဲ့လက်တွေလို ပျော့နေတဲ့ အိပ်ယာခင်းပေါ်မှာ။
အိပ်ယာခင်းရဲ့ ထောင့်စွန်းအစတွေကို သေသေချာချာ မွေ့ယာအောက်ပြန်လိပ်ထည့်နေတာက ဆေးသမားတယောက် မူးယစ်ဆေးထုတ်ကို ၀ှက်နေသလိုမျိုး။
အရိုးမပါတဲ့ခေါင်းအုံး နှစ်လုံးဟာ တလုံးကိုတလုံးထပ်လျှက်နဲ့ ဘယ်တော့မှ ပဋိသန္ဓေ ထွန်းကားမှာမဟုတ်တဲ့ ချစ်ခြင်းနဲ့ ဒီအိပ်ယာပေါ်မှာ အခန့်သားအိမ်ယာထူထောင်နေတယ်။
ပိုမိုတိကျ အောင် သေသေချာချာ ညှိပြီး ခေါင်းအုံးနှစ်လုံးကိုပြန်ထပ်လိုက်တယ် ပြီးတော့ ခေါင်းရင်း အလည်တည့်တည့်မှာ နေရာချလို့ ။
အပြာနုရောင်ခြုံစောင်ကို ဆွဲမပြီး မိုးရေအောက်မှာ နာရီပေါင်းများစွာ ခိုနားရာရှာရင်း နှာချေလိုက်တဲ့ လူတယောက်လို ဗြန်းကနဲ ခါလိုက် ပြီး လေးဘက် ညီ တိတိကျကျ ခေါက်လိုက်တယ်။
မျှော်မှန်းထားသလောက်မကောင်းတဲ့ ဟာသ ဇာတ်လမ်း ကို ဦးဦးဖျားဖျားကြည့်ရင်း စိတ်ပျက်မှုနဲ့ ပြန်ထွက်လာတဲ့  ပရိသတ် တဦးလို အိပ်ခန်းတံခါးကို ဖြေးဖြေးဆွဲဖွင့်လိုက်ပြီး ရေချိုးခန်းဆီကို ဦးတည်လိုက်တယ် စိုးရိမ်စရာ လမ်းပြ ပုလိပ်မရှိပေမယ့်
တကယ့်ကို သတိ အစဉ်ကပ်လို့  ။
အရပ်က ၀ိုင်းလိုက်တာ ခံရတဲ့ တခါဖူးမျှ မကျူးလွန်မိဖူးတဲ့ ၊ အကြံအစည်အစွမ်းအစတွေအကုန်
ခြောက်သွေ့ ညှိုးနွမ်း အောင်စုတ်ထုတ်ခံလိုက်ရတဲ့ ၊ သူခိုး တကောင်လို ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ၊ လေထဲမှာ ဝေ့၀ဲလာတဲ့ကြက်တောင်ကို ဖြတ်ကနဲရိုက်ချလိုက်တဲ့ အားကစားသမားလို ဇတ်ကနဲပြန်ပိတ်ပစ်လိုက်တယ် ။
မှောင်ကျသွားတယ်။
မီးမဖွင့်ဘူး ။
တကယ့်ကို မီးမဖွင့်ဘူး ။
ရည်းစားဦး က ပြတင်းပေါက်က ကျော်တက်လာပြီး အနမ်းခံအပွေ့ခံ အယုယခံလိုက်ရတဲ့အပျိုမလို ကို ပဲ
လုံးဝ မီးမဖွင့်ဘူး ။
မာကျောအေးစက်နေတဲ့ ရေချိုး ကြွေကန်ထဲကို ၀င်ထိုင်လိုက်တယ် တခါမှ
မယုံကြည်တဲ့ ဘာသာရေး အစဉ်အလာတစ်ခု နဲ့ ဘယ်သူကမှ ဓါးမိုး မသွပ်သွင်းပဲ ကိုယ့် ရောထွေးမှုနဲ့ကိုယ် ရေထဲ ခေါင်းငိုက်စိုက်ထိုးချရတော့မယ့် တွေတွေဝေေ၀ လူတယောက်လို ပက်လက်လျှောချလိုက်တယ်။
လျှောချလိုက်ပုံက မိုင်ပေါင်းများစွာကကြိုးပြတ်ပြီး လေဟုန်စီးလာတဲ့စက္ကူစွန်ဟာ တဖြေးဖြေး နိမ့်လျှောကျလာရင်း
မြေကြီးနဲ့တကိုက်အလိုမှာ
ဝေ့၀ဲ ငိုက်ဆင်းလာသလိုမျိုး။
အဲဒီမှာပဲ ည ဟာ ကျကျနန အတုလုပ်ခံရတော့တာပဲ ။ ပုံမှားရိုက်ခံရတော့တာပဲ ။ အလွဲသုံးခံရတော့တာပဲ ။ အဖန်တီးခံရတော့တာပဲ ။ အမွေးဖွားခံရတော့တာပဲ ။ သိက္ခာချခံရတော့တာပဲ ။ အောက်ဈေးနဲ့ တပါတ်ရိုက်ခံရတော့တာပါပဲ။
တကယ်တော့ခုချိန်ဆို ညဟာ တခြား ကမ္ဘာတဖက်ခြမ်းမှာပါ ......................။
ရေချိုး ကြွေကန်ထဲက ခန္ဓာကိုယ်ကြီးဟာခြေတဖက် ဆန့် ခြေတဖက် ကြွေဘောင်ပေါ်တင်လို့ ဖားတကောင်လို ရင်ဘတ်နဲ့ အသက်ရှုနေရင်း ဇက်ကြောတင်းတင်းဆွဲခံရတဲ့ ၀န်တင် လား တကောင်လို ဆတ်ကနဲတုန့် ကနဲ ဖြစ်သွား ရချိန်မှာ
နာရီနှိုးစက်သံဟာကြိုး ကြာပွတ် သန်သန် တချောင်းရဲ့ ရိုက်ချက်တွေလို.......................။
ဆောင်းနှောင်းဂါဝန်တွေ ပြေလျှောကျ ခဲ့ပြီ ။သဘာဝတရားကတော့ နှိုးစက်ရဲ့ရိုက်ချက်နဲ့ကင်းလွတ်လို့ ......။

stories
Saturday, March 14, 2009
သတင်းစာ
ကာယိနြေ္ဒ ပျောက်ဆုံးကြောင်း
စိတ်ခွန်အား ကျဆင်းကြောင်း
သီလ သေဆုံးကြောင်း
ပလတ်စတစ်လောင်းထားတဲ့ ကုသိုလ်တွေ
တခက်တဆယ်
ဝယ်လို့လွယ်ကြောင်း
ဟောင်းမသွား နွမ်းမသွားတတ်ကြောင်း..........
ဈေးအ၀င်မှာခနရပ်..
ဘာကိုမှ ဂရုစိုက်တတ်နေဖို့မလိုတာကျိန်းသေဖို့
လေမှုတ်ထည့်ထားတဲ့ ပလစ်စတစ်အိတ်ကိုဖောင်းကနဲရိုက်ရင်း
အဲဒီအကြောင်းအရာတွေဘယ်တော့မှမပါတဲ့
သတင်းစာ တစောင်ကို ၀ယ်လိုက်တယ်
ကမ္ဘာကြီး ကတော့ စီးပွားပျက်ကပ်မှာ
တပါတ်မှ မနားပဲ လည်မြဲလည်လို့..........။

Wednesday, March 11, 2009
ဒျာန်သီးလာဗွေ ည
ဓါတုသဘောတွေ ကူးလူးဆက်ဆံတော့မယ်
ဟောဒီမှာ.. နွေဦးရာသီက ဘောက်ဆတ်ဆတ်နဲ့....
ဧည့်ခန်းဥယျာဉ်က ပျိုးပင်တွေ
ခေါင်းပြုစပြုပြီ
တွားတွန့် တိုးတက်...
မနက်နေရောင် ပြတင်းဘောင်ကသွန်ကျလာမှဖြင့်
စိမ်းစိုစွေးစိမ့် သိမ့်သိမ့်သေးသွယ်
ကွေးကောက်နွယ်လို....
နှင်းဖြူတွေခြုံလို့ အပျင်းထူပုံပေါက်တဲ့
အိမ်ရှေ့ က မေပါယ်ပင်တွေလဲ
မော်ဒယ်မတွေလို အရိုးပြိုင်းပြိုင်းဘ၀က
ပုဆိုးကွင်းသိုင်းမပြပေမယ့်
ဖက်ရှင်လှလှတွေတော့ စိမ်းနေအောင်ဝေပြတော့မယ်....
ရွာမှာတော့
ဒီညဟာ
တရွာလုံး ဘောင်းဘီတဖက်လိတ်တင်တဲ့ည
အိုးစည်သံ မိုးဟည်ညံတဲ့ည
ဒျာန်သီးလာဗွေည
တဆီးထီတွေဝေတဲ့ည...
ဒီမှာတော့
လမင်းကိုထိုင်ကြည့်လို့
ငိုင်မိတဲ့ည.....
ဓါတုသဘောတွေ ကူးလူးဆက်ဆံတော့မယ်
ဟောဒီမှာ...နွေဦးရာသီက ဘောက်ဆတ်ဆတ်နဲ့
ဒေါက်ဖိနပ်ပဲ့သွားတဲ့ အပျိုမလို
ငိုရအခက်..........။
ငြိမ်းဇေဦး
ပအိုဝ်း: ဒျာန်သီးလာဗွေ = တပေါင်းလပြည့်
တဆီးထီ= ယစ်ရွှေရည်တမျိုး

Tuesday, March 3, 2009
သန္တိ လျှပ်
တမေ့ကြာမှ
ရှူထုတ်ပစ်လိုက်တဲ့ လေတွေလို
မပြောမဆို
တထိုင်ထဲပြိုကျတဲ့ မိုးစက်တွေလို
စိုထိုင်းညိုစွေးနေတဲ့ မြေသားက
ဘွားကနဲ ရုတ်တရက် ထိုးထွက်လာတဲ့
အညှောင့်ပေါက်သစ်တပင်လို
အရာရာဟာ အစီအစဉ်တကျ
ဘယ်တော့မှ ပြန်မဆိုက်မယ့် ဘူတာစဉ်တွေကို
ဇတ်ကနဲဇတ်ကနဲ ဖြတ်ဖြတ်သွားကြတယ်။
ဟောဒီ စိတ်ဟာ တခါဖူးမှ ဒီလောက်မကြည်လင်ခဲ့ဖူးတော့
ကြုံကြုံသမျှ ကြည့်ချင်ပွဲပေါ့။
စိတ်ဟာ..
ဓါတ်ခွဲခန်း က ဖန်ပြား လို
စိတ်ဟာ...
ဓါတ်ခွဲခန်းက အနုကြည့်မှန်ပြောင်းလို
စိတ်ဟာ...
ဖြတ်သန်းလာသမျှ အရာရာကို
ဘာနာမည်မှ မတပ်ပဲ အတိုင်းသားထိုင်ကြည့်နေတယ်...
ဒို့ မြို့ လယ်ကွင်းစပ် ဇီးပင်အောက် ညနေခင်းမှာ
အမြန်ရထားကြီးဖြတ်သွားတာကို ငေးမိသလိုမျိုး။
စိတ်ရဲ့အကြည်ဓါတ်တွေဟာ
အချိန်ကာလနဲ့ကင်းလွတ်ရာ
နေရာဒေသနဲ့ကင်းလွတ်ရာ
သူ့ ဟာသူ ဖြစ်နေရဲ့။
ဘ၀ဆိုတာ သတ္တ၀ါတခုစီရဲ့
အရှည်ကြာဆုံး ဈာပန
အမြဲ ရှင်သန်တဲ့ ပရမတ္တဆိုတာ
ခုပဲ.. သေသွားတဲ့အာရုံတွေက သက်သေပြသွားရဲ့...။
စိတ်ဟာ...
သူ့ဈာပန သူရှုလို့ ပူမှုတွေဆယ်ကုဋေနဲ့ 
အမှုပွေ အမှိုက်ရှုပ် ဟန်လုပ်ဦးတော့မယ်....။

Friday, February 20, 2009
ချဉ်စပ်ညစာ
ခဲဘွယ်ဘောဇဉ်
အပီအပြင်တီး
ငရုပ်သီးစပ်
ရှူးရှဲမှတ်ရင်း
အသားကုန်ဝါး
စားတုန်းမတော့ ကောင်းပါ့ဗျား........။
အိပ်မက်ထဲမှာ
အိမ်သာရှာမရ ကုန်းကွကွ
အိုဘယ့် ငါ့ဒုက္ခ.............။
အီးနှိုးသောခါ
ငါနိုးလာသော်
ဘူဘော် ဗုံးကြဲ
ဝမ်းထဲနေသာ
ဝေဒနာလျော့
နေသာသပေါ့
ဒီတော့...
ပြန်အိပ်တော့မယ်
မရစ်နဲ့ကွယ်နော် ..........။
ငြိမ်းဇေဦး
အပီအပြင်တီး
ငရုပ်သီးစပ်
ရှူးရှဲမှတ်ရင်း
အသားကုန်ဝါး
စားတုန်းမတော့ ကောင်းပါ့ဗျား........။
အိပ်မက်ထဲမှာ
အိမ်သာရှာမရ ကုန်းကွကွ
အိုဘယ့် ငါ့ဒုက္ခ.............။
အီးနှိုးသောခါ
ငါနိုးလာသော်
ဘူဘော် ဗုံးကြဲ
ဝမ်းထဲနေသာ
ဝေဒနာလျော့
နေသာသပေါ့
ဒီတော့...
ပြန်အိပ်တော့မယ်
မရစ်နဲ့ကွယ်နော် ..........။
ငြိမ်းဇေဦး
Labels:
poems
Thursday, February 19, 2009
ဆာဟာရ
ကြိုတွက်ထားတတ်တဲ့ဥာဉ်က
တုန်လှုပ်တတ်မှုတွေ ကို
ဆာဟာရ သဲကန္တာရလို ....
ခမ်းခြောက်စေတယ် ထင်သလား..။
အမှန်တော့...
ဖရိုဖရဲ ...
ပြိုကွဲကြေမွခဲ့လို့ ပါကွယ်...။
ဒီမယ် အက်ရာတွေနဲ့
မသက်မသာကြွေခဲ့သမျှ...........။
ငြိမ်းဇေဦး
တုန်လှုပ်တတ်မှုတွေ ကို
ဆာဟာရ သဲကန္တာရလို ....
ခမ်းခြောက်စေတယ် ထင်သလား..။
အမှန်တော့...
ဖရိုဖရဲ ...
ပြိုကွဲကြေမွခဲ့လို့ ပါကွယ်...။
ဒီမယ် အက်ရာတွေနဲ့
မသက်မသာကြွေခဲ့သမျှ...........။
ငြိမ်းဇေဦး
Labels:
poems
အဘိဓမ္မာနဲ့မိုက်မဲခြင်း
မပြောတတ်တော့ဘူး....
ဖြေလို့..............
သက်ပြင်းတွေ ချတတ်လာပြီပဲလေ........။
ပြန်ဆန်းစစ်ဦးမှ......
အဲဒီ အသိနဲ့ ပဲ
အဲဒီ အသိနဲ့ ပဲ
ဆိတ်ငြိမ်မှုတွေထဲမှာ
ဝင်္ကပါ ပေါင်းများစွာ
သိမ်းဆည်းခဲ့............
ရံဖန်ရံခါ
ညကို ပို နက်စေချင်ခဲ့
အဲဒီညနက်ထဲမှာ
ဝင်္ကပါထဲ တိုးဝင်.....
အတိတ်ဝင်္ကပါမှာ
စိတ်ထင်တာကောက်ချက်ချ
မိုးစင်စင်လင်းတဲ့ထိ လမ်းပျောက်
တပ်ခေါက်မပြန်တတ်ခဲ့.......။
ဒီမယ်ကွယ်....
ဘ၀ဆိုတာ
ဖြစ်စဉ်တွေပြိုကျ တဲ့
ကာလအစုအဝေးတခုပေါ့
ကျော့ကျော့လေးနေအချစ်ရေ
အပြစ်တွေဆိုတာ
ကိုယ်လွန်ကျူး ကိုယ်အသိအမှတ်ပြုတဲ့
စိတ်ရဲ့ ညစ်ပတ်မှုကွယ့်
လွှင့်ပစ်ခဲ့တော့.............။
ငြိမ်းဇေဦး
Labels:
poems
Friday, February 13, 2009
Wednesday, February 11, 2009
Tuesday, February 10, 2009
Monday, February 9, 2009
အတ္တသင်္ဂဟ ကြေးမုံ
ဖျော့ဖျော့လေး နေကြည့်လိုက်တယ်
ငယ်မူငယ်သွေးတွေ အနယ်ထိုင်စ
လရောင်အောက်ကဒီညမှာ
အေး မြ နေပါ့လား............။
ရှင်သန်ခြင်းရဲ့ ဒုက္ခ
ရှင်သန်ခြင်းရဲ့ဝန်ထုတ်ဝန်ပိုးနဲ့
ပြုသူအသစ် မဖြစ်လိုတော့ဘူးတဲ့
တကယ်တော့ ဘ၀ဟာ ဒုက္ခသက်သက်
လောကဓံမျက်လှည့်တွေအောက်မှာ
ဟာကနဲဟင်ကနဲ
ရှင်ကွဲ သေကွဲ မျက်နှာလွှဲမှုတွေနဲ့
ဆူပွက်နေခဲ့သကိုး.............။
ပြေရာပြေကြောင်းတွေမရှိတဲ့ လှိုဏ်ခေါင်းထဲမှာ
နှလုံးသားမာမာကြီးဝင်စူးနေလိုက်တာ
ဇတ်ဇတ်တောင် ခုန်နေသေးပါ့
ဒါကို က ရှင်သန်ခြင်း ကျီးပေါင်းတက်နေတာလေ
ဘယ်အချိန် ၀ုန်းကနဲကြွေမလဲ မသိ...။
ဟားဟား....
ဘာမှမသိတဲ့ကြားမှာ
ဒီလိုပါ...
ငါဟာ ၀ါရင့် နေထိုင်ခြင်းပညာရှင်ပေါ့....
မာန တရားနဲ့ ကိုယ့်ဟာကိုယ်ဖြားယောင်း
ငါ့လောက်ကောင်းသူ
ငါ့လောက်တော်သူ
ငါ့လောက် ပြေပြစ်သူ
ငါလိုလူ ငါလိုလူ ငါလိုလူနဲ့
မီးညွန့်အောက် က ပြာလိုပူခဲ့ရသမျှ
အဲဒီမှာ ရွှံ့လူးထားတဲ့ ငါးဟာ ငါဖြစ်ခဲ့
ငါ ဟာ ငါ့ ကိုယ်ငါ
ဘ၀ရဲ့ ဘေးထွက်ကိစ္စများစွာထဲမှာကင်လို့
အပီအပြင်စားသုံးခဲ့တာ..........
ဟောဒီဆံပင်ဖြူ တစ်ချောင်းဟာ
ငါးရိုး တချောင်းလို ငေါင်စင်းစင်း
ငါ့ ခေါင်းထဲက ထိုးအံခဲ့ချိန်မှ
သက်ပြင်းတမ နဲ့ ငါသိရ
ဒီမှာ....
ဘ၀တ၀က်က ကုန်စပြု ....................။
ဒီညဟာ လရောင်အောက်မှာ
အေးမြနေပါ့လား...
ဘာဖြစ်ဖြစ်လေ ရှင်သန်နေသေးသမျှ
အချိန်ရသေးရဲ့... ။
ခု ကွယ်....
ဒီရှင်သန်ခြင်းမှာပဲ သတိတရား လက်တဆစ်ကို
ကျစ်ကျစ်ပါအောင် သိမ်းဆည်းရင်း
ဓမ္မသီချင်းတွေကို ဆာလောင်တတ်ခဲ့....။
အဆုံးမတော့လေ..
အဝေးတောင်ပေါ်က စေတီ ဘုရား
ကျောင်းသင်္ခန်းများ ....
ရင်ဆို့ အောင် လွမ်းသွားရဲ့
မိုးကတော့ချုပ်ခဲ့ပြီ ...........။

Saturday, February 7, 2009
နွယ်ရစ်ပင်
နွယ်တွေ .....
ရစ်ပတ်......
အဲဒီက ပွင့်ဖတ်တွေစီရရီ
မွှေးအီချိုမြ
အိုကွယ်....
သာယာလှချည့်..........။
ဖြေးဖြေးချင်း...ဖြေးဖြေးချင်း...
ပြည့်စုံလှ သန်မာလှ
ခိုင်လွန်းလှ...တင်းလွန်းလှ.....။
ကြာသော အခါ စိမ်းလန်း ....
ရွက်ကြမ်းတွေဖုံး
အသန်ဆုံးနှောင်ဖွဲ့ 
ဒီမှာမှောင်ခဲ့ပြီ
ငါ့ မိုး ည .............
ရွေ့ ရွေ့ နှောင်းလွန်
တိမ်ပြိုသွန် ဆင်း
လမင်း ပုန်းခွာ
ဥပေက္ခာ အလွှာဖုံး
မိုးစုန်းစုန်းချုပ် ချိန်မှာ
နွယ်ဟာ တင်းကျပ်
ဒီမှာကွယ်.....
မရှင်သန်တတ်တော့ .........။
ငြိမ်းဇေဦး
Labels:
poems
Thursday, February 5, 2009
Tuesday, February 3, 2009
ထို့ ကြောင့် သို့ မဟုတ် ငါတို့ အမျိုးသားစိတ်ဓါတ်
နာဂစ်ဟာ ...
နာဂစ်ကိုထမ်းပြီး
ခပ်ကြမ်းကြမ်းပဲ
ဗြဲကနဲ....
နာဂစ်တွေကို
ဖြဲဖြဲ ပြီး....
နာဂစ်နဲ့သယ်သွားခဲ့ချိန်မှာ.....
နာဂစ်ဒဏ်နဲ့
နာဂစ်သယ်မရတဲ့
ဒါမှမဟုတ်
တမင် သက်သက်ထားခဲ့တဲ့
ကူသူမဲ့ သားကောင်တွေမတော့.....
ဘာဖြစ်ဖြစ်.....
နာဂစ်ရဲ့ အလျင်နှုန်းလိုပဲ
ဖြစ်တုန်းခဏ
မ၀ရေစာနဲ့ခုတော့..လုံးလုံးအမေ့ခံရ...။
ဒို့ ဇာတိပေါ့.....
ဒီမှာပေါ့ကွာ...
ဒီမိုကရေစီသကြားလုံးဟာ
အများသုံး ဘုံအိမ်သာ ဖြစ်သွားခဲ့တာ....
(လာမရစ်နဲ့) ဒါလဲ နာဂစ်ပဲဟေ့..။
ဒို့ ရင်ခေါင်းတွေဟာ
ရေနွေးငွေ့ နဲ့မောင်းစရာမလိုတဲ့  စက်ခေါင်းတွေပဲ ....
လမ်းလွဲနေတာကလွဲလို့..............
ဒါလဲ နာဂစ်ပါပဲကွယ်............။

Sunday, February 1, 2009
နစ်သူ
ကာလတရားဟာ ကမ်းပါးတွေဖြစ်တယ်ဆိုရင်ပေါ့........
ဖြန့်ခင်းပစ်လိုက်တယ်
တကယ့်ကို စိတ်ရှည်လက်ရှည် .....
သံယောဇဉ်တွေကိုလေ.....
ဘာလိုလိုနဲ့  ရေစီးသန် မြစ်မကြီး တစ်စင်းစာတောင်ဖြစ်သွား....
တကယ်တော့ ဒီထဲမှာပဲ နစ်သွားခဲ့ရတာပါ
အဲဒါနဲ့ ငါဟာ ဆံပင်ဖြူ တချောင်းကို
အားကိုးတကြီး ဆွဲယူ ကူးခတ်ခဲ့ရ
ကမ်းပါးကတော့ ယဲ့ယဲ့ပြို နေကလဲ ညို ညို လာ
ကတ္တီပါ ဖိနပ်တရံ တဖြေးဖြေးပါးသွားသလို.............
အေးပါလေ နေတတ်ပြီဆိုရင်
ညနေညိုဟာ....
အဟောင်းဆုံး အကောင်းဆုံး မော်ဒန် ပန်းချီတကားတောင်ဖြစ်နေသေး
ဖြေးဖြေးကူးလို့ လေရူးကို ခံစား တတ်ဖို့ လဲ နားလည်လာ....
ဒီလိုနဲ့ ဆံပင်ဖြူဟာ....
အနက်ရောင် ဂျာကင်တထည်ဝတ်လို့ 
့စိတ်ကူးမာတီနီတွေ ဖျော်စပ်
ဒီမှာ အကောင်းဆုံး နစ်တတ်ခဲ့ပြီ............။

Tuesday, January 13, 2009
တစ်နေ့ တာ
ဒီနေ့ လည်ခင်းကတော့ ပျင်းရိငြီးငွေ့ ဖွယ်တွေ အုပ်အော်သောင်းနင်းဖြစ်လို့
ဟိုဘက် တခန်းကျော်က ဒါရိုက်တာနဲ့ သူ့ ဌာန က လူတွေ တခါသုံး ဖော့ ကော်ဖီခွက်တယောက်တခွက်ကိုင်ပြီး တ၀ါးဝါးရယ်နေကြတယ်။အမြဲတန်းတက်ကြွနေတတ်တဲ့ Process Engineer တယောက်ကတော့ ဒီရက်ပိုင်း ပိုတက်ကြွနေတယ် ။
အင်မတန်စကားနည်းပြီးတော်တော့်ကိုစွဲမက်ဖွယ်ကောင်းတဲ့ရည်းစားတယောက်
ရနေပြီဖြစ်ကြောင်း ကိုလည်းမနက်ကတင် new integration တစ်ခုကို သူနဲ့မဆိုင်ပဲ စပ်စုသလိုလိုနဲ့ ဒီအသစ်တွေ့ ရှိမှုအကြောင်း ကပ်ကြွားသွားသေးတယ်။
အမြဲတန်း Cheer leader ပုံပေါက်နေသေးတဲ့ Quality Director မ ကတော့ သူ့ အခန်းထဲက တယောက်ပုခုန်းတယောက်ဖက်ထားတဲ့ ကလေးနှစ်ယောက် ရဲ့ ဓါတ်ပုံလေးကို ကြုံတိုင်းပြပြပြီး
သူ့ တူကလေးတွေဖြစ်ကြောင်း ပြောနေဆဲပဲ။
မနက်တိုင်းသုတ်သီးသုတ်ပြာနဲ့ ရောက်လာတတ်ပြီး အမြဲတန်းလူတွေကို မသင်္ကာ
ကြည့်နဲ့ကြည့်တတ်တဲ့ HR manager မကတော့ ရုံးချိန်အစ ကနေအဆုံး ပိန်ဆေးတွေ
အကြောင်းနဲ့ အစားအသောက်ချက်ပြုတ်နည်းတွေ ၊ ချောကလက်ကောင်းကောင်းတွေ ကြေငြာတဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ သူ့ အတွင်းတိုက်ပွဲကို သူ တိုက်နေတယ်။ ဟန်ပုံမရပါဘူး ကျဆုံးနေတာမှ ပေါင် ၂၅၀ ကျော်ကျော်လောက်ကိုရှိနေလေရဲ့။
အသံပြဲသလောက် သူတာဝန်ယူထားတဲ့ နေရာနဲ့ကိုက်တဲ့ Operation Manager ကတော့ လက်ထဲမှာ PDA ကို သော်လည်းကောင်း ဖိုင်တွဲတစ်တွဲကိုလည်းကောင်း ကိုင်ပြီး သူ့ ရဲ့ နှစ်ထွာလောက် ထွက်နေတဲ့ ကလေးမမွေးနိုင်တဲ့ ဗိုက်ကြီးကို ရှေ့ ပစ်ပြီး သူငယ်ငယ်က ဘယ်လို အားကစား မှာ ထူးချွန်ခဲ့ကြောင်းအကြောင်းမဲ့ ရပ်ရပ်ပြီး လမ်းခုလတ်မှာ ပြောနေဆဲပဲ။
ရှေ့ ဧည့်ကြို ကောင်တာမှာ အမြဲတန်း Application form တွေ ဧည့်ဝင် ဧည့်ထွက် လက်မှတ်ထိုးတဲ့ ဇယားတွေ ပြီးတော့ အ၀င် ဂိတ်တံခါးအဖွင့်အပိတ် ခလုတ်နဲ့ အင်တာကွန်းကြားမှာ အလုပ်ရှုပ်နေတတ်တဲ့ကလေးတယောက်အမေကတော့ သူ့ အချိန်တွေကို သူ လိုသလို အသုံးချတတ်သူထဲမှာထိပ်ဆုံးကဖြစ်ဖို့ များတယ် ။ အမြဲတန်း သူ့ ကွန်ပြူတာက Browser ဟာ Myspace, friendster နဲ့အခြား Social networking sites တွေအပြင် instant messengers သုံးခု အပြိုင်နဲ့ လက်မလည်ရှာဘူး ။
မင်းသားလို ကျော့နေအောင်ဝတ် ပြီး အမြဲ ကြွက်ချောင်းသလို ချောင်းတတ်တဲ့ မနက်အဆိုင်းတာဝန်ကျတဲ့ supervisors တွေ ကတော့ ရှေ့ ဖက် ရုံးခန်းတွေဖက်ကို ဘယ်တော့မှ ခြေဦးမလှည့်ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်ထားပုံရတယ် ။ Floor မှာ အလုပ်လုပ်နေကြတဲ့  ကောင်မလေးတွေနားမှာ
ဘီလူး ခေါင်းဆောင်းလိုက်မင်းသားခေါင်းဆောင်းလိုက်နဲ့
ခပ်ထုံထုံ ခပ်တုံးတုံးဆိုတဲ့ သူတို့ ရဲ့ပင်ကိုယ်သဏ္ဍာန် က ပျောက်တောင်နေပြီဆိုတာလူတော်တော်များများသတိမထားမိကြတော့ဘူး။
မနက်ကိုးနာရီ စည်းဝေးပွဲပြီးကတည်းက မနက်ဆယ်နာရီခွဲ မှာ software vendors တွေနဲ့  new integration အကြောင်း video conference တစ်ခု လုပ်ပြီး ကိုယ့် budget ကို စိစိစစ်စစ်ဖြစ်နိုင်သမျှဖြစ်အောင် ညှိနှိုင်းရင်း 3 millions နဲ့ Gold support အပါအ၀င် ညှိနှိုင်းအောင်မြင်သွားခဲ့ပြီးကတည်းက စားပွဲပေါ်က Avaya တယ်လီဖုန်းကလဲ ငုတ်တုတ် တချက် ထမအော်ဘူး ။ ခါးမှာချိတ်ထားတဲ့  အလုပ်ကပေးတဲ့ PDA ကလည်း တချက် တုန်ပြီး အဖျားမတက်ဘူး ။
ဘာလုပ်ရမလဲ။ ဘာလုပ်ရမယ်မှန်းမသိတဲ့ အဆုံး ခဲ တံတစ်ချောင်းနဲ့ HP network printer ထဲက စာရွက် လေးငါးရွက် ကောက်ထုတ်ပြီး ဟိုခြစ်ဒီခြစ်ထိုင်ခြစ်နေမိရင်း ထမင်းဆာလာတော့တယ်။မနေ့ ကတည်းက ထမင်းချက်ဖို့ မေ့ခဲ့ပြီး မထူးဇာတ်ခင်းရင်း အနားက supermarket တစ်ခုက Hormel တံဆိပ် Pork Roast ငါးထုတ် တစ်ပါတ်စာဝယ်လာပြီး ဖိုင်တွဲ ဘီရိုအရှည်ဘေးက ရေခဲသေတ္တာအပုကလေးထဲ ပစ်ထည့်ထားတာရှိတယ်။
အဲဒီထဲက တစ်ထုတ်ကို ယူပြီး microwave မှာ ငါးမိနစ် ခလုတ်ကိုနှိပ်ရင်း မီးဖိုခန်းထဲမှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်နေမိတုန်း သူ့ သူငယ်ချင်းနဲ့ ခိုးရာလိုက်ပြေးသွားတဲ့သူ့ ယောက်ျား ကို တွေ့ ရာသချို င်္င်း ဓါးမဆိုင်းသတ်ချင်နေတဲ့ SAP Clerk က ထုံးစံအတိုင်း သူ့ ယောက်ျားနဲ့သူ အနှစ်နှစ်ဆယ်ပေါင်းခဲ့တာ ဆိုတာကို နိဒါန်းလာပျိုးနေပြန်ပြီ။အနည်းဆုံးနောက်ထပ် လေးမိနစ်တော့ ချောင်ပိတ်အရိုက်ခံရမယ့် သဘောရှိနေပြီ ဆိုတော့ တခုခုမေ့ ချင်ယောင်ဆောင်ပြီး “အော်.. ဟုတ်သားပဲ ခနလေးနော် Data Center ကိုဒီနေ့ စစ်ရမှာ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြောသလိုလို သူ့ ကိုပြောသလိုလိုနဲ့ Data center ဆီကို တကယ်ထွက်လာဖြစ်ခဲ့တယ်။
တံခါးကို ကတ်ပြားနဲ့ဖွင့်ပြီးတော့ အထဲကိုဝင်လာခဲ့တော့ အေးစိမ့်နေတာအပြင်မှာလိုပဲ။ Sun Fire servers တွေ အတွဲလိုက် ထပ်နေတဲ့ ကြောင်အိမ်နဲ့ တူတဲ့ Cabinets တွေတန်းစီပြီး fiber ကြိုးအ၀ါအမျှင်တွေnetwork ကြိုးအပြာတွေ စီရီပြီး စနစ်တကျ တွဲလွဲ ကျနေတာတွေ ပြီးတော့ cisco routers တွေနဲ့ switches တွေရှေ့ ကို ရောက်လာတယ်။ ဘာစိတ်ကူးပေါက်လို့ ရယ်တော့မဟုတ်ဘူး firewalls တွေ routers တွေနဲ့ switches တွေထဲကို console က ၀င်ပြီး Message of the day မှာ "Oh babe... I am freaking bored....." လို့  ရေးခဲ့ပြီး Sun Solaris Servers တွေက syslogs တွေ database logs တွေကို ၀င်ဖတ်တယ်။ ဘာမှ စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားဖွယ်အမှားမရှိဘူး။
Avaya Voice Over IP PBX ကို ဘာမှ အမှားမရှိမှန်းသိသိနဲ့ဝင် ပြီး စစ်လိုက်တယ်။ ပြီးတော့ Windows 2003 Enterprise edition နဲ့ Data center edition Dell Server Farm မှာ logs တွေဝင်ဖတ်တယ်။ မဘာမှထူးထူးခြားခြားမှားမနေသလို security logs တွေကလည်း intact ပဲဖြစ်နေတယ် ။
Hipaa compliance နဲ့  Sarbanes-Oxley Complaince ဖြစ်သလို FDA regulation တွေနဲ့လဲ ကိုက်ညီတဲ့ဆေးဝါးကုမ္မဏီကြီးတစ်ခုရဲ့ Data center ဟာ ထုံးစံအတိုင်း ငြိမ်သက်ချောမွေ့ နေတယ်။
Network IP wireless camera တွေက ရပ်ကွက်ကြီးနှစ်ခုစာလောက် ကျယ်ပြန့် တဲ့ ဟောဒီ အဆောက်အဦကြီးအတွင်းရောအပြင်ရောကို ပါ အမြဲ စောင့်ကြည့်မှတ်တမ်းတင်ထားသလို အတွင်းနံရံပတ်ပတ်လည် မျဉ်းအ၀ါနဲ့နံရံကြားဆယ့်ငါးပေ အကွာတိုင်းမှာ ပိုးသတ်တဲ့
စနစ်တွေတပ်ဆင်ထားတယ်။
ငါးမိနစ်ဝန်းကျင်ကြာတော့ Data center ထဲကပြန်ထွက်လာပြီး Microwave တံခါးကိုဖွင့်လို့  pork roast ကိုယူလိုက်တယ်။ကွန်ပြူတာက ကုမ္မဏီ Logo နဲ့ screensaver က ကြိုဆိုနေတယ် ။ ကုလားထိုင်ကို ဆွဲထိုင်ပြီးတော့ စားပွဲအံဆွဲထဲက ခက်ရင်းနဲ့ဓါးကလေးကိုထုတ်တယ် ။ပြီးတော့ လက်သုတ်ပုဝါ တစ်ထည်ကို ပေါင်ပေါ်ဖြန့် တင်လိုက်တယ်။ကွန်ပြူတာကို ပြန်ပြီး login လုပ်တော့ Same time instant messenger မှာ CIO က ဂျပန် နိုင်ငံက ကုမ္မဏီခွဲမှာ regional ဒါရိုက်တာ ဖြစ်လာတဲ့ လူတယောက်ကို congrat လုပ်ဖို့  အားလုံးကို message ပို့ ထားတယ် အိုကေ...စာတစောင်ရေးလိုက်တယ် အဲဒီ ဒါရိုက်တာ အသစ်ရဲ့ အီးမေးအတိုင်း ရေးပြီး ပို့ မယ်လုပ်ပြီးမှ ပြန်ဖျက်လိုက်တယ်။
ပြီးတော့ ... CIO ရေးထားတဲ့ စာထဲက Congrat ဆိုတာလေးကို Copy လုပ်တယ် ပြီးတော့ Paste လုပ်လိုက်ပြီးပို့ ပေးလိုက်တယ်။
ဘာကြောင့်မှန်းမသိဘူး စားပြီးတဲ့အချိန်မှာ လက်ကို ကျကျနနသွားဆေးလိုက်ပြီး လုံးဝမသုံးလိုက်ရတဲ့  ဓါးနဲ့ခက်ရင်းကို သူ့ နေရာမှာသူပြန်ထည့်လိုက်တယ်။ လက်ကို သေချာသုတ်လိုက်ပြီး သောက်ရေသန့် ဘူးကြီးကို ရေခဲသေတ္တာထဲကထုတ်ရင်း တခါသုံးရေခွက်ထဲထည့်ပြီး သောက်လိုက်တယ်။ မီးဖိုခန်းဖက်သွားပြီး ကော်ဖီတခွက်ဖျော်လာခဲ့တယ်။
Cubicle ဖက်ကို လာခဲ့ရင်း Desktop Support တစ်ယောက် ရယ် system admin နှစ်ယောက်ရယ် Oracle DBA တယောက်နဲ့JAVA programmer တစ်ယောက်ရယ် သူတို့ တွေကတော့ ကော်ဖီတယောက်တခွက်စီကိုင်ရင်းwindows admin ရဲ့ 22 inches flat screen LCD monitor ကို ၀ိုင်းကြည့်နေရင်း တ၀ါးဝါးရယ်နေကြတယ် လူတွေရဲ့ ကမောက်ကမဖြစ်ပုံတွေ ကို ရေးထားတဲ့ စာ ..ဒါမှမဟုတ် ဗီဒီယို clip တစ်ခုခုကို ၀ိုင်းကြည့်ပြီးရယ်နေကြပုံရတယ် ။
မှုန်ကုတ်ကုတ် JAVA programmer တစ်ယောက်နဲ့ MS SQL DBA ကတော့ RPG Game တစ်ခုကို online မှာကစားနေကြပုံပေါက်တယ် ပြိုင်ကားမောင်းနေတဲ့လူရဲ့ အလေးအနက်ထားပုံ မြန်ဆန်ပုံတွေနဲ့ သူတို့ မျက်နှာတွေက ။ network engineer တစ်ယောက်ကတော့ ထုံးစံအတိုင်း Ebay မှာ အတိုအစတွေကိုလေလံဆွဲရင်း ဒေါကန်လိုက် ပျော်သွားလိုက်နဲ့ ။ ရုံးခန်းထဲကိုပြန်ဝင်လာပြီး တံခါးကို သေချာ ပိတ်လိုက်တယ် ။ ပြီးတော့လုံခြုံရေး ကင်မရာတွေ က မြင်ကွင်းတွေကို တလုံးချင်းကြည့်ဖို့  login လုပ်လိုက်တယ် ။
အံဆွဲထဲက ချောကလက် တစ် ခု ကိုဆွဲယူပြီးတော့ အခွံခွာပြီး တကိုက်ချင်းကိုက်ရင်း မြုံ့ နေလိုက်တယ်။ရုံးခန်းထဲက သစ်ပင်လေးတွေ ဂမုန်းပင်လေးတွေကို ရေလောင်းဖို့ သတိရလာတော့ တော်တော်တောင် အချိန်တွေကုန်သွားခဲ့ပြီ ။အဲဒီအချိန်မှာပဲ မနက်ခင်း အလုပ်လုပ်တဲ့ အဆိုင်းက အလုပ်သမားတွေ ဟာ သူတို့ ၀င်တဲ့ထွက်တဲ့  အနားယူ ခန်း စားသောက်ခန်းနဲ့ဆက်နေတဲ့ တံခါးမကြီးတွေကနေပြီးတယောက်ပြီးတယောက် သူတို့ ကားတွေရပ်ထား ရာ ဆီကို တန်းစီပြီးထွက်သွားကုန်ကြပြီ။
နောက်တနာရီဆိုရင် အိမ်ပြန်ရတော့မယ် လို့ သိတဲ့အချိန်မှာတော်တော်ညောင်းလှပြီ။ ဒါနဲ့ထုံးစံအတိုင်း Floor ဖက်ကို ခြေဆန့် လက်ဆန့် လမ်းလျှောက် ထွက်လာခဲ့တယ် ။ အတွင်းပိုင်းမှာကတော့ တဝေါဝေါ ဆူညံနေလို့  ထုံးစံအတိုင်း ည နေအဆိုင်း ဟာ အလုပ်စတင်နေကြပြီ။အပြင်မှာ ရာသီဥတုသိပ်ဆိုးတဲ့အကြောင်း နှင်းတွေ အင်မတန်ကျတဲ့ အကြောင်းတွေကို ပြောနေဆိုနေကြရင်း အလုပ်လုပ်နေကြတယ်။
အဲဒီ လူတွေအားလုံးရဲ့ ခါးမှာ voice unit တစ်ခုဆီပါတယ် ခေါင်းမှာ headset တစ်ခုတပ်ထားတယ်။ အဲဒီ voice unit တွေဟာ wireless devices တွေဖြစ်ပြီးတော့ main servers တွေနဲ့ တဆက်ထဲဖြစ်နေတဲ့ RF units တွေဖြစ်ကြတယ်။ လူတွေဟာ သူတို့ ခါးမှာချိတ်ထားတဲ့  စက်ကလေးတွေက ပြောတဲ့အတိုင်း ပေးတဲ့ အမိန့် အတိုင်း အလုပ်ကို တခုပြီးတခု ကျွမ်းကျင် သေသပ်စွာနဲ့ သူတို့ အလုပ်ကို စတင်ပြီးလုပ်ကိုင်နေကြပြီဖြစ်တယ်။
ညနေသုံးနာရီလေးဆယ် ရောက်တော့ Floor ကနေပြီး ရုံးခန်းတွေဖက် ပြန်လျှောက်လာရင်း ကြည်လင်နေတဲ့မှန်သားတွေကနေပြီးတော့ Data Center ထဲက servers တွေ ကိုအမှတ်တမဲ့ကြည့်မိတဲ့အချိန်မှာ Sun fire Servers တွေက ကျနော့်ကို ပြုံးပြုံးကြီး အားရကျေနပ်စွာလှမ်းပြီး ကြည့်လိုက်သလို ခံစားလိုက်ရပြီး ကျနော့်ရုံးခန်းတံခါးကိုဖွင့်လိုက်တယ်။ နံရံပေါ်က နာရီဟာ ရပ်နေတာကြာခဲ့ပြီ တခါမှ ဓါတ်ခဲအစားထိုးဖို့ တမင် မတွေးခဲ့ဖူးဘူး ။ laptop ကွန်ပြူတာကို ပိတ်ပြီး သားရေအိတ်ထဲကိုထည့်လိုက်တယ်။
နောက်တော့ရုံးအပြင်ထွက်ပြီး မော်တော်ကား ကို စက်နှိုးထားလိုက်တယ် ပြန်တဲ့အခါ heater က နွေးနေအောင်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကတော့ ဒရွတ်ဆွဲရင်း ပြီးဆုံးအောင် ဖြတ်သန်းခဲ့ပြီးပြီလို့ သက်မချနိုင်ပြီ ။ဒါပေမယ့် .. ဒီည ကိုးနာရီမှာ ကျနော့် နာရီက Norah Jones ရဲ့ "Don't know why" ဆိုတဲ့jazz သီချင်း တပုဒ်နဲ့အိပ်ချိန်တန်ပြီ လို့ သတိပေးရင်း မနက်ခြောက်နာရီမှာ ကြာနီကန်ဆရာတော်ရဲ့ ပဌာန်းတရားတော်နဲ့ ကျနော့်ကို နှိုးဦးတော့မှာဖြစ်သလို နေ့ စဉ်နှင့်အမျှ သူတို့ခါးမှာချိတ်ထားသောစက်ကလေးများမှ ပြောသည့်အတိုင်း တသွေမတိမ်း အလုပ်လုပ်ရင်းရှင်သန်နေကြဦးမည့် လုပ်ဖော်ကိုင်များသည် စက်ကိရိယာများ၏ အမိန့် ပေးမှုကို နာခံကျိုးနွံစွာဖြင့် ထုံးစံအတိုင်း အလုပ်လုပ်နေကြဦးမည်ဖြစ်သည်ကို မြင်နေရဦးမည်ဖြစ်ပေတော့၏ ..............။
ကွန်ပြူတာအိတ်ကို မော်တော်ကား နောက်ခန်းတံခါးဖွင့်၍ ထည့်လိုက်ပြီး ဖြေးညှင်းစွာ ကုမ္မဏီ ပရ၀ဏ်မှ ထွက်လာတော့ ၀န်းကျင်သည် ပို မိုလတ်ဆတ်သန့် ရှင်းအသက်ဝင်နေသလို နှင်းမြူတို့သည်လည်းတဖွဲဖွဲဖြင့် လွတ်လပ်စွာပင် ကြွေကျရင်း မြေသား ၊ မြက်ခင်း ၊ ကွန်ကရစ်လမ်းမများပေါ်တွင် တလောကလုံးအားဖွေးဖွေးဖြူစေလျှက် မထူးဆန်းသော မနက်ဖြန်မနက်မရောက်မချင်း တနေ့တာဖြတ်သန်းမှုကို ကိုယ်မဖြတ်သန်းခဲ့သလို နေတတ်လာသည့် ဘ၀၏ အပိုင်းအကန့် အစိတ်အပိုင်းလေးများ အား ကိုယ်ရည်ရွယ်သလို ပိုင်ဆိုင်နိုင်ရန်မှတပါး အခြား ဘာများ ရွေးချယ် နိုင်စွမ်းရှိပါသေးသနည်းဆိုသော အတွေးစသည် ဓါတ် ကြိုးတန်းပေါ်တွင် အမွေးပွပွကိုယ်ထည်များဖြင့် နားနေသော ငှက်ကလေးများ ဆီသို့  လွန့် လူး မျော ပါ မြင့်တက် သွားပါတော့၏................................။
ငြိမ်းဇေဦး
Labels:
stories
Saturday, January 10, 2009
တတိယလင်းနို့ပေါက်စ
ရှေ့ တမျိုးနောက်တမျိုးနဲ့
ဇောက်ထိုးဆွဲ သောက်ကျိုးနဲ
မင်းမို့ .....
လင်းနို့ ဖြစ်ရပလေတယ်ငါ့လူရယ်...
ငြိမ်းဇေဦး
ဇောက်ထိုးဆွဲ သောက်ကျိုးနဲ
မင်းမို့ .....
လင်းနို့ ဖြစ်ရပလေတယ်ငါ့လူရယ်...
ငြိမ်းဇေဦး
Labels:
poems
Wednesday, January 7, 2009
သတ္တ၀ါ ပီသမှု
ဒို့မယုံတော့ဘူး
ပညတ်တွေဖြန့်ခင်းပြလိုပြကြ......။
အငွေ့ပျံလွယ်ကြတဲ့ထဲ
သံယောဇဉ်နည်းနည်းလေးမှပါမသွားယုံကလွဲလို့
ဘ၀က ၀ိုင်းကျ ဖဲ တထုတ်လို............။
ယုံမှားမှုသံသယပိုက်ကွန်ကို
ကြိုးပုခက်လို သဘောထား အိပ်စက်တတ်လွန်းရဲ့...။
မျက်မှန်တလက်...
ပတ်ကားဖောင်တိန်တစ်ချောင်း
စာအုပ်ဟောင်းလေးတစ်အုပ် .....
စသည်ဖြင့်..........။
ညကိုခွေခေါက်လို့
အကြေကောက်ဆံပင်နဲ့
မိန်းမတယောက်ရဲ့ ဘရာစီယာကြိုးပြားကြား
ထိုးထည့်ထားခဲ့ ...
နီယွန်ရောင်အန်ဖတ်တွေယိုစီးနေတဲ့လမ်းမပေါ်တက်ခဲ့
့လာဦးမယ်ပေါ့ မနက်ရဲ့ အသက်မဲ့ မျက်နှာပုတ်ကြီးနဲ့........။
ဒီမှာအချစ်ရေ ဖုန်းကိုင်ပါ
မုန်းနိုင်တာလဲ မဟုတ်ပဲနဲ့
စသည်ဖြင့်............။
အားလုံးထဲမှာအရသာအရှိဆုံးက
သပြေကုန်းကထန်းရည်
အလွမ်းတွေနဲ့ စမြုံ့ ပြန်ရင်း
စည်းလွတ်ဝါးလွတ် သီချင်းဟောင်းတပုဒ်ကို ကျွတ်ကျွတ်ဝါးမြည်းခဲ့...။
ဘာပဲဖြစ်ဖြစ် စိတ်ကို သံပတ်တင်းတင်းပေးလို့
တနေရာလွတ်နေတဲ့အိပ်ယာထဲ
ကဲ......
ခပ်ကွေးကွေး မှေးဦးမကွယ်.........။

Sunday, January 4, 2009
Thursday, January 1, 2009
Monday, December 29, 2008
အလွမ်းဆူး
ကြုံသလို လွမ်းဖြစ်ခဲ့တာပါ
နေရာထိုင်ခင်းသာဖို့ လိုတဲ့ကိစ္စမှမဟုတ်တာပဲ
နှစ်ပက်လောက်နဲ့ အသက်မပျောက်မယ့်
အရက်သောက် ခဲ့ ပြီးလည်း လွမ်းခဲ့တာပဲ
ထင်းရူး တောတွေ အုပ်စုဖွဲ့ ရယ်ဖို့ လဲ
လွမ်းခဲ့တာပဲ
ခုချိန်ဆို တောင်ပေါ်မှာ မြူထွေးတွေဝေတဲ့ ည
နှင်းစက်တွေခိုတဲ့ ည
မင်းမျက်ရည်စိုတဲ့ည
သီချင်းသက်သေ မလိုတဲ့ည
ဒီလိုညမှာလဲ လွမ်းခဲ့တာပဲ
အာနာပါနကျင့်စဉ်နဲ့ 
လွင့်ချင်တဲ့ စိတ်ကို ငါးတကောင်လိုထိုင်မျှား
ခဏခဏငိုင်သွားရင်းလည်း လွမ်းခဲ့တာပဲ
ငါ့အလွမ်းတွေဟာ အားကောင်းမောင်းသန်
ပြင်းထန်လာလိုက်တာမှ သံမဏိမြှားတစင်း
ပစ်ကွင်း ၀င်လာသလို ပ.......
အပိုမပြောပါဘူးကွယ်
ကြည့်လိုက်ပါ ငါ့ နှလုံးသားမှာတည့်တည့်
အဲဒီမြှားတစ်စင်း စင်းစင်းကြီးနစ်နေခဲ့တာ
လွမ်းနာတွေကျလို့
အာရုဏ်တောင်ပျို့ ပြီအချစ်ရေ
မျက်ရည်တွေနဲ့နိုးထပြန်...........။
ငြိမ်းဇေဦး
Labels:
poems
Friday, December 12, 2008
Saturday, December 6, 2008
မောဟသလ္လာ
နှင်းတို့ ဖွေးဖွေး အေးစက်...ဖြေးဖြေးကြွေကျ........ဝေ့ကနဲဝဲကနဲ။
နက်ပြာရောင်သက္ကလပ် ကုတ်အင်္ကျီအရှည်ကြီးကို ဆွယ်တာ အညိုရင့်ရောင်ပေါ်ထပ်ဝတ်လိုက်သည်။
နံနက်ခင်းလား ညနေခင်းလား မပြောနိုင်လောက်သည့် တဆင်တည်းသော မှိုင်းပျမှုဖြင့် သြကာသလောကတစ်ခုလုံးဖွေးဖွေးလှုပ်နေပြီး အေးစက်ကျစ်လျစ်နေသည်ကလွဲ၍ အရာအားလုံးအိပ်စက်နားနေ နေကြသလို။
နှင်းစီးဖိနပ်ကိုဖြေးဖြေးစွပ်ရင်း ပြတင်းပေါက်မှကျော်၍ လေးပေပတ်လည် အပြင်လောကကိုမြင်နေရ၏။
တနင်္လာနေ့ဆိုလျှင်မျက်လုံးစစ်ဆေးရန်ဆရာဝန်နှင့်တွေ့ရဦးမည်အမြင်အာရုံကတော့ကောင်းနေဆဲဖြစ်သော်
လည်းနည်းနည်းမကြည်လင်တော့ဟု ယူဆမိသဖြင့်ဖြစ်၏။
အဖြူရောင်နံရံတွင် ချိတ်ထားသောသော့တွဲကို ညင်သာစွာယူလိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေသော ဧည့်ခန်းထဲတွင် စပယ်နံ့ အတု မှ လွဲ၍ အာရုံကို လှိုင်းထဖွယ်မည်သည့် ရုပ်ဖြစ်စဉ်မှရှိမနေ။ ဘုရားစင်မှ ဆီမီးတိုင်သည်ပင် ငြိမ်းလျှက်။
ဝမ်းကဟာနေသည်။ ကော်ဖီသောက်ချင်သည်။ မနက်စာ တခုခုစားချင်သည်။ နွေးထွေး အဟာရပြည့်သော မနက်စာ ကို စားပြီးကော်ဖီတခွက်သောက်ရင်း စီးကရက်တစ်လိပ်ဖွာချင်သည်။
ခွေခေါက်ရှုပ်ထွေး ပွစာကြဲနေခဲ့တတ်သော အာရုံတို့သည် ယခုအခါ စီစီရီရီ ဖြင့် ဖိနပ်စင်က ဖိနပ်များလို
သူ့ နေရာနှင့်သူ ဖြစ်သင့်သလောက်ဖြစ်နေပေပြီ။
စပယ်ပင်က စပယ်ဖူးလေးတွေလို ၊ သင်္ကန်းတလွှာက ချုပ်သားတွေလို သူ့ နေရာနဲ့သူ တကယ့် ကျကျနန အစီအစဉ်ရှိရှိ တော့မဖြစ်သေး။
ယက်ကန်းစင်က လွန်းနှင့် တူသည့် သတိတရားဖြင့် ကျကျနန စုစည်း ဖွဲ့ တည်ပါမှ ဖြစ်မည့် ပြန့်ကျဲအာရုံများ နောက် ဆန်စင်ရာကျည်ပွေ့လိုက်သလိုနေခဲ့မိသော ကာလများ ..ထို့နောက် ဖြတ်သန်းလာခဲ့သောကာလများမှ ကပ်ပါတွယ်ညိလာသော ၀န်ထုတ်ဝန်ပိုးများ စိတ်အညစ်အကြေးများ ထိုအရာတို့စုစည်း ပုံဖော်ထားသော ခန္ဓာရုပ်နှင့် စိတ်စေတသိက်တို့မောင်းနှင်နေသော ဘ၀ အစစအရာရာတို့သည် စိတ်အာရုံသို့ အရိပ်မဲ့သဏ္ဍာန်မဲ့ဝင်ရောက်စိုးမိုး နေပြန်၏။ ။
အိမ် တံခါးကိုသော့ခတ်ပြီး လက်အိတ်ကို စွတ်လိုက်၏။ အဖြူရောင် တံတားကလေးကို ဖြေးဖြေး ဖြတ်ကျော်လာခဲ့၏။ နက်မှောင်ရှည်လျားသော ဆံပင်တို့ပေါ်သို့ နှင်းဖြူစများ အမှတ်တမဲ့ ဆင်းသက်လာကြ၏။ လေဝှေ့ လိုက်တိုင်း နှင်းဖြူဖုံးနေပြီး အေးစက် မာခဲ နေလျှက် မစီးဆင်းတော့သော
စမ်းချောင်းငယ်ကလေး ပေါ်သို့ သစ်ရွက်ခြောက်များ လျှောတိုက် လွင့်ပါးလိုက် ယာယီရပ်နားလိုက် အစိုးမရခြင်းကိုယ်စီဖြင့် လွင့်မျောလိုက် ငြိမ်သက်လိုက် နစ်ကျွံလိုက် ဖြင့်။
ကားစက်ကို နှိုးလိုက်၏။ အနွေးဓါတ်ကို မြှင့်လိုက်၏။ အခိုက်အတန့် မျှ ကားထဲတွင် ငြိမ်သက်ရင်း ကား စက် နွေးသည်အထိ စက်နှိုးရင်းထိုင်နေမိ၏။
ကားစက်ကို နှိုးလိုက်၏။ အနွေးဓါတ်ကို မြှင့်လိုက်၏။ အခိုက်အတန့် မျှ ကားထဲတွင် ငြိမ်သက်ရင်း ကား စက် နွေးသည်အထိ စက်နှိုးရင်းထိုင်နေမိ၏။
ကားရေဒီယိုမှ ကြီးမား ဖောင်းကားသော အဆီအသားဖြစ်ထွန်းမှုလျှော့ချသော ဆေး တစ်ခုကို ကြေငြာနေ၏။ အရွက်ကင်းမဲ့ နေသော မေပယ်ပင်ကြီးပေါ်မှ ငှက်ကလေးတစ်ကောင် အိမ်ရှေ့ သမံသလင်းသို့ ပျံဆင်းလာ၏။ မနေ့ က ဖြန့် ကျဲ ပေးထားခဲ့သော သစ်စေ့ ဆန်စေ့ ကလေးများကို နှုတ်သီးကျိုးမတတ် မြန်ဆန်အားပါမှုဖြင့် တတောက်တောက် ကောက် နေ၏။ ဆာလောင်မှု၏ မောင်းနှင်အားဖြင့် လှုပ်ရှားနေသော ငှက်ကလေးကို ကြည့်ရင်း ကား ကို နောက်ဆုတ်ထွက်ဖို့မလုပ်ရက် အစာမ၀ခင်လန့် ပျံသွားရမည်ကိုစိုးမိ၏ ။
ထို့ ကြောင့် ငှက်ကလေး ထပျံသည်အထိ ထိုင်စောင့်နေမိတော့ မိနစ်အနည်းငယ်ပင်ကြာသွား၏။
ငှက်ကလေးထပျံတော့ ကားကိုညင်သာစွာနောက်ပြန်လှည့်ထွက်လာခဲ့၏။ အေးစက်လှသော စနေ နံနက်ခင်း၏ ရေခဲရိုက်မှုအောက်တွင် ဈေးမှ ငါး သေတို့၏ အသက်မဲ့  ခန္ဓာကိုယ်တို့နှင့်မတူသော လူတို့သည် ကားကြီး ကားငယ်များ ဖြင့် မောင်းနှင် သွားလာနေကြဆဲ။
ဘတ်စ်ကားရပ်နားရန် ဆိုင်းဘတ်ကလေး ဘေးတွင် အာဖရိကန် အမေရိကန် မိန်းကလေးတယောက် လက်ကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ပိုက်ရင်း ဘတ်စ်ကားလာမည့်ဘက်သို့ငေးနေ၏။ လေးဆယ့်ငါးမိနစ်တခါလာသောဘတ်စ်ကားကိုပလက်ဖောင်းပေါ်မှဆိုင်းဘုတ်ကလေးအနီးသူ့ခမျာစောင့်

နေ သည်မှာ မည်မျှကြာသည်မသိ။
တနည်းအားဖြင့်လည်းမည်မျှ ကြာအောင်ဆက်စောင့်နေရမည်မသိ သို့သော် ကျိန်းသေသည်မှာတော့ လေးဆယ့်ငါးမိနစ်ဆိုသော အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုနေရာတွင် ပင် သူ ဆက်လက်ရပ်နေကောင်း
ရပ်နေလိမ့် မည်။ နေထိုင်ရာ ရှိ၍ ပြန်လှည့်ရန် နီးပါက ပြန်လှည့်ကောင်းလှည့်မည် ။ မည်သူမျှ သိနိုင်သည့်ကိစ္စမဟုတ်။
ကျိန်းသေလွန်းသည်ကတော့ ကိုယ်တိုင်အပါအ၀င်အားလုံးသောကားကိုယ်စီဖြင့် ယဉ်ကျေးသိမ်မွေ့သော
လူသတ္တ၀ါများကမသိလိုက်ဖာသာပင်ထိုမိန်းကလေးကိုဖြတ်ကျော်မောင်းနှင်သွားကြပြီး
ဖြစ်၏။
ကားကို ရပ်နားရန်နေရာတွင် ရပ်လိုက်၏။ တမတ်စေ့ နှစ်စေ့ကို ထုတ်ယူပြီး ရပ်နားခွင့်အတွက် အချိန်တိုင်းစက်အတွင်း တစေ့ ချင်း ဖြေးဖြေးထည့်လိုက်၏။ ဒုတိယအစေ့သည် လက်ပေါ်မှလျှောကျသွား၏။
လက်အိတ်ကိုချွတ်ပြီး ဖြေးဖြေး ကိုယ်ကို နှိမ့်ချလိုက်ရင်း တမတ်စေ့ ကလေးကို ကောက်ကာ ခန္ဓာကိုယ်ကို ပြန်မတ်၍ ပြန်ထည့်လိုက်၏။ ပြီးတော့ အေးစက်ခြောက်သွေ့ သော လေကို အ၀ရှူလိုက်ပြီး ခနအောင့်ထားလိုက်၏။ ထို့ နောက် ပါးစပ်ကို ဟကာ ရှူထုတ်လိုက်၏။

ဆိုင်တံခါးကို တွန်းဖွင့်ကာဝင်လိုက်တော့ လစ်ဇ်နှင့် သူ့ ယောက်ျားကနှုတ်ဆက်၏။
သူတို့လင်မယားကိုပြန်နှုတ်ဆက်ရင်း မနက်စာ နှင့်ကော်ဖီတခွက်မှာလိုက်၏။ မနက်စာကိုစားရင်း သတင်းစာကိုဆွဲယူပြီးဖတ်လိုက်၏။ အီရတ်စစ်ပွဲ ၊ သမ္မတ အသစ် ၊ ငွေကြေး ပြသနာ ၊ ရာသီဥတု ၊အားကစား ၊ ကမ္ဘာ့သတင်း၊ ကျော်ကြားသူတို့ကိစ္စ၀ိစ္စ စသည်ဖြင့် သံသရာမြောက်အနှစ်သာရတို့၏ ထပ်ချည်းတလဲလဲ အကြောင်းအရာ အသစ်များ ။
ဆိုင်တံခါးကိုတွန်းဖွင့်ကာလူဖြူအဖိုးကြီးတစ်ယောက်ဝင်လာ၏။ဟောင်းနွမ်းလှသောသူ့အနွေးထည်ဂျာကင်ကြီး
အောက်တွင် နောက်ထပ် ဘယ်နှစ်ထပ် ခံပြီးဝတ်လာသည်မသိ လူက လေမလျှော့တလျှော့ အလူမီနီယံမိုးပျံ ဘောလုံးလို ဖြစ်နေ၏။
ဆိုင်တံခါးကိုတွန်းဖွင့်ကာလူဖြူအဖိုးကြီးတစ်ယောက်ဝင်လာ၏။ဟောင်းနွမ်းလှသောသူ့အနွေးထည်ဂျာကင်ကြီး
အောက်တွင် နောက်ထပ် ဘယ်နှစ်ထပ် ခံပြီးဝတ်လာသည်မသိ လူက လေမလျှော့တလျှော့ အလူမီနီယံမိုးပျံ ဘောလုံးလို ဖြစ်နေ၏။
သူ့ ပါးစပ်နှင့်နှာခေါင်းမှ အငွေ့ ဖြူဖြူတို့ ထွက်လာသည်အထိ ဆိုင်ထဲမှ ဆိုင်ရှင်နှင့် တဦးတည်းသော ဖောက်သည်ကို နှုတ်ဆက်လိုက်၏။ ထို့ နောက် ဘေးမှ ခုံကိုဆွဲထိုင်ပြီး သတင်းစာ ကိုကောက်ယူ၏။ သတင်းစာကို တဗြန်းဗြန်းမြည်အောင် ခပ်မြန်မြန် ဆွဲလှန်နေ၏။ တနေရာရောက်တော့ သူ သေသေချာချာ ဖတ်တော့၏။ အခိုက်အတန့် တစ်ခုအထိ ဖတ်အပြီးတွင် စကားပြောတော့၏။
သူနှင့်အပြန်အလှန်ပြောဆိုရင်း စီးကရက်ဖွာရန်အပြင်သို့ထွက်လာတော့ သူလည်းနောက်နားမှပါလာ၏။
စီးကရက်ဘူးကိုဖွင့်ပြီး မီးခြစ်ကိုထုတ်ကာ မီးညှိရင်း ခပ်ဝေးဝေး မှ အဆောက်အဦအမြင့်ကြီးများ၏ မှန် နံရံကွက်ကြီးများမှ အရိပ်ထင်နေသော အခြားအဆောက်အဦများကိုမြင်နေရ၏။

သူလည်း စီးကရက်ဘူးလေး တစ်ဘူးထုတ်၏ ။ မလုံမလဲပြုံး၏။ ပြီးတော့ စီးကရက်ဘူးကလေးကိုဖွင့်လိုက်တော့ တံဆိပ် အမျိုးမျိုးဖြင့် စီးကရက်အတိုကလေးများ ဖြစ်နေ၏။ ထိုအထဲမှ ခပ်ရှည်ရှည် စီးကရက်တိုကလေးကို ထုတ်ယူလိုက်ကာမီးညှိရှိုက်ဖွာရင်း ကောင်းကင်ကို ပြုံး၍ မော့ကြည့်နေ၏။
သုံးလေးငါးဖွာ ရှိုက်ရင်း ချမ်းလာလွန်းတော့ ဆိုင်ထဲသို့ ပြန်ဝင်လာချိန်တွင် အဖိုးကြီးလဲ နောက်မှ ကပ်ပါလာ၏။ ထို့ နောက် သူက ကော်ဖီတခွက်မှာ၏။ လစ်ဇ်က ကော်ဖီဖျော်ပြီး သူ့ ရှေ့ ချပေးခိုက် တွင် သူ ၏ ဘယ်ဘက် အင်္ကျီအိတ်ထဲမှ အကြွေစေ့ ကလေးများ ကို တစ်စေ့ ပြီးတစ်စေ့ ထုတ်ရင်း ကောင်တာပေါ်တင်လိုက်ပြီး ပြုံးပြကာ နောက်တခါ ကောင်းကောင်း မွန်မွန် ကျကျနန လာစားဦးမယ် ဟု ပြော၏။ ပူနွေးသောကော်ဖီကို မှုတ်သောက်နေသော အဖိုးကြီး၏ မျက်လုံးများသည် မုန့် လက်ကောက်ကွင်းများ ထည့်ထားရာ မှန် ကာထားသည့် စင်ဆီသို့  ဝေ့  ၀ဲနေ၏။
နံရံပေါ်မှ တီဗွီမှ မနက်သတင်းလာနေ၏။ အိမ်ယာမဲ့အလောင်း တစ်လောင်း သတင်းတွင်ပါလာ၏။ အဖိုးကြီးသည် ကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ တီဗွီ ဖန်သားပြင်ကိုသေချာစွာကြည့်ရင်း
“ငါ မင်းကိုပြောတယ် မင်းနားမထောင်ခဲ့ဘူး ကွာ” ဟုတယောက်ထဲ ငြီးလိုက်၏။

လစ်ဇ် က ပေါင်မုန့် နှစ်ချပ်ကို ပေါင်မုန့် ကင်စက်ထဲသို့ ထည့်၏။ ပြီးတော့ ဖောက်သည်တွေအလာကျဲကြောင်း တယောက်ထည်းငြီးသလိုလိုဖြင့် ပြောနေ၏။ လစ်ဇ်ယောက်ျားက စွပ်ပြုတ်အိုးကလေးကို မီးအားလျှော့နေ၏။
အိပ်ထဲမှ ဆယ်တန် တစ်ရွက်ကိုထုတ်ယူလိုက်ပြီး မနက်စာ နှင့် စွပ်ပြုတ် တခွက်မှာလိုက်၏ ။ ပြီးတော့ အဖိုးကြီးကိုပြုံးပြရင်း ဘာကြောင့် နောက်မှ ကောင်းကောင်းမွန်မွန်စားမလဲ ခု စားလို့ ဖြစ်နေတာပဲ မဟုတ်ဘူးလား ဟု ပြုံးကာမေးလိုက်၏။
အဖိုးကြီး၏ မျက်လုံးထဲတွင်အားငယ်မှု ၊ ခိုကိုးရာ ၊ ကျေးဇူးတင်ခြင်း စသော စိတ်ခံစားမှုတို့၏ အရောင်အဆင်း
တို့ ရောပြွန်းလျှက် ဖြင့် ကျေးဇူးတင်စကားပြော၏ ။ ပြီးတော့ သူ့ ဘယ်ဘက်လက်မှာစွပ်ထားဆဲဖြစ်သော လက်အိတ်အဟောင်းကြီးကိုဆွဲချွတ်ကာ ကောင်တာလေးပေါ်မှ ပလတ်စတစ်ဇွန်း ခက်ရင်း ဒါးကလေးများထည့်ထားသော အိတ်အကြည်လေးကို ဆွဲဖောက်လိုက်၏။ လက်သုတ်စက္ကူကြမ်း တစ်ပေပတ်လည် ကို ကျကျနန သူ့ အင်္ကျီ ဂျာကင်ဟောင်းကြီးကို ဟကာ ရင်ဘတ် ပေါ်ညှပ်လိုက်၏။
အဖိုးကြီးကို ပြုံးပြပြီး ခနစောင့်ပါ ဟု ပြော၍ ကားဆီသို့ လာခဲ့၏။ ကားထဲမှ ကား ပိုင်ရှင် မှတ်တမ်း ၊ ပြုပြင်နည်း ၊ ကား တစ်စင်းလုံး၏ တည်ဆောက်ပုံ စာအုပ်တို့  ထည့်ထားသော သေတ္တာငယ်ကလေး၏ တံခါးကိုဖွင့်ကာ စီးကရက်ဘူးသစ် တဘူး ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။ ပြီးတော့ နွေးနေဆဲ ခုံတွင်ပြန်ထိုင်လိုက်ရင်း အားပါးတရစားလိုက် စွပ်ပြုတ်ကလေးသောက်လိုက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေသော အဖိုးကြီးကို စီးကရက်ဘူး ပေးလိုက်၏။
ခဏကြာတော့လစ်ဇ်တို့လင်မယားနှင့် အဖိုးကြီးကိုနှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာရင်း လက်အိတ်ကိုစွတ်၍ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတို့က ပိုမို သည်းထန်စွာကျနေဆဲ ။ ဆောင်းအစတစ်မနက်၏ ဖြစ်စဉ်များ အကြောင်းစဉ်းစားနေမိစဉ်ငှက်တအုပ်သည် ခပ်နိမ့်နိမ့်ပျံသန်းရင်း မြင်ကွင်းထဲသို့ဝင်လာ၏။ ထိုငှက်အုပ်၏ နောက်သို့  အမြင်အာရုံကို မထည့်ထားမိတော့။
ကားစက်ကိုနှိုး၍ မောင်းထွက်လာခဲ့ရာ တူရူမှ လာသော ကားများ၊ ရှေ့ မှ ကားများ၊ နောက်မှ ကားများ သည် နှင်း ထူထဲ သော လမ်းမပေါ်တွင် သတိဖြင့်ဖြေးညှင်းစွာမောင်းနှင်လာကြသော

အကန်းများ၏ လိုရာသို့ တရွေ့ ရွေ့ သွားနေကြ၏ ။ ဆက်၍ ဆက်၍ သွားကြဦးမည်လည်း ဖြစ်ပေတော့၏။
ငြိမ်းဇေဦး
ငြိမ်းဇေဦး
Labels:
stories
Saturday, November 29, 2008
Thursday, November 20, 2008
တထောက်စခန်း
ကိတ်မုန့်တစ်လုံး အစိတ်သုံးဆယ်
တခါမှ မ၀ယ်ဖူးခဲ့ ပေါင်
ဒီလိုပဲ မွေးနေ့တွေကို ငေါင်စင်းစင်းဖြတ်သန်းခဲ့တာ
သုံးဆယ်ကို ခြောက်မူးသားစွန်းခဲ့ပြီ....။
သိပ်ကျိန်းသေတာက
ဒီမောင့်မွေးနေ့ ဟာ ဘယ်အခါမှ
ထူးထူးရှယ်မဖြစ်ခဲ့ပါဘူး
ဒါပေ....ဆောင်တော်ကူးပန်းတွေတော့ပွင့်တတ်ကြတယ်
ဂေါ်သဇင်တွေလည်းပွင့်တတ်ကြတယ်
ခပ်စောစောဒီဇင်ဘာပန်းတွေတောင်မှ ဖွေးဖွေးဝေနေကြ
အဲဒီလို လှတတ်အေးမြ ....။
ဟက်ပီးဘတ်ဒေးသံတွေဖိုထိုးသလိုဆူညံရင်
ဒီမောင် ဟာ တီကောင်ဆားပက်သလို အနေခက်လှ
ဒါပေ...တခါဖူးမျှမရခဲ့ပေါင်..
သို့သော်ငြား ကိုယ့်များရည်းစားစကားပြောမလားဆိုပြီး
ကြိတ်ကျိန်းသေနေတဲ့အပျိုကြီးလိုလည်း
ရင်ဖိုရင်း ဟန်ဆောင်ငြင်းပြချင်စိတ်ကလည်းရှိ
အထီးကျန်မှုအသားသေနေတဲ့ ဘ၀အခြေအနေကလည်းရှိဆိုတော့လည်း
ဒီလိုပဲ မရဲတရဲ ကိုယ့်ဟာကိုယ် ငြင်းခဲ့ရ မကြိုက်ခဲ့ရတော့တာပေါ့
ဒါနဲ့ ပဲ ကိတ် မုန့်တွေပေနေတဲ့ဖယောင်းတိုင်မီးသေနံ့တွေ
ငါ့မွေးနေ့တိုင်းဆန့် ဆန့် ကြီးသေတော့တာပေါ့
တကယ်တော့ မွေးကိုမမွေးခဲ့ကြပေပဲကိုး ...။
ဒီမောင်ဟာ သုံးဆယ့်ခြောက်ချောင်းသော ဖယောင်းတိုင်တွေ
မှုတ်ဖို့အသာထား ပါးစပ်ကြွက်သားတွေ လေဖြတ်သလို
နေတတ်နေတာလည်းကြာပါပြီ
နို့ ထူးမှ ထူးပဲကိုး.............။
အသက်အရွယ်ကရလာတော့
ကျွဲတွေအပါး ဖ၀ါးမချအောင်လည်း ရှောင်တတ်လာပြီ
စောင်းသီချင်းထက် ပြောင်းတခင်းက
ဘ၀အာမခံချက်ရှိကြောင်းလည်း နားလည်လာပြီ
ဒီလိုနားလည်လာမှုတွေကို
စုစည်းရင်း ဦးနှောက်ဟာလည်း
အမှိုက်ခြင်းဖြစ်လာခဲ့ပြီ
တိုက်ချင်းပစ်ဒုံးကျည်တွေလို မပစ်လိုက်ရတဲ့မာနတွေနဲ့လည်း
အထာကျခဲ့တာ ....
ခုဆို ရှိုပင်တောင်ငိုချင်သွားမယ်
အဲဒီကိစ္စတွေကို စပ်ဆိုရရင်ဖြင့်....။
အချစ်ရေ စစ်တွေကိုမလိုလားတော့ဘူး
ဆောင်းဦးမြစ်ရေလို ညင်ညင်သာသာစီးဆင်း
မီးပြင်းကိုင် နာအောင်ထောင်းတဲ့ ဓါးကောင်းတစ်လက်လိုပဲ
ဓါးအိမ်ထဲမှာ မလှုပ်တန်း ပျင်းတိပျင်းတွဲ အသည်းမာမှုတွေနဲ့
ဒီအဖြစ်ကို အစမဆွဲပါနဲ့တော့ တညထဲနဲ့လည်း
ကြယ်ကြွေမကောက်နိုင်တော့ပါဘူး
ငြီးလို့ကောင်းတုန်း
ဝုန်းဆို......
မြင့်ဇေဆုံးပြီတဲ့..........
ကဲ....ကွေးသောလက် မဆန့် ခင် ကိစ္စတွေပေါ့........။
ငြိမ်းဇေဦး
အသက်သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့  အမှတ်တရ ရေးစပ်ပါသည်။
မပျော်ပါ၊ မပျော်ခြင်းသည် မထူးဆန်းတော့ပါ၊ ၀မ်းနည်း နေခြင်း ထိပ်တုံးခတ်ခံလိုက်ရသည် သာလျှင်
ပိုပေ၏..............။
ဂုရုကောင်းရာသုဂတိ လားပါစေ
ပြုပြုသမျှ ငါ၏ ရှားပါး နုံနဲ့သော်လည်း စေတနာမှန်သောကောင်းမှုအားလုံးအား အမျှပေးဝေပါ၏ ။
အမျှ....အမျှ...အမျှ...
အမျှ...အမျှ....အမျှ..
အမျှ...အမျှ...အမျှ..ယူစမ်းပါ သူငယ်ချင်း............။

Wednesday, November 19, 2008
ငြိမ်းဇေဦး ကောက်ကြောင်း
ကျစ်လစ်သန်မာတဲ့..ရေခံမြေခံနဲ့
ခံ့ခံ့ငြားငြားဖွံ့ထွားခဲ့တဲ့..သစ်ပင်တစ်ပင်ပေါ့...
တောစိတ်ဝင်သွားစေနိုင်တဲ့
ဥတုရာသီ..အရိုင်းအစိုင်းက
သူ့ရှင်သန်ရာတွေကို..
ကြမ်းတမ်း..ခက်လျော်စေခဲ့တယ်..။
မာကျောချွန်မြတဲ့..
ဆူးသားလက်နက်တွေအပြည့်
ထိတွေ့ကိုင်တွယ်ဖို့တောင်..
အခက်တွေ့ရလောက်အောင်..
အသွင်အပြင်ရမ်းရမ်း..
သူ့ဘ၀သူ...
ခပ်..ဆန်းဆန်း..သိမ်းထုတ်လို့..
ဒီ့ထက်..လှပစရာမရှိတော့တဲ့..ပန်းချီကားချပ်လို..
ဒီ့ထက်နာပျော်ဖွယ်ရာမရှိတဲ့..ဂီတသံစဉ်လို...
ဒီ့ထက်နက်ရှိုင်းစရာ..မရှိတော့တဲ့..ကဗျာ..စာသားတွေလို
့သူ့အတွင်းသား..စိတ်သဏ္ဍန်မှာ..
မှော်.အတိပြီးထားတဲ့..အနုရသတွေညက်ညော
သူ..့ဘ၀..သူ့..အမောကို.
သူ့..ရနံ့နဲ့..သူ..မျှောမျှော..ချနေရ..။
သူ...လား....
ဒူးရင်းသီးလိုလူစားပေါ့....
တစ်ချို့က..အနံ့ကို..ကြောက်လို့...ရှောင်ရှားကြချိန်မှာ...
တစ်ချို့က..ဈေးကြီးပေးပြီး..၀ယ်စားနေကြရဲ့..။ ။
အိန္ဒြာ(၂၀.၁၁.၂၀၀၈)
အရင်လိုပဲ မထူးဆန်းတဲ့  နေ့ တစ်နေ့လို ဖြတ်သန်းရတဲ့မွေးနေ့တိုင်းထက် ပိုဝမ်းနည်းစရာကောင်းစေတဲ့မွေးနေ့ပါပဲ။ဒါနဲ့ ညီမလေး အိန္ဒြာက မွေးနေ့လက်ဆောင်သူရေးထားတဲ့ ကဗျာလေးကို လှမ်းပို့ လို့ ယူလိုက်ချိန်မှာပဲ အခြားအမတယောက်ကကျနော့်သက်တူရွယ်တူ သူငယ်ချင်းတယောက်ဆုံးသွားပြီလို့ ပြောလာတယ်။အင်း...ကျနော်တို့ကတော့ရှင်သန်နေကြဆဲပေါ့ အသက်ရှူနေသမျှ...လူ့ဂုဏ်သိက္ခာအပြည့်နဲ့ တိုင်းပြည်မှာ လူလိုရှင်သန်ချင်သေးတယ်ဗျာ။

ဂုရုရေ.................
ငါသေရင် ကဗျာတွေရေးမတဲ့
မင်းသွားခဲ့ပြီ
ငြိမ်းဇေဦး
လတ်လတ်ဆတ်ဆတ်ကြီး ကွယ်လွန်သွားသောသူငယ်ချင်းသို့
မင်းသွားခဲ့ပြီ
ငြိမ်းဇေဦး
လတ်လတ်ဆတ်ဆတ်ကြီး ကွယ်လွန်သွားသောသူငယ်ချင်းသို့
Labels:
poems
Tuesday, November 18, 2008
အိမ်
ငါလေ
ဖြစ်သလိုလေးစား...
အိမ်ကထမင်းဝိုင်းလေးကို
ပြန်ပြန်နေ့ တိုင်းတွေး
အားခဲတာ......
အမေချက်တဲ့ ပဲကြီးဟင်း
ဝက်သားဆီပြန်....
ငါးသလောက်ပေါင်း
ပဲပြုတ်နံပြား.....။
တို့  ညစ်ထပ်ထပ်မြို့ကလေးရဲ့
ဖုန်နံ့တွေဟာ
အောက်ဆီဂျင်ထက်ငါ့စိတ်ကို
ုပိုကျမ်းမာစေတယ်။
ပြန်ချင်ဇောနဲ့
လာတဲ့ လမ်းပြန်မျှော်မိတာ...
မမြင်ရလွန်းလို့ ...
့ရင်ဘတ်ငြမ်းထိုးပြီးမျှော်ခဲ့တာ..
ခုဆို ရင်ဘတ်တောင် အတွင်းဒဏ်ရင့်နေပြီကွယ်...။

Friday, November 14, 2008
ယိမ်း မ သာ စိမ်းကာကြွေပေါ့
မိုးတိမ်အုပ်တို့... မြို့ကို စီးနင်းစပြုပြီ။
ထို ညနေ လေးနာရီ............။
နေရောင်အလင်းလွှာသည် လောကမြေမဟီပေါ်သို့ အိစက်ပုံကျတချို့ ၊ တိမ်တိုက်တို့အထက်တွင် ခိုတွဲတချို့ဖြင့် ကျိုးတိုးကျဲတဲနိုင်လှ၏။
တိမ်လိတ်တို့ လေပြေနှင့် လေးတွဲ့တွဲ့ ပြေးသောအခါ တိမ်ရိပ်တို့လည်း မြေပြင်ပေါ်တွင်ဒရွတ်ဆွဲမျောပါလျှက် ကြိုးပြတ်သော စွန် ကဲ့သို့။
ကိုညိုအောင်၏ ခြံကလေးထဲမှ စိမ်းလန်းသော မြက်ခင်းပြင် ၊ နှစ်ယောက်ထိုင် ဒန်းလွှဲ ခုံကလေး ၊
စပါယ်ရုံ ၊နှင်းဆီခင်း ၊ကျောက်သားမြှားနတ်မောင် ရုပ်တုလေး၊
ညီညာစွာပြုပြင်ဖြတ်ညှပ်ထားသောခြံစည်းရိုးပါတ်ပါတ်လည်ပုဏ္ဍရိပ်ပင်တို့ ၊ ခရေပင်တချို့ တို့သည်လည်း နေရောင်တိမ်ရိပ်အောက်တွင် စိမ်းလဲ့ရောင်နုလင်းတောက်လိုက် စိမ်းရင့်မှောင်လုမှိုင်းပျလိုက်ဖြင့်။
အိမ်နောက်ဖက် ဂိုဒေါင်ငယ်လေးထဲမှ ပေါက်ပြား တစ်လက် ၊ ပန်းဖြတ်ကပ်ကျေး တစ်လက်၊ မြေသြဇာ အိတ်ငယ်တစ်အိတ်ဖြင့် ကိုညိုအောင် ၏ လက်နှစ်ဖက်လုံးမအားတော့။
အင်္ကျီ ဗလာ၊ ဂျင်းဘောင်ဘီ အနွမ်းအကြမ်းတစ်ထည်ဝတ်လျှက် ဖိနပ်မပါသော ကိုညိုအောင်က ခရေပင်ဘေးတွင် မြေသြဇာအိတ်ကလေးကိုချလိုက်၏ ။
ပေါက်ပြားကိုခရေပင်တွင်မှီလိုက်ပြီး ပန်းဖြတ်ကပ်ကျေးကို ခရေပင်ရင်းတွင်ထောင်ထားလိုက်၏။
ခါးထောက်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း မနေ့ညက ရွာထားသောမိုးဖြင့် ခရေရွက်တို့တွင် ခိုတွဲဆဲဖြစ်သော နောက်ဆုံးလက်ကျန်မိုးရေစက်တချို့သည် ကိုညိုအောင်၏
ကိုယ်ဗလာအထက်ပိုင်းသို့ ဖြေးဖြေးချင်းသစ်ရွက်ပေါ်မှ မဆင်းချင်ဆင်းချင်လိမ့်ဆင်းခုန်ချလာပြီး ရင်အုပ်ပေါ်သို့ အနှေးဆုံး အသေးဆုံး ယာယီရေတံခွန်လေးများအဖြစ်စီးကျနေ၏။ ရေစက်တချို့က မော့ကြည့်နေသော ကိုညိုအောင်၏ မျက်လုံး တည့်တည့်သို့ ကျလာတော့ လူသားတို့၏ ပင်ကိုယ် တုန့်ပြန်မှုအတိုင်းကိုညိုအောင်၏ မျက်ခွံတို့အလိုအလျှောက်ဖြတ်ကနဲမှိတ်လိုက်၏။
အေးမြသော ရေစက်ရေပေါက်သည် ကိုညိုအောင်၏ ဘယ်ဘက် မျက်ခွံပေါ်သို့ ဘောက်ကနဲကျကာ နက်မှောင်သောမျက်တောင်များစိုစွတ်လျှက် ။
ထိုရေပေါက်ကို ကိုညိုအောင်သုတ်မပစ်ပါ။
အမြင်အာရုံကို ကြည်လင်အောင် မျက်တောင်ကိုခတ်ကာ ခတ်ကာ ဖြင့် တိမ်လိတ်တို့ ဒရောသောပါးပြေးလွှားနေသည်ကို မော့ကြည့်နေဆဲဖြစ်၏။
တကယ်တော့ ထိုမျက်ခွံတို့သည် စိုရွှဲပူနွေးသောဒြပ်သတ္တိတို့အား မည်ကဲ့သို့ ဆက်ဆံတုန့်ပြန်ရမည်ကို ကျင့်သားရ နေသားကျခဲ့သည်မှာကြာလွန်းလှပေါ့။
ကိုညိုအောင်၏ ရှည်လျားစပြုပြီဖြစ်သော နက်မှောင်လှသည့် ဆံပင်တို့ကြားသို့လေအေးအေးတလွှာသည် ပုဝါတစကဲ့သို့ လွင့်မျောထိခတ်သွား၏။
နက်မှောင်လှသော မျက်ခုံးထူထူတို့ဆက်မတတ် မျက်မှောင်ကြုံ့လျှက် ထူထဲပြည့်တင်းသော နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ကာ စိမ်းမြရွက်သစ်တို့ကြားမှအလုအယက်ဖူးစဖြူဥနေသော စပယ်ငုံတို့ကိုကြည့်ရင်း မြေသြဇာအိတ်ကလေးကို ဖွင့်လိုက်၏။
စပယ်ရုံ၏ ဘေးပတ်ပတ်လည်မှ ပေါင်းမြက်ပင်ကလေးများကို ပေါက်ပြားဖြင့်ခပ်ဖွဖွလေးရှပ်ကာ ရှင်းပြီးတိုင်း မြေသြဇာတို့အား စပယ်ရုံအောက်ခြေ ပတ်ပတ်လည် တစ်ပေလောက်အကွာမှ
ဖြူးပုံပေးရင်း ကိုညိုအောင်က စပယ်နံ့သင်းသင်းကို ဂန္ဓာရုံဖြင့် ခိုးယူသိမ်းပိုက်လိုက်၏။ ခံစားချက်ကင်းမဲ့ဟန်ရှိသော မျက်နှာတင်းတင်းမာမာသည် တဖြေးဖြေးပျော့ပျောင်းသွားကာ
ကလေးငယ်လေးတယောက်ကဲ့သို့ ခေါင်းကိုမော့ရင်း မျက်လုံးအစုံကို ဖွဖွမှိတ်လျှက် ကျေကျေနပ်နပ်ပြုံးလိုက်၏။ ဆံနွယ်ရိုင်းတို့ လည်ကုပ်ပုခုံးပေါ်သို့ပွတ်တိုက်ထိပါးသွားသောအထိအတွေ့ကိုလည်း
ကိုညိုအောင်သတိပြုမိလိုက်၏။ လျှို့ဝှက်ဆန်းကျယ် နားလည်ရခက်သော ထိုတင်းမာအေးစက်သော မျက်နှာသည် လျှို့ဝှက်ဆန်းကြယ်စွာပင် တခြားလူတယောက်ကိုပြုံးပြရန်ဝန်လေးတတ်သည့်
မျက်ဝန်း ၊ နှုတ်ခမ်းတို့ မှ ပျော့ပျောင်းအေးမြသောအပြုံးဖြင့် စပယ်ရုံလေးအနီး၌ ။
ကိုညိုအောင်၏ မြက်ခင်း စိမ်းတို့ဖြင့် ၊ပန်းရုံ ၊ပန်းခင်းတို့ဖြင့် ၀န်းရံထားသော တထပ်အိမ်ငယ်ကလေး၏ရှေ့ မျက်နှာစာ ညာဘက် တွင် စားပွဲတစ်လုံး ကုလားထိုင်လေးနှစ်လုံး နှင်းဆီပန်းဖြူလွလွတစ်ပွင့်ထည်း
ထိုးထားသည့် မြစိမ်းကြည်ရောင် ဖန်ပန်းအိုးကလေး....။
တကယ်တော့ ထို စားပွဲကလေးတွင် ကိုညိုအောင်မထိုင်ဖြစ်ခဲ့သည်မှာ လပေါင်းများစွာ ကြာ ခဲ့ပြီ။ သို့သော် နေ့စဉ်နှင်းဆီဖြူတပွင့်ကိုတော့အမြဲတန်းအသစ်လဲသလို
ပန်းအိုးကလေးကိုလည်းတောက်ပြောင်လှပနေစေခဲ့သည်။
ထိုလည်တိုင်ကျဉ်းပန်းအိုးကလေး၏ အလင်းပြန်နံရံတွင် တခါက သူသိပ်ချစ်ခဲ့ရသော ကောင်မလေး၏ မျက်ဝန်းလှလှလေးများကို လောဘကြီးစွာ သူငေးခဲ့မြတ်နိုးခဲ့ဖူး၏။ မျက်လုံးချင်းဆိုင်ကြည့်လိုက်တိုင်း အချစ်ရည်အပြည့်ဖြင့်မနောအာရုံကို ကမ္ဘာမြေကြီး၏ ဆွဲအားထက် သာလွန်သော အင်အားတို့ဖြင့် နစ်မျောပျော်ဝင်စေဖူးခဲ့သော ထိုမျက်ဝန်းလေးများ၏ အလင်းပြန်အရိပ်ကလေးကိုတောင်မှ ကိုညိုအောင်က တွယ်တာမြတ်နိုးလွန်းခဲ့၏။
ဘယ်ဘက်ခြမ်းတွင်တော့ ကိုညိုအောင်တယောက်ထဲ ခြေပစ်လက်ပစ်ထိုင်တတ်သော ပက်လက်ကုလားထိုင်တစ်လုံးရှိပြီးပြီး ဘေးတွင် ဘရန်ဒီပြင်းပြင်း တစ်ပုလင်း နှင့် ဖန်ခွက် သေးလေးတစ်လုံးတင်သော စားပွဲပုကလေးရှိ၏။
ထိုစားပွဲပုလေးပေါ်တွင်လည်း ကိုညိုအောင်၏ နာနာကျင်ကျင် အကြည့်တို့ဖြင့် ကျင့်သားရနေသော ပုလင်းတို့သာ တစ်လုံးပြီးတစ်လုံးပြောင်းလဲသွားသော်လည်း အတွင်းတွင်ဘောင်ဘင်မခတ်ပဲ တည်ငြိမ်နေသော ပယင်းရောင် သေရည်တို့ အပြည့်ဖြင့် ပုလင်းသစ်တစ်လုံး နှင့် ဖန်ခွက်သေးသေးလေးတစ်လုံးကလည်း ယနေ့ အဖို့ ရှိနေဆဲဖြစ်၏။
ကိုညိုအောင်၏ ကျစ်လျစ် မာတင်းသော လက်မောင်းကြွက်သားများသည် ချွေးတို့စိုရွှဲလျက် တချက်တချက်နေရောင်အောက်တွင် လက်ကနဲ လက်ကနဲ ဖြင့် အလင်းပြန်နေ၏။ စပယ်ခြုံများ၏ အောက်မှ ပေါင်းမြက်တို့ကိုရှင်းလိုက် ၊ မြေသြဇာ များဖြူးလိုက်ဖြင့် အလုပ်ထဲတွင်စိတ်ကိုနှစ်ကာ သူ့ကိုယ်သူမေ့ပစ်ထားသော ကိုညိုအောင်တယောက် စပယ်ဖူးလေးများ၏ ဖြစ်စဉ်အား အစွမ်းကုန်ပွင့်လန်းစေရေးဟူသော တစ်ခုတည်းသောပန်းတိုင်ဖြင့် ပတ်ဝန်းကျင်ကိုလည်းမေ့ထားလိုက်၏။
ခြံရှေ့ တံခါးကလေး အီကနဲ အသံမြည်ကာ ပွင့်သွားတော့ ကိုညိုအောင် ခါးကိုဆန့်ပြီး ပေါက်ပြားရိုး ပေါ်လက်တဖက်တက်လျှက် လှမ်းကြည့်လိုက်၏။
ကိုညိုအောင်၏ ညီတစ်ယောက်လို ခင်မင်ယုံကြည်သည့် တဖက်အိမ်က မောင်ဖြူစင်သည် ကိုညိုအောင်ကိုပြုံးပြ၏။
ခြံတံခါးကလေးကို ပြန်ပိတ်ကာ ခြံထဲသို့ဝင်လာ၏။
“အကို အလုပ်များနေလား”
“အေးကွ.. ထုံးစံအတိုင်းပေါ့ မင်းရော အလုပ်တွေ မအားဘူးလား မတွေ့ တာကြာပြီ”ဟု ကိုညိုအောင်ဖြေမေးမေးလိုက်၏။
“ဟုတ်ကဲ့အကို... ခုတလော အလုပ်နည်းနည်းများနေတယ်” ဟု မောင်ဖြူစင်ကဖြေရင်း ကိုညိုအောင်၏ မျက်နှာအား အလွန်အမင်းအားနာဟန်ချီတုံချတုံဖြင့်ကြည့်ရင်းသက်ပြင်းတချက်ချလိုက်၏။
ကိုညိုအောင်က နားလည် အကင်းပါးစွာ “မင်းပြောစရာရှိလား ရှိရင်ပြောလေကွ မင်းနဲ့ငါ ညီအကိုအရင်းလိုခင်နေတာပဲ”
“ဒီလို အကို ” ဟူ၍ အစချီကာခဏစကားရပ်သွားချိန်တွင် ခရေရွက်တို့လေတိုးသံ ၊ခြံအပြင်မှ ယာဉ်အချို့မောင်းနှင်သွားသံမှလွဲ၍ တိတ်ဆိတ်လျှက်။
“ပြောပါကွ ငါ့ညီရ” ဟု ကိုညိုအောင့်စကားအဆုံးတွင်တော့
“ဒီလိုအကို ကျနော် သစ္စာဦးကို ချစ်နေပြီ အဲဒါအကို့ကို အသိပေးတာ”........။
ကိုညိုအောင် တိတ်ဆိတ်စွာ သက်ပြင်းချရင်း “အင်း... ငါသဘောမတူစရာမရှိပါဘူး ညီလေး... မင်းလို ရိုးသားဖြောင့်မတ်ပြီး ကြိုးစားတဲ့လူငယ်တယောက်နဲ့ သစ္စာဦးလို လှပရှင်းသန့်ပြီး စိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်ဟာသင့်လျှော်ပါတယ် ဒါပေမယ့်.............”
ကိုညိုအောင်သည်စကားကို ရပ်ကာ မြေသားတို့ပေကျံနေသော သူ့ ခြေဖမိုးကိုငုံ့ကြည့်ပြီး ပေါက်ပြား တွင် ကပ်နေသော မြေသားတို့ကို ခြေထောက်ဖြင့် ဖြေးဖြေး တွန်းထုတ်လိုက်၏။
ထို့နောက်ခေါင်းကိုမော့ပြီး “ဒါပေမယ့် ညီလေး မင်း စိတ်ထဲမှာတော့လိပ်ပြာသန့်ရမယ် ငါ့အပေါ်မှာလဲ အမြင်ရှင်းရမယ် သူ့အပေါ်မှာလဲ မင်းအမြင်ရှင်းရှင်းနဲ့ မြတ်နိုးနိုင်မှရမယ်
အဲဒါကိုရောမင်းကြိုပြီးတွေးပြီးသားလား ”
“ဟုတ်ကဲ့အကို..အဲဒါတွေအတွက်ကျနော်အချိန်အတော်ကြာ ပေးပြီး စဉ်းစားခဲ့ပြီးပြီ ကျနော့်စိတ်သန့်တယ် ကျနော်မြတ်နိုးတယ် သိပ်လည်းချစ်တယ် အကို ဒါပေမယ့် အကို့ကို ကျနော် အသိပေးဖို့လိုအပ်လို့ အကို့စိတ်ရှင်းအောင်အသိပေးတာပါ”
“ဟာ..ငါ့ညီရာ ..ဒါဆိုပြီးပြီပေါ့ကွ... ငါ အမြင်ရှင်းဖို့ဆိုတာကိုမပူနဲ့ မင်း အမြင်မရှင်းမှာကို လည်း ရင်မဆိုင်နိုင်လို့တော့မဟုတ်ဘူး ငါအနေနဲ့ မင်းစိတ်ထဲမှာလဲ ဒီဆုံးဖြတ်ချက်အတွက်ကြည်ကြည်လင်လင်အမြဲဖြစ်စေချင်တယ်
ကျန်တာဘာမှမပူနဲ့ဟုတ်ပြီလား”
မောင်ဖြူစင်သည် စိတ်လက်ပေါ့ပါးသွားသောမျက်နှာဖြင့် စပယ်ပွင့်တို့ကို ကြည့်နေခိုက် ကိုညိုအောင်က
“ဒါဆို မင်းတို့အဆင်ပြေသွားကြပြီလားညီလေး” ဟု မေးလိုက်၏။
“မဟုတ်ဘူးအကို ကျနော်သူ့ကို ဖွင့်မပြောခင် အကို့ကိုအရင်အသိပေးတာ ပြီးမှ ကျနော်ပြောမယ် ကဲ..ကျနော်ပြောချင်တာဒါပဲအကို ခွင့်ပြုပါဦး” ဆိုသောစကားဆုံးတော့ မောင်ဖြူစင်သည် ခြံတံခါးဆီသို့ပြန်လှည့်ကာ ခြံတံခါးကိုပြန်ပိတ်ပြီးနောက် ထွက်ခွာသွားတော့၏။
ကိုညိုအောင်သည် ပေါက်ပြားဖြင့် မြေကြီးကို ဖြေးဖြေးမှန်မှန်ပေါက်နေတော့၏။ ကောင်းကင်ကိုမော့မကြည့် ။ ပတ်ဝန်းကျင်ကို လှည့်မကြည့်။
ချွေးသံရွှဲရွှဲခန္ဓာကိုယ်သည် နိမ့်လိုက်မြင့်လိုက်ဖြင့် လက်ဖျံကြွက်သားများ တင်းကနဲတင်းကနဲ ထကာ မြေသားနှင့်ပေါက်ပြားထိချက်မှန်မှန်ဖြင့်။
မိုးတို့ပြိုခဲ့လေပြီ...။
တရိပ်ရိပ်ပြေးလွှားနေသော တိမ်သားတို့ ကောင်းကင်မြင့်လွှာ၏ အေးစက်မှုကို မခံနိုင်တော့ ။
သည်းထန်သော မိုးစက်မိုးပေါက်တို့သည်ကိုညိုအောင်၏ ကျောဗလာပေါ်သို့ ဒရကြမ်း ကျဆင်းလာသော်လည်း ကိုညိုအောင်ဆက်လက်ကာ ပေါက်ပြားကို အချက်မှန်မှန်ဖြင့် ပေါက်နေ၏။
ကောင်းကင်တခွင်တွင် နေ၏ ဖျိုးဖျ အလင်းသည်သာ ငွေ့ ငွေ့ ကျန်တော့၏ ။ မိုးသည်းသည်းအောက်တွင် ကမ္ဘာလောကကြီးသည် မှောင်မလို လင်းမလိုဖြင့် ညနေခင်းကို ပြုစားနေ၏။
မိုးပေါက်တို့ ကိုညိုအောင်၏ မျက်နှာတွင် ခိုတွဲစီးဆင်းနေ၏။ ခန္ဓာကိုယ်မှ လျောတိုက်ကာ ကမ္ဘာမြေကြီးပေါ်သို့ ခုန်ခုန်ချနေ၏။
ကိုညိုအောင် အံတင်းကာ နောက်ဆုံးပေါက်ပြားချက်တို့ဖြင့် နှင်းဆီခင်းအဆုံးတွင်အပြီးသတ်လိုက်ပြီး ပေါက်ပြားကို ရုတ်တရက်ပစ်ချကာ ခြေထောက်နှစ်ဖက်ကို ကား၍ ကောင်းကင်သို့မော့ကြည့်၏။
မျက်ဝန်းထဲသို့မိုးရေစက်တို့ ကျလာသည်ကို မျက်လုံးမပိတ်ပဲ မျက်သား ဖြူဖြူနှင့် မျက်ဆံညိုညိုပေါ်သို့  မိုးစက်တို့ဘောက်ကနဲ ကျလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တော့မှ မျက်စိကိုစုံမှိတ်လိုက်၏ ။ပြီးတော့ပြန်ကြည့်ပြန်၏။
ထို့နောက်ရုတ်တရက် နှင်းဆီပင် တစ်ပင်အားလက်ဖြင့်အားကုန်သိမ်းဆုပ်လိုက်ကာ ဆွဲမြှောက်လိုက်၏။
ပွင့်ပြီးစအဖြူရောင်နှင်းဆီပွင့်တစ်ပွင့်တည်းရှိသော နှင်းဆီပင်သည် ကိုညိုအောင့်လက်ထဲတွင် ရေစိုကာပွနေသော မြစ်ခြေကြောင့် လောမသိ မြောက်တက်ကာပါလာ၏။
ကိုညိုအောင်သည် နှင်းဆီပင်စည်ကို ညာလက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်လျှက် အိမ်ရှေ့ ကပြင်ပေါ်သို့  စိုရွှဲသော ခန္ဓာကိုယ်ဖြင့် တက်လာပြီး ပက်လက်ကုလားထိုင်တွင် ထိုင်နေလိုက်၏။
မိုးရေစက်တို့အောက်တွင် ခြံရှေ့ တံခါး ကို ဖွင့်ကာ ထီးတလက်ဖြင့် မိန်းမငယ်တစ်ယောက် ခြံထဲသို့ဝင်လာ၏။ သဏ္ဍာန်အရိပ်သည် တဖြည်းဖြည်း နီးကပ်လာကာ အိမ်ရှေ့  အမိုးအောက်ရောက်လာ၏။
အိမ်ရှေ့ အမိုးတံစက်မြိတ်အောက်တွင် ရပ်တံ့သွားသော်လည်း အိမ်ပေါ်သို့တော့ တက်မလာ။
“ကိုညို ... ကျမ က လက်တည့်စမ်းစရာသတ္တ၀ါလား ဖြေစမ်းပါ” ဟု နာနာကျင်ကျင် ထိုမိန်းကလေးကမေးလာ၏။
ကိုညိုအောင်သည် ညာလက်တွင် ဆုတ်ကိုင်ထားသော နှင်းဆီပင်စည်ကို ပို၍ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း “ အဲလိုမဟုတ်ဘူး မင်းဟာအမြဲတန်း သံသယနဲ့ကြည့်တတ်တဲ့အကြည့်တွေကြောင့်ထင်ချင်ရာထင်နေတာ”
ဟု ပြတ်တောင်းတိုးလျသော အဖြေကို ဖြေလျက် မိုးစက်တို့သည်းသည်းထန်ထန်ကျနေသည်ကို ငေးနေ၏။
မိန်းကလေးသည် ကိုညိုအောင့်မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး နောက်ထပ်တစ်ခွန်းမှ ဆက်မပြောတော့ပဲ သုတ်ကနဲလှည့်ကာ ထီးကလေးကိုဆောင်းရင်း ခြံပြင်သို့ ဦးတည်ကာ တရွေ့ ရွေ့ ဝေးသွားတော့၏။
ထိုတရွေ့ ရွေ့ ဝေးသွားသော မိန်းကလေး၏ ကျောပြင်ကို ငေးကြည့်နေသော ကိုညိုအောင့်မျက်ဝန်းသူငယ်အိမ်ထဲတွင်ထင်ဟပ်နေသည့် ပေါက်ပြားရာများပြည့်နှက်နေ ကာ မြေစိုင်မြေခဲတို့ဖြင့် ပွနေသော ပျက်စီးသွားသည့် အိမ်ရှေ့ မြက်ခင်းကလေးနှင့် လဲပြိုအမြစ်လန်နေသော စပါယ်ရုံများ နှင်းဆီခင်းများကို တော့ ကိုညိုအောင့်အသိအာရုံက မြင်နိုင်ကောင်းမှမြင်နိုင်ပေလိမ့်မည်။
ကိုညိုအောင်သည် မျက်လုံးအစုံကို မျက်တောင်တချက်မခတ်ပဲ မိန်းကလေးပျောက်ကွယ်သွားသည်အထိ ငေးမောနေရင်း သူ၏ဘက်လက်ဖြင့် နှင်းဆီကိုင်းကို ချိုးလိုက်ကာ နှင်းဆီဖြူကလေး ကို မမှိတ်မသုန်ကြည့်လျှက်
ညာဘက် တွင်ရှိသော စားပွဲလေးပေါ်မှပန်းအိုးကလေးဆီသို့သွား၏။
နှင်းဆီဖြူလွလွ လေးကို မနေ့  ညနေကထိုးထားသော နှင်းဆီပွင့် အဖြူကလေးနှင့်လဲကာ ဖြေးဖြေးထိုးလိုက်ချိန်တွင် တခါက သူအမြတ်တနိုး ငေးမောဖူးသည့် သူ့ ချစ်သူ မိန်းကလေး၏ မျက်ဝန်းညိုကလေးများ ရောင်ပြန်ဟပ်သော
ပန်းအိုးကလေး၏ နံရံ စိမ်းကြည်ဖန်သားပေါ်သို့ သူ၏ လက်ဖ၀ါးမှ နီရဲစေးပျစ်သော သွေးတို့တပေါက်ခြင်းကျလျှက်..................................................။
ခြံကလေးထဲတွင်ကားမြေစိုင်မြေခဲတို့နှင့် လဲပြိုနေသော စပယ်ရုံ တို့ နှင်းဆီပင်တို့ အနီးတွင် မလဲမပြိုပဲ တည့်တည့်မတ်မတ်ကျန်ရှိနေသေးသည်မှာတော့ ကျောက်သားမြှားနတ်မောင်ရုပ်တုကလေးဖြစ်၏။
ထိုမြှားနတ်မောင်ရုပ်တုကလေး၏ လေးညှို့မှမြှားကလေးသည်ကား ယခင်အတိုင်းပင် ရှိနေဆဲကလွဲ၍ ဥယျာဉ်ပျိုးသူ၏ ဥယျာဉ်ပျက်ကလေးသာ မိုးရေစက်တို့အောက်၌ ....။
ပြီးတော့ နှလုံးသွေးစက်တို့ စွန်းထင်ရစ်သော စိမ်းမြကြည်
နှင်းဆီပန်းအိုးကလေးတစ်လုံး တို့သည်သာ မြင်သာထင်သာကျန်ရှိလျှက်.....။
ထိုအချိန်တွင် ခရေရွက်စိမ်းအချို့....
မိုးဒဏ်ဖြင့် လူးလွန့်ကာ အချိန်မတိုင်ခင်ကြွေကျသွားတော့၏ ..........။

Thursday, November 6, 2008
Monday, November 3, 2008
တကယ်တော့ သူဟာ စန်း ဘော်လီ
ယို့ ......
တယောက်ယောက်ဖြစ်တယ်
ဖြစ်ကိုဖြစ်ရမယ် ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့ကြ
ဒီမှာပဲ ဆမ်းဘော်ဒီ လို့ ကိုယ့်ကိုယ်အသိအမှတ်ပြုလာကြ...။
တညသား ဘွားကနဲလက်မည်းကြီးပြိုကျမှ
ဆမ်းဘော်ဒီအဖြစ် က စန်းဘော်လီဖြစ်ရ
နို့  သိမှ သိပဲကိုး .....။
ငြိမ်းဇေဦး
ဆမ်းဘော်ဒီ = Somebody
စန်းဘော်လီ = မြန်မာပြည်က အမျိးသမီးဝတ် ဘော်လီအင်္ကျီ တံဆိပ်
ဒီကဗျာ ကို ရှင်မင်းညို ပါးညောင်းအောင်ရယ်လွန်းလို့ တင်လိုက်ပါတယ်ဗျာ။
Labels:
poems
အင်းဆက်
ဒီမယ်
ဒို့ကခပ်ခွာခွာနေတတ်တာ
သေချာတဲ့အကြောင်းတရားတွေမပျိုးချင်လို့
ဒီလို...ကိုယ့်သိမ်ငယ်မှုကိုတန်ဖိုးမြှင့်...........။
ဘာပဲဖြစ်ဖြစ်ပေါ့လေ
အတိတ်တွေမျိုပြီး
အိပ်နေလို့လဲမရသေးဘူး
မြွေတကောင်လောက်မှ သွေးမအေးတတ်တော့............။
ရွက်စိမ်းတွေတော့ ပိုပို ၀ါကျင့်လာပြီ
သံဓါတ်ကြွယ်ဝတဲ့ကမ္ဘာစိမ်းစိမ်းကြီး
အောက်ဆီဂျင်နဲ့ပြာလွင်လာသလို
အဲဒီရင့်ရော်ခြင်းဟာ မအီမသာ ကိုယ်လေးလက်ဝန်နဲ့
ပြဲပြဲစင်အောင် အံအံချခဲ့တာ
မြေပြင်မှာ ပွလို့ ရွက်ဝါတွေ ကြွေကျ...။
ငါတို့ဟာကြီးမြတ်ခြင်းတွေအတွက်
ကုတ်အားတွေယူကြတာပေါ့
ရှုပ်သလားမမေးနဲ့
ငါတို့....အဆင်တန်ဆာတွေကို မက်မောလာကြတာပေါ့
ဝစ်လစ်စလစ်အလှတွေကို ကြိတ်တန်ဘိုးထားတတ်လာကြတာပေါ့
မနောကံတွေ ဖောင်းပွလာကြတာပေါ့
သန်ရာသန်ရာ ဘာသာဗေဒနဲ့
အတ္တကို လိမ်မော်သီးတွေလိုသီးပစ်လိုက်ကြတာပေါ့
အဲဒီမှာ ပဲ အချစ်တွေက စပျစ်ရည်ဖြစ်သွားကြတာပေါ့........။
အာရိယံလို ရင်ခုန်သံတွေနဲ့ အတင်းအိပ်မက်ပစ်ချင်ကြတာပေါ့
ဝိဥာဉ်ဟာ နှလုံးအစားထိုးသလို ဖြုတ် ...
တပ်....
နှိုး လို့
တခြားတယောက်အဖြစ် နိုးထခွင့် ဘယ်တော့မှမပေးတဲ့
ပိုးတုံးလုံးတကောင်ပေါ့...
တရွေ့ ရွေ့ ဖြစ်ပေါ်တိုးတက်ခြင်းနဲ့
လေညှင်းမှာ တောင်ပံခတ်ခွင့်တော့ရှိတာပေါ့
ကောင်းကင်မှာပျံသန်းပြီး အလှဆုံးပန်းခင်းကြီးကို ရှာဖွေခွင့်ရှိတာပေါ့
အဲဒီမှာပဲ တောင်ပံခတ်နေတဲ့ နတ်မိမယ်လေးတွေ ပင့်ကူအိမ်ကြီးထဲ
အမြဲငြိတော့တာပေါ့.............
အင်းကြည့်လေ ငါတို့တွေဟာ အင်းဆက်တွေပဲမဟုတ်လား...
ဆိုတုန်းပြောတုန်းရှိသေး
အရက်စိမ်ရည်ဖတ်ထဲက ဘက်တီးရီးယားတွေ တ၀ုန်းဝုန်းခုန်ချသွားတာပေါ့
စိတ်ဟာ ကူးစက်ရောဂါတွေရဲ့ အသံထက်မြန်တဲ့ ယာဉ်ပျံတစင်းဖြစ်နေတာပေါ့
ဒီမှာပဲ သီတာဒေ၀ီဟာ မဒမ်ကျူရီကို မျက်စပစ်ပြပြီး မီးပုံထဲ ခုန်ချသွားခဲ့တာပေါ့
ဒီမှာပဲ ဟိန္ဒူဘာသာဝင်တွေ ကမ္ဘာမီးမလောင်ခင် သားကောင်ချမနင်းမိအောင်
မီးနင်းခြင်းအတတ်ပညာကို လေ့ကျင့်ကြတာပေါ့
ထရိုဂျန်မြင်းကို အပျိုရံအသင်းတွေနဲ့
သီချင်းတွေဖွဲ့ခဲ့တဲ့ ဟယ်လင်ဟာ တကယ်တော့ ဘယ်ဘုရင်နဲ့မှ မချစ်ခဲ့တာပေါ့
ဒီမှာပဲ ဣထိယတွေရဲ့ ကျဆုံးခန်းဟာ တညလုံးနမ်းရာက စတယ်ဆိုတဲ့
ယုတ္တိဗေဒတွေ ထွန်းကားလာခဲ့ကြတာပေါ့
ဒီမှာပဲ ကျဉ်းမြောင်းလွန်းတဲ့စိတ်တွေက အိုဗာဝိတ်ဝန်တိုမှုတွေကို ဖြဲကားမွေးဖွားခဲ့တာပေါ့
ကဲ... ၀ိဇ္ဇာတပါး
စိတ်နာသွားပြီ
လောကကို
သိက္ခာရှားတဲ့ ပြိတ္တာများ
အဘိဇ္ဇာပွား မိစ္ဆာအမှားတွေနဲ့ချယ်သ နေသမျှတော့
ဘယ်ဘ၀မှ တကယ်တညတောင် အတူမရှိလိုတော့ဘူးတဲ့....။
ဒီလိုကိုယ့်သိမ်ငယ်မှုကိုတန်ဘိုးမြှင့်ရင်း
သီချင်းတပုဒ်ကို ဥုံခံ ညည်းလို့
ပန်းသီးတခြင်း
ဝိုင်တပုလင်း
လေညှင်း
မြက်ခင်း
ပန်းနံ့တွေသင်းတဲ့ ညနေအသစ်စက်စက်မှာ
တောင်ပံတွေနာနေတဲ့ အင်းဆက်ပေါ့............................။
ငြိမ်းဇေဦး
Labels:
poems
Friday, October 31, 2008
ငြိမ်းချမ်းမေတ္တာ
ပိုချစ်လာတဲ့အခါ....
အမြဲ...ကျောခြင်းကပ်
ဘ၀နဲ့ယုံတတ်.........။
ငြိမ်းဇေဦး
အမြဲ...ကျောခြင်းကပ်
ဘ၀နဲ့ယုံတတ်.........။
ငြိမ်းဇေဦး
Labels:
poems
Thursday, October 30, 2008
ပျောက်ဆုံးသွားသော မိသားစု
နွေတုန်းကဆို ညနေ စောင်းတိုင်း ကျနော် လုပ်ထားတဲ့ဘွန်ဇိုင်းပင်လေးတွေ ရှိရာ
အိမ်ရှေ့ သမံသလင်းပေါ်က နေကြာစေ့လေးတွေ ဆန်စေ့ ပဲစေ့လေးတွေကို
ချိုးငှက်ကလေးနှစ်ကောင် အမြဲလာလာပြီး စားနေကျ။
နွေဦးရာသီရဲ့နေ့လည်ခင်းတစ်ခုမှာ......လင်းယုန်ချောင်းဘေးကသဘာဝဥယျာဉ်ထဲကိုသွား၊ သစ်ပင်သေးသေးလေးတွေကို စိတ်ရှည်လက်ရှည်တူးဆွ ။
ပြီးတော့ သေသေချာချာ အမြစ်ကလေးတွေ မပြတ်အောင် မကျိုးအောင်
ပလတ်စတစ်အိပ်တွေနဲ့တပင်ခြင်းထည့်။
အိမ်ကိုပြန်လာ.............။
အိမ်ရောက်တော့ သစ်ပင်လေးတွေကို မြေသြဇာနဲ့ မြေဆီမြေနှစ် တွေပေါင်းပြီး
အိုးသေးသေးလေးတွေထဲမှာ စိတ်ရှည်လက်ရှည်ထည့်။
ပြီးတော့ သွပ်နန်းကြိုးကလေးတွေ အကိုင်းဖြတ်တဲ့ကပ်ကျေးလေးတွေ ပလာယာလေးတွေနဲ့
သစ်ပင်ပေါက်စလေးတွေကိုကိုယ်လိုချင်တဲ့အကွေးအကောက်ပုံစံလေးတွေဖော်၊
မလိုအပ်တဲ့အကိုင်းလေးတွေကိုဖြတ်...........။
စိတ်ကျေနပ်အောင် သေချာ လုပ်ပြီးချိန်မှာ ဘွန်ဇိုင်းပင်လေးတွေဟာ ဥယျာဉ်သေးသေးလေးတစ်ခုလို
အိမ်ရှေ့ သမံသလင်းပေါ်မှာဖြစ်သွားပြီ ။
အဲသည်လို သူတို့ တိုးတက်ဖြစ်ထွန်းရှင်သန်မှုနဲ့ သူတို့ ခန္ဓာကိုယ်လေးတွေကို ဖြတ်ချင်တိုင်းဖြတ်
သွပ်နန်းကြိုးနဲ့တုတ်ချင်တိုင်းတုတ် ၊ယိုင်ချင်တိုင်းကွေးချင်တိုင်း ယိုင်ကွေးနေမှုအပေါ်မှာ
သစ်ပင်လေးတွေက ဘယ်လိုတုန့်ပြန်မှုနဲ့မှ အပြစ်တင်တုန့်ပြန်မှုမလုပ်ခဲ့ဘူး။
တကယ်တော့အဲဒီသစ်ပင်လေးတွေဟာ..........
သက်ရှိ လေးတွေလို့  တွေးမိခဲ့ရင်.....
သူတို့လည်းနာကျင်တတ်တယ် ......
သူတို့လည်း ရှင်သန်မြင့်မား ကြီးထွား ချင်တတ်ကြတယ်......
သူတို့လည်းအစွမ်းကုန်လှပ ဝေဆာလန်းဆန်းချင်တတ်ကြတယ်လို့ ...နားလည်တတ်ခဲ့ရင်....
ဒီဘွန်ဇိုင်းပင်လေးတွေကို သဘာဝတရားကြီးထဲက လုယူလာခဲ့ပြီး နှိပ်စက်ဖြစ်မယ်မဟုတ်ပါဘူး.............
တခါ.......
အဲဒီသစ်ပင်ကလေးတွေနဲ့လိုက်ဖက်ညီမယ့် တေးဆိုငှက်ပေါက်စနလေးတွေ သေးသေးလေးတွေကိုလည်း လာစေချင်မိပြန်ရော....။
ငှက်ကလေးတွေအစာစားဖို့ငှက်အိမ်ကလေးတစ်လုံးကိုစိတ်ရှည်လက်ရှည် ကိုယ်တိုင်ပဲ
သစ်သားပြားကလေးတွေ နဲ့ သေသေချာချာ မီးပြတိုက် ဆန်ဆန် အိမ်ကလေးတစ်လုံးဆောက်မိတယ်။
သစ်သားပြားလက်မ၀က်လောက်ကလေးတွေကိုပွတ်ဆူးနဲ့ကျကျနနအပေါက်ကလေးတွေဖောက် သံချောင်းသေးသေးလေးတွေနဲ့ရိုက်ရင်း ရှစ်ထောင့်ဘေးပတ်ပတ်လည်မှာရှိတဲ့၊
အဆင့်လေးတွေသုံးဆင့်ပါတဲ့၊ပြီးတော့အဆင့်တိုင်းမှာငှက်ကလေးတွေ နားလို့ရတဲ့ ၊
သစ်သားချောင်းကလေးတွေ ထုတ်ပြီး အိမ်ကလေးတစ်ခုဖြစ်အောင် ဆောက်ခဲ့တယ်။
အဲဒီနောက် အဲဒီငှက်အိမ်ကလေးထဲမှာ နေကြာစိရိုင်းတွေ ပဲစေ့လေးတွေ
ဆန်စေ့လေးတွေကိုသေချာထည့်ပြီးမျက်နှာကျက်ကသံကြိုးအရှည်တစ်ချောင်းနဲ့ ကျကျနန ဆွဲထားလိုက်တယ်။
မီးပြတိုက်သဏ္ဍာန် ငှက်အစာထည့်တဲ့အိမ်ကလေး က ဘွန်ဇိုင်းပင်ကလေးတွေရဲ့အလည်မှာ
တွဲလွဲလေး ကျလို့ လေဝှေ့ တိုင်း လေးပင့်အိတွဲစွာ ယိမ်းလှုပ် ပျောင်