Monday, July 7, 2008

တောက်တဲ့တကောင် လူတယောက်

တမာပင်ကိုင်းခွ မှာ အသာမှိန်းနေတဲ့
တောက်တဲ့ ကို
လူတယောက်က မေးတယ်
“တောက်တဲ့ နေကောင်းလား ”..........။

တောက်တဲ့ က
အသိအမှတ်တောင်မပြုဘူး
တောက်တဲ့က မျက်စိမှုန်နေတာကြာပြီ
ဒါကိုတော့ခွင့်လွှတ်ရမယ်။

ခဏကြာတော့ တောက်တဲ့က
သူ့ လည်ကုတ်ကို ညာလက်နဲ့
အသာလေးကုတ်လိုက်တယ်
အမြီးတောင်လှုပ်သွားသေး။

တောက်တဲ့ခမျာ အနှိပ်ခန်းသွားဖို့လိုပြီ
ဒီလိုအကြောတွေ တောင့်တင်း မာဆတ်နေပုံနဲ့...။

လူက ခေါင်းကုတ်တယ်
ဟယ်..ဘယ်လိုတောက်တဲ့ပါလိမ့်
ထိုင်ငြီးလို့ ထီးဟောင်းလေးဘေးချ
အဘိဓမ္မာဆရာပေါက်စလို
လွယ်အိတ်ထဲက ဆေးလိပ်တလိပ်ကိုထုတ်တယ်
ပြီးတော့ ကြည်ပြာရောင်မီးခြစ်နဲ့
မီးခြစ်တယ်
ညှိတယ်
ဖွာတယ်
အသာလေး...
တကယ့်သာသာလေးပဲ
မီးခိုးတွေကို ရှိုက်သွင်းလိုက်တယ်
ကိုယ့်ကို နသားပါးရား ရည်းစားက လုပ်တော့မယ်ဆိုတာသိသိနဲ့
ချိန်းတွေ့ချင်နေတဲ့ အပျိုပေါက်မရဲ့ မလိမ်မိုးမလိမ်မာဟန်နဲ့...။

တောက်တဲ့က ပါးရွဲ့နေတယ်
မနှစ်က မိုးမှာ သူ့ခမျာ အအေးပတ်ရှာလို့
လေကဖြတ်ထားရသေး...။

တောက်တဲ့ အခဲမကြေဘူး
တော်တော့ကိုအခဲမကြေဘူး
ရေရေလည်လည်ကို တင်းနေတာ
အပြတ်တင်းနေတာ အဟုတ်တင်းနေတာ ။


လမ်းထိပ် က ကလေးတွေ အော်အော်ဆိုသွားတဲ့
“မိုးလေ၀သ မှန်မှန်ဟော တောက်တဲ့ ကိုလူချော”
ဆိုတဲ့ အသံအောက်မှာ
မာန်မောက်ပြီး သူနေတဲ့အပင်ထက် အဆများစွာမြင့်တဲ့
မိုးကောင်းကင်ကို မစူးစမ်းမိတဲ့အပြစ်နဲ့
မစွမ်းတော့တဲ့အဖြစ်ကို အလစ်မှာ လက်ခံလိုက်ရတာကိုး။

တကယ်တော့ တောက်တဲ့ဟာ
မိုးသံလေသံကြားမှာ အကြောက်နဲ့
အပေါက်တည့်အောင် မ၀င်နိုင်ခဲ့လို့ပါ ။

အဲဒီ တမာပင်အခေါင်းပေါက်ကြီးဟာခုဆို
ကွန်ဒိုမီနီယံကြီးဖြစ်လို့  ပျားဘုရင် မ မာမားစံက
ဟန်တွေကျ.....။



လူက တွေးတယ်
မဟာပထ၀ီမြေကြီးကို မနာလိုမှုနဲ့
ဆွဲအားတွေကို မနာလိုမှုနဲ့ ။


အေးပေါ့...သူကရှေ့ ကဖြတ်သွားတဲ့
အလယ်တန်းပြဆရာမလေးကို ငေးနေတာကိုး။

သူ့မှာသာ မဟာ ပထ၀ီမြေကြီးလိုဆွဲအားရှိရင်
ခုချိန်မှာ အဲဒီဆရာမလေး သူ့ရင်ဘတ်ထဲ
မှောက်ရက်လဲအောင်ကို ဆွဲပစ်လိုက်ချင်တာ။

သူက သူ့အတွေးထဲမှာတောင် လှည့်ပတ်ရမ်းသေးတယ်
နယူတန်ကော ဘာသော နားမလည်ဘူး ကွာ ။

ဂယ်လီလီယို တွေဘာတွေ နားစမ်းပါ ။

ရမ်းသာ ရမ်းနေတာ
တကယ်တော့ သူက ဘာမှနားမလည်ပါဘူး
ဒါကိုတောက်တဲ့ က တောင် သိသေး ။

တောက်တဲ့ကို မြှောက်ခဲ့တဲ့ ကလေးတအုပ်တောင်သိသေး။

မနက်တိုင်းထွက်တဲ့ မုန့် ဟင်းခါးဆိုင်ဘေး
ကွမ်းယာဆိုင်လေးက မူတူးသားလေး လာလူး တောင် သိသေး။

လမ်းမတော်က ဖိနပ်ချုပ်တဲ့ အာပလာဝူး တောင်သိသေး
ပြီးတော့ အာပလာဝူး က မာယာကော့ဖ်စကီးကိုတောင်သိသေး။

သူကိုယ်တိုင် နာရီဝက်လောက်အင်အားစိုက်ထုတ်ခဲ့ပြီး
ကြီးကြီးကျယ်ကျယ်နဲ့မွေးရကျိုးမနပ်ဘူးလို့ ငြီးတတ်တဲ့
သူ့အဖေကိုယ်တိုင်သိသေး...။


အမြဲတန်း အမသတ္တ၀ါတွေရဲ့
တန်ဘိုးကို ဇောက်ထိုးကျစေတဲ့
ဇီးတင်ဖို့ အဆင်သင့်နေတဲ့
သားမွေးဖို့ တင့်တယ်နေတဲ့
အမြီးလေးခါခါပြီး ဆပ်စလူးထ ပြပြနေရတဲ့
မြို့စွန်ခြံထဲက ၀က်မဒန်းမလေးတောင်သိသေး။

အဲဒီဝက်မလေးကို အလကားလဲခိပ်ရ
ကြက်ဥလဲသောက်ရ ပိုင်ရှင် လဲ ပိုက်ဆံရအောင်
ရှာဖွေကျွေးနေတဲ့ ဘတ်ရှိုင်းယားဝက်သိုးကြီးတောင်သိသေး။

အမယ်အမယ် အဲဒီ ၀က်သိုးက
မိုးကောင်းကင်မော့ကြည့်ပြီး ကြုံးဝါးလိုက်သေးတယ်
“ဟားဟားဟား..အရည်းကြီး ဘယ်ဖြစ်ချင်မလဲကွာ”တဲ့..။

ပြီးတော့ အဲဒီဝက်သိုးက ညည ထထ ဆုတောင်းတယ်
ငါဟာ ငါသာ ဘ၀ဆက်တိုင်းဖြစ်ချင်ပါသတဲ့
ဒါပေမယ့် အတော်ပျင်းတဲ့ဝက်သိုး ဆုတောင်းတာဆုံးတိုင်း
အာမင် မအော် သာဓု မခေါ်..။

အေးပေါ့ ဖြစ်ချင်မှာပေါ့ အရည်းကြီးမှာက အကန့် အသတ်တခုနဲ့
ပန်းဦးပဲချွေရတာလေ
သူကတော့ ပန်းဦးရော ပန်း အိုရော အကုန်အလကားချွေလို့
အားတွေစီနေတာကိုး
အင်း..အင်း...အဲဒီဝက်သိုးကြီးကတောင်သိသေး။

ပေးသမျှ ရည်းစားစာယူ
ပြီးရင် အူကြောင်ကြောင်လုပ်
လယ်ဂျာစာအုပ်တစ်အုပ်နဲ့
မြို့ရဲ့ လူငယ်စာရင်းကို မပျင်းတန်းတွက်တတ်တဲ့
ခုဆို အခွန်ဌာနမှ အထိုင်ကျပြီးအပျိုကြီးမမဖြစ်သွားတဲ့
ဥမ္မာခင်တောင်သိသေး။

ဒီအပါတ် ငါးထိပ်စီးနဲ့ထွက်မယ်လို့
တွေ့ကရာလူပြောတတ်တဲ့
အရမ်းစိတ်ကြီးတဲ့
ချဲမရော်နိုင်လို့ထွက်ပြေးသွားတဲ့
သူဌေးသမီးလေးတောင်သိသေး..။

အဲဒီသူဌေးသမီးလေးကို
အမြဲ ဂွေးသီး ဆားစိမ် တွေ ပိုးကြေးပန်းကြေး
ငယ်ငယ်လေးကတည်းက ပေးတတ်တဲ့
ဒေါ် ပုမ သား လေး ခွေးနီ တောင်သိသေး။

အဲဒီ နေတတ်စားတတ် တဲ့ ခွေးနီဟာ
ခုဆို ကြေးစည် တီးယုံနဲ့
ဖူလုံတဲ့ စားဝတ်နေရေးကို စွန့် စွန့် စားစားရှာဖွေတတ်သား။

မယုံရင် ဒို့ မြို့ က ဘုရားကြီးပရ၀ဏ်ကိုသွား
ဝဖြီးစိုပြေနေတဲ့ ခွေးနီဟာ တိုက်ပုံ ၀တ်ပြီး
ဘုရားဖူးတွေလာတိုင်း ကြေးစည်လေးထု
သာဓုလေးခေါ် သူ့ ဘ၀ကိုသူပျော် နေတာ
အဲဒီ မောင်ခွေးနီတောင်သိသေး။

လူဟာ ဆေးလိပ်ဖွာလို့ပြီးခဲ့ပြီ
အလယ်တန်းပြ ဆရာမလေးလဲ နိမ့်တုံမြင့်တုံနဲ့
ကုန်စုံဆိုင်ဖွင့်ထားတဲ့ သူ့ အိမ်လေးထဲဝင်သွားခဲ့ပြီ။

လူဟာ တခါထဲ သူ့ထီးကလေးကို ပုခုန်းပေါ်ထမ်းလို့
စောင်းငန်း စောင်းငန်းနဲ့ ဆရာမလေးရဲ့ကုန်စုံဆိုင်ကို
အကြောင်းမရှိအကြောင်းရှာဝင်ဖို့  မီတာတရာအပြေးသမားလို
အလောတကြီး ထလိုက်တယ်...။

လူဟာ ဆရာမလေးရဲ့ ဆိုင်ထဲကိုဝင်လိုက်ပြီ
ဆရာမလေးက ဆိုင်ထဲမှာ ထိုင်လို့ ထန်းဖူးယပ်တောင်နဲ့
ယပ်ခပ်နေလိုက်တာ အတောင်ဖြတ်ထားတဲ့မန်ဒါလီပျံသလို
လီယိုနာဒို ဒါဗင်ချီ တီထွင်ခဲ့တဲ့ စက္ကောမ ယဉ်လို ယက်ကန်ယက်ကန်နဲ့
ကိစ္စတော့မရှိဘူး အစကတည်းက ကောင်းကင်ကိုပျံသန်းဖို့ ရည်ရွယ်ချက်နဲ့မှ မဟုတ်တာ။

လူဟာ ဆရာမလေးအနား တပည့်သားမြေးတယောက်လို ကပ်သွားတယ်
ပြီးတော့ ဘုန်းကြီးကျောင်းသားတယောက်ရဲ့လောဘနဲ့
ဆရာမလေး တကိုယ်လုံးကို ယောက်ချိုကြီးနဲ့သိမ်းကြုံးခပ်လိုက်သလို
သူ့မျက်လုံးတွေနဲ့ ခပ်ထည့်လိုက်တယ် သူ့ ရင်ဘတ်ထဲကို။

ဒါပေမယ့် သူ ဘာဆက်ပြောမယ်မှန်းမသိဘူး
ဟိုဟာဝယ်တော့မလို ဒီဟာဝယ်လို့ မလိုနဲ့
သူခိုးတယောက်ရဲ့ စိတ်မလုံမှုနဲ့ ငရုတ်ဆုံတစ်ခုကိုကောက်ကိုင်ပြီး
မျောက်မှိုင် မှိုင်နေမိတယ်
ဒါလဲ စက္ကန့် ပိုင်းပါ။


လေပြေလေးတချက်ဝေ့တယ်
တမာရွက်တချို့ ဖျောကနဲကြွေသွားတယ်။
အထက်ပိုင်းခပ်မြင့်မြင့် အကိုင်းက အမြီးတစကိုရုတ်တရက်ဝိုးတ၀ါးမြင်လိုက်ရတယ်
ဒီမှာ ....တောက်တဲ့ဟာ လက်နက်မဲ့တွေအပေါ်အောင်ပွဲရသွားတဲ့ စစ်သူကြီးတယောက်လို
ထအော်တယ် ..“ တောက်တဲ့...............တောက်တဲ့....တောက်တဲ့.... ”
ဒါပေမယ့် သူမမြင့်တမြင်
မြင်လိုက်တဲ့အမြီးဟာ ပုတ်သင်ညိုတကောင်သာဖြစ်တယ်။

ဒါပေမယ့် ဒါတွေ တောက်တဲ့ အတွက်အရေးမကြီးဘူး
တောက်တဲ့ဟာ ကြောက်တဲ့ကောင် မဟုတ်ပါဘူးလို့ အမြဲ သူ့စိတ်ကို သူတင်းလို့
တပုဒ်ထဲသော သီချင်းကို ဆိုလာခဲ့တာ အံတိုနေပြီ။

တောက်တဲ့ဟာ တောက်တဲ့ အော်ရင်း တောက်တဲ့အမဖြစ်ပါစေဆိုတဲ့
ဆုတောင်းမှုတခုနဲ့တရွေ့ ရွေ့  ဖက်တက်သွားပြီ
ပုတ်သင်ညိုကတော့ အကောင်းဆုံး အရောင်ကို
ကျောင်းဆုံးအောင် မသင်ခဲ့ပဲ ရွေးတတ်ခဲ့ပြီ
အဲဒီအတွက်လဲ ပုတ်သင်ညိုက ဂုဏ်ယူတုန်း။

လူကတော့ ..ခုထိ ပါးစပ်ကတခွန်းမထွက်ပဲ
အာရုံဆွမ်းချက်နေတဲ့ ကပ္ပိယလို တံတွေးတွေပဲမျိုမျိုချနေရဲ့.....။

ဟော တောက်တဲ့ က ထအော်ပြန်ပြီ
တောက်တဲ့.............တောက်တဲ့............။


ငြိမ်းဇေဦး


James and Elizabeth


Moethee(Digital Art)

အရောင်မှိန်သဲသောင်

အရှိုက်ကိုထိုးရက်မှာလားကွယ်
စိတ်မပူပါနဲ့ ရင်ဘတ်ထဲ ထိထိမိမိထိအောင်
ရှိုက်သွင်းပေးလိုက်ပါ့မယ်..................။

အရှိုက်ကိုထိုးချလိုက်တုန်းက
ရှိသမျှအားနဲ့ တကယ်လဲ ရှိုက်သွင်းပေးခဲ့တာပေါ့........။

ဘာမှအာမခံချက် မရှိတဲ့
အင်မတန်ကျိန်းသေတဲ့
တိကျတဲ့
မြေကြီးလက်ခတ်မလွဲတဲ့
သေခြင်းတရားထက် ပို စိတ်ချရတဲ့ အာမခံချက်မရှိမှုတွေနဲ့
မြေစမ်းခရမ်းပျိုးခဲ့တာပါ
အလွမ်းမိုးတွေများ ကိုယ့်ဟာကိုယ် ရွာချမယ်ဆိုတာ
အပ်ဖျားလောက်မှမသိခဲ့တာပေါ့...။

ဒီဇင်ဘာ ၁၈ ရက်နေ့ကိုရောက်တိုင်း
ဘယ်လောက်ချမ်းချမ်း ဘယ်လောက်လွမ်းလွမ်း
တပါတ်နွမ်းသွားတဲ့ ရေခြားမြေခြားက
ကတ်ပြားလေးပေါ်က
ကပ်ပြားလေး အတွင်းထဲက
မှင်လေးတွေနဲ့ဖော်ထားတဲ့အဓိပ္ပါယ်လေးတွေက
အဲဒီလက်ရေးလေးတွေက
ဘာဆိုဘာမှမကျန်တဲ့
သဲတပွင့်စာမျှမကျန်တဲ့
ရေတစက်စာမျှ မကျန်တဲ့
ကြံကြံဖန်ဖန် မကျန်တာတွေတောင်မကျန်တဲ့
ကျန်ရစ်ကြီးကို ကိုယ့်ကိုယ်ကိုယ် ရန်ဖြစ်နည်း ပို့ ချနေရော့သလား.............။

ခုတော့ ပင်လယ်ရောက်တိုင်းကမာခွံ မကောက်ဖြစ်တော့ပါဘူး
ရူး မှာစိုးလို့............................။


ငြိမ်းဇေဦး