Thursday, April 2, 2015

"၀ိုင်သောက်သူ လူကြီးမင်းများ"



တပ်စ်က်နီ တောင်ကုန်းလေးတွေပေါ်မှာ
နေညိုလေညှင်းတွေ ပေါ့ပေါ့ပါးပါးရွေ့လျားတယ်၊
မက်ခီယာဗယ်လီ ငဲ့......
သင်သောက်မျို အရသာခံခဲ့သော
တန်ဖိုးမြင့်
သက်တန်းရင့်
ရှားပါး
ဝိုင်အရက်များ လို
ဟောဒီမှာ... ထွန်းကားထိမ်းသိမ်းခဲ့ကြဖူးပါပြီ။

အရှေ့ အလည်ပိုင်းကခရီးထွက်လာတဲ့
စွံပလွန်သီးခြောက် ကလေးများလို
ကိုယ်မရနိုင်တဲ့ ချို အိ အရသာရှိမှုတွေအတွက်
ငါ့မှာတော့ကိုယ့်မျက်လုံးကိုယ် ပြန်ဝါးခဲ့ မြုံ့ ခဲ့ရပါပြီ
ခါးသီးမှုတွေကို မမြင်လိုတော့ချိန်မှာ......
တနည်းအားဖြင့်....စက္ကု အာရုံတွေရဲ့လှိုင်းအလျဉ်တွေကို
ဖြို ချ....
ငိုရလွန်းတဲ့ ကိစ္စများရဲ့ပြုစားမှုကြောင့်ကွယ့်.....။

မက်ခီယာဗယ်လီ ရေ
ဝိုင် ဖြူ ၊ ၀ိုင်နီ ၊ ကဘရီနက်
ပီညော့၊ ချာဒိုနေး......
ကြိုက်တဲ့နာမည်ပေး......
ငါတို့ဆီမှာတော့သွေးနဲ့ မျက်ရည်
လက်လီလဲ ရ ၊ လက်ကားလဲရ
နှစ်ငါးဆယ်မကတဲ့ နှစ်ချို့မှုတွေနဲ့
ဝိုင်အားလုံးထက်ပျစ်တယ်.....။

ငါတို့ဆီက ၀ိုင်တွေထဲမှာ ခံစားမှုတွေလှီးထည့်ထားတယ်၊
ပိုပြီး ဖန်အောင် ချဉ်အောင်လေ၊
သောက်လိုက်လို့လည်မျိုကစီးဆင်းမယ်ဆိုလဲ
အနှေးစီးဆင်းနိုင်အောင်
သွေးပျစ်ပျစ်တွေညှစ်ချထားတယ်၊

ငှဲ့လိုက်မယ်ဆိုရင်လဲ ငိုငြီးသံတွေနဲ့ ဖန်ခွက်နံရံကပဲ့တင်ထပ်တယ်၊
နှာခေါင်းဝတေ့၊ မျက်လုံးကို မှိတ်ပြီး ရှူရှိုက်မယ်ဆိုလဲ
အာခေါင်ခြောက်စေတဲ့
ယမ်း ငွေ့ တွေ နဲ့ ရော စိမ်ထားတယ်....၊
ယမ်းနံ့တွေ  မျွှန်ထူမှုဟာ
အမှန်တော့...
တရှိုက်မက်မက်တောင်ဖြစ်တတ်သေးဆိုပြီး
ဈေးကွက်စီးပွားရေးအမြင်လဲရှိ
နိုင်ငံရေးလက်ဦးမှုလဲရှာတတ်တဲ့
နန်စီပလိုစီကတောင် သူ့ နာမည်နဲ့ တံဆိပ်ကပ်လို့
ရေမွှေးပရောဒတ်ထုတ်ဦးမတဲ့ ငါ့မြေက ယမ်းနံ့နဲ့လေ....။

အချိန်မှန်မှန်
ဘီယာတိုက်၊ နှိပ်နှယ် ၊ ငြိမ့်ညောင်းတဲ့ဂီတနဲ့
ကောင်းရာကောင်းကြောင်းတွေကျွေးမွေးပြီးမှ
ဂရုဏာအပြည့်အသတ်ခံလိုက်ရတဲ့နွားပေါက်တကောင်ရဲ့
တန်ဘိုးကြီး အရသာပြည့်
ဂျပန်ပြည် ကိုဘေးအရပ်က ကိုဘေး ဘိခ်စတိတ် ပန်းနုရောင်မကျက်တကျက်နဲ့
တို့ဆီက ၀ိုင်တွေကို သံတမန်ဖဲဝိုင်းမှာ
လည်ပင်းသွယ်သွယ် ဖန်ခွက်ငယ်ထဲထည့်ပြီး
မြည်းကြပါလေ ....
ဒါမျိုး နော်ဝေမှာရှားတယ်
ဥရောပမှာရှားတယ်
အမေရိကမှာရှားတယ် ........။

ဝိုင်ဟာ စီးပွားရေးဖြစ်ပါတယ်၊
ဝိုင်ဟာ ဘ၀ဖြစ်တည်မှုဖြစ်ပါတယ်၊
ဝိုင်ဟာ ပိုင်ဆိုင်မှုတွေရဲ့ မှော်ဝင်ဝတ္တုတပါးဖြစ်ပါတယ်။
ကျွန်းပင်၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေ ကြော
အားလုံးလဲ ရောဖောက်ထားတဲ့ဝိုင်ဖြစ်ပါတယ်။

အအေးစိမ် ၀ိုင်နီတွေကို
ဟောဒီက ပါးပါးလေးလှီးထားတဲ့ ဆယ်လ်မွန် ဆာရှီမီနဲ့
မြည်းပါလို့ .....
ငါက လူကြီးမင်းတို့ကို လောကွတ်မချော်တော့ပါဘူး...
ခင်ဗျားတို့က ငါတို့အားလုံးရဲ့အသားတွေ ဘ၀တွေကို ပါးပါးလှီးပြီး
မြည်းနေကြတာကြာပြီပဲ။

တနည်းအားဖြင့်..
ငါတို့ရဲ့မြေဟာ ဘုရားရှိခိုးကျောင်းဖြစ်တယ်၊
ဒီဘုရားရှိခိုးကျောင်းထဲမှာ ငါတို့ အကျဉ်းကျနေတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ အလိုမတူပဲ သားမယားပြုခံရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ဖ၀ါးအောက်က မြေထုသေးသေးလေးပျောက်တယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ငတ်မွတ်မှုတွေက ငါတို့ကို သွားဖြဲနားဖြဲစားသုံးတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ယုံကြည်မှုတွေ အောက်ဈေးနဲ့ရောင်းခံရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့နုပျိုမှုတွေ ကျုံလှီရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့သားချင်းတွေ ဓါးချင်းယှဉ်ခုတ်ကြတယ်၊
ဒီဘုရားကျောင်းထဲမှာ အခါအားလျော်စွာ
မုသာဝါဒသန်းပေါင်းများစွာ
အချိန်ကျတိုင်း ၀တ်ကောင်းစားလှဝတ်လို့
ဣနြေ္ဒ ရရ လာတယ်၊
ဒူးထောက်တယ် ၊
ဝတ်ပြုတယ်၊ ဆုတောင်းတယ်၊
နောက်တော့ ဘုရားသခင်ရဲ့အသွေးအသားအစား
ငါတို့ရဲ့အသားတွေကိုတလွှာချင်းစားတယ်၊
ငါတို့ရဲ့သွေးတွေကိုတကျိုက်ခြင်းသောက်တယ်
ထုံးစံအတိုင်း ကောင်းချီးပေးလို့ထွက်သွားတတ်ကြပါတယ်
ပြီးတော့...
ဘုရားကျောင်းတံခါးဟာထုံးစံအတိုင်းပိတ်ခဲ့ပါပြီ
အလင်းမဲ့ ပြတင်းပေါက်အမြင့်ကြီးတွေကတော့
ငါတို့ကို ငုံ့ကြည့်ယုံသာကြည့်တတ်ခဲ့။

အဲဒီ....
ငါတို့ရဲ့မြေဟာ ဝေဒနာတွေကို
ရေရေရာရာ သေသေချာချာ ခံနိုင်ရည်ရှိတဲ့မြေ
ကြည့်လေ ကမ္ဘာလောကရဲ့ ကပ်ကြီးသုံးပါးကို
အပြုံးများနဲ့ လက်ခံတယ်၊
တအိပ်ယာထဲအတူအိပ်တယ်၊ လှောင်အိမ်တခုထဲအတူနိုးတယ်
ဒါတွေကရိုးလွန်းနေပါပြီ။

တို့လည်ပင်းတွေကိုနင်းပြီး
ခွင့်လွှတ်နားလည်မှုတွေကို မတောင်းဆိုတဲ့နတ်ဆိုးတွေကို
ပူဇော်ပသ နားလည်မှုအနန္တနဲ့
စွမ်းစွမ်းတမံအကာအကွယ်ပေးကြသူတွေကို
တန်ခိုးရှင်လို လဲ ရိုးရိုးသားသားနိုးနိုးကြားကြား
ကြိုးကြိုးစားစား ကိုးကွယ်ခဲ့ကြပါပြီ။

ခုတော့...
ဝိုင်သောက်သူ လူကြီးမင်းများ
ဝိုင်ဈေးဖြတ်နေကြချိန်မှာ
မက်ခီယာဗယ်လီရဲ့ မင်းသားဟာလဲ
ဝိုင်လေလံတင်ပွဲရဲ့ အော့ရှင်နီယာတယောက်အဖြစ်
ဟောဒီ ပြည်တွင်းစစ်ဆိုတဲ့ ၀ိုင်စည်ကို လက်ညှိုးထိုးလို့
ဈေးပြိုင်စနစ်နဲ့ လက်နက်ချလေလံပစ်နေခဲ့ပါပြီ။

ငါတို့ပြည်တွင်းစစ်ဟာ နှစ်ချို့ဝိုင်တစည်ဖြစ်တယ်
ကျိန်စာတွေနဲ့ သောက်သုံးလော့။ ။

  ငြိမ်းဇေဦး