အကြိုည သံလွင်ကမ်း
ဒီမှာတော့ သံလွင်ဟာ
သင်္ကြန်ညတွေကို ဖဲ့နိုင်သမျှ
ဖဲ့မျိုချ ဦးမယ်…။
ကမ်းပါးဟာ အဖျားတက်နေတယ်
ဝါးရုံအိုတွေကို ထမ်းလို့..
အဲဒီဝါးရုံအိုတွေက မျှစ်ပျိုတွေရင့်မာမှုကို
မိုးမခပင်တွေနဲ့ စကားလက်ဆုံကျ…။
တောင်ပေါ်က ခုန်ချလာတဲ့ စမ်းချောင်းက
ခပ်ရှရှ ရယ်လိုက်တယ်…
ပယ်ပယ်နယ်နယ် အက်ကွဲမှုတွေနဲ့
သင်္ကြန်ရဲ့ညတွေဟာ
ဘာသာမဲ့တယောက်ရဲ့ အသုဘလို
သူ့မျက်ရည်တောင်သူမစိုပဲ ခြောက်သွေ့ ဦးမယ်တဲ့…။
ညရဲ့ လ ဟာ
တောင်တန်းပြာကြီးကို
အတင်း ….
ဝင်ဆောင့်….
ဖဲ့ ချ….
အလင်းစတွေနဲ့ ထိုးခွဲ…..။
တကယ်တန်းက
ဖရိုဖရဲ လေပြေဖြဲလို့
ဝေ့၀ဲနေတဲ့ သစ်ပင်ဖျားတွေပါ လမင်းရယ် ….
ကိုယ့်လမ်းကြောင်းမှာ ကိုယ်ရှင်သန်လေ
တောင်တန်းတွေက မော့ ပြော
သံလွင်က တသောသောရယ်….။
ပြီးတော့ တောင်တန်းတွေ သမ်းဝေ
ငန်းဖမ်းနေသလိုတောင် တုန်ရီ
လဟာ ညကို ဥပေက္ခာပြုသွားပြီပေါ့…။
မှုန်ရီ မနက်ခင်းဟာ
သူ့ ဒိုင်ယာယီ သူဆွဲဖွင့်လို့
မခို့ တယို့ တိမ်း သင်္ကြန်ယိမ်းကဖို့ပြင်ပြီ….။
သံလွင် ကတော့
မာန်ဝင်…
ဟန်ပြင် နေတဲ့ ကျားရိုင်းလို
လှိုင်းတွေနဲ့ခုန်တုန်း……….။
ငြိမ်းဇေဦး