နွေဆို အဲဒီ စိန်ပန်းပင်ကြီးက ပွင့်လိုက်တာ ရဲ ကနဲ
ကြွေလိုက်တာလည်း တဖွဲဖွဲ..။
အဲဒီစိန်ပန်းပင်ကြီးဟာ ကတ္တရာ လမ်းမအဟောင်းကြီးကို
အမြဲငုံ့ကြည့်တယ်
ဘယ်သူမှလမ်းမလျှောက်တဲ့ ညနက်နက်တွေမှာ
ကတ္တရာလမ်းမကြီးကို စိန်ပန်းပင်ကြီးက စကားပြောနေကြ...
ကတ္တရာလမ်းမကြီးဟာ တခါတခါ တော မြင်းလှည်းတွေဖြတ်သွားပြီးကာစ
ထ..ထ.. ချောင်းဆိုးနေကြ....။
အာရုံတက်ဆို..
အဲဒီ စိန်ပန်းပင်ကြီးအောက်ကဖြတ်ပြီး
သုတ်.. သုတ် ..သုတ်..သုတ်နဲ့ ဈေးသည်တအုပ်
ခေါင်းပေါ် တက်နင်းထားတဲ့ ခံတောင်းကြီးတွေ ကို
မျှော်လင့်ချက်နဲ့ ရွက်လို့
မြို့လည် ဈေး ကို ပြေးနေကြ.....။
တညလုံး မထပဲအိပ်တဲ့ ကင်းသမားဟာလဲ
ပုလင်းပါးပါးလေး ကို လက်ဝါးနဲ့ရိုက်လို့ သွားမတိုက်ခင်
တစက် နှစ်စက် တင်ကျန်နိုင်သေးတဲ့ တောအရက်ကို
သူ့ပါးစပ်ထဲ ပုတ်ပုတ်ချနေကြ....။
အဲဒီ စိန်ပန်းပင်ကြီး ကို ရှင်သန်ခွင့်ပေးထားတဲ့ ခြံကလေးထဲက
အိမ်ကလေး မီးလင်းလာတဲ့အခါ
သြကာသ သြကာသ နဲ့ မောလာသမျှ
လောကဓံ အညစ်တရားကို အပြစ် စကားမဆိုပဲ
ဂေါတမ ကို ရှိခိုး ဦးတင် သံ တခု
မနက်ခင်းကို အစပြုနေကြ ....။
ဒါပေမယ့် ..... တခါဖူးမျှ ဆုတောင်းပုံမရတဲ့
အဲဒီ အဘွားကြီးဟာ ...
သားသမီးတွေကိုလဲ လူဖြစ်အောင်မွေးခဲ့တယ်
တပည့်တွေကိုလဲ တွေးတတ်အောင်သင်ခဲ့တယ်...။
သူ့ နွမ်းပါးမှုကို ကျမ်းများပြုရမယ်ဆိုရင်
ရုပ်ဝတ္ထုကလွဲလို့ စိန်လိုဖြူတဲ့ အသည်းတစ်မြွှာပိုင်တယ်
သံသရာ ၀ဲသြဃမှာ ပုလဲ မနောမယနဲ့
နေထိုင်တယ်...။
စိန်ပန်းပင်ကြီးဟာ မိုးစင်စင်လင်းတာနဲ့
အပျင်းတကြီး ကတ္တရာလမ်းမရဲ့ဒုက္ခတွေကိုငုံ့ကြည့်ရင်း
လေပြေသက်ပြင်းတွေနဲ့ သူ့ အပွင့်တွေကို ခြွေခြွေချတဲ့အခါ
ငါတို့ ဆရာမဟာ
အနာတရအပြည့်နဲ့ ဘ၀မေ့နေတာကြာတဲ့စာသင်ကျောင်းမှာ
ဇာတက ဟောင်းတွေ သင်ဦးတော့မယ်လို့
စစ်ကား တစင်းဖြတ်နင်းသွားတဲ့ ကတ္တရာလမ်းမ က
ထ ..ထ ..အော်တတ်ရဲ့...........။
အဲသလိုနဲ့ နှစ်ပေါင်း နှစ်ဆယ်မှာ
ဆရာမ ဟာ ဘာမှ ပြောစရာမရှိသလိုငြိမ်သက်မှုနဲ့
စိန်ပန်းတွေကြွေတိုင်း မျက်ရည်ဝိုင်းသတဲ့..........................။
ငြိမ်းဇေဦး
မြန်မာစာကို ဖတ်တတ်ရေးတတ် တွေးတတ် ဖန်တီးတတ်ရန် သင်ကြား ပေးခဲ့သည် ကျေးဇူးရှင် ဆရာမ ဒေါ်လှခေါ် ကဗျာ ဆရာမ စာရေးဆရာမ မလေးချို အား ဤ ကဗျာဖြင့် ပူဇော်ကန်တော့ပါသည်။