ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Friday, July 4, 2008
မျိုးနဲ့ရိုးနဲ့ ညံ့ပုံက
နေဦး...
အလျင်လွန်ခေတ်ကြီးမှာ
စိတ်ကူးတွေကျွံကျွံကျနေရတာနဲ့
ခရီးက မတွင်............။
ဘာပဲပြောပြော
ဂျာအေး သူ့အမေရိုက်တာကလဲ
မပြီးနိုင် ...
ပလ္လင်ပေါ်ကမျောက်ကလဲ
မဆင်းနိုင်..........။
ဦးသူတော်က ငိုင်တွေတွေနဲ့
ပရိတ်ရေချည်း လှိမ့်ဖြန်းနေတာ
ကြာတော့ ဒင်းလဲ နေပူထဲမှာ
ဂန္ဓီလိုလို ဘာလိုလို..............။
အဲဒီအတောတွေနဲ့
မော မောပါ့ကွယ်
ကဲလေ..အားမငယ်ယုံ
ရှာကြံဂုဏ်ယူကြတာပေါ့
ဒို့က ဘ၀တက္ကသိုလ်ကျောင်းသား
လောကဓံ အကြောင်းတရားတွေနဲ့
ခေါင်းစား နေရသူပါလို့................။
ငြိမ်းဇေဦး
ဆူးကြွင်း (နှစ်)
မရမ်းပင်အုပ် ဒူးရင်းပင် အုပ်တို့အောက်မှ ခြေသွားလမ်းလေးပေါ်တွင် ရွက်ကြွေတို့က ရုက္ခကော်ဇောဖြစ်သွားရသည့် ဖြစ်စဉ်ဟောင်းတခုကဲ့သို့ ၊
ကျနော်က ရှေ့မှ တဖြေးဖြေး ဆင်းလာခဲ့ရင်း ဘုန်းဘုရားတောင် ဖက်သို့လိုက်ပို့မည်တွေးနေမိချိန် လှပပျော့ပျောင်း ဖြူဖွေးအိညက်သောလက်ချောင်းတို့ ကျနော့်ပုခုန်းပေါ်ရောက်လာတော့ အတွေးပြတ်သွားကာ ပြန်လှည့်ကြည့်မိ၏။
မမလှလှကကျနော့်ပုခုန်းကို တရင်းတနှီးဖက်လျှက် ကျနော့်စိတ်ထဲတွင် သူမ၏ လက်ကိုပုတ်ချရမည်လား…. သည်အတိုင်းနေလိုက်ရမည်လား မဝေခွဲတတ်၊ မမလှလှ၏ စွဲမက်ဖွယ် ကိုယ်သင်းနံ့ဖြင့် ကျနော့်ရင်တွေလှုပ်လှုပ်ရှားရှား ဖြစ်မိသမျှပြန်လည် တည်ငြိမ်အောင် ကြိုးစားရင်းဖြင့် ဘုန်းဘုရားတောင် ဖက် သို့သာ တိတ်ဆိတ်စွာခြေဦးလှည့်ဖြစ်မိတော့၏။
ကျနော်တို့ ဘုန်းဘုရားတောင် ပေါ်တက်သည့်လမ်းတွင် ကံကော်ကြွေတွေကောက်ဖြစ်ကြ၏။ တရုတ်စကားပွင့်လေးတွေ ကောက်ဖြစ်ကြ၏။
တောင်ပေါ်ကျောင်းရောက်တော့ ရန်ကုန်မှ လာရောက်တရား စခန်းဝင်သော ယောဂီများ ကိုတွေ့ရ၏။
တိတ်ဆိတ်လှသော ယောဂီကျောင်းကလေးများ သည် ကံ့ကော်ပင်အုပ်ကြီး၏ ကြားတွင် တည်ငြိမ်စွာ၊ မမ လှလှ ကျနော့်လက်ကိုဆွဲကာ ဘုန်းကြီးကျောင်းတွင်းသို့ရှေ့ က ဦးဆောင်ကာ ၀င်ရောက်သွား၏။ ကျနော်ကတော့ မျောလွင့်ခြင်းတွေနှင့် လေးလံသောစိတ်တွေနှင့် ငြင်သာနှေးဖင့်စွာ သူမ နောက်မှ။
ဘုန်းကြီးကျောင်းတွင်းကိုရောက်တော့ ဆရာတော်ဘုရားကို ကန်တော့ဝတ်ပြုကြရင်း မမလှလှ က သူမ၏ စလင်းဘက်အိတ်ထဲမှ ငွေစက္ကူတထပ်ကြီးကို ထုတ်ကာ အလှူခံပုံးထဲသို့ တရွက်ချင်း ထည့်နေ၏။
ကျနော်က ဘုရားဝတ်ပြုရင်းဆရာတော်ကြီးအား ကန်တော့လိုက်ပြီး ချိန် တွင် ဆရာတော်ကြီးက တည်ငြိမ်သောအပြုံးဖြင့် “ဒကာလေး ဒကာကြီးတို့တွေ ရောက်နေကြပြီကြားတယ်၊ ညနေမစောင်းခင် ဘုန်းဘုရားတောင်ပေါ်ခဏ တက်လာပေးပါဦးလို့ပြောလိုက် ကြားသလား ”
“တင်ပါ့ဘုရား ..တပည့်တော် ပြောလိုက်ပါ့မယ်”
“အေးအေး....မီးဖိုထဲမယ် ဒူးရင်းသီးတွေလဲရှိတယ် ပိန္နဲသီးတွေလဲရှိတယ် ကိုယ့်ဟာကိုယ်သွားလုပ်စားချည်”
“တင်ပါ့ဘုရား ” ဟုပြန်ဖြေရင်းမီးဖိုဆီသို့ ပြောင်လက်နက်မှောင်နေသည့် ကြမ်းပြင်ပေါ်တွင် ခြေကိုဖွကာ သွားလိုက်မိတော့ မွန့် ကိုတွေ့ရသည်။ လှပယဉ်ကျေးမဟာဆန်လွန်းသည့် မွန့်မျက်နှာလေးကို တုန့်ကနဲ ငေးရင်း
ပြုံးပြမိသည် ၊ မွန်ကလဲ ၀မ်းသာအားရပြန်ပြုံးပြကာ “ ဟယ်.. မောင် .. မွန် တို့ ဒီနေ့ ဆွမ်းပို့တာ သိနေတယ်ကြည့်စမ်း… ၊ မောင် ဒူးရင်းသီး စားမလား မွန်ခွဲပေးမယ်နော်”
ပြုံးရွှင်စွာ ကရားရေလွှတ်ပြောသွားရင်း မီးဖိုဆောင်ကြမ်းပြင် ထောင့်တွင် ပုံထားသော ဒူးရင်းသီးမှည့်များဆီသို့ သွားနေသော ချစ်ရသည့် မွန့်နောက်ကျောကိုငေးနေခိုက် ကျနော့် နားနား သို့ နှုတ်ခမ်းတစုံ ထိယုံလေးကပ်ကာ “ ဟိတ်…ကောင်လေး…ဘာတွေငေးနေတာလဲ” ဟူသော တိုး ညှင်း ကြက်သည်းထဖွယ် စကားသံကို ကြားလိုက်မိတော့ မမလှလှက ကျနော့် ပုခုန်းနှစ်ဘက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်လိုက်ပြီး ကျနော့် ကျောကုန်းကို သူမ၏ ထွားကျိုင်းသန်မာလုံးဝန်းသော ရင်နှစ်မွှာဖြင့် နောက်မှ မထိတထိကလေး မှီသလိုလိုဖြင့် ၊ မွန်က ဒူးရင်းသီးတစ်လုံးကို အညှာမှကိုင်ကာ ပြန်လှည့်လိုက်ချိန်တွင် ကျနော်က မမလှလှ၏ ရင်ခွင်တွင်း ရောက်နေသကဲ့သို့………………..။
ဆက်ရန်

အာဃာတ ဒိဌိ
Subscribe to:
Posts (Atom)