Saturday, January 5, 2008

ကြယ်ကြွေည.............





ကြယ်ကြွေည.............


အေးစက်လှချည်ရဲ့
နေ့ လည်ခင်းကြီးကိုယ်တိုင်က
နမိုးနီးယားဖြစ်လို့...။

ထင်းရူးနံ့ တွေ
အ၀တ်မပါတဲ့ မေပယ်ရိုးတံတွေ
လမ်းကွေ့ တောင်ကမ်းပါးယံတွေ
လမ်းနဲ့အတူပြေးနေတဲ့ချောင်းငယ်တွေ
တရိပ်ရိပ်နဲ့ဖြတ်သန်းဝေးရစ်
ကျေးလက်သီချင်းတွေဖြစ်လိုက်
ဂျပ်ဇ်ဂီတတွေဖြစ်လိုက် ဘလူးစ်တွေဖြစ်လိုက်နဲ့
ငါ့ ရေဒီယိုက ခနခန သံစဉ်တွေပြောင်း ခဲ့...
ငါကလဲခနခနအမြန်နှုန်းတွေပြောင်းခဲ့ရ..
တကယ်တော့ငါမပြောင်းနိုင်တာကတော့
ငါ့ရင်ခုနှ်နှုန်းတွေပေါ့ ...။

ငါဟာ လမင်းကြီးကို မထုဆစ်ခဲ့ဘူး
မထွန်းညှိခဲ့ဘူး
ကြယ်တာရာတွေကို အပင်းမသွင်းခဲ့ဘူး
နေမင်းပေါ်က လေပြင်းတွေကိုယပ်မခတ်ခဲ့ဘူး...
ဒါပေမယ့်ငါ့ရင်ထဲမှာစင်္ကြ၀ဠာရှိတယ်
ဖန်ဆင်းရှင်ဟာမင်းဖြစ်တယ်....
ငါဟာ မင်းကို ကဗျာရှည်တပုဒ်လိုပဲ
ဖတ်ခဲ့တာပါ လွမ်းစရာတွေကိုလဲနှုတ်တိုက်ရွတ်ခဲ့ဖူး....။

ဖျားနာနေတဲ့နေ့ ခင်းကြီးဟာ
မထူးတော့ပါဘူးဆိုတဲ့ အလျော့ပေးမှုနဲ့
သူ့ ကိုယ်သူ ညရေခဲတိုက်ထဲ လှဲချလိုက်ချိန်မှာ
ငါ့မြို့ လေးကိုငါဝင်လာခဲ့တယ်
ငါ့အိမ်ကိုငါမပြန်ချင်ဘူး
ဒါပေမယ့်ငါ့အိမ်ကိုငါပြန်ရမယ်
ငါ့အိမ်ကိုငါပြန်ရင် နံရံက ပြုံးပြနေတဲ့
ပိုစတာတစ်ချပ်ဟာ ငါ့အိပ်ယာကိုခြောက်ခြားစေတယ်
ငါ့စားပွဲလေးပေါ်က ကိုကိုနဲ့တူတူ
ကိုကို့ မွေးနေ့ တိုင်းမှာတူတူရှိနေချင်တယ်
သိပ်ချစ်တယ်ကိုကိုရယ်ဆိုတဲ့ ပို့ စကတ်လေးက
ငါ့ကို အလဲထိုးနေတယ်...
ငါအိမ်မပြန်ချင်ဘူး...
ဒါနဲ့ငါ့ကိုယ်ငါ ငါ့အိတ်ကတ်ထဲ ငါပြန်ထည့်ရင်း
သီချင်းတွေနဲ့ သစ်ရွက်လိုကြွေသွားခဲ့တယ်...
ကြယ်ကြွေညတိုင်းဆုတောင်းမပြည့်ဘူး ကလေး...................။

ငြိမ်းဇေဦး