မဟူရာကိုကိုရေ
ဘ၀ကို ပန်းပဲဖိုထဲ ထည့်လိုက်ပါကွယ်
ပြီးရင် သစ်လွင်မာကျောအသားတင်းတင်းနဲ့
လောကကို ပြုံးပြပါ ဖီးနစ် ငှက်တကောင်လိုပေါ့..။
ဆိတ်ဖလူးနံ့တွေ ညမွှေးနံ့တွေနဲ့
ဧရာဝတီကမ်းပါးမှာ စာသားတွေ တောင်ကျရေလို စီးဆင်းတဲ့ညတွေကို
ဘ၀နဲ့ငဲ့လိုက်ပါကွယ်
မင်းဘ၀ကို မင်းကိုယ်တိုင်ပဲ ငဲ့လိုက်ပါ
ငါတို့ က မစွမ်း အာဇာနည်တွေလေ
သေတာမှကောင်းနေသေးတော့...။
ဘ၀တွေက ဘ၀တခုကို မငဲ့ကြဘူး
အဲဒါကို လဲ အပြစ်မတင်နဲ့
အဲဒီဆူးတွေ ထုတ်ပစ်လိုက်ပါ
ကုတ်ခြစ်လိုက်ပါ နာနာကျင်ကျင်ငိုပစ်လိုက်ပါကွယ်
ငိုတတ်သေးရင်ပေါ့...။
မဟူရာကိုကိုရေ ငါတို့ ကို အပြစ်တင်လိုက်ပါ
လူချင်းတွေ့ရင် စေ့စေ့ကြည့်ပြီး ခရီးရောက်မဆိုက်ပါးရိုက်လိုက်ပါ
အဲသလောက်တောင် ငါတို့ ညံ့ခဲ့ကြတယ်ကွယ်....။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘယ် အမှောင်တွေပဲဖြတ်ခဲ့ဖြတ်ခဲ့
နားကပ်နဲ့ ရင်းတဲ့ ညစာ
အရပ်ရဲ့ သီချင်းနဲ့ တညတာ
ဖိနပ် နဲ့ နင်းတဲ့ ဘ၀ အနာ ဖြစ်ခဲ့ရပြီ ဆိုလဲ
“အနာထဲမှာ ဗလာအသည်းဟဲ့
မာဆဲ ငါမလဲ ဘူး
ဖေဖေရေ သမီးမလဲဘူး ”လို့
ပြည်မြို့ ကြီးကို ပတ်ပြီး ငိုချင်ငိုလိုက်စမ်း မဟူရာကိုကို
မင်း မငို တတ်တော့ဘူးဆိုတဲ့အချိန်မှာ
မင်းနာမည် မဟူရာကိုကိုလို့ 
ငါ့သမီးနာမည် မဟူရာကိုကိုလို့
လက်ဖက်ရည်ကရားထဲက သွန်သွန်ကျလာပြီး
လက်ဖက်ရည် ပန်းကန်လုံးထဲမှာ ကျစ်ကျစ်လျစ်လျစ်ပျော့ပျော့ပြောင်းပြောင်း
စီးဆင်းအားကောင်း သလောက်
တည်ငြိမ်ပြတတ်တဲ့ လက်ဖက်ခြောက်ကောင်းကောင်း
လက်ဖက်ရည်ကြမ်း လို
အာခံတွင်း ရွှင်တဲ့ ကဗျာ သီချင်းဘုရင် မင်းအဖေဟာ
သမီးနာမည် မဟူရာကိုကိုလို့ ထုတ်ပြောဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့သလို
သူ့ အရိုးတွေ ပင်စင်ယူသွားတဲ့ သုဿန်မြေမှာလဲ ၀ိဥာဉ်တွေကို
ကဗျာ နဲ့ပြုစားရင်း မုသားမပါ အလှဆုံး ဗလာစကားလုံးနဲ့
ပြုံးပြုံးပြီး ပြောနေဦးမှာ
သမီးနာမည် မဟူရာကိုကို
မဟူရာကိုကိုလို့ ................။
ငြိမ်းဇေဦး
ကိုချော သမီးလေးအားရေးဖွဲ့ ပါသည်။