Monday, September 29, 2014

ရာမ (အပိုင်း-နှစ်)


 ရာမဟာ မြောက်ပိုင်းနဲ့မြို့လည် ကိုကန့်လန့်ကြီးဖြတ်သွားတဲ့
 ရထားလမ်းကိုကျော်ပြီး ရပ်ကွက် ကောင်စီရုံးနဲ့ သမ၀ါယမဆိုင်နောက်ဖေး
 က သူနေတဲ့ တန်းလျားအစုတ်ကလေးဆီကို လမ်းဘေးက သီပြီး ပြန်နေကျ။

 ရာမအိမ်ကိုရောက်ပြီဆိုတာနဲ့ မယ်သီတာထက်သူ့အပေါ်ကောင်းတဲ့သစ္စာရှိတဲ့
 မအေးဟာ မီးဖိုလေးဖိုလို့အသင့်စောင့်နေတတ်တယ်။ ရာမဟာ သူ့ရဲ့မအေးကို
 အမြဲ ပြုံးပြပြီး သူ့ဘ၀တခုလုံးမှာအကြိုက်ဆုံးသီချင်းကလေးရဲ့ သူအလွတ်ရတဲ့
 အပိုဒ်ကလေးကို သူ့ရဲ့ခေါင်းကြီးကို တလှုပ်လှုပ် လှုပ်ပြီး ဆိုတတ်တယ်
 " မအေးရယ်....ချစ်လို့ပါကွယ်...."  တဲ့။

 မအေးဟာသူ့ရဲ့ လှပနက်မှောင်တဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့အညိုရင့်ရင့်ပါးပြင်ပေါ်က
 မပေါ်ချင့်ပေါ်ချင် ပါးချိုင့်ကလေးခွက်အောင် သူ့ရဲ့သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိ
 ပြုံးပြီး ရာမ လက်ထဲက ဆွဲခြင်းဝိုင်းကလေးကို ဆွဲယူနေကျ။ မအေးကအဲသလိုသူ့လက်ထဲက   ဆွဲခြင်းဝိုင်းကလေးကိုယူတိုင်းလဲ ရာမဟာ မအေးရဲ့
 ကျမ်းမာဖွံ့ဖြိုးတောင့်တင်းလှတဲ့တင်ပါးကြီးကို အံကြိတ်ပြီး ဟင်းကနဲ အသံထွက်ရင်း
 သူ့ ကိုယ်ကိုတခြမ်းစောင်းသွားတဲ့အထိ အားယူပြီး ဇွိကနဲဖျစ်နေ ညှစ်နေကျ။ အဲသလိုညှစ်၊ ဖျစ်တိုင်းလဲ  သူ့ ခါးကလေးပိန်သလို ပိန်မကျသွားတဲ့ တင်ပါးကြီးမှာ ဟပ်နေတဲ့ရာမရဲ့လက်ကြီးကို ဆတ်ကနဲ  ပုတ်ထုတ်ပြီး ခွေ့ကနဲ အလွတ်ရုန်းတတ်တဲ့မအေး။

 အလွတ်ရုန်းပေမယ့် သူ့လင် ရာမရဲ့ မျက်နှာကိုချစ်ရည်တွေရွှမ်းတဲ့ မျက်လုံးကြီးတွေနဲ့  မျက်စောင်းထိုးကြည့်နေကျ။
 သူတို့ရဲ့အဲဒီမနက်ကလေးတွေမှာ သူတို့ မီးဖိုလေးဘေးကဗာဒံပင်ကကြွေမယ့်အရွက်တွေကတောင်  ခဏဖြစ်ဖြစ်သင်္ခါရကို အကြွင်းမဲ့ လွန်ဆန်ပြီး သူ့ အသက်သူဆွဲဆန့် သူ့အညှာသူ  ဟီးလေးခိုရင်းအဲဒီမြင်ကွင်းကလေးကို မြင်ဖြစ်အောင်မြင်ပြီးမှ
 ကျေကျေနပ်နပ်ကြီးဝဲကနဲ ဝေ့ကနဲကြွေကျနေကျ။  အဲဒီဗာဒံပင်အောက်ခြေက ခွေးပိန်မဟာလဲ တချက်မှ  အီသံမပေးပဲကမ္ဘာ့အခမ်းနားဆုံး အလှပဆုံး အော်ပရာ ပြဇာတ်ကြီးရဲ့ ညှို့ ငင်မှုတွေအောက်မှာ
 မှင်သက်မိ ၊ အဖမ်းစားခံ၊ အကြည်နူးကြီးကြည်နူးပြီးအသက်မရှူ မျက်တောင်မခတ်တန်း
 ငေးနေတဲ့ ပထမတန်း က အပျိုမလေးလို။  အနီးအနားရွာတရွာရွာကဖရဲသီးသည်တွေနဲ့ ပါလာတဲ့
 သူ့ကို ကလေးတွေတသိုက်ကြီးနဲ့ ပစ်သွားခဲ့တဲ့ခွေးအိုကြီးကိုတောင် လွမ်းဖို့ မေ့သွားသလို။

 မအေးနဲ့ သီတာဒေ၀ီရဲ့ကွာဟချက်ကတော့ အချစ်နဲ့ပါတ်သက်ရင် ကမ္ဘာလောကကြီးမှာ  မအေးဟာကံအကောင်းဆုံး၊ သုံးပွင့်ဆိုင်အချစ်တွေလဲမရှိသလို မီးပုံထဲခုန်ဆင်းပြပြီးသူ့သစ္စာတရားကို  သက်သေထူဖို့လဲမလိုယုံမက သူ့ရဲ့မောင်တော်ရာမဟာ တခါမှ တခြားမိန်းမတွေကို  ရှိတယ်လို့တောင်မထင်ခဲ့ဖူးဘူး။
 ရာမရဲ့ ရာဝင်အိုးကြီးလိုပူနေတဲ့ဗိုက်ကြီးအပေါ်က နှလုံးသားကြီးထဲမှာ  သူ့အချစ်ဆုံးမအေးတယောက်သာအမြဲရှိတယ်။ မအေးရဲ့ အသံသြသျှသျှရယ်၊   ရာမ ဈေးရောင်းကောင်းတဲ့နေ့တွေမှာတပိုင်းတိတိသောက်ဖြစ်တဲ့
 ထွေးညိုဆိုတဲ့တောအရက်ဆိုင်က တောအရက်ထဲ ရီဝေမူးယစ် စွဲမက်စေတဲ့  နက်မှောင်တဲ့မျက်ခုံးမွှေးတွေ အောက်က မျက်လုံးဝိုင်းဝိုင်းတွေရယ်၊ ဖြောင့်စင်းတဲ့နှာတံအောက်က  ဖူးပြည့်ထူထဲတဲ့ နှုတ်ခမ်းနှစ်လွှာရယ်
 ရာမစာဖွဲ့ ဖို့ အမြဲ ကြိုးစားမိပေမယ့် စကားလုံးတွေ နဲ့ ဖော်ပြမတတ်အောင်လှပလုံးဝန်းပြည့်တင်းပြီး  အိကျမနေတဲ့ ရင်သားဆိုင်နှစ်မွှာရယ်၊သေးကျင်တဲ့ခါးကလေးနဲ့ ပြည့်တင်းစွင့်ကားတဲ့မအေးရဲ့  တင်သားတွေရယ် ၊ ပြီးတော့ ဖြောင့်စင်း သန်မာတဲ့ ပေါင်တံတွေနဲ့ခြေထောက်ရယ် ...၊ တချို့ ညတွေရဲ့   လရောင်အောက်မှာထမိန်ရေလျားနဲ့ရာမကိုယ်တိုင်ငင်ပေးတဲ့ရေကို ရေတွင်းဘေးမှာထိုင်ချိုးနေတဲ့မအေးဟာ  မျက်နှာပေါ်ကရေစို ဆံပင်တွေကို လက်နဲ့သပ်ပြီးရာမကို မော့ကြည့်လိုက်ချိန်၊  လရောင်ကိုအားလျော့စေတဲ့ခပ်ပါးပါးတိမ်တွေလေအလျှင်နဲ့ လွင့်သားချိန်၊ အဲဒီအချိန်မှာ မအေးရဲ့  အလှမျက်နှာကို အပေါ်စီးကကြည့်ရင်း မအေးရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာလရောင်နဲ့လင်းကနဲ  လက်ကနဲ ဖြစ်သွားချိန်မှာ ရာမဟာ အဝေးကခွေးအူသံတွေကို လွှမ်းအောင်ကို  "မအေးရယ်ချစ်လို့ ပါကွယ်...."ဆိုတဲ့သီချင်းစာသားလေးကို ခါးကိုလှုပ် ဗိုက်ပူကြီးကို လှုပ်   သူ့ ခေါင်းကိုလှုပ်ပြီး အော်ဟစ်သီဆိုနေကျ။

 မအေးရေချိုးအပြီးမှာ ရေတွင်းဘောင်ပေါ်မှာ တင်ထားတဲ့ သဘက်အဟောင်းကလေးကိုယူပြီး  သူကိုယ်တိုင် ကလေးတယောက်ရဲ့ခေါင်းကိုရေစင်အောင်သုတ်ပေးသလို  မအေးရဲ့ရှည်လျားနက်မှောင်တဲ့ဆံပင်တွေကို ရေသုတ်ပေးနေကျ၊ အဲသလိုရေသုတ်ပေးရင်းလဲ မအေးရဲ့  ထမိန်ရင်လျားနဲ့ကျောပြင်ကိုသူ့ဗိုက်ကြီးနဲ့မထိတထိပွတ်ပြီး "မအေးရယ်..ချစ်လို့ ပါကွယ်.."ဆိုတဲ့သီချင်းကို  ဂါထာတပုဒ်ကိုအကြိမ်တထောင်ရွတ်မယ်ဆိုတဲ့အဓိဌာန်နဲ့
 ရွတ်တဲ့သူလို ရွတ်ဆိုငြီးတွားအူမြူးနေကျ။


   ငြိမ်းဇေဦး

ပုံဖျက်ဖုံးကွယ်ခြင်းဒေသနာ



 သာသနာ့အလံဟာ
 သတိဆွဲ အလေးပြု စရာ ဖြစ်တော့မှာလား..
 မရှင်းလို့ပါ
 ကျောင်းဒကာ...။

 အမျိုးဘာသာ သာသနာ
 သေချာတာပေါ့ ၊ စောင့်ထိမ်းမှ
 အဲဒါ..ရင်ထဲက ကိစ္စ...
 တယောက်ချင်းရဲ့ဘ၀ဆိုင်ရာ...။

 ဆန့်ကျင်စရာတွေ...
 လူရာမသွင်းချင်စရာတွေ
 သိပ်များလွန်းတဲ့ တိုင်းပြည်ပါ
 ပြည်တွင်းစစ်နဲ့ ဇိမ်ယစ်ခွင့်ရသွားကြတဲ့
 ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံခရိုနီတွေ၊
 နာဂစ်အခြေခံဥပဒေ၊
 လာဘ်ကို ဆယ်ဘ၀စာစားပြီး
  ထွန်းကားလူရာဝင်ချင်နေတဲ့
 အကြည်ညိုခံချင်သူ ဓါးပြ ဒီဂရီချ သူခိုးတွေ ၊
 ပွက်ပွက်ထနေတာမှ
 မမြင်ချင့်အဆုံး ...။

 နားလည်တတ်ပါတယ်
 မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လောကမှာ
 ဆန့်ကျင်တာအသာထား
 နသားပါးရားမလုပ်ရင်ကို တော်လှ...
 ပုံဖျက်ဖုံးကွယ်ကြကုန်လော့....။


  ငြိမ်းဇေဦး