Sunday, July 27, 2008

မပိုင်သာ အလွမ်းနဲ့ ဒီဇိုင်နာ ဘရန်း


ရုံးမှာ ပင်ပန်းလွန်းလှသည်။ တနေ့ တနေ့ မိုးလင်းက မိုးချုပ် ကော်ဖီသောက်လိုက် အပေါ့သွားလိုက်
ဗီဒီယိုကွန်းဖရင့် လုပ်လိုက် ဆေးလိပ်ထွက်သောက်လိုက်၊ နေ့လည်စာထွက်စားလိုက် ဟိုသည်လျှောက်ကြည့်လိုက် ပြန်လာလိုက် ၊ ကွန်ပြူတာ ကို စကားဝှက်တွေရိုက်ထည့်လိုက် ၊
ကိုယ့်ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားသော လေပေးဖြောင့်သည့် တယောက်ယောက်ကို မြင်လိုက်လျှင်
အတည်ပေါက်ဖြင့် ဟာ သ မမြောက်သော စကားများဖြင့် လှမ်းနောက်လိုက် ကိုယ့်ဟာကိုယ် သဘောကျပြီးရယ်လိုက်ဖြင့် အလုပ်ချိန်ကုန်ပြန်တော့ ကိုယ့်ရုံးခန်းတံခါးလေးသော့ခတ်ကာ ကားရပ်ထားရာ နေရာသို့ မလှမ်းချင်လှမ်းချင်ဖြင့် လှမ်းလာရင်း ကားရပ်နားရန်နေရာတွင်တွေ့သော
သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တယောက်ယောက်အား အရင်ကမှ မလှသော မျက်နှာကြီး ကို ရှုံ့မဲ့ကာ
“သိပ်ပင်ပန်းတာပဲ…”ဟု ခေါင်းခါရင်း ငြီးပြနေကြ….။


ဒီနေ့တော့ Saks Fifth Avenue ဖက်ကို ခဏလောက်သွားလိုက်ဦးမည်ဟု ဆုံးဖြတ်ကာ ကားထဲဝင်ထိုင် လေအေးစက်ကလေးကိုဖွင့် ဓါတ်ပြား အသစ် တစ်ခု ကို ဓါတ်ပြားစက်ထဲထည့်ကာ
နောက်ပြန်ဂီယာထိုးရင်း နောက်သို့ ဆုတ်လိုက်၏ ၊ပြီးတော့ နံပါတ်တစ်ဂီယာထိုးကာ အလိုအလျှောက် ဖွင့်သောပိတ်သော မှန်တံခါးခလုတ်ကိုဖွင့်လိုက်ရင်း လက်တဖက်မှ သူများ အလကားလက်ဆောင်ပေးသည့် ဇစ်ပို မီးခြစ်ကို ခြစ်ကာ စီးကရက်ကို မီးညှိလိုက်ရင်း ဂီယာကို ပြောင်းလိုက်၏။


လမ်းဘေးဝဲယာမှ ကားကြီးကားငယ် များကို ကြည့်ရင်း နောက်ဆုံးတွင် Saks Fifth Avenue
ကား ရပ်ရန်နေရာသို့ ရောက်လာ၏။

ကားကိုရပ်ကာ မိမိမျက်နှာနှင့် တစက်မျှ မလိုက်ဖက်သော John Varvatos နေကာမျက်မှန်ကို နောက်ကြည့်မှန်တွင်ချိတ်ထားရာမှ ယူတပ်ရင်း အဆီပြန်နေသော မျက်နှာအား တစ်ရှူးပေပါအနည်းငယ်ဖြင့်သုတ်လိုက်ပြီး ကားတံခါးကို ဖွင့် ၊ပြီးတော့ပြန်ပိတ်ကာ လေးငါးဆယ်လှမ်းလောက်လှမ်းပြီးမှ လူ တကာက မိမိ၏ infiniti G 35 ကလေးကို မျက်စိစူးရောက်စေရန် Remote control သော့ပိတ်စနစ်ဖြင့် “တီ…တီ”ဟူသော အောက်ကလိအာ အသံထွက်စေကာ ပိတ်လိုက်၏ ။

အတွင်းထဲရောက်တော့ Valentino Roma ဖက်လှည့်ဖြစ်၏ Prada ဖက်လှည့်ဖြစ်၏ ခပ်ဈေးပေါပေါ coach နှင့် Juicy Couture ဖက် ကို အားနားပါးနာ သွားငေးဖြစ်၏ ။ ထိုဆိုင်များက ခပ် နန့် နန့် ခပ်ပျံပျံ ဟာလေးများ ငွေကို ခြုစ် ခြုတ်စုကာ ၀ယ် ယူသုံးစွဲနေကြနေရာလေးများဖြစ်သဖြင့် ကရုဏာတရားရှေ့ ထားကာ အနှီ မဒီကလေးများအား အားနာပါးနာ စိတ်ဝင်စား ဟန်ဆောင်သောမျက်လုံးဖြင့် ငေး ကြည့်အားပေးရန်ဖြစ်၏။

မိမိ၏ Prada Leather Thong ခြေညှပ်ဖိနပ်အောက်မှပြောင်လက်သော ကြမ်းပြင်ကို လက်နက်သဖွယ်အသုံးပြုကာ မီနီစကတ်ကလေးများဖြင့် ကောင်မလေးတော်တော် များများ ရှပ် ပြာပြာ ဖြတ်သွားနေကျဖြစ်သည့် ရေပန်း အ၀ိုင်းကြီး ၏ ဘောင်ပေါ်တွင် မျက်မှန်ကို လက်တဖက်ဖြင့် ကိုင်ရင်း ထိုင်ကာ
တွေတွေ ငေးငေး စဉ်းစားခန်းဝင်နေသည့် ဟန်ဆောင်လျှက် ကြမ်းပြင်မှ ထင်ဟပ်သော အရာများကို မမှိတ်မသုန်ကြည့်နေမိ၏။

……………………………………

အိမ်ပြန်မှဖြစ်တော့မည်။ ဒီည စာ ကောင်းကောင်းချက်စားမှဖြစ်မည်။
ဒီတော့ အိမ်သို့ ပြန်လာခဲ့ရင်း လမ်းတွင် ဓါတ်ဆီ နည်းနေပြီဖြစ်သော ကားအတွက် ဓါတ်ဆီဆိုင်တွင်ရပ်ရင်း
လေးထောင့် ပလပ်စတစ် အိတ်ကလေးများဖြင့်ထုတ်ထားသော အ၀ိုင်း ကွင်းလေးများ ဟု အထင်ရှိသည့် အရာလေးများအား စိတ်ရောက်သွား၏။ သေချာယူကာ ဖတ်ကြည့်တော့ Condom ဆိုပဲ….။

ထို အရာတို့သည် လောလောဆယ် မိမိနှင့် မည်ကဲ့သို့ မျှ ယာယီမသက်ဆိုင်သေးသောအရာများဖြစ်သဖြင့်….
ချစ်ရသူကလဲ တနယ်တမြေမှာ ဒီတော့ ထို ကိလေသာတို့၏ ထုတ်ပိုးရာဖြစ်သည့် ကိစ္စကိုလည်း ဝေးဝေးရှောင်မှဖြစ်မည်။
ပေါက်ပေါက်ရှာရှာ ဒီဇိုင်နာ condom လေးများမရှိကြဘူးလား မသိ….။

ဒီတော့ တခါ တွေ့ ဖူးသည့်အင်တာနက် ဆိုက်က အကောင်းဆုံး ကွန်ဒွန်ဆုပေးတာကိုသွားသတိရမိပြန်သည်။
ဘာတဲ့ "Official Condom Tester Pool"ဆိုပဲ...ချစ်ရသူများ မရှိလို့ ကတော့ Quality Control မှာ အချိန်ပြည့်ဝင်လုပ်လိုက်ချင်ပါရဲ့…။

……………………………….
ဓါတ်ဆီဖြည့်ပြီးတော့ ကားကို ဖြေးဖြေးမောင်းပြန်လာရင်း မိတ်ဆွေတဦး ပြောပြသော သူ၏ တောင်ပေါ်မြေမှ condom ဇာတ်လမ်းကို ပြန်သတိရမိကာ ပြုံးမိပြန်၏။
……………
ချင်းတောင်တွင် HIV , AIDS ကာကွယ်ရေးအတွက် ကျမ်းမာရေးဌာနများမှ United Nations အစီအစဉ်ဖြင့်
Condom များဝေကြသည် ဆို၏။ ထိုအခါ ရွာလုံးကျွတ် ရှိသမျှ ယောက်ျားများအား သူကြီးအိမ်ရှေ့တွင် စုရုံးခေါ်ကာ မဟာ Condom သုံးစွဲနည်း ပညာပေးကြ၏။
ကျမ်းမာရေးမှူးက သူကြီးအိမ်ဘေး တွင် ထိုးထွက်နေသော ဘူးစင်မှ ၀ါးလုံး အား သေချာလက်ညှိုးထိုးပြလျှက်
“ခင်ဗျားတို့ ည ည…ခင်ဗျားတို့ အမျိုးသမီးတွေနဲ့ အိပ်ကြမယ်ဆိုရင် ဟောဒီ ပလပ်စတစ် အိတ်ကလေးကို ဟောသလို စွပ်ပြီးမှ အိပ်မယ်ဆိုရင် လိင်က ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တဲ့ အပြင် မလိုလား ပဲ ကိုယ်ဝန်ရှိလာနိုင်မှုတွေကိုလဲ ကာကွယ်ပြီးသားဖြစ်ပါတယ်” လို့ ရှင်းပြခဲ့သတဲ့…။
နောက် သုံးလလောက်ကြာတော့ အဲဒီရွာက ရွာသားတစ်ယောက်ဟာ မြို့ ကို ဒေါနဲ့မောနဲ့တက်လာပြီး ကျန်းမာရေးမှူးရဲ့ ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်….ပြီးတော့ မျက်နှာမာနဲ့“ခင်ဗျားပေးတဲ့ ပလတ်စတစ်အိပ်တွေလဲ စွပ်တာပဲ ဗျ ခုတော့ ဒုက္ခရောက်ပြီ ” လို့ ပြောသတဲ့.
ကျမ်းမာရေးမှူးက ဘယ်လိုဖြစ်တာတုန်း ကျနော် သေချာပြသလို မလုပ်လို့ ဖြစ်ပါလိမ့်မယ်လို့ပြောသတဲ့ အဲဒီအခါ အဲဒီ ရွာသားက ဘာပြန်ပြောသလဲဆိုတော့“ လုပ်သမှသိပ်လုပ်တာပေါ့ ဆရာရယ် ညည မိန်းမနဲ့မအိပ်ခင် အပင်ပန်းခံပြီးအဲ ဒီဘူးစင်က ၀ါးလုံးမှာ သွားသွားစွပ်ရတာ ဆရာ ဝေခဲ့သမျှ ကုန်ပါရောလား”တဲ့လေ…။
အော် တကယ်တော့ ဒီဇိုင်နာ ဘရန်းတွေ ဘာဘရန်းတွေ ပဲဖြစ်ဖြစ် Condom ကို ဘူးစင်က ၀ါးလုံးစွပ်မိတာနဲ့ တူနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါလား ဟု တွေးမိရင်း ကြွားချင်စိတ်ကို မြိုသိပ်ကာ ကားကို ကားရပ်နားရာနေရာလေးတွင်ရပ်လျှက် ခပ်ကုတ်ကုတ်ဖြင့် အိမ်ဖက်သို့ လှမ်းလာမိပါတော့၏။


ငြိမ်းဇေဦး

သူမ၏ အောင်ခြင်း တစ်ပါး

အလိမ်မာတုံးလေး..
ဒေါသတွေထွက် ခွေးရူး ရေပက်သလိုဖြစ်တတ်တဲ့ငါ့ကို
အသက်တိုမှာစိုးတတ်တဲ့............။

အမုန်းဝေးစွ ၊ ဟန်ဆောင်မှုဝေးစွ
ဘ၀ရဲ့အလှအပကို အရှိအတိုင်း မြတ်နိုးတတ်တဲ့..။


ငါ့ရဲ့ခက်ထန်မှုတွေကို ပိုးသားလိုသဘောထားပြီး
ခက်ထန်မှုတွေကြား ငါ ညပ် သေသွားမှာ စိုးရိမ်တဲ့...။



ဘုရားနဲ့ တရား စခန်းကြားမှာ
စကားအဆန်းတွေလည်း မပြောတတ်တဲ့...။

အဲဒီ အလိမ်မာတုံးလေးရယ်
မာရ်နတ်လိုအရှုံးပေးပါရဲ့
သိပ်ချစ်ခဲ့ပြီ...........................။

ငြိမ်းဇေဦး

တွေ့ရှိချိန်


သချိုင်္င်းနဲ့ တခေါ်လောက်ဝေးချိန်မှာ
အချစ်စစ်ကို သစ်မြစ်လို ခလုတ်တိုက်မိမှ
ခြေမ ဟာ ခေါက် သေရမှာကြောက်.........။

ငြိမ်းဇေဦး

မေတ္တာစူး၍ ရူးသောခါ





အဲဒီ ဟာလေးက
ငါ့လို ကျောမွဲ တောဘဲ ကို
သဘောလဲကျ မေတ္တာလဲ သက်ဝင်
ဖီလင်လဲ တက် တသက်လုံးလဲ ချစ်မတဲ့
တကယ့်ပျက်လုံး................။

အဲဒီလိုကို ကိုယ့်ညှိုးငယ်မှုတွေနဲ့
အချစ်ရဲ့ သင်္ကေတကို
မြင်နေရတာတောင်
ဗြောင် ငြင်းမိခဲ့ရလောက်အောင်
လူမွေးမပြောင်ခဲ့တာပါ အချစ်ရယ်........။

ငြိမ်းဇေဦး

မြွေ


သစ္စာကို မြို မြိုချ သွားခဲ့တာ
သံသရာတောင် အပြန်တရာပတ်လို့ရသွားပြီတဲ့.......။

ငြိမ်းဇေဦး

ပန်းချီကားထဲမှာ ပုန်းသွားတဲ့ ၀ိ ဉာဉ်



တိတ်ဆိတ်သော ည စာ စားခြင်း ပြီးဆုံးတော့.............

စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှိုက်သွင်းလိုက်မိ၏................။
စီးကရက်မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း မီးခိုးငွေ့များနောက်သို့ စိတ်အလျင်သည် အပ်နှင့်ထိုးဖောက်ခံလိုက်ရသော မိုးပျံပူဖောင်းကဲ့သို့ ကစဥ့်ကရဲ လွင့်စဉ် ယိုင်ထိုးကာ လွင့်ပါသွားတော့၏။
အိပ်ခန်းတွင်းသို့ ပြန်ဝင်လာခဲ့ပြီးနောက် အိပ်ခန်းတွင်းမှ ရုပ်မြင်သံကြား ကို ပိတ်လိုက်၏ ၊ စားပွဲတင်နာရီ မှ ဓါတ်ခဲများကို ထုတ်ပစ်လိုက်၏။ ပြတင်း လိုက်ကာ ကို ပိန်းပိတ်အောင် ဆွဲစေ့လိုက်၏။
အားလုံး ပြီးတော့...အပြင်ပြန်ထွက်ကာ အိပ်ခန်းတံခါးကို အသေအချာပိတ်လိုက်၏၊ ပိတ်လိုက်ရင်း ဖြူ လွလွ အိပ်ခန်းတံခါး ပေါ်က ပန်းချီကားကလေးကိုငေးကြည့်မိ၏။

တောတန်းလေး ... အ၀ါရောင် ရွက်ခြောက်များ...... တိမ်ရောင်တွေ ပါးပါးလေး ခြုံထားတဲ့ စမ်းချောင်းလေး ............စိမ်းနု စိမ်းရင့် စိမ်းမှောင် ၊ အစိမ်းရောင် အနုအရင့် မညီ့တညီ မြက်ရိုင်းပင်များ..၊
လေပြေတို့ တိုက်မနေ...... သစ်ရွက်တွေလဲ ထပ်မကြွေ.....။
စမ်းချောင်းလေးလျောတိုက် မဆင်း ၊ တိမ်တိုက်တွေလဲ ခရီးမထွက်..။
ဟိုး ခပ်ဝေးဝေး ညာဘက် တောတန်းအစပ်က တလူလူတက်နေသော မီးခိုးငွေ့ တန်း ပင်လျှင် ကြက်သေ သေ လျှက်................။

ပန်းချီကား ကလေးကို အသာဖြုတ်ယူလိုက်ပြီး အက်နေသော ရင် ဘတ်ထဲသို့ ဒဏ်ရာရ ယုန်လေးတကောင် ခြုံတွင်းခုန်ဝင်သကဲ့သို့ ထည့်လိုက်မိ၏ ။

ပြီးတော့........အိပ်မက်ယောင် ကာ လမ်းလျှောက်သူလို တရွေ့ ချင်း တလှမ်းခြင်း ဧည့်ခန်းသို့ လာခဲ့၏..လေးငါးလှမ်းမျှသော ခရီးတွင် မြစ်နှစ်စင်းစီးနေသည်ကိုတွေ့ခဲ့ရ၏ ထိုမြစ်သည် ပူနွေးသော စီးကြောင်းတို့ကို အသံမထွက်ပဲ စီးဆင်း၏။

ဧည့်ခန်းတွင်း က ဖန်မီးအိမ်ကလေးကို ဇာတိမဲ့ ဘ၀မဲ့သူတယောက်၏ လက်များကဲ့သို့ လက်လှမ်းယူလိုက်၏။
ဖန်ပြောင်းလေးကို ဟလိုက်ကာ အစိမ်းရောင် ဓါတ်ငွေ့မီးခြစ်ကလေးကို ခြစ်ကာ မီးညှိလိုက်၏ မီးညှိလိုက်ရင်း အလွမ်းတွေ သောကတွေ မောဟတွေ အားလုံးသော ခံစားချက်တွေများ ထိုကဲ့သို့ကျွမ်းလောင်သွားလျှင် ကောင်းပေတော့မည်ဆိုသည့်အတွေးက နွေခေါင်ခေါင် မီးသံချောင်းသံလို စိတ်ထဲတွင် လွှမ်းမိုးဆူညံလျှက်။

ပြီးတော့ ဧည့်ခန်း တစ်ခုလုံးမှာ ရှိသော လျှပ်စစ် ကိရိယာ ပစ္စည်းအားလုံးကို ပိတ်လိုက်၏ နောက်ဆုံးခံစစ်မှ ဆုတ်ခွာတော့မည့်သူတယောက်ကဲ့သို့..........။

ရေခဲသေတ္တာမှ တိုးတိုးညင်ညင်သာသာ အသံကိုကြားနေရ၏။ လေအေးစက်မှ ပင်ပန်းတကြီး ရုန်းကန် အမောဖောက်သံကပိုမို
ကျယ်လောင်လာသကဲ့သို့။

လေအေးစက်ကို ပိတ်လိုက်၏ ရေ ခဲသေတ္တာ နောက်သို့ လက်လှမ်းကာ လျှပ်စစ်ဓါတ်အား ကြိုးကိုဆွဲဖြုတ်လိုက်၏ ၊
ကိုယ့်ရင်ဘတ်ကို ထက်ခြမ်းခွဲလိုက်သော ဆာမူရိုင်းတစ်ယောက်လိုပေါ့။

အားလုံးပြီးတော့ ကော်ဖီစက်ကလေးမှ အစိမ်းရောင် ဒစ်ဂျစ်တယ် နာရီကလေးက လင်းနေသေး၏။
ကော်ဖီ ဖျော်စက်ကလေးမှ လျှပ်စစ်ဓါတ်ကြိုးကိုလဲ ဆွဲဖြုတ်လိုက်၏ တောက်တက်သမားတစ်ယောက်
ကိုယ့်ခန္ဓာကိုယ်ကို ဆွဲတင်ပေးနေသည့် ကြိုးကို ဖြတ်ချ ခဲ့သလို ။

အရာရာ ငြိမ်သက် ငြိုးပျ ညို လျ ၀ိုးတ၀ါးဖြစ်သွားတော့ အခန်းပတ်လည်ကို သေချာပြန်ကြည့်မိ၏။ ဧည့်ခန်း မှန်တံခါးကြီး၏ လိုက်ကာ ကြား မှ ကျိုးတိုးကျဲတဲ ယိုင်လဲ ကျနေသော အပြင် တောအုပ် အစပ် ဓါတ်မီးတိုင်မှ အလင်းရောင်တို့ကို မနှစ်မြို့စွာဖြင့်
လိုက်ကာကို သေချာ ဆွဲစေ့လိုက်ပြန်၏။

စီးကရက်တစ်လိပ်ကို ထပ်မီးညှိပြီး ... ဝေးလံသော ခရီးကြီးတစ်ခု ကို ဆက်လာခဲ့ရင်း လမ်းခုလတ် သစ်ရိပ်တစ်ခုတွင် ခြေပစ်လက်ပစ်နားနေသော ခရီးသွားတစ်ယောက်ကဲ့သို့ ထိုင်ခုံပေါ်တွင် ထိုင်လျှက် အမှောင်ထုကြား တွင် ပျပျ လေး လင်းနေသော ဖန်မီးအိမ်ကလေး မှမီးညွန့် ကလေးကို ငေးနေမိ၏။

ပြီးတော့ ဂစ်တာ စင်ကလေးပေါ်မှ မဟော်ဂနီရောင် အလင်းရိပ်ပြေး နေသော ကလပ်စစ်ကယ် ဂစ်တာလေးကို လက်လှမ်းလိုက်ပြီး ပိုက်ထားလိုက်မိ၏။

ဂစ်တာမတီးဖြစ်ပဲ ဂစ်တာကြိုးပေါ်မှ ပုံပြင်လေးများအား ပြန်လည်ကြားရနိုးဖြင့် ပိုက်ထားသောဂစ်တာလေးအပေါ်မှ လက်မောင်းသားများပေါ် မေးတင်ရင်း မျက်လုံး နှစ်လုံးကို မှိတ်ကာ နားစွင့်ကြည့်နေမိရင်း ...ဖန်မီးအိမ်ကလေး ငြိမ်းသွားခဲ့သည်ကို မသိလိုက်တော့........။

အိပ်ခန်းထဲပင် ၀င် မအိပ်ဖြစ်လိုက်တော့.............။

တကယ်တော့........ အက်နေသော ရင်ဘတ်ထဲသို့ ထိုည က ကျွံ ကျခဲ့ပြီး...
မစီးသော စမ်းချောင်းလေးထဲတွင် တိမ်လွှာရောင်ပြန်တွေ ဖုံးလို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည် ကို ပန်းချီဆွဲခဲ့သော ကိုယ်တိုင်ပင်မသိခဲ့...။


သို့သော်လည်း ထိုပန်းချီကားကလေးကို တနေ့ နေ့ တချိန်ချိန်တွင် ပိုင်ရှင်အသစ် တယောက်သာ ပိုင်ဆိုင်ခဲ့မည်ဆိုလျှင် ထိုပိုင်ရှင် သစ် အနေဖြင့် ပန်းချီကားလေးအလည်မှ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းကလေးထဲကို သေချာစူးစိုက်ကြည့်ဖြစ်ခဲ့မည်ဆိုပါက
တိမ်လွှာဇာပါးအောက် ရေလွှာသလင်းသားအောက် မျက်နှာပြင်တွင် ခပ်ရေးရေး မြင်သည်ဆိုယုံမျှ ထို ၀ိ ဉာဉ်ကြွေ တစ ကို တခဏ တွေ့ ကောင်းတွေ့နိုင်ပါလိမ့်မည်....။

ငြိမ်းဇေဦး

ငဲ့ညှာတတ်သည်

မပြောရက်လို့
တောထွက်ဖို့ပဲကျန်တော့တယ်..။

ငြိမ်းဇေဦး