Sunday, July 27, 2008

ပန်းချီကားထဲမှာ ပုန်းသွားတဲ့ ၀ိ ဉာဉ်



တိတ်ဆိတ်သော ည စာ စားခြင်း ပြီးဆုံးတော့.............

စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှိုက်သွင်းလိုက်မိ၏................။
စီးကရက်မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း မီးခိုးငွေ့များနောက်သို့ စိတ်အလျင်သည် အပ်နှင့်ထိုးဖောက်ခံလိုက်ရသော မိုးပျံပူဖောင်းကဲ့သို့ ကစဥ့်ကရဲ လွင့်စဉ် ယိုင်ထိုးကာ လွင့်ပါသွားတော့၏။
အိပ်ခန်းတွင်းသို့ ပြန်ဝင်လာခဲ့ပြီးနောက် အိပ်ခန်းတွင်းမှ ရုပ်မြင်သံကြား ကို ပိတ်လိုက်၏ ၊ စားပွဲတင်နာရီ မှ ဓါတ်ခဲများကို ထုတ်ပစ်လိုက်၏။ ပြတင်း လိုက်ကာ ကို ပိန်းပိတ်အောင် ဆွဲစေ့လိုက်၏။
အားလုံး ပြီးတော့...အပြင်ပြန်ထွက်ကာ အိပ်ခန်းတံခါးကို အသေအချာပိတ်လိုက်၏၊ ပိတ်လိုက်ရင်း ဖြူ လွလွ အိပ်ခန်းတံခါး ပေါ်က ပန်းချီကားကလေးကိုငေးကြည့်မိ၏။

တောတန်းလေး ... အ၀ါရောင် ရွက်ခြောက်များ...... တိမ်ရောင်တွေ ပါးပါးလေး ခြုံထားတဲ့ စမ်းချောင်းလေး ............စိမ်းနု စိမ်းရင့် စိမ်းမှောင် ၊ အစိမ်းရောင် အနုအရင့် မညီ့တညီ မြက်ရိုင်းပင်များ..၊
လေပြေတို့ တိုက်မနေ...... သစ်ရွက်တွေလဲ ထပ်မကြွေ.....။
စမ်းချောင်းလေးလျောတိုက် မဆင်း ၊ တိမ်တိုက်တွေလဲ ခရီးမထွက်..။
ဟိုး ခပ်ဝေးဝေး ညာဘက် တောတန်းအစပ်က တလူလူတက်နေသော မီးခိုးငွေ့ တန်း ပင်လျှင် ကြက်သေ သေ လျှက်................။

ပန်းချီကား ကလေးကို အသာဖြုတ်ယူလိုက်ပြီး အက်နေသော ရင် ဘတ်ထဲသို့ ဒဏ်ရာရ ယုန်လေးတကောင် ခြုံတွင်းခုန်ဝင်သကဲ့သို့ ထည့်လိုက်မိ၏ ။

ပြီးတော့........အိပ်မက်ယောင် ကာ လမ်းလျှောက်သူလို တရွေ့ ချင်း တလှမ်းခြင်း ဧည့်ခန်းသို့ လာခဲ့၏..လေးငါးလှမ်းမျှသော ခရီးတွင် မြစ်နှစ်စင်းစီးနေသည်ကိုတွေ့ခဲ့ရ၏ ထိုမြစ်သည် ပူနွေးသော စီးကြောင်းတို့ကို အသံမထွက်ပဲ စီးဆင်း၏။

ဧည့်ခန်းတွင်း က ဖန်မီးအိမ်ကလေးကို ဇာတိမဲ့ ဘ၀မဲ့သူတယောက်၏ လက်များကဲ့သို့ လက်လှမ်းယူလိုက်၏။
ဖန်ပြောင်းလေးကို ဟလိုက်ကာ အစိမ်းရောင် ဓါတ်ငွေ့မီးခြစ်ကလေးကို ခြစ်ကာ မီးညှိလိုက်၏ မီးညှိလိုက်ရင်း အလွမ်းတွေ သောကတွေ မောဟတွေ အားလုံးသော ခံစားချက်တွေများ ထိုကဲ့သို့ကျွမ်းလောင်သွားလျှင် ကောင်းပေတော့မည်ဆိုသည့်အတွေးက နွေခေါင်ခေါင် မီးသံချောင်းသံလို စိတ်ထဲတွင် လွှမ်းမိုးဆူညံလျှက်။

ပြီးတော့ ဧည့်ခန်း တစ်ခုလုံးမှာ ရှိသော လျှပ်စစ် ကိရိယာ ပစ္စည်းအားလုံးကို ပိတ်လိုက်၏ နောက်ဆုံးခံစစ်မှ ဆုတ်ခွာတော့မည့်သူတယောက်ကဲ့သို့..........။

ရေခဲသေတ္တာမှ တိုးတိုးညင်ညင်သာသာ အသံကိုကြားနေရ၏။ လေအေးစက်မှ ပင်ပန်းတကြီး ရုန်းကန် အမောဖောက်သံကပိုမို
ကျယ်လောင်လာသကဲ့သို့။

လေအေးစက်ကို ပိတ်လိုက်၏ ရေ ခဲသေတ္တာ နောက်သို့ လက်လှမ်းကာ လျှပ်စစ်ဓါတ်အား ကြိုးကိုဆွဲဖြုတ်လိုက်၏ ၊
ကိုယ့်ရင်ဘတ်ကို ထက်ခြမ်းခွဲလိုက်သော ဆာမူရိုင်းတစ်ယောက်လိုပေါ့။

အားလုံးပြီးတော့ ကော်ဖီစက်ကလေးမှ အစိမ်းရောင် ဒစ်ဂျစ်တယ် နာရီကလေးက လင်းနေသေး၏။
ကော်ဖီ ဖျော်စက်ကလေးမှ လျှပ်စစ်ဓါတ်ကြိုးကိုလဲ ဆွဲဖြုတ်လိုက်၏ တောက်တက်သမားတစ်ယောက်
ကိုယ့်ခန္ဓာကိုယ်ကို ဆွဲတင်ပေးနေသည့် ကြိုးကို ဖြတ်ချ ခဲ့သလို ။

အရာရာ ငြိမ်သက် ငြိုးပျ ညို လျ ၀ိုးတ၀ါးဖြစ်သွားတော့ အခန်းပတ်လည်ကို သေချာပြန်ကြည့်မိ၏။ ဧည့်ခန်း မှန်တံခါးကြီး၏ လိုက်ကာ ကြား မှ ကျိုးတိုးကျဲတဲ ယိုင်လဲ ကျနေသော အပြင် တောအုပ် အစပ် ဓါတ်မီးတိုင်မှ အလင်းရောင်တို့ကို မနှစ်မြို့စွာဖြင့်
လိုက်ကာကို သေချာ ဆွဲစေ့လိုက်ပြန်၏။

စီးကရက်တစ်လိပ်ကို ထပ်မီးညှိပြီး ... ဝေးလံသော ခရီးကြီးတစ်ခု ကို ဆက်လာခဲ့ရင်း လမ်းခုလတ် သစ်ရိပ်တစ်ခုတွင် ခြေပစ်လက်ပစ်နားနေသော ခရီးသွားတစ်ယောက်ကဲ့သို့ ထိုင်ခုံပေါ်တွင် ထိုင်လျှက် အမှောင်ထုကြား တွင် ပျပျ လေး လင်းနေသော ဖန်မီးအိမ်ကလေး မှမီးညွန့် ကလေးကို ငေးနေမိ၏။

ပြီးတော့ ဂစ်တာ စင်ကလေးပေါ်မှ မဟော်ဂနီရောင် အလင်းရိပ်ပြေး နေသော ကလပ်စစ်ကယ် ဂစ်တာလေးကို လက်လှမ်းလိုက်ပြီး ပိုက်ထားလိုက်မိ၏။

ဂစ်တာမတီးဖြစ်ပဲ ဂစ်တာကြိုးပေါ်မှ ပုံပြင်လေးများအား ပြန်လည်ကြားရနိုးဖြင့် ပိုက်ထားသောဂစ်တာလေးအပေါ်မှ လက်မောင်းသားများပေါ် မေးတင်ရင်း မျက်လုံး နှစ်လုံးကို မှိတ်ကာ နားစွင့်ကြည့်နေမိရင်း ...ဖန်မီးအိမ်ကလေး ငြိမ်းသွားခဲ့သည်ကို မသိလိုက်တော့........။

အိပ်ခန်းထဲပင် ၀င် မအိပ်ဖြစ်လိုက်တော့.............။

တကယ်တော့........ အက်နေသော ရင်ဘတ်ထဲသို့ ထိုည က ကျွံ ကျခဲ့ပြီး...
မစီးသော စမ်းချောင်းလေးထဲတွင် တိမ်လွှာရောင်ပြန်တွေ ဖုံးလို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည် ကို ပန်းချီဆွဲခဲ့သော ကိုယ်တိုင်ပင်မသိခဲ့...။


သို့သော်လည်း ထိုပန်းချီကားကလေးကို တနေ့ နေ့ တချိန်ချိန်တွင် ပိုင်ရှင်အသစ် တယောက်သာ ပိုင်ဆိုင်ခဲ့မည်ဆိုလျှင် ထိုပိုင်ရှင် သစ် အနေဖြင့် ပန်းချီကားလေးအလည်မှ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းကလေးထဲကို သေချာစူးစိုက်ကြည့်ဖြစ်ခဲ့မည်ဆိုပါက
တိမ်လွှာဇာပါးအောက် ရေလွှာသလင်းသားအောက် မျက်နှာပြင်တွင် ခပ်ရေးရေး မြင်သည်ဆိုယုံမျှ ထို ၀ိ ဉာဉ်ကြွေ တစ ကို တခဏ တွေ့ ကောင်းတွေ့နိုင်ပါလိမ့်မည်....။

ငြိမ်းဇေဦး

No comments:

Post a Comment