အဲဒီရာမဟာ မအေးရဲ့ ရာမ၊ သီတာဒေ၀ီနဲ့ ပြိုင်လုရမယ်ဆိုရင်တောင် မအေးဟာ ရာမကို ရဖို့  လေးပြိုင်ပွဲကိုဝင်ဦးမှာ။ လေးညှို့ ကို သူညှို့ မျက်လုံးတွေနဲ့ ဖမ်းစားညှို့ ငင် ပြီး သိပ်လှတဲ့သူ့ နှုတ်ခမ်းကွေးလေးနဲ့ပြုံးရင်းသူ့ရဲ့ နက်မှောင်တဲ့ဆံပင်တွေ နဲ့ ရာမရဲ့ဗိုက်ပူကြီး အဝေးမခံဖို့ ပစ်မှတ်ကို ချိန်ရွယ်ရင်း ပစ်ဦးမှာ၊ မအေးက အဲသလိုမအေးပါ။
ရာမဟာ ရထားပေါ်ကို အောင်မြေနင်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်လို ရင်ကော့ပြီးတက်သွားပါပြီ။
စပိန်နွားရိုင်း ကဆုန်စိုင်းသလို အရှိန်အဟုန်နဲ့ရထားဟာ စစ်ကျန် သံလမ်းနှစ်ချောင်းပေါ်မှာ ဒုန်းစိုင်းခဲ့ပြီ။ ရာမလဲ တတွဲ ပြီးတတွဲ လက်ထဲက ကြက်သားကင် ခြင်းကလေးကို ကိုင်ရင်း " ဘော်ဒါတွေ ၊ ၀မ်းကေ"
"ဘော်ဒါတွေ ၊ ၀မ်းကေနဲ့" ညာဘက်လက်က ဒုတ်ထိုးထားတဲ့ကြက်သားကင်ကလေးကို မြှောက်ရင်း တချောင်းတကျပ် ကြက်ကင် ကို အသက်ငင်လျှာထွက်မတတ် ရောင်းနေရှာပါပြီ ။
ရထားဟာရာမကိုသိပ်သိတာပေါ့၊ ရာမရဲ့ ခြေသံတွေကို ရထားက အလွတ်ကျက်စရာမလိုပဲ အမြဲမှတ်မိနေတတ်တဲ့ ရထား ၊ ခပ်ရှားရှား ရထား ၊ ခပ်အိုအို ရထား ၊ ရွက်ကြမ်းရေကျို ရထား၊ ဒီရထားဟာ ရာမရဲ့ပရိယေသနအတွက်သူ့ ခမျာအိုကြီးအိုမ ဖြစ်နေတာတောင်ဒီလမ်းကြောကြီးမှာ
မငြီးမငြူ ပြေးနေတဲ့ရထား ။ အဲဒီရထားဟာ ရာမရဲ့ ကျေးဇူးရှင်၊ ရာမရဲ့ အလုပ်ခွင် ၊ ရာမ ဘာမှ ဆင်ခြေတက်အပြစ်တင်စရာမရှိတဲ့ရထား။ ဒီရထားအကြောင်းကို ရာမကောင်းကောင်းသိပုံက ၊
ဒီလမ်းကြောအကြောင်းရာမ ကောင်းကောင်းသိပုံကပုဂံရာဇ၀င်ကိုတုတ်ထမ်းပြောမယ့်သူတွေနှံ့စပ်တယ်ဆိုတာ အပျော့ ၊ အလကား ၊ ဘာရုပ်မှမပေါက်၊ ချာတိတ်၊ အဲသလို ရထားနဲ့ရာမဟာ အမြွှာတွေလို ။
ဒီနေ့ရာမ ရဲ့ ကြက်သားကင်ဟာ ထင်သလောက် အရောင်းမသွက်၊ " ဘော်ဒါတွေ ၀မ်းကေ " ဆိုတဲ့ရာမရဲ့အသံလဲ အရင်လောက်အားမတက်၊ အဲသလို အခါများဆို ရာမ မျက်လုံးမှာ မျက်ရည်တွေ ၀ဲ တတ်၊စိတ်မှာမကြံတတ်မစည်တတ်နဲ့၊မကုန်တဲ့ကြက်သားကင် ခြင်းကလေးကို ဆွဲပြီးရထားပေါ်ကဆင်း၊ ခေါင်းငိုက်စိုက်နဲ့ ထွေးညိုကို ဘေးပေါက်က၀င်၊ တောအရက်ကလေးတခွက်လောက် အကြွေးသောက်ပြီး ညှိုးညှိုးငယ်ငယ်အိမ်ပြန်ရတတ်။ ဒါပေမယ့် ရာမဟာ ဘယ်အခါမှ သူ့ရဲ့ မအေးကို သက်ပြင်းနဲ့ မနမ်းခဲ့ဘူး။ သူ့ရဲ့ နှလုံးထဲက တင်းကြပ်ကြပ်စူးပြီးအောင့်နေတတ်တာတောင် သူဟာ မအေးမျက်လုံးလေးတွေကို မြတ်မြတ်နိုးနိုးစိုက်ကြည့်ပုံကနိဗ္ဗာန်ရဲ့
ဝင်ပေါက်ရှေ့ကိုရုတ်တရက်ရောက်သွားတဲ့သူတယောက်လို ။
ရာမဟာ ကြက်သားကင် ခြင်းကလေးထဲက အကျန်ကြက်သားကင်တွေကို တွေတွေ ငေးငေးငုံ့ကြည့်တယ်၊ ငုံ့ကြည့်ရှာပုံက ငရဲတွင်းအ၀ကတွန်းချမခံရခင် ငရဲသားတွေကို ကြောက်စိတ်အပြည့် နဲ့ ကြည့်ရှာသလို အကြည့်နဲ့။
အဲဒီအချိန်မှာ ငုံးဥပြုတ်သည်ကလေးဟာ ရှေ့ တွဲကနေ ရာမ ရှိနေတဲ့တွဲဆီ သူ့ ငုံးဥပြုတ်ထည့်တဲ့ခြင်းကလေးကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း အပြေးတ၀က် ရောက်လာတယ်။ " မီးရထားပုလိပ်နဲ့ လက်မှတ်စစ်တွေ " လို့ ရာမကို လဲ လှမ်းအော်ပြောတယ်။
ငုံးဥပြုတ်သည်လေးနောက်က မှီလာတဲ့ မီးရထားပုလိပ်ဟာ ငုံးဥပြုတ်သည်လေးရဲ့ လည်ကုတ်ကို ဖမ်းဆွဲတာ ရာမ မြင်လိုက်ချိန်မှာ ရာမရင်ထဲ ပထမဆုံး ရဟတ်စီးဖူးတုန်းက ဖြစ်သလို အေးကနဲ ၊ ဟာကနဲ
ဖြစ်သွားရှာတယ်။ ရာမ အဖမ်းခံလို့မဖြစ်ဘူးဆိုတာ ဘ၀တူ ဈေးသည်တွေအားလုံးသိသလို ရာမသိတယ်။ အရင်းလေးပြုတ်မယ်။ ဒဏ်ရိုက်ခံရမယ်။ အချုပ်ကျမယ်။ ရာမဘယ်လိုမှ ရင်မဆိုင်ရဲတဲ့ ဆုံးရှုံးမှု ။ ရာမရဲ့ မအေး နဲ့ သားလေးသုံးယောက်အတွက် ရာမ တယောက် နောက်လှည့်ပြီး သူ့ ကြက်သားကင်ခြင်းကလေးနဲ့ တဖက်တွဲကို ကူးအပြေး ရာမရင်ထဲမှာ ပူလောင်စူးအောင့်နေတယ်။ ရာမ ရင်ထဲမှာ တန်ခိုးရှင် တပါးပါး ၊ ဘယ်ဘာသာတရားက တန်ခိုးရှင်ဖြစ်ဖြစ် ဒါမှမဟုတ် ဘာ ဘာသာမှမရှိတဲ့ တန်ခိုးရှင်တပါးပါးကဖြစ်ဖြစ် ခုချိန်မှာ ရာမကို ကိုယ်ပျောက်သွားအောင် ချက်ခြင်းမန်းမှုတ်ပြီး ၀ှက်ပေးစေချင်တဲ့ ဆန္ဒတွေ နဲ့ တောင့်တမှုတွေနဲ့ ၊ ရထားဟာ လေကိုထိုးခွဲပြီး ရေကုန်ရေခမ်း ပြေးနေရပေမယ့် ရာမရဲ့ သောကကို စာနာရှာတယ်။ ဒါပေမယ့်ရထားဟာတန်ခိုးရှင်မှမဟုတ်တာ။
ရာမဟာ တတွဲကတတွဲကူးသွားရင်း ရှေ့ တွဲ ကိုမကူးခင် ရှေ့ တွဲက သူ့ ဆီ တူရှူ လျှောက်လာနေတဲ့လက်မှတ်စစ် တယောက်နဲ့  မီးရထားပုလိပ် ကိုမြင်ချိန်မှာ ရှေ့ နောက်ညှပ်ခံလိုက်ရပြီ ဆိုတဲ့အသိနဲ့ ရာမဟာမီးရထားခေါင်မိုးပေါ်ကိုသူ့ ခန္ဓာ ကိုယ်ကြီးနဲ့တက်ဖို့ကြိုးစားပုံက အာဖရိကန် ကန္တာရထဲက ခွေးအတွေ ၀ိုင်းအဆွဲခံရတဲ့ ကျွဲ တကောင်ရုန်းသလို ။
ကမ္ဘာမြေရဲ့ဆွဲအားဟာ ဒီညနေမှာ ရာမကိုမျက်နှာသာမပေးခဲ့ဘူး။ ရထားဟာ သားချင်းတယောက်ကိုကိုယ်တိုင်သုတ်သင်လိုက်ရတဲ့ အာဏာသားတယောက်ရဲ့ ၀မ်းနည်းမှုမျိုးတွေနဲ့ ၀ိုက်ဝိုက်ကွေးကွေး လမ်းကွေ့ ကလေးကနေ ရာမကိုတောင်လည်ပြန်မကြည့်နိုင်ခဲ့ရှာဘူး။ လယ်ကြွက်ကလေးတကောင်ဟာ ရထားလမ်းနဲ့မလှမ်းမကမ်းမှာလွင့်ကျနေတဲ့ ကြက်သားကင်ခြင်းကလေးဆီကို အပြေးရောက်လာချိန်မှာ
နောက်ဆုံးထွက်သက်နဲ့ ၊မျက်ရည်တွေရွှဲ သွေးတွေ ရွှဲနေတဲ့ ရာမဟာ မအေးရယ်...........လို့ မြည်ကြွေးတမ်းတရင်း ငြိမ်သက်သွားရှာတယ်။
ဒီညနေကစပြီး ထွေးညို ဆိုတဲ့တောအရက်ဆိုင်ကလေးရဲ့ ဘေးပေါက်က ဗိုက်ပူပူကုလားကြီးတစ်ယောက် ၀င်လာနိုင်တော့မှာမဟုတ်တော့ဘူး။ အင်မတန်ခမ်းနားတဲ့မေတ္တာတရားကိုကြိတ်အားကျမိတဲ့ခွေးပိန်မလေးနဲ့
မအေးလည်း မအေးရယ်...ချစ်လို့ ပါကွယ် ဆိုတဲ့ သီချင်းသံလေးကို ကြားရတော့မှာမဟုတ်တော့ဘူး။ ဘော်ဒါတွေ ၀မ်းကေဆိုတဲ့ သူ့ရဲ့ ကြက်သားကင်ရောင်းတဲ့အသံကိုလဲ
ဟောဒီလမ်းကြောပေါ်ကခရီးသည်တွေကြားရတော့မှာမဟုတ်တော့သလို။
ဒါပေမယ့် သီတာဒေ၀ီမဟုတ်တဲ့ မအေးခမျာ တန်းလျားစုတ်ကလေးရဲ့ ပြတင်းပေါက်ဘေးက မီးတိုင်ခွက်ကလေးနဲ့ အငယ်ဆုံးကလေးကို နို့ တိုက်ရင်းရာမအပြန်ကိုစောင့်မြဲ စောင့်နေဦးမှာ............။
ငြိမ်းဇေဦး

No comments:
Post a Comment