Wednesday, November 19, 2008

တထောက်စခန်း

ကိတ်မုန့်တစ်လုံး အစိတ်သုံးဆယ်
တခါမှ မ၀ယ်ဖူးခဲ့ ပေါင်
ဒီလိုပဲ မွေးနေ့တွေကို ငေါင်စင်းစင်းဖြတ်သန်းခဲ့တာ
သုံးဆယ်ကို ခြောက်မူးသားစွန်းခဲ့ပြီ....။
သိပ်ကျိန်းသေတာက
ဒီမောင့်မွေးနေ့ ဟာ ဘယ်အခါမှ
ထူးထူးရှယ်မဖြစ်ခဲ့ပါဘူး
ဒါပေ....ဆောင်တော်ကူးပန်းတွေတော့ပွင့်တတ်ကြတယ်
ဂေါ်သဇင်တွေလည်းပွင့်တတ်ကြတယ်
ခပ်စောစောဒီဇင်ဘာပန်းတွေတောင်မှ ဖွေးဖွေးဝေနေကြ
အဲဒီလို လှတတ်အေးမြ ....။

ဟက်ပီးဘတ်ဒေးသံတွေဖိုထိုးသလိုဆူညံရင်
ဒီမောင် ဟာ တီကောင်ဆားပက်သလို အနေခက်လှ
ဒါပေ...တခါဖူးမျှမရခဲ့ပေါင်..
သို့သော်ငြား ကိုယ့်များရည်းစားစကားပြောမလားဆိုပြီး
ကြိတ်ကျိန်းသေနေတဲ့အပျိုကြီးလိုလည်း
ရင်ဖိုရင်း ဟန်ဆောင်ငြင်းပြချင်စိတ်ကလည်းရှိ
အထီးကျန်မှုအသားသေနေတဲ့ ဘ၀အခြေအနေကလည်းရှိဆိုတော့လည်း
ဒီလိုပဲ မရဲတရဲ ကိုယ့်ဟာကိုယ် ငြင်းခဲ့ရ မကြိုက်ခဲ့ရတော့တာပေါ့
ဒါနဲ့ ပဲ ကိတ် မုန့်တွေပေနေတဲ့ဖယောင်းတိုင်မီးသေနံ့တွေ
ငါ့မွေးနေ့တိုင်းဆန့် ဆန့် ကြီးသေတော့တာပေါ့
တကယ်တော့ မွေးကိုမမွေးခဲ့ကြပေပဲကိုး ...။

ဒီမောင်ဟာ သုံးဆယ့်ခြောက်ချောင်းသော ဖယောင်းတိုင်တွေ
မှုတ်ဖို့အသာထား ပါးစပ်ကြွက်သားတွေ လေဖြတ်သလို
နေတတ်နေတာလည်းကြာပါပြီ
နို့ ထူးမှ ထူးပဲကိုး.............။

အသက်အရွယ်ကရလာတော့
ကျွဲတွေအပါး ဖ၀ါးမချအောင်လည်း ရှောင်တတ်လာပြီ
စောင်းသီချင်းထက် ပြောင်းတခင်းက
ဘ၀အာမခံချက်ရှိကြောင်းလည်း နားလည်လာပြီ

ဒီလိုနားလည်လာမှုတွေကို
စုစည်းရင်း ဦးနှောက်ဟာလည်း
အမှိုက်ခြင်းဖြစ်လာခဲ့ပြီ
တိုက်ချင်းပစ်ဒုံးကျည်တွေလို မပစ်လိုက်ရတဲ့မာနတွေနဲ့လည်း
အထာကျခဲ့တာ ....
ခုဆို ရှိုပင်တောင်ငိုချင်သွားမယ်
အဲဒီကိစ္စတွေကို စပ်ဆိုရရင်ဖြင့်....။

အချစ်ရေ စစ်တွေကိုမလိုလားတော့ဘူး
ဆောင်းဦးမြစ်ရေလို ညင်ညင်သာသာစီးဆင်း
မီးပြင်းကိုင် နာအောင်ထောင်းတဲ့ ဓါးကောင်းတစ်လက်လိုပဲ
ဓါးအိမ်ထဲမှာ မလှုပ်တန်း ပျင်းတိပျင်းတွဲ အသည်းမာမှုတွေနဲ့
ဒီအဖြစ်ကို အစမဆွဲပါနဲ့တော့ တညထဲနဲ့လည်း
ကြယ်ကြွေမကောက်နိုင်တော့ပါဘူး
ငြီးလို့ကောင်းတုန်း
ဝုန်းဆို......
မြင့်ဇေဆုံးပြီတဲ့..........
ကဲ....ကွေးသောလက် မဆန့် ခင် ကိစ္စတွေပေါ့........။

ငြိမ်းဇေဦး

အသက်သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့  အမှတ်တရ ရေးစပ်ပါသည်။
မပျော်ပါ၊ မပျော်ခြင်းသည် မထူးဆန်းတော့ပါ၊ ၀မ်းနည်း နေခြင်း ထိပ်တုံးခတ်ခံလိုက်ရသည် သာလျှင်
ပိုပေ၏..............။
ဂုရုကောင်းရာသုဂတိ လားပါစေ
ပြုပြုသမျှ ငါ၏ ရှားပါး နုံနဲ့သော်လည်း စေတနာမှန်သောကောင်းမှုအားလုံးအား အမျှပေးဝေပါ၏ ။
အမျှ....အမျှ...အမျှ...
အမျှ...အမျှ....အမျှ..
အမျှ...အမျှ...အမျှ..ယူစမ်းပါ သူငယ်ချင်း............။

ငြိမ်းဇေဦး ကောက်ကြောင်း

ကျစ်လစ်သန်မာတဲ့..ရေခံမြေခံနဲ့
ခံ့ခံ့ငြားငြားဖွံ့ထွားခဲ့တဲ့..သစ်ပင်တစ်ပင်ပေါ့...
တောစိတ်ဝင်သွားစေနိုင်တဲ့
ဥတုရာသီ..အရိုင်းအစိုင်းက
သူ့ရှင်သန်ရာတွေကို..
ကြမ်းတမ်း..ခက်လျော်စေခဲ့တယ်..။

မာကျောချွန်မြတဲ့..
ဆူးသားလက်နက်တွေအပြည့်
ထိတွေ့ကိုင်တွယ်ဖို့တောင်..
အခက်တွေ့ရလောက်အောင်..
အသွင်အပြင်ရမ်းရမ်း..
သူ့ဘ၀သူ...
ခပ်..ဆန်းဆန်း..သိမ်းထုတ်လို့..

ဒီ့ထက်..လှပစရာမရှိတော့တဲ့..ပန်းချီကားချပ်လို..
ဒီ့ထက်နာပျော်ဖွယ်ရာမရှိတဲ့..ဂီတသံစဉ်လို...
ဒီ့ထက်နက်ရှိုင်းစရာ..မရှိတော့တဲ့..ကဗျာ..စာသားတွေလို
့သူ့အတွင်းသား..စိတ်သဏ္ဍန်မှာ..
မှော်.အတိပြီးထားတဲ့..အနုရသတွေညက်ညော
သူ..့ဘ၀..သူ့..အမောကို.
သူ့..ရနံ့နဲ့..သူ..မျှောမျှော..ချနေရ..။

သူ...လား....
ဒူးရင်းသီးလိုလူစားပေါ့....

တစ်ချို့က..အနံ့ကို..ကြောက်လို့...ရှောင်ရှားကြချိန်မှာ...
တစ်ချို့က..ဈေးကြီးပေးပြီး..၀ယ်စားနေကြရဲ့..။ ။

အိန္ဒြာ(၂၀.၁၁.၂၀၀၈)

အရင်လိုပဲ မထူးဆန်းတဲ့  နေ့ တစ်နေ့လို ဖြတ်သန်းရတဲ့မွေးနေ့တိုင်းထက် ပိုဝမ်းနည်းစရာကောင်းစေတဲ့မွေးနေ့ပါပဲ။ဒါနဲ့ ညီမလေး အိန္ဒြာက မွေးနေ့လက်ဆောင်သူရေးထားတဲ့ ကဗျာလေးကို လှမ်းပို့ လို့ ယူလိုက်ချိန်မှာပဲ အခြားအမတယောက်ကကျနော့်သက်တူရွယ်တူ သူငယ်ချင်းတယောက်ဆုံးသွားပြီလို့ ပြောလာတယ်။အင်း...ကျနော်တို့ကတော့ရှင်သန်နေကြဆဲပေါ့ အသက်ရှူနေသမျှ...လူ့ဂုဏ်သိက္ခာအပြည့်နဲ့ တိုင်းပြည်မှာ လူလိုရှင်သန်ချင်သေးတယ်ဗျာ။

ဂုရုရေ.................

ငါသေရင် ကဗျာတွေရေးမတဲ့
မင်းသွားခဲ့ပြီ

ငြိမ်းဇေဦး

လတ်လတ်ဆတ်ဆတ်ကြီး ကွယ်လွန်သွားသောသူငယ်ချင်းသို့