Tuesday, March 11, 2008

အလဲထိုး


အလဲထိုး

ပက်ပက်စက်စက်လွမ်းတတ်တယ်
ဖောခြင်းသောခြင်းပြုံးပြတတ်တယ်
ပိုးစက်ပက်စက်ရယ်တတ်တယ်
နင့်နင့်သည်းသည်း ချစ်တတ်တယ်
ကြာတော့….
ဖုတ်ဖက်ခါ ပစ်သွားတတ်တယ်လို့
ထင်မယ်ဆို ထင်စရာပေါ့………။

တိတိကျကျ ပြောရရင်
ငါ့ရင်ခွင်ဟာ ပြိုကျနေတဲ့ ရေတံခွန်ပါ
ဒဏ်ရာတွေနဲ့ ………။

တခုတော့ နားလည်ပါ
သိပ်တန်ဘိုးထားတတ်လာတဲ့အခါ
ဘာမှ မရချင်တော့ဘူး…
ဖူးဖူးမှုတ်ထားချင်တာကလွဲလို့…။

ဟန်နီရေ..
မင်းဟာ ဂွမ်းကလေးလို နူးညံ့ …
ဂွမ်းကလေးလို ဖြူစင်တယ်…
ငါ့ ဒဏ်ရာဟောင်းကြီးကို သန့်စင်ဖို့
မင်းဖြူစင်မှုကို စတေးပစ်ဖို့ဆိုတာ
ငါ့အတ္တကခွင့်မပြုပါဘူးကွယ်..
ဒီလိုနဲ့ ဖိုင်နယ်ပွဲတိုင်း နောက်ကောက်ကျခဲ့…။

ငြိမ်းဇေဦး



ညစာ……..


ညစာ……..

ညဟာ ပုရစ်တွေကို ဆူပူသောင်းကျန်းခွင့်ပေးထားတယ်…။ မိုးရေစက်တွေ ခိုတွဲနေတဲ့ သရက်ပင်စိမ်းမှောင်ထွားထွားကြီးဟာ
ဝါကျင့်ကျင့်ဓါတ်မီးတိုင်ကို တခါတခါမှာ မထိတထိ ရိုက်ပုတ်ကျီစယ်တယ် ၊ အဲဒီအခါ အရိပ်မဲကြီးတွေ ဟာ အလိုလိုမှ မှောင်ရတဲ့လမ်းမစိုရွှဲရွှဲကြီးပေါ်ကို ဖရိုဖရဲ လဲလဲကျလာတယ် ဘယ်သူကမှ ကောက် မထူခဲ့ဘူး…။

ကြေးစည်သံကြားရပြီ...။
ဒါဆို ကိုးနာရီ…။
ဓါတ်မီးတိုင်နားကပ်လျှက်အိမ်က မုဆိုးမအဘွားကြီး ဘုရားရှိခိုးပြီးခဲ့ပြီ..။

ညဟာ ပိုနက်လာခဲ့ပြီ…။
လမ်းမပေါ်မှာ စက်ဘီးတစီးစနှစ်စီးစ ဖြတ်သွားကြတဲ့အသံကလွဲလို့အားလုံး တိတ်ဆိတ်စပြုနေပြီ…ပုရစ်တွေကတော့ အချစ်သီချင်းတွေများဆိုနေသလား….ညကို ပြိုကျအောင်များတောင်းဆိုနေသလား..
နွမ်းပါးတဲ့မိသားစုလေးအတွက် ညစာဖြစ်ခွင့်ကို ဇီဝိတဒါနပြုနေတာလား….သိပ်တော့မသေချာပါဘူး..။

ဓါတ်မီးတိုင်အောက်မှာ ကလေးလေးတစ်ယောက်ကတော့ ပုရစ်တွေကို
သူ့ ညီမလေး ပိန်သေးသေးလေးနဲ့လိုက်ဖမ်းနေရဲ့….။
ပုရစ်တွေဟာ အမြင့်ခုန်ပြိုင်ပွဲကိုဝင်ဖူးချင်မှဝင်ဖူးမယ် ဒါတွေလဲ ကလေးလေးအတွက်အရေးမကြီးဘူး…။ ကလေးဟာ ပုရစ်တွေကို သူခိုးချောင်းချောင်းတယ်။
မိုးအေးအေးမှာ ဖိနပ်မပါတဲ့သူ့ ခြေဖျားလေးတွေကိုထောက်.. လက်ကလေးနှစ်ဖက်ကို အသေအချာသူ့ မျက်လုံးတွေရှေ့ မှာ အတိအကျ ထားပြီး အင်မတန်တိကျတဲ့ လေးသမားတစ်ယောက် လေးညှို့ကမြှားလွှတ်သလို အခုန် အပျံ အရှောင်အတိမ်းကောင်းလှတဲ့ပုရစ်တွေကို တကောင်ချင်း
သူ့ လက်နှစ်ဖက်နဲ့ဖိဖိဖမ်းတယ် ။

ပုရစ်ရဲ့ ချွန်မြတဲ့ ပေါင်တံစူးသွားလေးတွေဟာ ကလေးရဲ့ လက်ဖ၀ါးပေပေကျံကျံ မဲညစ်ညစ်လေးကို နစ်ကနဲ စူးကနဲ ထိုးနစ်ရင်း လွတ်မြောက်ရေးအတွက် အစွမ်းကုန်တိုက်ပွဲဝင်တယ် ..။
အဲသလိုနဲ့ပုရစ်အကောင်ပေါင်းများစွာဟာ သူ့ လွယ်အိတ်စုတ်ကလေးထဲက ပလပ်စတစ်အိပ်ကလေးထဲမှာ မသေမရှင်နဲ့ ငြိမ်သက်ခဲ့ကြပြီ။
သူ့ ညီမလေးပိန်သေးသေးလေးကတော့ ဘေးနားမှာ ငုတ်တုတ်ကလေး…
သူ့ ဒူးခေါင်းသေးသေးလေးတွေပေါ်လက်ဖျံသေးသေးလေးတွေတင်လို့  မထပဲ ငုတ်တုတ်လေးရွှေ့ နေတယ်.. သူ့အကို မှောင်မဲမဲ လမ်းမီးတိုင်အောက်မှာ ပုရစ်တကောင်ဖမ်းမိတိုင်း အကြီးကြီးပဲနော် ဆိုတဲ့စကားကလေးကိုပဲ မျှော်လင့်ချက်နဲ့ မှတ်ချက်ကလေးချပေးရင်း သူ့ အကိုဖမ်းတဲ့ပုရစ်လေးတွေဟာ သူတို့မိသားစုလေးအတွက်ညစာဆိုတဲ့အသိနဲ့…….။



ခပ်ဝေးဝေးဈေးဖက်က တဖြေးဖြေးတရွေ့ရွေ့ မီးအိမ်လေးနဲ့ မြေပဲလှော် ပူပူလေး လို့ ဆွဲဆွဲငင်ငင်
အော်ရင်း ပြန်လာတဲ့မြေပဲလှော်သည်ဟာ
ဒီရပ်ကွက်ကလေးကိုဖြတ်ပြီးရင် သူ့ အိမ်သူပြန်ရောက်တော့မယ်
သူ့ ကလေးနှစ်ယောက်နဲ့ ညဖက် ဘူတာမှာ ကုန်ထမ်းတဲ့လင်အတွက်ဝယ်လာတဲ့ဆန်နို့ဆီဗူးနှစ်လုံးဟာ
သူ့ မြေပဲလှော်ဘန်းကလေးပေါ်မှာကြွတ်ကြွတ်အိတ်အနွမ်းလေးနဲ့ထုတ်လို့….။

ကျယ်လောင်စူးရှတဲ့ ငိုသံလေးဟာ အော်နေတဲ့ပုရစ်သံတွေအားလုံးကို ကျော်ဖြတ်သွားတယ်..။
ကလေးမလေးဟာ စိုရွှဲနေတဲ့ မြေပြင်ပေါ်မှာ မီးတိုင်ရဲ့ဝါကျင့်ကျင့်အလင်းနဲ့ ခွေခေါက်လွန့် လူးနေရှာပြီ….။
မြက်တောထဲကို မြွေတကောင်ဟာလျှောကနဲ ကသုတ်ကရက်ဆင်းသွားလိုက်တာကို ကောင်လေးဟာ သူ့ညီမလေး သေးသေးလေးကို ပွေ့ ထူနေရင်းမြင်လိုက်တယ်….၊
ကောင်လေးဟာ ပတ်ဝန်းကျင်အိမ်တွေက လူတွေကြားအောင် အော်ဟစ်အကူအညီတောင်းရှာတယ်…။

မြေပဲလှော်သည်ဟာ ရှေ့ခပ်လှမ်းလှမ်းက ငိုသံလေးနဲ့ အော်ဟစ်အကူအညီတောင်းသံလေးကို ဘ၀နဲ့ရင်းပြီးမှတ်မိတာပေါ့..။
သူ့မြေပဲလှော်ဘန်းကလေးကို ခေါင်းပေါ်ကချ…။ လက်ကမီးအိမ်လေးကိုချရင်း သူ့သားသမီးလေးတွေရှိရာအပြေးလာရှာတယ်
ဖိနပ်မပါတဲ့သူ့ခြေထောက်ဟာ ခဲစ ခဲန တွေနဲ့ ကြမ်းတမ်းစိုစွတ်နေတဲ့လမ်းပေါ်မှာ ဘာကိုမှမမှုပဲပြေးနေရှာတယ်…။

အနီးအနားအိမ်တွေက လူတွေထွက်လာကြပြီး ကလေးမလေးကို ဆေးရုံပို့ဖို့ ဆိုက်ကားဂိတ်ကို တောင် လူတစ်ယောက်စက်ဘီးနဲ့ ဒရကြမ်းနင်းသွားခဲ့ပြီ…။

ကလေးမလေးဟာ မျက်ဖြူလေးလန်လို့ အော်သံလေးတဖြေးဖြေး တိတ်ဆိတ်စပြုလာပြီ……။
မြေပဲလှော်သည်ဟာ သူ့ သမီးလေးကိုရင်ခွင်ထဲထည့်ရင်း ပေကျံညစ်ပေနေတဲ့
ခြေထောက်ကလေးကို သူ့ ထမိန်စနဲ့ သုတ်ပေးရင်း ဒဏ်ရာကိုပါးစပ်နဲ့ ကုန်းစုတ်နေရှာတယ်….။

ဗိုက်ဟောင်းလောင်း ကောင်လေးဟာ မျက်ရည်တွေနဲ့ သူ့ညီမလေးကိုကြည့်ရင်း…
သူ့ဘေးနားမှာ ခုန်လာတဲ့ အဆီပြည့်ပြည့် ၀၀ဖောင်းဖောင်း ပုရစ်ကလေးတကောင်ကို ရုတ်တရက်မြင်လိုက်ပေမယ့်
မဖမ်းတော့ဘူး…………..။

ဆယ်နာရီသံချောင်းခေါက်သံဟာ ခပ်ဝေးဝေးက သံရှည်ဆွဲလာလို့…ညဟာ ညစာမဲ့သူတွေကို စားသုံးသွားခဲ့ပြီ ။


ငြိမ်းဇေဦး

ဆာကေးတခွက်..


ဆာကေးတခွက်..


ကသောကမြော အမောဖောက်
ရှင်ဂျုကုမှာ တနေ့ လူနှစ်သန်းဖြတ်လျှောက်
ငါလွမ်းတာ တယောက်မှ မပါ...........။

တိုကျိုညတွေရေ
လူသေထည့်တဲ့အခေါင်းထက် မဆိုစလောက်ကြီးတဲ့
အပေါစားဟိုတယ်တွေနဲ့ ငါ့ကို ဧည့်မခံနဲ့...။

ဆံပင်ပန်းရောင်နဲ့ ကောင်မလေးတွေ
ဟယ်လိုကစ်တီနှုတ်ခမ်းနဲ့
လမ်းသလား..
ငါကတော့ကမ်းနားမှာ
အီဒိုယဉ်ကျေးမှုကိုထိုင်မျှား.........။

ငါပေါ့.........
သမ်းဝေပြီးတော့ မအိပ်ချင်တာ...
စိတ်အထင်မှာ နင်ဂျာတယောက်လို...။

ငါမြင်ချင်တဲ့
ဇာတိုအိချိရဲ့ ဂျပန်ဟာ
ဆာမူရိုင်းယဉ်ကျေးမှုကိုထားခဲ့လိုက်ပြီ...။

ကီမိုနိုနဲ့ ချည်တုတ်ထားတဲ့
ဂေရှား....
ကြွေသားမျက်နှာနဲ့
အသာလေး ဆာကေးထည့်
သူခပ်တဲ့ယပ်တောင်
ငါ့ရင်မှာဆေးမှင်ကြောင်ဖြစ်...။

တကယ်တော့ ဂျပန်ဟာ
ပချင်ကို ကစားပွဲတွေနဲ့
ရှင်သန်ခဲ့တာတော့မဟုတ်ဘူး
အနုမြူဗုံးနှစ်လုံးဒဏ်နဲ့
နို့ကင်ဆာဖြစ်ခဲ့တဲ့ကျွန်းကြီးလေ
ဒဏ်ရာ တွေနဲ့  လင်းလက်တတ်..........။

ငြိမ်းဇေဦး