Tuesday, April 29, 2008

ကြယ်ရောင်မိုးဖွဲ

ကြယ်ရောင်မိုးဖွဲ

အချစ်လေးရယ်
ဒီည ငါကြယ်တွေကို ထိုင်ကြည့်မိတယ်
သိလား....။

အတောက်ပဆုံးကြယ်လေးတွေကို
မှောင်ထဲမှာ ငါပြုံးကြည့်မိတယ်
ကြယ်လေးတွေ တဖျတ်ဖျတ်လက်တိုင်း
ငါရင်ခုန်မိတယ် သိလား...။

ငါ့ရင်ထဲမှာ နင်ပါပြုံးနေတယ်
ပြီးတော့ ရုတ်တရက် ကိုကို့ ကိုမုန်းတယ်တဲ့.....
ဗြုန်းဆိုမိုးတွေရွာချ.......။



ငြိမ်းဇေဦး


Sunday, April 27, 2008

“မာရဿယောဇိနော”




“မာရဿယောဇိနော”


မစားနဲ့
စားသော်လည်း အရသာမခံနဲ့ …။

ငါဆုတောင်းတိုင်း
ဘုရားသခင် ဘကေးရှင်းယူနေကျ….။

ငါ့ဆန္ဒတွေ ဖိုင်တွဲ လို့
ငရဲနဲ့ ပဲအပေးအယူလုပ်တော့မယ်…။

ပန်းသီးတကိုက်ကိုဝါး
အရသာခံ
မြိုချ
ချိုမြလှပေါ့…။

ငြိမ်းဇေဦး


Friday, April 25, 2008

Divine illumination


Divine illumination by Nyein Zay Oo (Oil)

ငယ်ငယ် (နှစ်)




ငယ်ငယ် (နှစ်)


မှောင်စပြုပြီ။ ကျနော့်မျက်လုံးများ ညောင်းချိကာ မျက်ရိုးများကိုက်မတတ်။
ကျနော် မနက်အိပ်ယာနိုးကတည်းက ကော်ဖီတခွက်ထဖျော်၏ ။ ကျနော့် အိမ် ဧည့်ခန်းလေး စားပွဲပေါ်တွင် ကြီးထွားခြင်းများသင်းသတ်ခံလိုက်ရပြီးဖြစ်သည့် ဘွန်ဆိုင်း သစ်ပင်လေး တပင် က စဥ့် အိုး လေး ထဲမှာ ၊ ဘေးချင်းကပ်လျှက် အုတ်နီရောင် အိုးလေးထဲက ဂမုန်းပင်ကတော့ ၀င့်ဝင့်ထည်ထည် ထွားထွားကြိုင်းကြိုင်း….၊ကော်ဖီခွက်ကို ကိုင်ရင်း ကျနော့် အာရုံတို့သည်
ဘွန်ဆိုင်းပင်လေးအဖြစ် သင်းသတ်ခံလိုက်ရသော မျှော်လင့်ချက်တို့ဖြင့်….
ဘာပဲဖြစ်ဖြစ် ငယ်ငယ့်ကိုတော့ ဂမုန်းပင်လေးလို ရှင်သန်အောင်မြင်လန်းဆန်းစေချင်မြဲ။

ကျနော် ကော်ဖီတခွက် ကုန်သွားသည်အထိ ထိုင်သောက်နေဖြစ်လိုက်သည်ကို ကျနော်ကိုယ်တိုင် သတိမထားမိလိုက်…။ ကျနော့်ကို ငယ်ငယ် ကော်ဖီဖျော်ပေးနေကြ။
ပြီးတော့ ကျနော် ကော်ဖီသောက်နေလျှင် ဘုရားဆွမ်းတော်ကပ် ဘုရားပန်းလဲ ပရိတ်တရားတော်များ ရွတ်ဖတ်ကာ ၀တ်ပြုနေကြ။
ခုတော့ ကျနော့်တစ်ယောက်ထဲ…………….။

ကျနော် ကော်ဖီခွက်ကလေးကို မီးဖို မှ လက်ဆေးကန်လေးထဲ တွင်ထည့်လိုက်၏။ ပြီးတော့ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ဖြေးဖြေးလေးလေး မီးညှိလိုက်၏ ၊ ပြီးတော့ ကျနော့် မျက်လုံးများက အပြင်ဖက် တွင် ပုရစ်ဖူးတို့ နုသစ် စိမ်းလန်းစပြုနေကြသော သစ်ပင်မြင့်ကြီးများအား ပြတင်းပေါက်မှ ဖြတ်ကျော်ကာ ငေးငေး ဝေေ၀ ကြည့်နေမိ၏ ။
ကျနော့်မျက်လုံးထဲတွင် သစ်ပင်ထိပ်ဖျားတွင် ပြေးတန်းလိုက်တန်းကစားနေကြသော ရှည့်ကလေးများအား လှုပ်ရှားမှုလေးများအဖြစ်သာ ၀ိုးတ၀ါးမြင်လျှက် ကြည်စင် ပြာလွင်သောကောင်းကင်နောက်ခံများကြားသို့  ရှာဖွေစူးစိုက်သောမျက်လုံးများဖြင့် ကျနော် မြင်နေကြ … ကျနော် နမ်းနေကြ…. ကျနော် သိပ်ချစ်ရသော ကျနော့်အသက်အမျှ မြတ်နိုးရသော ငယ်ငယ်၏ မျက်နှာနုနုလေးအား လိုက်လံရှာဖွေ မိနေမှန်းမသိ ရှာဖွေမိနေ၏။

ကျနော့် နားထဲတွင် တော့ “ ကိုကိုရယ် အဲဒါတွေကြောင့်ပြောရတာ စည်းကမ်းကိုမရှိဘူး ကလေးကျနေတာပဲ အစစ အရာရာလိုက်လုပ်ပေးနေရတယ် ” ဟူသော ကျနော်မြတ်နိုး သည့် ကျနော့် ငယ်ငယ် ၏ အသံလေးအား အလိုလို ကြားယောင်မိလာတော့၏။

တကယ်တော့ …. ကျနော့် အသိနှင့်မှတ်ဥာဏ်များက ကျနော့် ပစ္စုပ္ပာန် ကို လက်မခံပါ ။ အတိတ်၏ မြတ်နိုး ကြည်နူးဖွယ် အဖြစ်အပျက် ကလေးများ အသံလေးများ အယုအယလေးများ နှစ်ကိုယ်တူ ချစ်ခဲ့သမျှ အား အပြန်ပြန်အထပ်ထပ် ကျနော့်စိတ်အာရုံတွင် တမ်းတခြင်းဖြင့် ကျနော့်ကိုယ် ကျနော် ကျနော့် အသိအာရုံ၏ အနက်ရှိုင်းဆုံး အလွှာပါးတခု အား ဖျက်သိမ်း ဆုတ်ဖြဲလျှက် ...။
ချစ်သူနှင့်အတူရှိခဲ့ဖူးသော အတိတ်၏ ကာလအပိုင်းအခြားတွင်သာ ပကတိ ဖြစ်စဉ်တို့ အားငြင်းဆန်လျှက် ရှိနေချင်မိတော့သည်မှာ ထပျံသွားသော အ၀ါရောင် ငှက်ကလေး ၏ တောင်ပံခတ်သံများကဲ့သို့ ပြင်းထန် လှတော့၏ …. ။

အမှန်တော့ အ၀ါရောင်ငှက်ကလေးရဲ့ တောင်ပံခတ်သံတို့ ထာဝရ ဆိတ်သုန်းချိန်သည် ငှက်ကလေးသေဆုံးချိန်တွင် သာ ဖြစ်ပေတော့မည် ဆိုသည့်အမှန်တရားကို ကုန်သွားသော ကော်ဖီခွက်အား လက်ဆေးကန်ကလေးထဲ ဖြေးညှင်းစွာထည့်လိုက်ချိန်တွင် ကျနော် မတွေးပဲ အမှတ်မဲ့
သိလိုက်သောအသိဖြင့်………………။
ငယ်ငယ့်ကို လွမ်းသည်………………..။




ဆက်ရန်

ငြိမ်းဇေဦး






Thursday, April 24, 2008

ဇီဝိတဒါန




ဇီဝိတဒါန


လွတ်သောငါး ကြီးတယ်မရှိ

ဘေးမဲ့ပေးခဲ့၏....။






ငြိမ်းဇေဦး

ပေါက်ဖော်




“ပေါက်ဖော်”

အသည်းကို ထုတ်
ဝဲလို ကုတ်
အချစ်ဒုက္ခ ကုမရ…။


ငြိမ်းဇေဦး


သင်္ကြန်သူအလွမ်း (တစ်)


သင်္ကြန်သူအလွမ်း (တစ်)

သင်္ကြန်သူရယ်..
ရန်သူတဲ့လား….။

ပုံရိပ်တွေ မှုန်ဝါး
ဝေးသွားခဲ့ရင်
မေ့နိုင်မယ် ထင်သတဲ့လား… ။

စကားသံချို ညနေညိုမှာ
နှစ်ကိုယ်တူအိပ်မက်
အခွဲခက်သတဲ့…..
ခွဲရက်တဲ့နှုတ်ခမ်းက အနမ်းတွေနဲ့ပြောခဲ့ပြန်….။

ဂစ်တာသံတွေမှာ
အိပ်ယာဝင်ပုံပြင်တပုဒ်နဲ့
မျက်လုံးလေးပုတ်ခတ်
နားထောင်တတ်တဲ့သူ….။


ငါ့အပူမှန်သမျှ ချိုမြအေးစကားသံနဲ့
အမှားအမှန်ခွဲခြား
ဘေးနားမခွာ မေတ္တာနဲ့ မျှယူ
ကူတတ်သူရယ်…. ။


တကယ်ခွဲရမယ်ဆိုရင်
အသည်းတစမလိုချင်လို့ မင်းမတောင်းရင်တောင်
အမြဲမဟောင်းတဲ့ အချစ်စိတ်နဲ့
တိတ်တိတ်ကလေးထားခဲ့ပါတယ်
အိပ်မယ်ဆို မျက်လုံးမှိတ် ငါ့အရိပ်ကိုမင်းတွေ့တဲ့အခါ
နာကျင်ကြေကွဲ အဲဒီ အသည်းဟာ
မင်းအိပ်ယာညာဘက် ခေါင်းအုံးထက်မှာပေါ့….။

ငြိမ်းဇေဦး


စစ် စစ်

“စစ် စစ် ”
အချစ်
စစ်တယ်
မီးတောက် ....
ကောက်မျိုကြည့် ....။

“ကြီးချစ်”

“ကြီးချစ်”

ကြီးမှချစ်
မီးစအစစ်
မှောင်မဲညထဲအဖော်ဖြစ်...။

ငြိမ်းဇေဦး

(ရင်ဝထိုးသွားမှာလဲလန့် တော့လန့် ရတယ် )

Wednesday, April 23, 2008

“ငယ်ချစ်ဦး”

“ငယ်ချစ်ဦး”

ချစ်သူမျက်နှာ
ညမှာလမင်း
လေပြေညှင်း .........။


ငြိမ်းဇေဦး

“ မြို့ အပြန် မျိုးစေ့”

“ မြို့ အပြန် မျိုးစေ့”

တောပြန်ကြဲဖို့
လောကဓံပဲကျန်တော့တယ်..။

ငြိမ်းဇေဦး



Tuesday, April 22, 2008

ငါ့ချစ်သူပြန်ပေး

ငါ့ချစ်သူပြန်ပေး

မအောင်မြင်တဲ့စမ်းသပ်မှုတခုလို
ကျောခိုင်းသွားပါ.....
ဓါတ်ခွဲခန်းထဲက မီးသင့်ဖန်ပြွန်တွေလိုပဲ
ငါကတော့မငြိုငြင်ပါဘူး ...။

ကမ္ဘာကြီးလည်ပတ်ဖို့
အတွင်းလှိုက်လောင်မြိုက်ဖို့လိုအပ်တယ်လေ...။

ကမ္ဘာကြီးရယ် ချစ်သူတည်ရှိဖို့ အတွက်
ငါ့ရင်ဘတ်နဲ့လည်ပတ်မယ်ဆိုလဲ
ကျေကျေနပ်နပ် ကျွမ်းလောင်မယ့်သူပါ..။

ခုတော့ ရင်ဘတ်ကြီး ဟဟပြီး
ညည အော်ဟစ်တတ်ခဲ့ပြီ
“ငါ့ချစ်သူ ပြန်ပေး.....................”
ပူနွေးမှုတွေနဲ့ မျက်နှာသစ်ဖြစ်ခဲ့....။

ငြိမ်းဇေဦး


ငယ်ငယ်.....

ငယ်ငယ် (သို့) မပြောဖြစ်တဲ့အသံတွေရဲ့ ပဲ့တင်လှိုင်းများ ...(အခန်းဆက်ဝတ္ထုရှည်)

ကျနော် မနက်ခင်းတွေမှာ မနိုးနိုင်ခဲ့သည်မှာ တော်တော်တော့ကြာခဲ့ပြီ…. ညတွေ အိပ်မရခဲ့…။
ကျနော့်အိပ်ယာခင်းလေးကို လဲသင့်နေပြီ…သို့သော်ကျနော်မလဲခဲ့…။
ခေါင်းအုံးလေးတစ်လုံးကို ကျနော် ပြန်သိမ်းထားသင့်ခဲ့သည်… သို့သော် ကျနော်သိမ်းမထားခဲ့…။

ဖြူလွလွ ကိုယ်သုတ် သဘက်လေးတစ်ထည်ကို ကျနော်တသက်လုံးသုံးမည်မဟုတ်သလို လျှော်ဖွတ်မည်လည်းမဟုတ် ကျနော်ရုတ်တရက်သေရမည်ဆိုခဲ့လျှင်လည်း ကျနော့်သေဆုံးမှုကို ကျနော်
ပြင်ဆင်နိုင်စွမ်းရှိခဲ့ပါလျှင် ခေါင်းအုံးလေးကိုရင်ဘတ်ပေါ်တင်လျှက် သဘက်ဖြူလေးလွှမ်းပြီး မလဲဖြစ်သော အိပ်ယာခင်းလေးဖြင့်ကျနော့်အလောင်းကို ပတ်ကာ မီးရှို့ သဂြိ င်္ုလ်ခွင့်အတွက် ကျနော်ပြင်ဆင်ခဲ့ပါလိမ့်မည်….။

ကျနော်ကသူ့ကို ငယ်ငယ်ဟုခေါ်သည်…။
သူက ကျနော့်ကို ကိုကို.. ဟု ခေါ်သည်…။
ကျနော်ကသူ့ကို ချစ်သူလိုချစ်သည်…။
ကျနော်ကသူ့ကို သူငယ်ချင်းလိုချစ်သည်… ။
ကျနော်ကသူ့ကို ညီမလေးလိုချစ်သည်..။
ကျနော်ကသူ့ကိုလက်တွဲဖော်လိုချစ်သည်… ။
အရာရာသော လောကဓံ အခက်အခဲ တိုက်ပွဲများကိုရင်ဆိုင်ရမည်ဆိုလျှင် ကျောခြင်းကပ်ယုံကြည်မှုမျိုးဖြင့် ချစ် မြတ်နိုး သည်…။

ကျနော်က ဆံပင်ရှည်ရှည် ဖြစ်ကတတ်ဆန်း ဖရိုဖရဲ နုံချာချာ ကပိုကရို ရှင်သန်သည့် လူတယောက်ဖြစ်သည်။
သူက သန့်ရှင်းမွှေးပျံ့သပ်ယပ်လှပချောမော စည်းစနစ်ကျလွန်းသည့်မိန်းကလေးတယောက်ဖြစ်သည်..။
ကျနော်သူ့အကြောင်းလေးများတွေးတိုင်း လူပျိုပေါက်ကလေးတယောက်လို ရင်ခုန်၏ တပြိုင်နက်ထဲလည်း
သူ့မျက်နှာနုနုလေးသည် ကျနော့်အာရုံတွင် ဆေးမှင်ရည်စုတ်ထိုး ထားသကဲ့သို့ ထင်းထင်း ထင်ရှားစိုးမိုးမြဲဖြစ်၏။
ဆေးမှင်ရည်စုတ်ထိုး ထားသည်နှင့်ကွဲပြားသည့်အချက် ကတော့ ငယ်ငယ့် တက်ကြွ ဖျတ်လတ် ယုံကြည် အားပါ
သည့် လှုပ်ရှား ပြောဆို ရယ်မော ငြင်းခုံ မှုလေးများ… ကျနော့်ကို တစိမ့်စိမ့်ကြည့်ရင်း စကားပြောတတ်သည့်မျက်လုံးလေးများ ကျနော်နှင့်တူတူ ကျနော့်ရင်ခွင်တွင် အပူအပင်မဲ့ ပျော်ရွှင်တတ်မှုများ…
ကျနော်၏ အချိုးမပြေ အဆီအငေါ် မတည့်မှုများနှင့် စည်းကမ်းမဲ့နေတတ်စားတတ်မှုများကို မိခင်သဖွယ် ဆူတတ်ပြီး တပြိုင်နက်ထဲ ခွင့်လွှတ်တတ်သင်ကြားတတ်သည့် အသံလေးများ ဟန်လေးများ…….။

ညတို့သည် လိုအပ်သည်ထက် ကျနော့်အတွက်မှောင်လွန်းလှ၏…။
ကျနော် ကောင်းကင်ကိုမော့မကြည့်ဖြစ်ခဲ့သည်မှာ တော်တော်တော့ကြာခဲ့ပြီဖြစ်၏…..။


ဘ၀သည် အကွေ့အကောက် အလှည့်အပြောင်း အနိမ့်အမြင့် တဆစ်ချိုးများ ဖြင့် မပြေပြစ်မချောမွေ့သော သဘာဝဖြစ်စဉ်တစ်ခုဖြစ်၏ ၊ ထိုသဘာဝဖြစ်စဉ်ထဲတွင် ကျနော် သည် ကျနော့်ကိုယ်ကျနော် တာဝန်ယူ၍ ကျနော့်ငရဲ ကျနော့် နိဗ္ဗာန် တို့အား အခါအားလျော်စွာ ကျနော့် ဟာ ကျနော် ဖန်တီး ခိုလှုံ၏ သို့မဟုတ် ကျနော့်ဟာကျနော် နှစ်မြှုပ်လောင်ကျွမ်း၏….။

ထိုလောင်ကျွမ်းမှု ထို နစ်မြှုပ်မှုများအား ငြိမ်းသတ် ကယ်ဆယ်မြဲ ဖြစ်သည့် သူသည် တကယ်တော့ ကျနော် မမျှော်လင့်သော သိမ်မွေ့နူးညံ့သည့် နတ်ဒေ၀တာ တပါးအဖြစ် ကျနော့်ဘ၀တွင် အမြဲရှိနေခဲ့၏။ ကျနော့် နိဗ္ဗာန်တို့အား အမှန်တကယ်တန်းဖန်ဆင်းရှင် သည်ကား သူသာလျှင်ဖြစ်၏။




ဆက်ရန်

ငြိမ်းဇေဦး

ကောင်လေးတယောက်အကြောင်း ကို ဆက်လက်တင်ပြပါမည် ။
ရေးလက်စ အခန်းဆက်ဝတ္ထုရှည်များ အား လက်စသတ်မည်ကြံရင်း ထပ်မံရေးဖြစ်သော အကြောင်းအရာလေးဖြစ်ပါသည်။

Sunday, April 20, 2008

အင်းဆက်တကောင်


အင်းဆက်တကောင်

အပူအပင်မဲ့ချင်သူပါ
ဖြစ်လိုရာလဲဖြစ်ခဲ့ပြီ နှမရေ….။

မိုက်ရိုင်းထွားကြိုင်းလိုက်ပုံများကတော့
အလှမ်းမမှီဘူးထင်ရင် အိပ်မက်ထဲတောင်ထည့်မမက်ဘူးတဲ့..။

အားထုတ်မှု တစ်အောင်စနဲ့ နောင်တ တွေ ဖဲ့ဖဲ့ ငုံ နေတာ
လွှသမား ဆေးငုံသလို လေ
ဖီကနဲဖန်ကနဲ ထွေးထွေးချလိုက်ပြန်တော့
စေးပျစ်ပျစ်နောင်တတွေ ကုန်ခမ်းမယ်ထင်သတဲ့…။


ဖြစ်သလို အရသာခံတတ်မှုနဲ့
ဦးချိန်တီ လက်တခုပ်စာ
အသာမှိန်း လျက်
ဖီလင်တက် နေတတ်မှုဟာ
မီလျံနာ သွားရည်ကျစရာ
ကြုံရာ ဖြစ်သလို နေတတ်မှုတွေနဲ့
အင်းဆက်တကောင်လဲဖြစ်ခဲ့ပြီ….။


ငြိမ်းဇေဦး



Being...




Being... By Nyein Zay Oo (Oil)


Friday, April 18, 2008

သေခြင်းတချို့ 




သေခြင်းတချို့ 

နေသားကျသွားလို့
သေတ္တာရှည်ထဲမှာ
မလှုပ်တော့တာ…..။

ငြိမ်းဇေဦး

Remember Me (2)


Remember Me (2)


By Nyein Zay Oo (OIL)




Thursday, April 17, 2008

ပဲ့ရွဲ့ ဆန္ဒများ





ပဲ့ရွဲ့ ဆန္ဒများ

သိပ်များများ စားစားမလိုဘူး
လရောင်ရယ်
မြက်ခင်းရယ်
လေပြေရယ်
တောင်တန်းရယ်
စမ်းချောင်းရယ်
တယောတစ်လက်ရယ်
ချက်အရက်တလုံးရယ်
ငါးစင်ရိုင်းကြော် တစ်ပန်းကန်ရယ်
တခါတရံကြွေတတ်တဲ့
ကြယ်တွေရယ်….။

တကယ်တော့
တွေဝေမေ့မောတတ်သူ အတွက်
တယောတလက်ကို
အာရုံမတက်ခင်
ဘယ်သူအသက်သွင်းပါ့…….။

ငြိမ်းဇေဦး


Wednesday, April 16, 2008

ဖန်ဆင်းမှုစက်ဝိုင်း


ဖန်ဆင်းမှုစက်ဝိုင်း


ဘုရားသခင်ဆိုတာ
သားမြတ်ထွားထွား မာရ်နတ်နဲ့ ဇိမ်ယူ
လိင်အတူဆက်ဆံ
ပက်လက်လှန် တဟင်းဟင်းငြီး
အလင်းအမှောင်ကို
ပုလင်းထောင်ပြီး ဖန်ဆင်းတတ်တဲ့
ဝန်တိုမှုကြီးသူပါ...။

ဒါကိုလဲ လူသားတွေက ဖန်ဆင်းတယ် အချစ်ရေ............။

ငိမ်းဇေဦး

ကာလ


ကာလ

ပတ်စာခွာ ဖျာလိတ်
အတိတ်..။

အိပ်ယာကနိုး
မိုးသောက်…။

မ က ရ တဲ့ ပွဲ
ကပ်လွဲ…။

အိပ်မက်ထယောင်
သန်းခေါင်…။


ငြိမ်းဇေဦး



ဥပါဒန်


ဥပါဒန်


နောက်ဆုံးချိန်ထိ
ငါသိတာပေါ့....
သဲအိမ်ဆိုတာ
ဒီရေ လာရင်........။

ငြိမ်းဇေဦး

Tuesday, April 15, 2008

ဖြစ်စဉ်


ဖြစ်စဉ်

နွေ ရယ်
ခြွေမယ် တကဲကဲ …။

ရွက်ဝါတွေဖျော့တော့
လျော့တိလျော့ရဲ ၀ဲ ကနဲ ……….။

ငြိမ်းဇေဦး



ဒါပါပဲ အချစ်ရယ်...


ဒါပါပဲ အချစ်ရယ်...

ယုယမှုက
အချိုလွန်ပျားရည် မဟုတ်ဘူး လေ..။

ကြင်နာ ထွေးငုံနမ်း............
နှုတ်ခမ်းနု အိနွေးစို
ညတွေ မှာ ကြိတ်ငိုရင်း
ခပ်တင်းတင်း ကိုက်ခံဖို့ မဟုတ်ဘူးလေ...။

မလာချင်နေပါ
မခံစားပါနဲ့....။

နောက်ကျတတ်မှုနဲ့
မီးလောင်ခံဖူးတဲ့သားကောင်ပါ....
မှောင်ထဲမှာပဲ နေခဲ့တော့မယ်
အလင်းတိုင်း အပူရှိမှာစိုးမှုတွေနဲ့....။

ငြိမ်းဇေဦး



Thursday, April 10, 2008

မျိုးဆက် ပျိုး ည




မျိုးဆက် ပျိုး ည

အာခိမိဒိ နိယာမ ကို
ငါတို့ သတိမရကြဘူး ။

ခွန်အားတွေ အသွားအပြန်
ဟန်ချက် မှန် စီးဆင်း
အသက်ရှူ သံ မျှင်းမျှင်းနဲ့
အာနာ ပါ န ကို သတိမရကြဘူး။

ငါ့ရဲ့ ဆောက်သွားဟာ
ကျောက်သားမှာ နစ်ဝင်
ပီပြင်ပန်းပု ထုဆစ်နေတာမဟုတ်ဘူး။

ဒီကနေ ဆယ်လပြည့်
နေ့ တနေ့မှာ
ဝါးကနဲငို နို့ချိုသောက်မယ့်
လူသားတယောက်အတွက်
မရှက်နဲ့တော့ ချစ်သူရေ……….။


ငြိမ်းဇေဦး



“ဘုန်း ဘုန်း တာ့တာ”




“ဘုန်း ဘုန်း တာ့တာ ”

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော် ၊ သံဃာတော် များက ဒေါ်အမာ လည်း ခင်ပွန်း အနိစ္စရောက်တာနဲ့ စိတ်များ ကတောက်တက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျမ ကို သနားနေကြမလားမသိပါ။

“ဘုန်းဘုန်း တာ့-တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျမတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက် လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြို အုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။
ဒါကိုထောက်ခြင်းအားဖြင့် ကျမတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကား တစ်ခု မရှိမဖြစ် ၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။
လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်း ဆွဲယူသုံးထားရတဲ့ သဘောမျိုးဖြစ်နေပါပြီ။

“တာ့ -တာ ” ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့စကား ၊ ဘာအဓိပ္ပါယ် ရှိတယ် ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲမဟုတ်ပါဘူး ။ နို့ ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့် ဘိုင်- တာ့ တာ -ချဲရီးယို” အထိ လုပ်နေကြလေရဲ့..။

ကျမတို့ငယ်ငယ်တုန်းက တော့ အိမ်တအိမ်ကပြန်တော့မယ် ဆိုရင် အမေက သင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ပြော ပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။
နည်းနည်းကြီးလာတော့ “ကျမကိုခွင့်ပြုပါဦး” လို့ နှုတ်ဆက် ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့-တာ” လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။ ပြီးတော့ “ ဘာလဲ ညည်းတို့ စကား က တာတယ်ဆိုတာ ကောင်းတာမှတ်လို့ လူထဲ သုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာ စကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး ။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့ အလိုက် ဂုဏ်သိက္ခာနဲ့ အလိုက် သုံးနှုန်းပြောဆိုရတဲ့စကားမျိုးပါ။ ဒီလို ယဉ်ကျေးမှုဟာလူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။

အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာ စကားက ပြောလို့ မရပါဘူး ။ “ခင်ဗျားကြီးကလဲဗျာ” လို့ ပြောမိရင်တောင် “ အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ” လို့ ဆိုပါသေးတယ်။ “ယူ ကလဲ ဂွကျလိုက်တာ ” ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်းအဖေရာ” ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာ
ဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပါပဲ။

ခုတော့ရည်းစားလည်း “တာ့-တာ” ၊ သူငယ်ချင်းလည်း “တာ့-တာ” ၊ ဘုန်းကြီး ရဟန်းလည်း “တာ့-တာ”တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျမတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်” တဲ့ ။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း ၊ အကွေ့ အကောက်တွေ ကားနဲ့ ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ် နဲ့ တွေ့ရတာ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ ဆီမှာ ခွဲခါနီး နှုတ်ဆက် တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ” လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။

မေတ္တာစေတနာ ကရုဏာ အပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူးလိုက်တာ ။ “တာ့-တာ” နဲ့ မကွာလား။
မြန်မာမှာ နှုတ်ဆက် စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထု ဒေါ်အမာ

သောင်းပြောင်းထွေလာ မဂ္ဂဇင်း ၊ အတွဲ ၁၈ ၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ ။


ဘယ်လိုနှုတ်ဆက်မှုမျိုးနဲ့ အဘွား
ကျောခိုင်းသွားခဲ့ပါသလဲ ………..။

ငြိမ်းဇေဦး



Sunday, April 6, 2008

ယုတ္တိ များအားဆန်းစစ်ခြင်း




ယုတ္တိ များအားဆန်းစစ်ခြင်း


မိုးညအေးအေး
ပြတင်းဘေးထိုင်
ခပ်ငိုင်ငိုင်...။


မီးရောင်အောက်မှာ
စာပြိုင်အံ ကြ
တူ ၊ တူမ ........။


“ဇွန်ပန်းရုံ အနီး လှည်းဘီးကျွံနေသည်
ကူ၍ တွန်းပေးကြပါ ။
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည် ။”


ငါ့တူ စာ ဖတ်
အော်သံရပ်မှ
လမ်းမကို ကြည့်
ငါမြင်မိ....
လှည်းပေါ်နွားတင်
တွန်းနေ ၏....။


ငြိမ်းဇေဦး



Friday, April 4, 2008

သစ္စာတိုင်


သစ္စာတိုင်

ဒီတောင်ရိုး ကျားဆိုးပေါရဲ့
မောင့်အချစ် မျှစ်ချိုးလိုက်ခဲ့။



ဆရာကြည်အောင်

မစွံကောင်



မစွံကောင်

ဥဒေတယံ ဂါထာ
အာရုံလာ မနက်မှာရွတ်
ညွှတ်ကွင်းမျှော် ဇွတ်…. ။

ငြိမ်းဇေဦး


အကြိုည သံလွင်ကမ်း


အကြိုည သံလွင်ကမ်း

ဒီမှာတော့ သံလွင်ဟာ
သင်္ကြန်ညတွေကို ဖဲ့နိုင်သမျှ
ဖဲ့မျိုချ ဦးမယ်…။


ကမ်းပါးဟာ အဖျားတက်နေတယ်
ဝါးရုံအိုတွေကို ထမ်းလို့..
အဲဒီဝါးရုံအိုတွေက မျှစ်ပျိုတွေရင့်မာမှုကို
မိုးမခပင်တွေနဲ့ စကားလက်ဆုံကျ…။

တောင်ပေါ်က ခုန်ချလာတဲ့ စမ်းချောင်းက
ခပ်ရှရှ ရယ်လိုက်တယ်…
ပယ်ပယ်နယ်နယ် အက်ကွဲမှုတွေနဲ့
သင်္ကြန်ရဲ့ညတွေဟာ
ဘာသာမဲ့တယောက်ရဲ့ အသုဘလို
သူ့မျက်ရည်တောင်သူမစိုပဲ ခြောက်သွေ့ ဦးမယ်တဲ့…။

ညရဲ့ လ ဟာ
တောင်တန်းပြာကြီးကို
အတင်း ….
ဝင်ဆောင့်….
ဖဲ့ ချ….
အလင်းစတွေနဲ့ ထိုးခွဲ…..။

တကယ်တန်းက
ဖရိုဖရဲ လေပြေဖြဲလို့
ဝေ့၀ဲနေတဲ့ သစ်ပင်ဖျားတွေပါ လမင်းရယ် ….
ကိုယ့်လမ်းကြောင်းမှာ ကိုယ်ရှင်သန်လေ
တောင်တန်းတွေက မော့ ပြော
သံလွင်က တသောသောရယ်….။

ပြီးတော့ တောင်တန်းတွေ သမ်းဝေ
ငန်းဖမ်းနေသလိုတောင် တုန်ရီ
လဟာ ညကို ဥပေက္ခာပြုသွားပြီပေါ့…။

မှုန်ရီ မနက်ခင်းဟာ
သူ့ ဒိုင်ယာယီ သူဆွဲဖွင့်လို့
မခို့ တယို့ တိမ်း သင်္ကြန်ယိမ်းကဖို့ပြင်ပြီ….။

သံလွင် ကတော့
မာန်ဝင်…
ဟန်ပြင် နေတဲ့ ကျားရိုင်းလို
လှိုင်းတွေနဲ့ခုန်တုန်း……….။


ငြိမ်းဇေဦး



Thursday, April 3, 2008

Wednesday, April 2, 2008

သင်္ကြန်သူ

သင်္ကြန်သူ





ူ ကာဘွန် နဲ့ ဆွဲပါသည်
Professional Camera တစ်လုံး ပြန်ဝယ်နိုင်လောက်သည့်အချိန်တွင် ဓါတ်ပုံများ တင်ဖြစ်မည်ထင်ပါသည်။ (အခိုးခံလိုက်ရလို့ဗျာ)
ငြိမ်းဇေဦး


Tuesday, April 1, 2008

ဘကြီးအောင်ညာတယ်


ဘကြီးအောင်ညာတယ်

“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား ၊ ကျောက်မီးသွေးမို့ မဲသကို ၊ တို့ကျောင်းသားမို့ရဲသကို ၊ ဟေ့ လာမောင်ရို့ဝါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသား ကလေးများဖြစ်ကြ၏။ ၄င်းတို့ ကျောဘက် တင်းချလယ်တစ်ကွက်
လောက်အကွာတွင် ချည်လုံချည်ကို ပျာတာ ကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို ရော့ရိရော့ရဲ ၀တ်လျှက် ခေါင်းငိုက်ဆိုက်နှင့် တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧ၀ံ မေသုတံ ဧကံ သမယံ” ဟု တတွတ်တွတ် ရွတ်လျှက် ရှိ၏။

ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ၀ိုင်းအုံနေသည်ကို တွေ့ ရလေ၏။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင် ကြည့်ရှုလေ၏။

ဦးအောင်ချာသည်ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျှက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ယုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေး ချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာ သောအခါ မောင်ထွေး ၊ မောင်ခွေး၊ ဘိုးစ ၊ ဘိုးလှတို့တစ်စု ထပြန်သွားလေ၏။
မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျှက်ပင် ရှိသေး၏။

“ဘကြီးအောင် ၊ ဒီ မင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်” ဟု မျက်စိကလေး ပေကလပ် လုပ် ၍ မေးလေ၏။

ဆောက်ပုတ် နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တို စမ်းနေသော ဦးအောင်ချာက “ ငါ့တူလိုချင်လို့လား ၊ ငွေတစ်ကျပ် ယူခဲ့ရင် ဘကြီးပေးမယ်သိလား” ဟု အမှတ်မဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုံ့ရင်း ခေါင်းကုတ်လျှက် “ငွေတစ်ကျပ် ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့” ဟု မေးပြန်လေ၏။

ပန်းပုဆရာကြီးလည်း ဆေးလိပ်ကို ချ၍ လက်ဝါးနှစ်ဖက် ထောင်ပြလျှက် “ဆယ်ပြား ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြား ထည့် ၊ ပေါင်း ခြောက်ဆယ်နဲ့ လေးပြား ၊ အဲသလောက်ကို တစ်ကျပ် ခေါ်တယ် ၊ ကြားလား ” ဟု ကလေးသူငယ်များကို ချစ်ခင်သော ၀ါသနာရှိသည့်အတိုင်း စိတ်ရှည် လက်ရှည် ခြေဟန်လက်ဟန်နှင့်ရှင်းလင်းပြောပြလေ၏။
“ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တကယ်ပဲ ရမလား ၊ နောက်တော့ မညာနဲ့နော် ဘကြီးအောင်” ဟုပြောရင်း သျှောင်ဆံမြိတ် ကလေးကို ချာချာလည်အေါာင် ပတ်ရစ်လျှက် အိမ်ရှိရာသို့ရွှင်လန်း ၀မ်းမြောက်စွာ ခုန်ပေါက်ပြေးလွှား သွားလေ၏။

မောင်ချစ်သည် နေ့လည် ချိန် ကျောင်းတွင် မုန့် ၀ယ်စားဖို့ရန် မိခင် ပေးလိုက်သော တစ်ပြားတစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှ ရလေ၏။ တစ်ထွာမျှ ကျယ်သော မိမိဝမ်းခေါင်း သမုဒ္ဒရာ အတွက်မူကား နေ့ဆွမ်းစား ကုလားတက်ခေါက်ချိန်တွင် ဘုန်းတော်ကြီး ဦးခေမာ ဝေသော ငှက်ပျောသီးတစ်လုံးနှင့်ကျေနပ်ဖူလုံလျှက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တခြား သားနားကျော့ရှင်း ၍ လာ၏။ သွားကလေးများ ပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန်ဟန်ပြင် နေသော အသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှ မထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြားစုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံ ရလိုလွန်း၍ ဥပုသ် နေ့များ ကိုပင် စာ သင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်းက ဘယ်နည်းနှင့်ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်ပြန်၏။

ထိုစဉ် အခါ က ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏ ။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ် ၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှ ယူ၍ ညဥ့်နက်သန်းခေါင် မရှောင် မှိုင်းတလူလူ ထွက်နေသော ရေနံဆီမီးခွက်ကြီး ကို ထွန်းညှိလျှက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီး ဖိုးတေက အနိုင်ကျင့် ၍ မပေးဘဲ ထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်း ဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှ ရလာသောအခါ အကျီ င်္သင်ပုန်းခေါင်းမှာ မဆန့် တော့ပြီ ဖြစ်၍ နှစ်ဖက်ပိတ် ကြသောင်းဝါးတစ်ဆစ်တွင် ထိပ်က အပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်းစသော တံဆိပ်အမျိုးမျိုး ခပ်နှိပ်သည့်ကြေးပြား ၁၂ပြားတိတိ ကိုသွင်းလှောင်သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့က ဒွေးလေးညို ချစ်စနိုး၍ ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံ ကလေးကိုလည်း ဖျာအောက်မှ ထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်တွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက် ကိုလည်း ၀ါးကျောတွင် စူးဖြင့်ခြစ်၍ မှတ်သားလေ၏။ “ ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူးကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့် လက်ချောင်းကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်း တွက်ရ စစ်ရသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ၀ှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူး နေရာ ကျတ်ပြောင်းရသည်မှာလည်းအမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင် ထည့်ထားဖို့ရန် ထန်းရွက် ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင် မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။
သို့ပါသော်လည်း ၀ယ်မှရသော သွားရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာဝ အများနည်းတူ ကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ် ရိုက်လျှက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။

သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသောနေ့သို့ရောက်လေသတည်း။

ညနေ ၄နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး“အာမ” ဟုဆိုမိလျှင်ပင် “ဘန္တေ” ကိုမစောင့်နိုင်ဘဲ ထ၍ ပြေးလေရာ အစောင့်ကိုရင်ကြီး တစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ ၊ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသော်လည်း နာရမှန်းမသိ၊ ဦးအောင်ချာ့ ကနဖျင်းနားရောက်သော အခါ အတင်းတိုးဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆောင်း ဘောင်းဘီ အပြာဝတ်လျှက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီး တစ်ယောက်ကို မြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသော စကားကို ကြားမိလေတော့၏။

“ဘယ့်နှယ်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ် မဟုတ်လား ။ ခင်ဗျားတို့ အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့အိမ် တစ်အိမ်မှ မရှိပါဘူး။ ၀ယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“မှန်ပါ ၊ ၀န်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမယ့် အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ၀န်ထောက်မင်းတို့ဆီကို လာပြီးပို့ပါ့မယ်”
ထိုမျှကိုကြားရလျှက်ပင် မောင်ချစ်၏ အသည်းနှလုံးအူသိမ်အူမတို့သည် ကြွေကျမတတ် ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန် နေရသော မောင်ချစ်မှာ အဘယ်သို့ ၀ံ့ရဲပါအံ့နည်း။ ခါးကြားကခြောက်လုံးပြူး သေနတ်သည် လည်းမောင်ချစ်၏ အကြံကို သိသည့်အလားမောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ၀ဲလာသော မျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ ကျောခိုင်းနေသော ဆင်စွယ်ဒေ၀ီကလေးကို နောက်ဆုံးကြည့်ကြည့်လျှက် ထွက်လာလေ၏။

လမ်းကြားငယ်တစ်ခုအတွင်းမှ“ ဟိုကောင်ကလေး ညိုတိုတို တို့ကို ကြိုက်လို့ငို ၊ နင်ငိုပေမယ့်အလကား ၊ တို့အမေက မပေးစား” ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင် ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှမ်းလိုက်လေတော့သတည်း။

၁၅ရက်မျှ ကြာသောအခါ ခေါင်းထက်တွင် သဘက် ကိုယ်စီတင်ထားသော မိန်းမကြီးတစ်စုနှင့်ယောက်ျားကြီးတစ်ယောက်တို့
မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေးအတွင်းသို့ ၀င်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည် စက်လက် ဦးဆံဖားလျားနှင့်ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေစုံကိုပြေးဖက်လျှက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ် ဖြစ်ပျက်ပုံတွေ မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ။ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွယ့်နော်။ ဟီးဟီး” ဟုဟစ်အော် ပြောဆို ငိုကြွေးမြည်တမ်း လေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက် ထိုင်နေသော မောင်ချစ်ဖခင်အား“ ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လည်းမြို့တက်သွားတာ ဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး ။ အခုပြန်ရောက်ရောက်ချင်းပဲ အိမ်မှာထိုင်တောင် မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွယ့်” ဟု ပြောလေ၏။

“ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး ။ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား ၊ ဟင်းမစား၊ တစ်ခါတလေ သူ့အမေကျွေးလို့ ဆန်ပြုတ်ကလေးတစ်ဇွန်းလောက်ဝင်သွားပေမယ့် ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂ ဆိုလို့ ဆရာသြ ခေါ်ပြပါလည်း ဘာမှမထူးခြားဘူး။ ကလေးကို ညှင်းဆဲသလိုသာ ဖြစ်နေတာပဲ။ မေးလို့လည်းမပြောဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကို လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမှမပြောပဲ မောနေပြီး “ဘကြီးအောင်ညာတယ်” လို့ မပီတပီပြောရင်းအသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍ သွားလေတော့သတည်း။

ယခုအခါ တွင်ကား……. ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်း ထက်တွင် ထီးထီးသော အုတ်ဂူ ကလေးတစ်ခု ကိုတွေ့ နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍ လည်းကောင်း “မောင်ချစ်ဂူ” ဟူ၍လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ ။ ဂူကလေး၏ အရှေ့မျက်နှာ လှိုဏ်ပေါက်ကလေး ထဲတွင် ကျွဲကျောင်းသား ၊ နွားကျောင်းသား တို့၏ လက်ချက်ကြောင့် ကျိုးပဲ့ ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။

လိုဏ်ဝ အင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍ မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။

မင်းသုဝဏ် (၁၉၃၁ ခု မတ်လ)
နောက်များတွင်လည်းအလျဉ်းသင့်စိတ်ပါလျှင်ပါသလို ဆရာကြီးများ၏ ဂန္တ၀င်လက်ရာများအား ဖော်ပြပေးပါမည်။

ငဘတ်မွှေ.....



ငဘတ်မွှေ.....


ညနေပေါ့
ဒီညနေတွေရောက်တိုင်း
ကိုင်းဖျားကိုင်းနားတွေ ထွင်ထားတဲ့
သစ်ပင်လို
သေသပ်မှုတွေ ...
ယဉ်ယဉ်လေး နေတတ်မှုတွေနဲ့
ငဘတ်မွှေ ဖြစ်လိုဖြစ်ရဲ့....။


ဘတ် တတ်
မွှေ တတ်
နေ တတ် လိုက်တာလို့
မခို့တရို့  စွပ်စွဲတတ်တဲ့
လပြည့်ဝန်းဟာ တိမ်သားတွေပျောက်လို့
စိတ်ကောက်တတ်...။

အမှန်ဆိုရင်
ငါက...
ဖက်ကြမ်းတလိပ်နဲ့
အတိတ်မေ့ခဲ့တာပါ...။


ငြိမ်းဇေဦး