Tuesday, July 8, 2008

ရိုးသားမှုရဲ့ပေတံ


သူခိုးဟာ ခိုးလာခဲ့ပြီ
သူခိုးမှာ မျက်နှာဖုံးမပါဘူး
သူခိုးက သိပ်တော်တဲ့ သူခိုးဖြစ်တယ်
သူခိုးစဉ်ဆက်သမိုင်းမှာ ကျန်တဲ့ သူခိုးတွေရာဇ၀င်ရိုင်းရပြီ။

သူခိုးဟာ ဂုဏ်ယူတဲ့မျက်နှာထားနဲ့
ပါးကလေး တစ်စင်တီမီတာလောက်တွန့်ရုံပြုံးလိုက်တယ်
သူခိုးက ကာဖီခွက်ကလေးကို အေးအေးဆေးဆေးကောက်ယူလိုက်တယ်
အို.....ပူလိုက်တာလို့ တောင် လှလှလေးမှတ်ချက်ချတယ်
နေ့ခင်းကြောင်တောင် ဗြောင်ခိုးတဲ့သူခိုးပေါ့ နည်းတဲ့အရည်အချင်းမှတ်လို့..။

သူခိုးဟာ ဒီနေ့မရိုးမရွဖြစ်နေတယ်
ငြိမ်းဇေဦးနဲ့ သူခိုး တည့်တည့်တိုးပြီ။

ငြိမ်းဇေဦးက ဆေးဗူးလေးဖွင့်ပြီး
ဆေးတံကိုဖြည့်တယ်
ဒင်းကလဲ လူလည်
တချက်အလစ်မပေးဘူး စောင်းငဲ့စောင်းငဲ့နဲ့
သူခိုးရဲ့ ချောင်းမယ့် အနေအထားကို
မသိသလို နဲ့ အကဲခတ်နေတယ်။

သူခိုးဟာ မင်္ဂလာတရားတော်အကြောင်းကို စပြောတယ်
ငြိမ်းဇေဦးက ဖက်ဖူးရောင် စာအုပ်လေးကြားထဲက
ငွေစက္ကူလေး တရွက်ကို ထုတ်ယူလိုက်တယ်
အိတ်ကပ်ထဲထည့်တယ်
အိတ်ကပ်ထဲကိုထည့်လိုက်တာမှ
ခုပဲထောင်ကလွတ်တော့မယ့် မုဒိန်းကောင်တကောင်
ထောင်ထွက်လက်မှတ်ကို တမြတ်တနိုး ခါးကြားထိုးလိုက်သလိုမျိုး
ခုပဲတရွာလုံးမီးရှို့ပြီး တွေ့ သမျှ သိမ်းလိုက်တဲ့ စိမ်းစိမ်းကောင်လို.........။

သူခိုးကချောင်းဟန့်တယ်
“အဟမ်း..အဟမ်း”
ပြီးတော့မေးတယ်
သေသွားတဲ့အချစ်ဆုံး ချစ်သူကို
တမလွန်ဘ၀မှာနေရစားရအဆင်ပြေသလားဆိုတဲ့မေးခွန်းကို
လေချွန်နတ် ကို မေးသလို ..........။

“ဟေ့လူ...ရိုးသားမှုဆိုတာဘာလဲ”
ငြိမ်းဇေဦးက ဆရာကြီး အထာနဲ့
မျက်လွှာချ ခဏစဉ်းစားဟန်ဆောင်
ပြောင်နေတဲ့မေးစိကို အသေအချာပွတ်
ပြီးတော့ လွှတ် ကနဲဖြေလိုက်တယ်
“ဆော့ခရိတ္တိ ကတော့ဒီလိုဆိုတယ်”
“ကွန်ဖြူးရှပ်ကတော့ဒီလိုဆိုတယ်”
“ဟိုလူကတော့ ဟိုလို ဆိုတယ်”
“ဒီလိုကတော့ဒီလိုဆိုတယ်”
တကယ်တော့ ငြိမ်းဇေဦးဟာ
တိုင်းတာစရာပေတံပျောက်နေသူပါ
ကြက်တူရွေး အာနီ တကောင်လောက်တောင်
ဦးနှောက်မရှိတဲ့ ကောင်ပေါ့....။


ဒီမှာ သူခိုးက သက်ပြင်းချတယ်
လေးလေးနက်နက်စကားတခွန်းပြောတယ်
“တကယ်တော့ ဗျာ ကျနော်ဟာ ကျနော့်အသက်မွေးဝမ်းကျောင်းကို
ရိုးသားစွာ မခိုမကပ် ခက်ခက်ခဲခဲရှာဖွေသူပါ”။

ငြိမ်းဇေဦးဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်
တစ်မိနစ်ငြိမ်လိုက်တယ်
သူခိုးဟာ လက်ဗလာနဲ့ပြန်သွားရရှာပြီကိုး...။

သူခိုးထသွားတဲ့အခါ
ငြိမ်းဇေဦး ဆီမှာ သူတခါမှ သုံးဖို့ မယုံကြည်တဲ့ပေတံကြီးတချောင်း
ထောင်ထောင်မောင်းမောင်းကြီးအဖတ်တင်ကျန်လို့ပေါ့..........။

ငြိမ်းဇေဦး

Iniquity


ဲငြိမ်းဇေဦး (ဆီဆေး)