Friday, April 25, 2008

ငယ်ငယ် (နှစ်)




ငယ်ငယ် (နှစ်)


မှောင်စပြုပြီ။ ကျနော့်မျက်လုံးများ ညောင်းချိကာ မျက်ရိုးများကိုက်မတတ်။
ကျနော် မနက်အိပ်ယာနိုးကတည်းက ကော်ဖီတခွက်ထဖျော်၏ ။ ကျနော့် အိမ် ဧည့်ခန်းလေး စားပွဲပေါ်တွင် ကြီးထွားခြင်းများသင်းသတ်ခံလိုက်ရပြီးဖြစ်သည့် ဘွန်ဆိုင်း သစ်ပင်လေး တပင် က စဥ့် အိုး လေး ထဲမှာ ၊ ဘေးချင်းကပ်လျှက် အုတ်နီရောင် အိုးလေးထဲက ဂမုန်းပင်ကတော့ ၀င့်ဝင့်ထည်ထည် ထွားထွားကြိုင်းကြိုင်း….၊ကော်ဖီခွက်ကို ကိုင်ရင်း ကျနော့် အာရုံတို့သည်
ဘွန်ဆိုင်းပင်လေးအဖြစ် သင်းသတ်ခံလိုက်ရသော မျှော်လင့်ချက်တို့ဖြင့်….
ဘာပဲဖြစ်ဖြစ် ငယ်ငယ့်ကိုတော့ ဂမုန်းပင်လေးလို ရှင်သန်အောင်မြင်လန်းဆန်းစေချင်မြဲ။

ကျနော် ကော်ဖီတခွက် ကုန်သွားသည်အထိ ထိုင်သောက်နေဖြစ်လိုက်သည်ကို ကျနော်ကိုယ်တိုင် သတိမထားမိလိုက်…။ ကျနော့်ကို ငယ်ငယ် ကော်ဖီဖျော်ပေးနေကြ။
ပြီးတော့ ကျနော် ကော်ဖီသောက်နေလျှင် ဘုရားဆွမ်းတော်ကပ် ဘုရားပန်းလဲ ပရိတ်တရားတော်များ ရွတ်ဖတ်ကာ ၀တ်ပြုနေကြ။
ခုတော့ ကျနော့်တစ်ယောက်ထဲ…………….။

ကျနော် ကော်ဖီခွက်ကလေးကို မီးဖို မှ လက်ဆေးကန်လေးထဲ တွင်ထည့်လိုက်၏။ ပြီးတော့ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ဖြေးဖြေးလေးလေး မီးညှိလိုက်၏ ၊ ပြီးတော့ ကျနော့် မျက်လုံးများက အပြင်ဖက် တွင် ပုရစ်ဖူးတို့ နုသစ် စိမ်းလန်းစပြုနေကြသော သစ်ပင်မြင့်ကြီးများအား ပြတင်းပေါက်မှ ဖြတ်ကျော်ကာ ငေးငေး ဝေေ၀ ကြည့်နေမိ၏ ။
ကျနော့်မျက်လုံးထဲတွင် သစ်ပင်ထိပ်ဖျားတွင် ပြေးတန်းလိုက်တန်းကစားနေကြသော ရှည့်ကလေးများအား လှုပ်ရှားမှုလေးများအဖြစ်သာ ၀ိုးတ၀ါးမြင်လျှက် ကြည်စင် ပြာလွင်သောကောင်းကင်နောက်ခံများကြားသို့  ရှာဖွေစူးစိုက်သောမျက်လုံးများဖြင့် ကျနော် မြင်နေကြ … ကျနော် နမ်းနေကြ…. ကျနော် သိပ်ချစ်ရသော ကျနော့်အသက်အမျှ မြတ်နိုးရသော ငယ်ငယ်၏ မျက်နှာနုနုလေးအား လိုက်လံရှာဖွေ မိနေမှန်းမသိ ရှာဖွေမိနေ၏။

ကျနော့် နားထဲတွင် တော့ “ ကိုကိုရယ် အဲဒါတွေကြောင့်ပြောရတာ စည်းကမ်းကိုမရှိဘူး ကလေးကျနေတာပဲ အစစ အရာရာလိုက်လုပ်ပေးနေရတယ် ” ဟူသော ကျနော်မြတ်နိုး သည့် ကျနော့် ငယ်ငယ် ၏ အသံလေးအား အလိုလို ကြားယောင်မိလာတော့၏။

တကယ်တော့ …. ကျနော့် အသိနှင့်မှတ်ဥာဏ်များက ကျနော့် ပစ္စုပ္ပာန် ကို လက်မခံပါ ။ အတိတ်၏ မြတ်နိုး ကြည်နူးဖွယ် အဖြစ်အပျက် ကလေးများ အသံလေးများ အယုအယလေးများ နှစ်ကိုယ်တူ ချစ်ခဲ့သမျှ အား အပြန်ပြန်အထပ်ထပ် ကျနော့်စိတ်အာရုံတွင် တမ်းတခြင်းဖြင့် ကျနော့်ကိုယ် ကျနော် ကျနော့် အသိအာရုံ၏ အနက်ရှိုင်းဆုံး အလွှာပါးတခု အား ဖျက်သိမ်း ဆုတ်ဖြဲလျှက် ...။
ချစ်သူနှင့်အတူရှိခဲ့ဖူးသော အတိတ်၏ ကာလအပိုင်းအခြားတွင်သာ ပကတိ ဖြစ်စဉ်တို့ အားငြင်းဆန်လျှက် ရှိနေချင်မိတော့သည်မှာ ထပျံသွားသော အ၀ါရောင် ငှက်ကလေး ၏ တောင်ပံခတ်သံများကဲ့သို့ ပြင်းထန် လှတော့၏ …. ။

အမှန်တော့ အ၀ါရောင်ငှက်ကလေးရဲ့ တောင်ပံခတ်သံတို့ ထာဝရ ဆိတ်သုန်းချိန်သည် ငှက်ကလေးသေဆုံးချိန်တွင် သာ ဖြစ်ပေတော့မည် ဆိုသည့်အမှန်တရားကို ကုန်သွားသော ကော်ဖီခွက်အား လက်ဆေးကန်ကလေးထဲ ဖြေးညှင်းစွာထည့်လိုက်ချိန်တွင် ကျနော် မတွေးပဲ အမှတ်မဲ့
သိလိုက်သောအသိဖြင့်………………။
ငယ်ငယ့်ကို လွမ်းသည်………………..။




ဆက်ရန်

ငြိမ်းဇေဦး






No comments:

Post a Comment