Wednesday, June 18, 2008

ငယ် ငယ် (လေး)




သံသယပင်လယ်ထဲ ပစ်ချခဲ့တယ်လားငယ်….။

အလွမ်းတို့ မြစ် တစင်းသို့ စီးဆင်း တိုက်စားတတ်သည်ဆိုပါလျှင် နှလုံးသား ကမ်းပါးသည် တရွေ့ရွေ့ ပြိုကျ ပျက်သုန်းသွား တတ်သော သဘောနှင့် တည်းတည်းလေးသာ ကျန်တော့မည်ဖြစ်ပါ၏ ..ငယ်…..။

ငယ် ဆိုသော အပြစ်ကင်းသည့် ကောင်မလေး၏ ပျော်ရွှင် ရယ်မောသံတို့သည် တချိန်က နှင်းဖြူလွလွတို့ ပန်းကတ္တီပါ ကောဇောခင်းသကဲ့သို့ တဖွဲဖွဲကျနေသော ညများတွင် လှိုက်လှဲ လှိုင်းခတ်ခဲ့ဖူးပါ၏…ငယ်..။

ထိုအချိန်တွင် ငယ်သည် သူကိုယ်တိုင် သန့်စင်ဆေးကြောပေးခဲ့သော ဦးခေါင်းမှ ဆံပင် တို့ကို သူမ၏ ပါးနှင့် ထိယုံလေး မှီကာ ကလေးငယ်တစ်ယောက်လို ကျောကုန်းပေါ်တွင် ပုံ့ ပုံ့ အိအိလေး ဖြင့် ကျနော် ကုန်းပိုးသယ်ဆောင်ရာသို့ ရှက်ရယ်ရှက်ပြုံးသက်တန့်လေးလင်းကာ “ ကိုကို ရယ် တခြား လူတွေ မြင်ကုန်တော့မယ် ” ဟု နှင်းဖြူလွများ ခိုတွဲ နေသော သူမ၏ ဆံပင်ရှည်တို့အား ဝေ့ကနဲ မြင်းပျိုရိုင်းမလေး ဆံနွယ်ခါသကဲ့သို့ ခေါင်းကလေးယိမ်းရင်း မေးလာတော့… လောကကြီးတခုလုံးမှာ ကိုကိုနဲ့ ငယ်ပဲရှိတယ်လို့ ကျနော် က ယုံခဲ့မိသူပါ..။

လမင်းသာတဲ့ညတွေကို ချစ်တယ်…။ မိုးခြိမ်းသံတွေကိုကြောက်တယ်…။ ညပြတင်းတံခါးက
အလင်းပါးပါးလေးဝင်လာလျှင်.. လေပြေတွေတိုက်ခတ်လို့ ပင်မြင့် ရွက် ပျိုတွေ လှုပ်ခတ်လျှင်… အတိတ်တွေ အနာဂတ်တွေကို တောင်ပြာတန်းကြီး၏ ရင်ဘတ်အပြည့်ငုံထားသော လျှို့ဝှက်မှုများဟုမြင်ကာ အလည်အပတ်မသွားလျှင် … ကလေးတယောက်လိုအပြစ်ကင်းပြီး အကောင်းဆုံး ချစ်သူ တယောက်လို ကြင်နာမြတ်နိုးတတ်သည့် ငယ်ဆိုသော ကျနော့် ၀ိဥာဉ် ကို မေတ္တာတရား အနန္တဖြင့် ၀ယ်ယူခဲ့ဖူးသော ကျနော်၏ ပိုင်ရှင်လေးသည် ယခုအခါတွင် စိတ်နာမှုများ ၀မ်းနည်းနာကျင်မှုများ သစ္စာမဲ့မခံနိုင်မှုများဖြင့် ကျနော်ဆိုသော လူတယောက်၏ အသံ ၊အရိပ်၊ သက်ဆိုင်ခဲ့ဖူးသော အတိတ်တို့အား ပြည်ဖုံးကားချခွင့် အတွက် လက်ဆယ်ဖြာ ယှက် ကာ ဆုချွေတောင်းနေဦးမည်ဆိုလျှင် ငယ်နှင့်ထပ်တူထပ်မျှ ထိုတောင်းသောဆုများပြည့်စေချင်သူမှာ ကျနော်ဆိုသော ထုံထုံအအ လေးပင် ဖင့်နွှဲတတ်သည့် လူသားမှ လွဲ၍ အခြားမည်သူရှိနိုင်မည်နည်း….။

တကယ်တော့ သစ္စာမမဲ့ခဲ့ဘူးငယ်၊ မေတ္တာ ဝေ ဆုချွေတောင်းရင်း ချစ်ခြင်းအတိနဲ့ အလွမ်းမြစ်ထဲ နစ်ဆင်းမိ နေသော်လည်း မကူးမခတ် မရုန်းတတ်သလို နစ်မွန်းခံ မယ့် အချစ်ကျွန်းပြန် အကျဉ်းသားတယောက်ပါ။
မင်းသနားလောက်အောင် စကားတွေနဲ့ သွားလေမယ့်ခြေလှမ်းတွေကို လေကြမ်းတွေ ပြင်းထန်တိုက်လို့ နောက်ဆုတ်ပြန်လာ.. ဒီမှာ….ရင်နှစ်မြွှာဖွင့် အသင့်ကြိုဆိုနေပါတယ်လို့လဲ စောဒကတက်လို့ မင်းကို သောကဖက်အောင် ငြှို့ယူနိုင်စွမ်းလဲ မရှိပါဘူးငယ်….။

…………..
သံသယ ပင်လယ်မှာ ဘ၀လှေငယ် ပျက်ရပြီဆိုမှဖြင့် ယုံကြည်ခြင်း ကမ်းခြေ သစ် ဆီသို့ မည်သူမျှ ကြိုးစားပမ်းစားလက်ပစ်ကူးသွားကြလိမ့်မည်မဟုတ်ဟု တဦးတယောက်က ဆင်ခြင် ဆွေးနွေးမှုပြုခဲ့ပါလျှင် ငယ်ဖျော်ခဲ့ပေးဖူးသော ကော်ဖီ တခွက်အား ငယ့်  ခေါင်းကလေးတင်ကာ အိပ်စက်ခဲ့သော ညာဘက်လက်ဖြင့် လှမ်းယူရင်း ပြန်လည်ငြင်းဆန်အားရှိချင်ပါ၏ ငယ်…။

သို့သော် ကျနော်ကိုယ်တိုင် သံသယပင်လယ်တွင် သစ္စာရေစင်အား ဆာလောင်စိတ်ဖြင့် သောက်သုံးမိသမျှ သံသယဆားငံရေတို့ဖြင့် အားအင်ကုန်ခမ်း နွမ်းလျ နာကျင် ကာ ဝေဒနာ ခန္ဓာရုပ်ဖြင့် အဆိပ်သင့်ခဲ့မိပြီးမှတော့
အရာရာသည် လွမ်းမျက်ရည်များအဖြစ် ထိုပင်လယ် အား ပိုမို ပြည့်လျံစေကာ ကျနော့်ကိုယ်ကျနော် နစ်သည်ထက် ပင် နစ်မွန်းနေပေတော့မည် ကို ငယ် သိပါလေစ…။ ဆန္ဒမှန်ဖြင့် ရင်နင့်စွာ ခပ်ဖွဖွပြောခဲ့လိုပါသည် ငယ်…။

သက်ဆုံးတိုင်ရည်ရွယ်ပြီးချစ်ခဲ့တာပါငယ်… ။
ခံစားမှုပိုင်းဆိုင်ရာမလုံခြုံချိန်မှာ ယာယီအားကိုးတွယ်တာခဲ့မိတာပါ ဆိုတဲ့စကားတွေက ဆာမူရိုင်း စစ်သည်တော် တယောက်ရဲ့ ကာတားနား ဓါးတလက်လို ကျနော့်ရင်ဘတ်ကို ဟက်တက်ခွဲခဲ့ခြင်းဟာ ငယ် ရည်ရွယ်ခဲ့တာဆိုရင် ရှုံးနိမ့်ခြင်းလို့ ဘယ်သောအခါကမှ မသတ်မှတ်ခဲ့တဲ့အတွက် ကျနော့်ကိုယ်ကျနော် ဟာရာကီရိမလုပ်ပဲ ရင်ကွဲအောင် ထိုးခုတ်လို့ အောင်လံထူသွားပါ ငယ် သိက္ခာမဲ့စွာ ကျဆုံးခြင်း ဖြစ်မယ်ဆိုရင်တောင် လက်နက်ချခဲ့ပြီးသားပဲ ငယ်ရယ်…..။

“ငယ်ရေ ခုတော့………….ချယ်ရီတွေတောင်ပွင့်ပြီလေ ....
တချို့ကြွေ လို့ ပေါ့ ငယ်ရယ်………………………”။


ဆက်ရန်

ငြိမ်းဇေဦး