Tuesday, April 1, 2008

ငဘတ်မွှေ.....



ငဘတ်မွှေ.....


ညနေပေါ့
ဒီညနေတွေရောက်တိုင်း
ကိုင်းဖျားကိုင်းနားတွေ ထွင်ထားတဲ့
သစ်ပင်လို
သေသပ်မှုတွေ ...
ယဉ်ယဉ်လေး နေတတ်မှုတွေနဲ့
ငဘတ်မွှေ ဖြစ်လိုဖြစ်ရဲ့....။


ဘတ် တတ်
မွှေ တတ်
နေ တတ် လိုက်တာလို့
မခို့တရို့  စွပ်စွဲတတ်တဲ့
လပြည့်ဝန်းဟာ တိမ်သားတွေပျောက်လို့
စိတ်ကောက်တတ်...။

အမှန်ဆိုရင်
ငါက...
ဖက်ကြမ်းတလိပ်နဲ့
အတိတ်မေ့ခဲ့တာပါ...။


ငြိမ်းဇေဦး




Monday, March 31, 2008

ဘကြီးအောင် ရင်ထဲက ပန်းပု


ဘကြီးအောင် ရင်ထဲက ပန်းပု


အထီးကျန်မှုကို
သံတမန်နည်းနဲ့ဖြေရှင်းကြည့်ဖို့..

ရှင်သန်မှုဆိုတာ
မီလီစက္ကန့်လေးတွေပေါ်မှာ
ပြိုပြိုကျနေတဲ့ ပြုန်းတီးမှုလေးတွေဆိုတာ
ဓါတ်ခွဲခန်း မလိုအပ်ပဲသိဖို့......

ကိုယ့်ဖြစ်တည်မှုလေးကို
မွေးစ ကလေးလို တသသ တဖွဖွနဲ့
ချစ်တတ်တဲ့ သူ့ အတွက်
ဘကြီးအောင်လက်သစ်မဖြစ်ဖို့....

ဗလာဆန်တဲ့ မောက်မာမှုတွေနဲ့
ပျော့ပြောင်းပြေပြစ်မှုတွေကို
ငြင်းဆန်ပစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့
အာရုံသစ်ကို မကူးဖို့.......

တရေးနိုးအိပ်မက်ထဲမှာ သူ့တမ်းတသံနဲ့
ကောင်းမွန်တဲ့ မောလျမှုတွေဆုံးရှုံးသွားတဲ့
ခေါင်းအုံးပါးပါးလေးကို မျက်ရည်စိုတွေနဲ့ မနမ်းဖို့....

သူခင်းခဲ့တဲ့အိပ်ယာကို
တွေတွေဝေေ၀ကြည့်ရင်း
တရေးနိုးလေဟာနယ်ကို မဖက်ဖြစ်ဖို့......

ကလေးတယောက်နို့ဆာသလို
အတ္တကြီးကြီးနဲ့ အော်ပစ်လိုက်ချင်တယ်
“ငါ့ရင်ထဲက အသည်း
ပုံသွင်း ထုဆစ် ဖြစ်တည်ခွင့်အသစ်ကို
နင်ပဲ ပေးခဲ့တာပါ...
ဘကြီးအောင်မှာ ရင်ဘတ်ပဲ ကျန်ခဲ့တယ် အချစ်ရေ”........။

ငြိမ်းဇေဦး