Sunday, July 6, 2008

သာမည ဖြစ်စဉ်

မိတ်ဆွေတို့ ...
နယူးယောက်မြို့ကြီး ကျပျောက်သွားတဲ့ အာရုံထဲကို
မရဲတရဲ ခုန်မချပါနဲ့
ရမက်ထွားထွားတွေက သင့်ကို ၀ါးမြိုသွားပါလိမ့်မယ်။



ပရိဒေ၀ ကို ၀တ်ဆင်ဖို့ အချစ်ကို ရှာပါ

ဝမ်းနည်းနေရင်တောင် နားလည်ပြုံးပြုံးပါ

လူသားအဆန်ဆုံးလူသားဆန်မှုတွေဟာ
ကမ္ဘာလောကကို ကျကျ နန လုပ်ကြံ နေချိန်မှာ
ကလေးတအုပ်ကို တေးတပုဒ်ဖြစ်ဖြစ် သင်ပေးပါ

နွားခြေရာခွက်ထဲ ဇောက်ထိုးကျသွားချိန်မှာ
နွားခြေရာခွက်ရဲ့ ခမ်းနားမှုကို စာတန်းပြုစုပါ ။

ဘ၀ဆိုတာ တခုခု အမြဲလိုအပ်နေတဲ့ ဖြစ်စဉ်ဖြစ်လေတဲ့အပြင်
လိုအပ်မှုတွေနောက်လိုက်ရင်း
ဘ၀လေးပျောက်မသွားဖို့ ရုန်းကန်ရတာလဲ
ကံကြီးတဲ့ ကိစ္စပေါ့..................။


ငြိမ်းဇေဦး

အနေအထိုင်တတ်မှုများ



အပုပ် ချိန်မှာ
ပခြုပ်အိမ် လာတတ်တဲ့ အရပ်လူကြီးလို
အလကားရပေမယ့်
သွားဖြဲ ကြည့်တတ်တဲ့အကျင့်။

ကိုယ်ဝန်ရင့်မာကြီးနဲ့ မျိုးစေ့တွေလဲ
ခုဆို ရှက်ရှက်နဲ့ မြေကြီးထဲကို တိုးဝင်သွားတော့မယ်။

ကလက်တက် တက် ပန်းပွင့်တွေဆီက
နမ်းခွင့်ကို မင်း မပြောနဲ့ ငါမပြောနဲ့
လိပ်ပြာတကောင် က တောင် မတောင်းခဲ့ပါဘူး။


ပဉ္စပါပီရဲ့ဒိုင်ယာရီကို
ဘရန်ဒီ ကြိုက်တတ်တဲ့ ဖန်ခွက်တစ်လုံးက
ပြုံးပြုံးကြီး တက်ဖိပြီးပြောလိုက်တယ်
ဘယ်တော့မှ အသည်းခြောက်ရောဂါ နဲ့ ငါမသေဘူးတဲ့..။

ဟောဒီမှာ စီးကရက်တဖွာ ဖွာလိုက်ပါ
ကြက်ကြော်တကိုက်ကိုက်လိုက်
ပြီးရင် နတ်ဒိုးနဲ့ ဟပ်ထိုးလဲအောင်က
ဘယ်အရာကမှ မရေးမကြီးဘူး။


ဘ၀ဆိုတာ တဏှာပေမရဲ့အရင်းအမြစ်
ဂျစ်ကန်ကန်ပေကပ်ကပ် ကျောက်ခဲတလုံးကို
ကြုံးကြုံးကန်ပြီး အလိုမကျမှုတွေကို
ခြေမကွဲမှုနဲ့ အာရုံပြောင်းလိုက်
ကောင်းသွားလိမ့်မယ်..။


ရှုံးနိမ့်မှုတွေကို အောင်မြင်စွာယူခဲ့ပြီးပြီ
နာရီအသစ်စက်စက်တလုံးက ဗြုန်းစားကြီးထမြည်အောင်
ဘယ်သူ နှိုးစက်ပေးသွားသလဲ
ဒါလဲအရေးမကြီးတော့ဘူး
အရေးကြီးတာက လှလှလေး ကျတတ်ဖို့...။

အဲဒီမှာတင် မိုးပျံပူဖေါင်းဟာ
သူ့ခေါင်းသူပွတ်ရင်း ကိုယ်လွတ်ရုန်းသွားသတဲ့...။

ငြိမ်းဇေဦး