Monday, March 24, 2008

တောလား .........


တောလား .........





ထိမ်းချုပ်ခဲ့ရတာများတော့
ဘာရုပ်မှ မပေါက်တော့ဘူး
တိုလီမုတ်စ အတွေးတွေပွစာကျဲ
ငါတော့ ဂေါက်ပြီ ခပ်တည်တည်ပဲ.........။


ဇရာ က ထောင်း စပြု
ကညာက ညောင်း ကြွ လု
မသာ က နှာခေါင်း တော့ နုတယ်လို့
တချို့ ကလဲမြင် ...
ကယ်တင်ရှင် တလှေကြီးနဲ့ 
ခက်တာ က မြေကြီးပေါ် လက်ပစ်ကူးရတဲ့ဘဝ
ငါ့နှယ်............။


ဒီလိုပါပဲ
ကိုယ့်ဆန်စား မရဲရတဲ့ဘ၀တွေနဲ့
ပဲ မမ တွေနဲ့လဲ ခွဲရ အကြိမ်ကြိမ်
စိန်ပြေနပြေ အိပ်နေမယ် မလွယ်လို့လက်လျော့
အဲလိုတော့လဲမဟုတ် ......။


မဇ္ဈိမပဋိပဋာနဲ့ 
အပြစ်ရှိသမျှ အထိမနာအောင်
ရိပ်သာချောင် တောင်ရိုးမှာ
မိုးလင်းမိုးချုပ် အားထုတ်သောက်စား
မင်းသားလို နေ
ပြေလည်သလိုရှင်သန်
ရင်မခံစတမ်း ငါ့ကိုမလွမ်းနဲ့
ဇာတ်လမ်းဆိုတာသိမ်းရချိန် .......။
ငြိမ်းဇေဦး


Sunday, March 23, 2008

ရှင်ပြန်ထမြောက်ခြင်း


ရှင်ပြန်ထမြောက်ခြင်း



နင်မပါရင် ငါထိုင်နေမယ်...။

မရှိအတူ ရှိအတူ
ဒိုးတူဘောင်ဖက်
တောင်တက်လမ်းတွေ
မောနေမလား
ထမ်းခေါ်သွားမယ် ။


ငါဖတ်စရာ
စာမျက်နှာ များများမလိုဘူး
နင့် မျက်နှာဟာ
သမ္မာကျမ်းစာ
တဘ၀စာလုံလောက်တယ်..။


နေကွယ်ရင်
လင်းတောက်တဲ့ နင့်မျက်ဝန်းအောက်
ကလေးတယောက်လို ငါ အိပ်စက်မယ် ...။
နင့်အချစ်နဲ့
ဘ၀သစ်တခုရခဲ့ပြီ အချစ်ရေ
နွေဦးပန်းတွေဖူးပွင့်ပြီ..။