Thursday, July 17, 2008

အ၀ိဇ္ဇာ ကို ချယ်မှုန်းခြင်း


တစုံတယောက်ကဆေးဖော်စပ်ဖို့အတွက်မျက်နှာမသစ်ပဲကော်ဖီသောက်တတ်တဲ့သူတယောက်လိုတယ်လို့
ပြောလာရင်၊အဲဒီလိုပြောလာတဲ့သူကလဲလွတ်လပ်တဲ့အပျိုစင်နုနုထွတ်ထွတ်လေးဖြစ်နေမယ်ဆိုရင်၊
အဲဒီကောင်မလေးဟာ ဟောဒီက ရေမချိုးပဲ နာရီပေါင်းများစွာနေတတ်ပြီး မျက်နှာမသစ်ပဲ အလုပ်အတော်များများကို လုပ်တတ်တဲ့ ဟောဒီက လူအပေါ်မရိုးသားတော့ဘူးလို့ တဖက်သတ်ထင်ခွင့်ကို ဟောဒီကလူက ပိုင်ဆိုင်တယ်။

အရာရာဟာ မှန်နေဖို့မလိုဘူး အစပ်အဟပ်လေးတည့်ပြီး စင်္ကြ၀ဠာနဲ့ အလျဉ်းသင့်ဖို့တောင်မလိုဘူး၊ ကိုယ်စီ တည်ဆောက်ထားတဲ့ ကမ္ဘာလေး နဲ့ အံဝင် ဂွင်ကျ ဖြစ်နေတယ်လို့ ပုဂ္ဂလိက တစ်ဦးချင်း ကျေကျေနပ်နပ်လက်ခံနိုင်ဖို့ပဲလိုတယ်လို့ ဟောဒီလူက လက်ခံထားပြန်တယ်။ တပြိုင်နက်ထဲမှာပဲ အရာတော်တော်များများကို တိတ်တဆိတ်ငြင်းဆန်ခဲ့ယုံမက အရာတော်တော်များများထဲက တော်တော်များများအရာတွေကို ဆူညံကျယ်လောင်စွာ တယောက်ထဲ ငြင်းဆန်ရှုပ်ချ သူပုန်ထလေ့ရှိတယ်။

လိင်စိတ်တွေဟာ ဘိလပ်မြေမပါတဲ့ ရွှံ့နဲ့တည်ဆောက်ထားတဲ့ဆည်မြောင်းတာတမံကြီးတခုရဲ့တံတိုင်းလို သူ့ စိတ်ထဲမှာအချိန်မရွေးကျိုးပေါက်ကျလာတတ်ပေမယ့် အပြစ်ကင်းစင်တဲ့ မိန်းကလေးတွေကို ချစ်တယ်လို့ပြောရမှာကို ဟောဒီလူရဲ့ ဒီအသက်အရွယ်မှာအင်မတန်ဝန်လေးလာခဲ့ရပြီ ။
ငယ်ငယ်တုန်းက ဘုရားသခင်နဲ့ လက်လှဲဖို့အထိ မိုက်မဲခဲ့ဖူးတဲ့ သူတယောက်အတွက်တော့ ဒါဟာ သေဆုံး ခြင်း တခုလည်း ဖြစ်နိုင်သေးတယ်။

ဒါမှမဟုတ်လဲ သူ့အချစ်ဆိုတဲ့ စိတ်ခံစားမှုကို တယောက်ယောက်ကများ အပိုင်သိမ်းသွားလေသလား
ဆိုတဲ့ အဖြေအတွက် ဟောဒီလူက ဘယ်သူရိုက်စစ်တာမှမခံဖူးလို့ ဆုံးဖြတ်ခဲ့ဖူးသလို သူ့ကိုယ်သူလဲ ဇောက်ထိုး ချပြီး ရင်ဘတ်က ထွက်ကျလာမလားဆိုပြီး စမ်းသပ် စစ်ဆေးဖို့ ဘယ်တော့မှ ဆန္ဒမရှိဘူး။

သူ့ကိုယ်သူ စာနာတတ်သူ၊ ဆင်းရဲ သူတွေ အဖိနှိပ်ခံတွေ ဖက်ကရပ်တည်သူလို့ ကုန်လုပြီဖြစ်တဲ့ အပေါစားသွားတိုက်ဆေးဘူး ကို ဖျစ်ညှစ် သလို သူက အဲဒီ ယုံကြည်ချက်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စိတ်ဖြစ်စဉ်ကို သူ့ပါးစပ်ကြီးထဲကိုညှစ်ညှစ်ချပြီး အဲဒီ ပုတ်အည့်အည့် ပါးစပ်ကြီးနဲ့
အကောင်းစားတွေကို စားသုံးချင်တဲ့ အရိုးမရှိတဲ့ လျှာကြီး က လဲ အမြဲတန်းသူ့ကို ဒုက္ခပေးတတ်တယ်။


သေသွားရင် အသုဘပြင်ဆင်သူတွေက (ကံကောင်းလို့ သူသေတာကို လူသူအချိန်မှီသိခဲ့ရင်ပေါ့လေ)
သူ့ရဲ့ ခန္ဓာရုပ်ကို သေချာ အပြန်ပြန်အလှန်လှန်ချွတ်ပြီး ပွတ်သပ်ဆေးကြောမှာသိနေယုံမက၊ရှားရှားပါးပါး သူလိုဟာနဲ့ သံဝါသ ပြုမယ့် မိန်းကလေးတွေ က သူ့ခန္ဓာကိုယ်ကို အလင်းရောင်အောက်မှာမြင်ခွင့်ရှိတယ်ဆိုတာကို သိသိနဲ့ ဟောဒီလူဟာ အမြဲလိုလို ရေချိုးကပျင်းသေးတယ်။

ဂင်္ဂါမြစ်ထဲမှာ ဥုံ နဲ့ စတဲ့ မန္တန် တွေ ကို ရွတ်ရင်း အနောက်ဖက် ကမ်းကိုကျသွားတဲ့ နေမင်းရဲ့ ဆည်းဆာ
ရောင်အောက်မှာ အခြားသူတွေနည်းတူ သူ့ကိုယ်သူစိမ်ရင်းလဲ အပေါ့သွား ဖူးချင်တဲ့ ဆန္ဒတွေ တခါတခါဖြစ်ဖြစ်လာတတ်သလို ဟိမ၀န္တာက ဆာဒူး တယောက်လိုလဲ ဂူအောင်းပြီး လောကဓါတ်ပညာတွေ နဲ့ ကျကျနန ယက်လုပ် ထားတဲ့ နေ့တွေညတွေကို သူ့ခန္ဓာကိုယ်ပေါ်က ချွတ်ချချင်တဲ့ ရမက် ခြောက်သွေ့သွေ့တွေ တဖြောင်းဖြောင်းမီးထတောက်တတ်သေးတယ်။

ဟောဒီလူဟာ ခုတော့ သူ့ရဲ့ စွမ်းပကားတွေ နဲ့ သူ့ရဲ့ ဘ၀ဆိုင်ရာ အဆင့်အနေအထားကို ကျကျ နန သိခွင့်ရခဲ့ပြီ ၊ သူဟာ ဟက်ဟက် ပက်ပက် မျက်ရည်တွေ ထွက်ကျလာအောင် ရယ်လိုက်တယ် ၊ ထွက်ကျလာတဲ့ မျက်ရည် စတွေကို ဆေးရောင်စုံ ပေပွနေတဲ့ သူ့ ဘယ်ဘက် လက် ဖမိုးနဲ့သုတ်ရင်း သူ့ ညာ လက်ထဲက စုတ်တံ မျှင် မျှင်လေးကို သေချာ သုတ်ပြီးတော့ တာပင်တိုင်ခွက်ကလေးထဲကိုထည့်လိုက်တယ် ပြီးတဲ့အခါ သူဟာ အောက်ခံဆေး သုတ်တဲ့ စုတ်တံပြားကြီးကိုယူပြီး ဆေးမဲတွေကို ဆေးစပ်ပြားပေါ်မှာညှစ်ချလိုက်တယ် တချက်မှ မတုန့် နှေးပဲ ပေါ့။


စုတ်တံပြားကြီးနဲ့ ဆေးမဲတွေကို ကျကျနနမွှေနေတဲ့ပုံက တောမှီရဟန်းတပါး ဆွမ်းခံရသမျှ အရာအားလုံးကို မခမ်းနားလှတဲ့ မြေသပိတ်ကလေးထဲမှာသေသေချာချာရေမွှေ နေသလိုဟန်ပန်မျိုးနဲ့ ။
သူဟာ စုတ်တံပြားပေါ်က ဆေးမဲတွေကို ဆွဲလက်စ ပန်းချီကားရဲ့ မျက်နှာပြင်ပေါ်မှာ အင်မတန်ပျင်းစရာကောင်းတဲ့နေ့လည်ခင်းတခုရဲ့အလည် တောကျောင်းဝိဟာရ တစ်ခုက ကပ္ပိယ တစ်ယောက် ဖြေးဖြေးလေးလေး တံမြက်လှည်း သလို မျိုး အေးဆေးမှုနဲ့….။


သူ့ပန်းချီကားမျက်နှာပြင်တပြင်လုံး နက်မှောင် မဟူရာသွေးတွေ ကွန့်မြူးသွားခဲ့ပြီ အရာရာဟာ တပြေးတညီထဲ တရောင်ထဲဖြစ်သွားခဲ့ပြီ ။ သူဟာ အေးအေးဆေးဆေးနဲ့ သူ့ရဲ့ အနက်ရောင် ကားချပ်ကို တချက်ကြည့်ရင်း စုတ်တံမျှင်မျှင်လေးနဲ့ အနက်ရောင်ဆေးတွေကို တို့ထိလိုက်ပြီး ပန်းချီကားရဲ့ဒေါင့်လေးမှာ လက်မှတ်တခုထိုးလိုက်တယ် သူ့လက်မှတ်က တကယ်တော့ သူ့နာမည်မဟုတ်တော့ဘူး ဒါပေမယ့်သူရေးလိုက်တဲ့လက်မှတ်ကတော့ “လူ” တဲ့…။

သူဟာ အသာအယာပဲ ဘာ ပရိဘောဂမှမရှိတဲ့ ဧည့်ခန်းကလေးကနေပြီးတော့ သုံးလှမ်းလျှောက်ရင် ရောက်တဲ့မီးဖိုကို သွားတယ် ။ မနက်ကတည်းက အိုးထဲမှာ ရှိနေတဲ့ ကော်ဖီကို အစိမ်းရောင် ကြွေမတ်ခွက်ထဲကိုထည့်လိုက်ပြီး သကြားမပါ နွားနို့မပါပဲသောက်လိုက်တယ် ။

တအိမ်လုံးမှာ တစ်လုံးတည်းသော သူမွေးနေ့လက်ဆောင်ရခဲ့ဖူးတဲ့ ကုလားထိုင်ကလေးပေါ်မှာတက်ထိုင်လိုက်ပြီး ကော်ဖီပူပူကို တကျိုက်ဖြေးဖြေးငုံလိုက်ရင်း
သူ့စိတ်ထဲကနေပြီးတော့သူ့ပန်းချီကားလေးကို “အသိဉာဏ်”လို့ နာမည်ပေးလိုက်ပြီး ကုလားထိုင်ကထလို့ အင်မတန်ညစ်ပေတဲ့သူ့အ၀တ်အစားတွေကိုချွတ်ချလိုက်ပြီးရေချိုးခန်းထဲကို ၀စ်လစ်စလစ်ဝင်သွားတော့တယ် လေကလေးချွန်လို့ပေါ့.............။

ငြိမ်းဇေဦး



No comments:

Post a Comment