ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Tuesday, July 15, 2008
စာရေးဆရာဗိုလ်မှူး သော်က (တိုက်ရေယာဉ် ၁၀၃)ပြောသောပုံပြင်
ကျနော်တို့ငယ်ငယ်က ငယ်တာပေါ့ဗျာ ဟုတ်ဘူးလား ။
ငယ်တော့ ပေါက်တတ်ကရ လူပျိုသိုးပုံပြင်တွေ နားထောင်ရရင် ကြိတ်ရင်တွေခုန်ရတာ အမော။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကောင်းစဉ်ကပေါ့။ တိုက်ပုံ တကားကားနဲ့ လူကြီးတွေ များ မြို့တော်သိန်းအောင်ဇာတ်က လူရွှင်တော်ကြီး ဦးပေါစံနဲ့နင်လားငါလား။
အဲလိုနားထောင် နေရရင် ပျော်လို့ ရယ်လိုက်ရင်လဲ အူလှိုက်သည်းလှိုက် ပြောပြတဲ့ လူကြီးတွေကလဲ သွားတဖြီးဖြီးနဲ့။
နွေဆည်းဆာ အသက်ငင်ကာစပေါ့ ။ အဲဒီအချိန်ကြီးမှာ အဘိုးကလဲ ယပ်တောင်ကြီးတကားကားနဲ့
သူ့ ပက်လက်ကုလားထိုင်မှာထိုင်လို့ ဘီဘီစီဖွင့်လို့ပေါ့ ။
ရှေ့သို့ဂျာနယ်တွေ စစ်ပညာဂျာနယ်တွေ ကလဲ အိမ်မှာ တပုံကြီး ပေါ့။ အဘိုးက ရေဒီယိုကို နားထောင်လိုက် မြည်တွန်တောက်တီးလိုက် ကျနော်တို့ မသိတဲ့ကမ္ဘာ့အကြောင်းအရာတွေပေါ့။
အဲဒီနေ့ကအဘိုးက ဘာစိတ်ကူးပေါက်တယ်မသိပါဘူး ရေဒီယို အစီအစဉ်ဆုံးတော့
သူ့ ပက်လက်ကုလားထိုင်ကထ ခြေလက်တွေဆန့်ရင်း သူ့  ဖင်ကြားညပ်နေတဲ့
ပုဆိုးစကိုပါ ဆွဲဆန့် လိုက်တယ်။
ပြီးတော့ မမေးစဖူး မေးတယ် ငါ့မြေး ပုံပြင် တပုဒ်နားထောင်မလားကွတဲ့ ။ အော် ဘယ်ရမလဲလေ ဒါမျိုးဆိုသိပ်နားထောင်ချင်နေတာနဲ့ကအတော်ပေါ့။
“ဟုတ်ကဲ့ အဘိုး နားထောင်မှာပေါ့”
“ဟုတ်ပြီ ကဲ ကြောင်အိမ်ထဲက ဖန်ဘူးထဲမှာထန်းလျက် နှစ်ခဲ ယူ ၊ နှစ်ခဲနော် ငါ့မြေး”
“ဟုတ်ကဲ့အဘိုး” ဆိုပြီးသကာလ တက်တက်ကြွကြွ ထန်းလျက်ဖြူဖွေးဖွေးလေးနှစ်ခဲယူလိုက်ပြီးအဘိုးဆီပြန်လာတော့ ....။
“ အဘိုး ဇက်ကြောဆွဲပေးစမ်းကွာ”တဲ့။
“ဒီလိုကွ အဘိုး တို့ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ် ကြေးရုပ်သိတယ်မဟုတ်လား ”
“ဟုတ်ကဲ့အဘိုး”
“အေး အဲဒီကြေးရုပ်က မြင်းမစီးဘူးကွ သတိထားမိလား”
“ဟုတ်ကဲ့ အဘိုး ၊ သား ကိုတောင် မှ အဲဒီရှေ့  မှာ လေးလေးကြီးဓါတ်ပုံရိုက်ပေးသေးတယ်လေ”
“အေးပေါ့ ကွာ ...အဲဒီ လို ဗိုလ်ချုပ် မတ်တပ်ကြီးဖြစ်နေတာရှေ့ မှာ မင်း ဓါတ်ပုံရိုက်ခွင့်ရခဲ့တာ ကံကောင်းတယ်မှတ် ပုံပြင်က အဲဒါနဲ့ဆက်စပ်နေတယ် ဒါပေမယ့် ဒီပုံပြင်ကအဘိုး လဲ သူများပြောပြခဲ့လို့ ကြားဖူးတာ
ပုံပြင်ရဲ့ မူလ ပိုင်ရှင်ကတော့ ဗိုလ်မှူးသော်က ပဲ ကွ တပ်မတော်(ရေ) က ”
အဘိုးက စကားအရှည်ကြီးပြောပြီး ကျနော့် ညာဘက်လက်ကိုလှမ်းကိုင်ကာ ပုခုံးသားကိုနှိပ်နေရာမှ သူ့ လည်ကုတ်ပေါ်သို့ တင်ပေးလိုက်၏၊ ယပ်တောင်ကိုခပ်ကာ ဖင်တချက်ကြွလျှက် “ဘူ..........” ကနဲနေအောင်သံရှည်ဆွဲကာ
လေလည်လိုက်သေး၏။
.................................................
နိုင်ငံတော်အကြီးအကဲတဦး ဖြစ်သော ဦးမောင်မောင်ခ သည် ဘောရစ်ဘက်ကာ လို တင်းနစ်သမားများဝတ်သော ဘောင်းဘီ အဖြူ အရောင်နုနုဖြင့် ရှူးဖိနပ် အိအိကိုစီးကာ စပို့ ရှပ် အကောင်းစား ကိုဝတ်လျှက်
သဘက်ကလေး ပုခုန်းပေါ်တင်၍ ဗိုလ်ချုပ်ကြေးရုပ် တ၀ိုက်မနက်တိုင်း ပတ်ပြေးနေကြဖြစ်၏။
ယနေ့ မနက်လည်း ထုံးစံအတိုင်း ကျန်းမာရေးအတွက် ရွရွလေးပြေးနေ၏။
“ဟေ့ကောင် မောင်မောင် ခ ”
ဦးမောင်မောင်ခ လန့် သွားသလိုဒေါသလဲထွက်သွား၏။
လူငယ်တယောက်၏ အသံဖြင့် သူကဲ့သို့ အကြီးအကဲကို မောင်မောင်ခဟု ဘယ်သကောင့်သားခေါ်သနည်း။
“ဘယ်သူလဲကွ ငါ့ကိုမောင်မောင်ခလို့ခေါ်တာ”
ဒေါနှင့်မောနှင့်ပြန်မေးလိုက်ကာ လိုက်ကြည့်တော့ဘယ်သူမှမရှိ...။
“ဟေ့ကောင် မောင်မောင်ခ မင်းကန်းနေသလား ငါခေါ်နေတာကွ”အသံက အထက်မှလာ၏။
ဦးမောင်မောင်ခ မော့ကြည့်လိုက်တော့ မျက်နှာထားတင်းတင်းဖြင့်ဗိုလ်ချုပ်က သူ့ ကိုငုံ့ကြည့်နေ၏။
“ဗိုလ်ချုပ် ...ဗိုလ်ချုပ်စကားပြောတာလား”
“ အေး ဟုတ်တယ် ၊ ငါညောင်းတယ်ကွ မောင်မောင်ခ ”
“နှိပ်ပေးရမလားဗိုလ်ချုပ်”
“ ဖားလိုက်တာလဲ ပြာနေတာပဲ နှိပ်ပေးခိုင်းနေတာမဟုတ်ဘူး ကွ ငါဘယ်တုန်းက ဇိမ်ခံဖူးလို့ လဲ”
“ဒါဆို ဘာလုပ်ပေးရမလဲဗိုလ်ချုပ်”
“ငါညောင်းတယ်ကွ ငါမြင်းစီးချင်တယ်”
“ကောင်းပါပြီ ဗိုလ်ချုပ် ဖြစ်စေရပါမယ်” ဦးမောင်မောင်ခ ကတိပေးပြီး အိမ်သို့ ကုတ်ချောင်းချောင်းဖြင့်ပြန်လာခဲ့၏။
လမ်းတွင် ကိုယ်ရံတော်များ သက်တော်စောင့်များအားတခွန်းမှ ကားထဲတွင်စကားမပြောတော့။
အိမ်သို့ရောက်သောအခါ ရေချမ်းချမ်းလေး တခွက်တောင် မသောက်နိုင်ပဲ ဦးစန်းယု ကို ဖုန်းဆက်ပါတော့၏။
“ဟယ်လို ..ဦးစန်းယုလား မောင်မောင်ခ ပါ ..ဟုတ်ကဲ့ အရေးကြီးလို့ ဗျာ ဦးစန်းယုကို ဖုန်းပေးလိုက်ပါ နှိုးပေးပါ ဟုတ်ကဲ့ ...အင်း...ဟုတ်ကဲ့...ဟုတ်ကဲ့... ”
“ဘယ်လိုဖြစ်တာလဲဗျာ စောစောစီးစီး ရေးကြီးသုတ်ပြာ ဗကပတွေ ရန်ကုန်ဝင်စီးလို့ လား ”
“မဟုတ်ဘူးဗျို့..ကျုပ် မနက်က ကန်တော်ကြီးပတ်ပြေးတာ ဗိုလ်ချုပ်ကြေးရုပ်ကစကားပြောတယ်ဗျ”
“ဘယ်လို ...ဘယ်လို ဗိုလ်ချုပ်ကစကားပြောတယ် ဟုတ်လား” ဦးစန်းယုစိတ်ထဲတွင် ပဲပြုတ်နှင့်နံပြား တော့ တောင်းပြီထင့် ဟု တွေးလိုက်မိ၏။
“ဟုတ်တယ်ဗျို..ဟုတ်တယ် မြင်းစီးချင်တယ်တဲ့ ဗျ”
“ဟေ့ မဟုတ်တာဗျာ ပေါက်တတ်ကရ” ဦးစန်းယု စိတ်မရှည်တော့ ဖုန်းချရန်ပြင်၏။
“ဦးစန်းယုရေ မယုံရင် ခင်ဗျားကိုယ်တိုင်မနက်ဖြန်မနက် လိုက်လာခဲ့ မပြောမရှိနဲ့”
“အေးဗျာ ကြားကြားဖူးပေါင် ခင်ဗျားပြောတာဆိုတော့လဲ မနက်လိုက်ရတော့မှာပေါ့”
.....................................................................................................
ဝေလီဝေလင်း မနက်စောစောတွင် ဦးမောင်မောင်ခနှင့် ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ကို ပတ်၍ ပြေးနေကြ၏
ဗိုလ်ချုပ် ထံမှ စကားသံထွက်မလာသေး။ ပဲပြုတ်သည် ပဲပြုတ် အစိတ်သားခန့်  စက္ကူကန်တော့ လေးထဲထည့်ပြီးချိန်လောက်အကြာတွင်တော့
“ဟေ့ကောင်တွေ ....ဒီနေ့ မင်းတို့ က နှစ်ယောက်ပါလားကွ”
ဦးစန်းယု မရှိမယ့်ရှိမယ့် ဆံပင်မွှေးများထောင်ကုန်၏ အီးပါချင်သလိုလို သေးပေါက်ချင်သလိုလိုဖြစ်လာ၏ ပြီးတော့တဆက်ထဲပင် သတိပါဖမ်းဆွဲမိသွားပြီး “ဟုတ်ကဲ့ပါဗိုလ်ချုပ်”
“အေး ..ငါညောင်းတယ်ကွ မြင်းစီးချင်တယ် ကြားလား”
“ဟုတ်ကဲ့ပါဗိုလ်ချုပ် ဖြစ်စေရပါ့မယ်” ဟု သံပြိုင်ဖြေလိုက်ကြကာ နှစ်ဦးသား ကုတ်ကုတ် ကုတ်ကုတ်ဖြင့် အိမ်အပြန်လမ်းတွင်တိုင်ပင်လာခဲ့၏ ။ “နံပါတ်ဝမ်းကြီးကိုတော့အသိပေးမှဖြစ်မယ် ”
ဟု ဦးစန်းယုကအဆိုတင်သွင်းသောအခါ...
ဦးမောင်မောင်ခက“ ဥက္ကဌကြီးသိမှဖြစ်မယ်ဗျ ဟုတ်တယ်” ဟု ထောက်ခံလိုက်၏ ။ သို့ ကလို ဆရာများက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အဆိုတင်သွင်းကာ ရှယ်ယာခွဲပြီး လစ်နေကြဆိုတော့ အလုပ်ကိုဖြစ်နေကြ၏။
သို့ဖြင့် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့  သည် ဗိုလ်ချုပ် ညောင်းတော်မူသည့်ကိစ္စကို မယားများကြားဗျာများနေသော ဥက္ကဌကြီး ဦးနေ၀င်းအားမည့်အချိန်ကို စနည်းနာကာ တင်ပြလိုက်ကြ၏။
ဦးနေ၀င်းက မယုံ သူပါလိုက်မည်ဆိုလာပြန်သဖြင့် နောက်နေ့ မနက်စောစော ဦးနေ၀င်း ပါ ပါလာမည့်အတွက် လုံခြုံရေး ထပ်မံချရန် ညွှန်ကြားကြရပြန်၏။
...................................................................................................................
မနက်စောစော သုံးယောက်သား ဘောင်းဘီတိုများ ဖြင့် ဗိုလ်ချုပ်ကို ပတ်ပြေးနေခဲ့ကြသည်မှာ တော်တော်ကြာခဲ့ပြီ ဦးနေ၀င်းဆာလှပြီ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲ ပြာလှပြီ ။
ဗိုလ်ချုပ်ကျောက်ရုပ်က စကားတခွန်းမှမထွက် ... နေလည်းအတော်မြင့် ပြီ ဦးနေ၀င်း ဒေါသူပုန်ထကာ ဦးစန်းယုနှင့် ဦး မောင်မောင်ခ အား ငါ ချင်းမအေချင်းမိုးမွှန်အောင်ဆဲဆိုပြီး
ပြန်သွားတော့၏။ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲမျက်နှာငယ်လေးများဖြင့် အိမ်သို့ ပြန်ကြတော့၏။
အိမ်အပြန်လမ်းတွင် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့ မကျေနပ်ကြ ဗိုလ်ချုပ် ကတော့ သူတို့ ကို ချောက်ချတာပဲဟု တွေးကာ ၀မ်းနည်းနေကြရင်း နောက်ထပ် တခေါက်နှစ်ယောက်ထဲ ထပ်သွားရန် ဦးမောင်မောင်ခ မှ အဆိုတင်သွင်းပြီး
ဦးစန်းယုကထောက်ခံကာ သဘောတူလိုက်ကြ၏ ။
...........................................................................................................................
မနက်စောစောတွင် ဦးမောင်မောင်ခ နှင့်ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကျောက်သမံသလင်း ကြမ်းပြင်ပေါ်သို့ ခြေမှမချခင် ဗိုလ်ချုပ် ၏ ကြိမ်းမောင်းသံကိုကြားလိုက်ရသဖြင့် လန့် သွားကြ၏။
“ဗိုလ်ချုပ်ရယ်မနေ့ က ကျနော်တို့ ကို တမင်သက်သက် အချွန်နဲ့မလိုက်သလိုပါပဲလား ဗျာ ” ဟု ဦးစန်းယုက မရဲတရဲ ငြီးပြောပြောလိုက်သောအခါ
ဗိုလ်ချုပ်က“ ဟေ့ကောင် စန်းယု နဲ့မောင်မောင်ခ ၊ ငါ မင်းတို့ ကိုပြောတာ က မြင်းစီးချင်တယ်ပြောတာ မင်းတို့ခေါ်လာတာက နွားကြီးကိုကွ ” ဟု ဒေါနှင့်မောနှင့်ပြောလိုက်ပါတော့သတည်း။
..............................................................................................................................................
ပုံပြင်ဆုံးသွားသောအခါ အဘိုးသည် “တဟားဟားရယ်ရင်း အဲသလို ငါ့မြေးရေ ငါတို့တိုင်းပြည် အုပ်ချုပ်နေတဲ့ ကောင်က နွားဆိုတာ လူမပြောနဲ့ အသက်မဲ့ တဲ့ကြေးရုပ်ကတောင်သိတယ်ကွ ”
ဟုပြောရင်း သူ၏ လေးလံ သော ခန္ဓာကိုယ်ကြီးဖြင့် ဖြေးဖြေးလေးလေးထကာ စစ်သဘက်လေးဖြင့် သူ့ လက်ဖျံသို့ပုတ်လိုက်ရင်း ခြံရှေ့ တံခါးပိတ်ရန်တရွေ့ရွေ့ဖြင့် ထွက်သွားပါတော့၏။
ငြိမ်းဇေဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment