Sunday, March 2, 2008

သူ့ကြောင့်ပေါ့အမေရယ် ….


သူ့ကြောင့်ပေါ့အမေရယ် ….

လက်ပေါက်ကတ်တယ်
ခပ်ရိုးရိုး မိန်းမနဲ့စကားပြောရတာ
ပိုက်သာဂိုရပ် ပါ ရူးသွားနိုင်တယ်
သီအိုရီမရှိဘူး …။

စပါယ်ပန်းတွေ ပွင့်စပြုပြီ
နေခြည်နုနုတွေ ရွရွလေးခုန်ချ
ရင်ဘတ်ချင်းအပ် ကြပြီ…။

ကိုယ့်ဟာကိုယ် လည်လှပြီအမြဲထင်တတ်တဲ့
အမေ့သားဟာ
ခပ်ရိုးရိုး မိန်းမတစ်ယောက်ကြောင့်
ကိုယ်တုံးတာ သိခဲ့ရပြီ ….
ကျနော့်များ ဘယ်နှစ်ယောက်ကပြုံးခဲ့ပြီလဲမသိ…။

စပယ်တွေပွင့်ပြီအမေ
ဆောင်းနှောင်းဟာနွေယောင်ဆောင်ပြီ
ခပ်တည်တည်နဲ့ နေဦးမယ်....။


ငြိမ်းဇေဦး




လူမိုက်


လူမိုက်

ဟေ့..ဒီမယ်....
နာရီတွေငြိမ်သက်
လောက....အသက်မဲ့နေသလား.... ။

လှုပ်နှိုးဖို့လိုသလား...
ထုတ်ရှိုးဖို့လိုသလား ...။

ပြောစမ်းပါ..
ငါမနက်ဖြန်ကို မနေ့ကနဲ့
လဲလိုက်ချင်လို့.....
အဲလို
အမှားတွေကို ပြင်ဖို့ကြိုးစား..။

ငြိမ်းဇေဦး


ခပ်ညံ့ညံ့…




ခပ်ညံ့ညံ့…

မဟာဇနက္ကမင်းသားမှာ
မေခလာရှိခဲ့တယ်
ပြောကြတာပဲ…။

ငါဘယ်လိုရှင်သန်ရပါ့
လက်ပမ်းကတော့ကျခဲ့ပြီ…။

ဒီလို…
ကိုယ့်ကိုယ်ကို သနားတတ်တဲ့ကောင်
ဒူးထောင်ပေါင်ကား အခန့်သားလဲ
တောဝက်သားနဲ့ကောက်ညှင်းအရက်ကို
စုံမက်……..။

ဧ၀ရက်တောင်ထိပ်
တင်ပလ္လင်ချိတ်ရင်း
ငါးမန်းတောင်ဟင်းချိုပူပူတခွက်
လက်ရာကောင်းကောင်း
ငရုတ်သီးစပ်စပ်
ပုဇွန်သုတ်တပန်းကန်
ခေါင်ရည်ပူတအိုးပြီးတအိုးကို
မိုးဦးရေစီးသန်မြစ်လို မျိုမျိုချ
နှင်းတောင်ညတွေမှာလဲ ဇိမ်ယစ်ချင်…။


တနေ့လုံးမှာ
တခါပြုံးဖို့ရှားပါးတဲ့
ခါးသက်ခြင်းတွေအတွက်
ငှက်ဖျားဟာ မထွန်းကားတဲ့ဈေးကွက်လို
ငါ့ကိုစွန့်ခွာ….။

အိုမီဂါနာရီဟောင်းတစ်လုံးထဲမှာ
ဇာတာဖွဲ့တွေကျိုးကြေ…။

ဟာမိုနီကာပါးပါးလေးမှုတ်ရင်း
ထင်းရူးတောတွေကို ကောက်သင်းကောက်..။

ဒီလိုနဲ့ပဲ ခေါက်ရိုးကြေလို့
တွေဝေ…။

အချစ်ရေ…. မြစ်ရေလျှံ တာကျိုး
အစိုးမရတဲ့စိတ်တွေနဲ့
အိပ်နေတော့မယ် … နစ်စေတော့…။

ငြိမ်းဇေဦး