Friday, October 16, 2009

သုံးစွဲသူများ



ချစ်ပြကြတယ်
အသည်းအသန်ချစ်ပြကြ....

ခြေမွေးမီးမလောင်
လက်မွေးမီးမလောင်နဲ့
တချိန်တုန်းက တော့ ကိုးမားရောဂါသည်တွေလိုပေါ့.....

အဲသည်တောင်ကုန်းပေါ်က
ရေခဲတဲ့ဆောင်းညတွေကိုသူတို့ မသိပါဘူး

မျှော်လင့်စရာ အောင်ပွဲကလွဲလို့
မနက်ဖြန်တောင်မကျိန်းသေတဲ့ တိုက်ပွဲတွေကြားလဲ
သူတို့မရှိခဲ့ပါဘူး.......

အငတ်ငတ်အပြတ်ပြတ်နဲ့
လူသေဖိနပ်ချွတ်မှ ကိုယ်ချီတက်နိုင်မယ့်ဘ၀တွေလဲ
သူတို့မသိခဲ့ပါဘူး......။


ယမ်းနံ့တွေဟာ
ပန်းနံ့ဝေသလို နှစ်လိုဖွယ်မဟုတ်ဘူးဆိုတာလဲ
သူတို့ မသိခဲ့ပါဘူး....။

ခေတ်ကို
လိုသလို အသုံးပြုဖို့

ခြေနှစ်ချောင်းအောက်က ကိုယ်ရပ်နေရတဲ့မြေကို
လိုသလို အသုံးပြုဖို့

ကိုယ့်အတွက်
အကွက်ဝင်မယ်ဆို ဘာမဆို ရသမျှ
လိုသလိုအသုံးပြုဖို့

အဲဒီမှာ နှလုံးအတုနဲ့ရှင်သန်နေတဲ့သူတွေပေါ့.........
အပြုံးအတုတွေလည်း ပေးတတ်တယ်..........။


ငြိမ်းဇေဦး


ဥပေက္ခာမြောက် ကမ္မသကာ

ကျေနပ်တယ်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
ရှင်သန်တာအသင့်မြတ်ဆုံး...

ဘာပြောပြော ဘာထင်ထင်
ဘယ်လိုမြင်မြင် မျက်တောင်မခတ်ချင်တော့ဘူး....
အဲသမှာ ဘယ်လိုသတ္တ၀ါရဲ့
ကဲ့ရဲ့မျက်လုံးကိုမှ ဖောက်ထုတ်ချင်စိတ်မရှိတော့တာ
မုဒိတာ စတယ်ဆိုပါတော့...........။


ကိုယ့်ဘ၀ကိုယ်တူးဆွပြီး
မြှုပ်နှံပစ်ခဲ့ရတဲ့အတိတ်တွေဟာ
အိပ်နေပါစေတော့..........။

အနစ်နာခံခဲ့ကြောင်း
လူကောင်းဖြစ်ကြောင်း
ဘ၀တခုလုံးထောင်းထောင်းကြေအောင်
အနင်းခြေခံခဲ့ရကြောင်း
ကြုံတိုင်းမောင်းထု မပြောတတ်ခဲ့တာ
ဒီအတိုင်းပဲ ဆက်ရှိပါစေလေ
အားလုံးအတွက် အကောင်းဆုံးပါ
ဒီလို ကိုယ့်ကိုယ် ကိုယ်နှစ်သိမ့်မှုတွေနဲ့
အထီးကျန်မှုကို ရွေးချယ်ခဲ့........။

ချစ်ဖူးတယ်
မချစ်ပဲလဲ တူတူအိပ်ဖူးတယ်
တူတူမအိပ်ရပဲ လဲ ချစ်ဖူးတယ်
ဘ၀ အလျော်အစားနဲ့လဲ
အစော်ကားခံသတ္တ၀ါကိုကယ်ဖူးတယ်....

အားနာလွယ်
သနားလွယ်တဲ့ အားနည်းချက်နဲ့
စကားမသွက်ခဲ့သမျှတော့
ကိုယ်ခံအားကောင်းမှဆိုတာ
နားလည်ပြီးသား................

နှစ်များကြာလာတော့
ခံနိုင်ရည် ဟာ မိုင်ပေါင်းများစွာခရီးနှင်ခဲ့ပါပြီ..........

ဒီမှာ.....
ရိုးသားမှု ၊ ပွင့်လင်းမှု
နားလည်မှု ၊ ရိုင်းစိုင်းမှု အားလုံးဟာ
ဘ၀ကိုဖွဲ့ ညွှန်းရာ အဘိဓါန်ပါ
သိချင်ရင် လာ ကြည့်.....................
ဘာမှတော့ ကိစ္စမရှိ.......။

ငြိမ်းဇေဦး