Friday, February 29, 2008

အိုမာခရမ်ရေ.........


အိုမာခရမ်ရေ.........

အိုမာခရမ်ဟာ ၀ိုင်ချိုသောက်
ကြယ်တွေကောက်
ကော်ဇောပေါ်မှာ
တယောက်ယောက်ကို
လွမ်းနေတယ်ဆိုရင်
အဲဒီပါရှားပြည်မှာ
ညဟာ....
ကဗျာတွေဖြစ်တယ်..........။

နင့်ရင်ထဲက
ငါ့ဖြစ်တည်မှုကို
ပိုပိုသာသာတွက်တတ်တဲ့
ငါ့ညံ့ဖျင်းမှုမြင်းအိုတကောင်နဲ့
ခရီးထွက်ခဲ့မှတော့ .....
အဲဒီမြင်းအိုကြီး ပြန်ပြန်ထမ်းခဲ့ရတဲ့အဖြစ်နဲ့........
ငါ့ရင်မှာတော့ဒဏ်ရာတွေဖြစ်တယ်.............။

ဒီညဟာ အင်မတန်အေးတယ်
ငါဟာဒီညကို
ရေခဲတုံးတစ်တုံးလို တမြုံ့ မြုံ့ဝါးဦးမယ် ....
ငါ့ကိုညကပြန်ပြီး ရေခဲရိုက်သွားမှာမပူနဲ့
ငါ့သွေးကြောထဲမှာ အယ်လ်ကိုဟောရှိတယ်
ငါ့စိတ်ထဲမှာ မြိုသိပ်ထားတဲ့အပူတွေရှိတယ်
ငါ့နှလုံးသားဟာ ပေါက်ကွဲစမီးတောင်ဖြစ်တယ်
နောက်တော့ငါဟာ ငါ့ဟာငါလောင်ကျွမ်းနေသူဖြစ်တယ်...။

အိုမာခရမ်ရေ
ခင်ဗျားကိုင်ဖူးတဲ့ရင်သားတွေအောက်မှာ
နှလုံးသားဆိုတာရှိခဲ့ပါသလား.................။


ငြိမ်းဇေဦး



Wednesday, February 27, 2008

ရုန်းထွက်ခြင်း.......


ရုန်းထွက်ခြင်း.......

နေ့နဲ့ည ရဲ့အပြင်ဖက်နံရံမှီ
အဖီဆွဲနေရင်း
ပျင်းရိခြင်းခြောက်ပါး
ထောက်ထားလို့
ဈာဉ်တရားနဲ့ မှိန်းဦးမယ်..........။

ငြိမ်းဇေဦး



Tuesday, February 26, 2008

မီးလောင်တဲ့မြို့ ...............


မီးလောင်တဲ့မြို့ ...............

ငါ့မြို့ ဟာ ဒစ်ဂျစ်တယ်နာရီနဲ့
နေစာလှုံတယ် .........။

အမှန်ကတော့
သူ့ခမျာ ကျပ်တင်ခံရတာပါ
သူမသိရှာဘူးတဲ့...။

အမြဲလို ပဲ....
သုမနကျောမှာဒဏ်ရာတွေနဲ့ ....
မှောင်ကြီးမဲမဲအသံပြဲ နဲ့  ထထငို.....။

ငါ့မြို့ဟာ
အာရုံခံတန်ဆောင်းတွေမလိုတော့ဘူးတဲ့ ….
ရှင်မီးအင်္ကျီ အပါးစားနဲ့
ဆပ်စလူးထနေလိုက်တာ
ရင်သားမီးလောင်တာတောင်
လုံယောင် ဆောင်နေရဲ့....
မျက်ရည်တွေနဲ့ငြိမ်းသတ်ရ..
ဒါ ဒို့ ရတဲ့ဘ၀လား...........။

ငြိမ်းဇေဦး


Monday, February 25, 2008

လူလွန်ခေတ်ရဲ့ငါ့ရုပ်ကြွင်း



လူလွန်ခေတ်ရဲ့ငါ့ရုပ်ကြွင်း

အပ်ချမတ်ချ မသေချာမှုတွေ
လေပြေတဝေ့စာ
ထောင်းကနဲ ထောင်းကနဲဖွာရင်း
ညှင်းဆဲခံနေရတဲ့အဆုတ်နှစ်မြွှာ
ကျပ်ခိုးစွဲတာကြာပြီ။

စမ်းချောင်းဟာ
တနှစ် တနှစ် တောင်တလုံးစာ
သာသာလေးတိုက်စား
သူ့ဟာသူထွားကြိုင်းတိမ်ကော
ပါးစပ်ပြောရာဇ၀င်တွေထဲ
ပစ်… ပစ်…လဲ ရ…..။

ပင့်တင်ဖြစ်တည်မှုတွေနဲ့
တရွေ့ရွေ့မြင့်တက်လာတဲ့
တောင်ပူစာသစ်တွေ
ဘူမိဖြစ်စဉ်ထဲတိုးဝင်…..။

တချိန်မှာ ဒိုင်နိုဆောတွေရယ်
လူတွေရယ် အကြောင်း
သမိုင်းဟောင်းသုတေသီသတ္တ၀ါဟာ
သူ့မျိုးဆက်မှာမှတ်တမ်းတင်ရင်
ငါ့အသည်းတခြမ်း လွမ်းလို့ ကျကွဲ သွားတာ
မြင်ချင်မှမြင်…။

သေချာတယ်
နစ်ကိုးတင်းနဲ့သီချင်းဆိုတဲ့
ဒီအဆုပ်ဟာ
ဒဏ်ရာတွေနဲ့ ရှုရှိုက်ကြောင်း
သမိုင်းဟောင်းပြတိုက်ကြီးထဲ
ဆလိုက်မီး ဖြဲ ထိုး
ငါ့အရိုးစုကို
အမျိုးမျိုးဝေဖန်ကောင်း ဝေဖန်ဦးမှာ…………..။


ငြိမ်းဇေဦး

လူသားမျိုးနွယ်ပျောက်ဆုံးချိန် နောက်ထပ် ဥာဏ်ရည်မြင့် သတ္တ၀ါများ ကမ္ဘာလောက ကြီးပေါ် ဖြစ်ပေါ်ထွားကားလာခဲ့လျှင် ဆိုသော အတွေးဖြင့် ခပ်ရေးရေး တို့ ထိလိုက်ပါသည်။




Sunday, February 24, 2008

ပစ်ပစ်ခါခါ လွမ်းရဲ့...............




ပစ်ပစ်ခါခါ လွမ်းရဲ့...............

ရက်ဗလွန် နှုတ်ခမ်းနဲ့ မနမ်းနဲ့
ညနေရဲ့ ရောင်ပြန်တွေ ပါးမှာ မချယ်သနဲ့
ငါက မင်းနဲ့လမ်းအတူ လျှောက်လိုသူပါ...။

ငါလက်သည်းညှပ်ပေးတတ်ပါတယ်
ရန်လဲကင်း ယုယခြင်းလဲ မြောက်အောင်
ဟုတ်ဘူးလားကြောင်မလေးရယ်...။

ဝိုင်ချိုမသောက်နဲ့ ခံတွင်းဈေးကျတယ်
အချစ်ရယ် ချဉ်ချဉ်တူးတူးမူးပြီးရော
တယောတလက်နဲ့ မပြောရက်ခဲ့တာ
ဒဏ္ဍာရီတွေမဟုတ်ဘူးလေ.....။

မင်းဝေးနေတဲ့အချိန်တွေမှာ
ငါဟာ ပြာကျသွားတဲ့ မာနတရားနဲ့
ဘုရားသခင်နဲ့စီးချင်းထိုးမယ့်
မင်းမုန်းတဲ့မာန်နတ်ကို
တမတ်ပေးပြီး ဘ၀ကူးခိုင်းခဲ့တယ်....
သူကသေချင်ယောင်ဆောင်လို့
ညအမှောင်ကိုပြုစား...........။

ပြီးတော့ မင်းနှုတ်ခမ်းကို
လွမ်းလွမ်းနဲ့
နိဗ္ဗာန်ကိုမီးနဲ့ရှို့ချင်သေးရဲ့.........
မနာလိုမှုတွေနဲ့ ၀န်တိုတယ်..........။

ငြိမ်းဇေဦး




ညရထား……….



ညရထား……….

ရထားဟာ ဘယ်တော့မှ တွေးခေါ်မှာမဟုတ်တဲ့ သူ့ ရဲ့ ခေါင်းကြီးနဲ့ အဲဒီတွဲတန်းရှည်ကြီးကို ကျဉ်းမြောင်းမြောင်း သံလမ်းနှစ်ချောင်း ပေါ်မှာ တလမ်းသွား အဖြစ်နဲ့ ကုန်းရုန်းဆွဲလာခဲ့တာ တကယ်တော့သိပ်ကြာနေပြီ။
ရထားဟာ မြင်းတကောင်လို ခုန်ပေါက် နေရတဲ့သူ့ဘ၀ကိုစိတ်မညစ်ခဲ့ဘူး....တကယ်လို့များ သူ့ရဲ့ ဘ၀ကြီးကို စာနာမယ်ဆိုရင် သံချောင်းနှစ်ချောင်းပေါ်က သူ့ အဖြစ်ကို ချောမွေ့ညက်ညောတဲ့ ပြေးလမ်းတစ်ခုအဖြစ်
ပြုပြင်ပေးခဲ့မယ်ဆိုရင် သူဟာ ခနခန ပစ်လှဲ အိပ်ချပစ်ချင်စိတ်တွေနဲ့ ပြေးနေခဲ့မှာမဟုတ်ဘူး..........
ရထားကပြောတယ် သူ သယ်ဆောင်လာတဲ့ သက်ရှိသက်မဲ့တွေရဲ့ချွေးတွေ သွေးတွေ သက်ပြင်းတွေ မျက်ရည်တွေ သူမသိချင်ပါဘူးတဲ့........သူ့ရဲ့ ပြတင်းပေါက်တွေပေါ်မှာမေးထောက်ရင်း ခြောက်သွေ့ အက်ကွဲ လယ်ကွက်တွေ
ဇီးခြုံပုတ်တွေ ကို ငေးတတ်တဲ့ သတ္တ၀ါတွေ ကို သူမသိချင်ပါဘူးတဲ့........ပြီးတော့ အဲဒီဘူတာလေး ရှေ့ မှောင်ရိပ်ထဲက သစ်လုံးကြီးတွေကြားမှာ ကြေမွပြီးသားဘ၀လေးတစ်ခု ထပ်မံခြေမွ ခံရတာလဲသူမသိချင်ပါဘူးတဲ့..........။

...............................................................................................

ခြင်တွေဟာ လေကြောင်းတိုက်ပွဲတစ်ခုကို အထက်စီးရထားတဲ့ တိုက်လေယာဉ်အုပ်လို ၀ီခေါ်

ပျံဝဲနေတယ်........။
ဝါကျင့်ကျင့် မီးလုံးလေးတွေဟာ ဘူတာ ထဲ က ခုံတန်းကလေးတွေ ပေါ်မှာ မှိန်မှိန်လေးလင်းနေတယ်......။ အမူးသမားတစ်ယောက်ဟာ ခုံတန်းတစ်ခုလုံးကို သူ့ အိပ်ယာတစ်ခုလို အပိုင်စီးထားတယ် သတင်းစာစက္ကူတွေနဲ့
သူ့မျက်နှာကိုလဲဖုံးထားသေးတယ် ညစ်ပေနေတဲ့သူ့ခြေထောက်ကြီးကို နောက်မှီ လက်ရန်းပေါ်တင်လို့.... တရှူးရှူးအိပ်ပျော်နေတယ်..........။

မျက်နှာချင်းဆိုင်ခုံတန်းမှာ ကိုရင်လေးတစ်ပါး အဘွားကြီးတစ်ယောက် ဆေးတံလေးနဲ့ အဘိုးကြီးတစ်ယောက် ထိုင်နေကြတယ်........... ကိုရင်လေးက အဘွားကြီးကပ်နေတဲ့ မတ်ခွက် အဟောင်းကြီးထဲက အချိုရေ တွေကို
လက်နှစ်ဖက်နဲ့ကိုင်ပြီးသောက်ရင်း ရေခဲတုံးလေးတွေကို တဂွပ်ဂွပ်ဝါးနေတယ် မျက်လုံးလေးပေကလပ်ပေကလပ်နဲ့.............၊ ဆေးတံ ဖွာနေတဲ့ အဘိုးကြီးက ကိုရင်လေးသင်္ကန်းစမှာ ပေနေတဲ့ ရွှံ့ခြောက်တွေကို သူ့ရဲ့ ချေးညှော်တွေ
နဲ့ မဲနေတဲ့ လက်သည်းတွေနဲ့ ခြစ်ထုတ်ပေးနေတယ်......။

လက်မှတ်ရောင်းဟာ လွယ်အိတ်စုတ်တစ်လုံးနဲ့ ဘူတာ ရုံ ရဲ့ လက်မှတ်ရောင်းတဲ့ရုံးတံခါးကို ကြေးသော့တံတစ်ချောင်း ထိုးဖွင့်ရင်း အမူးသမား ဆီ မျက်စောင်းထိုးကြည့်ပြီး ထွီကနဲ သူ့ရဲ့ ပါးစပ်ကြီးထဲက ကွမ်းတံတွေးတွေကို
ဘူတာရုံနံရံနားကပ်မှေးနေတဲ့ ခွေးဝဲစားရဲ့ အမြီးနားထိအောင် ထွေးထုတ်လိုက်တယ်.......။
ခွေးဝဲစား ဟာ ဇိမ်တောင်မပျက်ဘူး နားရွက်တချက်နှစ်ချက်ခတ်ပြီး စိတ်ပျက်လက်ပျက် ပြန်မှေးနေတယ်...........။
.............................................................................

ဘူတာဟာ ကုက္ကို ပင် တန်းတွေ တဖက်တချက်နဲ့ သူ့နောက်ကျောဘက် အလုပ်သမားတန်းလျားထဲကလင်မယားရန်ဖြစ်သံတွေ ကလေးငိုသံတွေ ခွေးဟောင်သံတွေ ရိုက်သံပုတ်သံတွေကို နားယဉ်နေခဲ့တာ တော်တော်ကြာခဲ့ပြီ။
ခပ်ဝေးဝေး က ကုက္ကိုပင်ကြီးအောက်က ခုံဝိုင်းလေး ဘေးနားမှာ မိုးကာအစုတ်တချပ်ကို ခင်းပြီး မီးဖိုလေး သေးသေးလေးဘေးမှာ ၀ိုင်းထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့မိသားစု တစ်စုဟာ ညရထား ဒီမြို့ဘူတာလေးကိုဖြတ်သွားပြီးချိန်မှာ ဘူတာပလက်ဖောင်း
ပေါ်မှာ တက်အိပ်ခွင့်ရဖို့သေချာချင်မှသေချာမယ်ဒါပေမယ့်သူတို့မိသားစုလေးက ဗိုက်ဟောင်းလောင်းနဲ့စောင့်နေတုန်း.........။

ခြေထောက်မသန်တဲ့ သမီးလေးဟာ သူ့ အမေဘေးမှာ ပြုံးပြီး သူ့ မောင်လေး ပိန်တာရိုးသေးသေးလေးကို သူတို့ ရဲ့ဇာတိမြို့ကလေးက ဘုရားပွဲတခုအကြောင်းပြောပြနေရှာတယ် အဖေလုပ်သူကတော့ သူ ကောက်လာခဲ့တဲ့ ရေစိုဆေးလိပ်တိုလေးတွေကို
မီးကင်လို့ ...........ဖင်စီခံနားမကပ်တကပ် ဆေးလိပ်တိုကိုပါးစပ်မှာကိုက်ဖွာရင်း ခြင်ကိုက်ဖုတွေနဲ့ ရဲရဲနီအစက်အပြောက်တွေထနေတဲ့ သူ့သားလေး ကျောကုန်းလေးကိုကုတ်ပေးနေတယ်....။
အမေဖြစ်တဲ့မိန်းမကြီးကတော့.......... သူ့ရဲ့ ထမိန်စုတ်တစ်ခုကို သေချာခေါက်ပြီးဖင်ခုထိုင်ရင်း မျက်လုံးဟောက်ပက်နဲ့ ဘူတာဘက်ကို ငေးနေတယ်.... ဘာတခွန်းမှမပြောဘူး........။

....................................................................................

ခဏကြာတော့ ခပ်မူးမူး ရယ်သံ တွေ နဲ့ လူ တစု စက်ဘီးတွေ ကို တွန်းရင်းရောက်လာတယ်.............။ ပြီးတော့ဘူတာနောက်မှာသူတို့စက်ဘီးတွေကို သော့ခတ်ကြတယ်........။ ဘူတာထောင့်က သနပ်ခါး ကွက်ကြားနဲ့ လှတပတ ကောင်မလေးရဲ့ ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်ရင်း
ကွမ်းယာဘိုးထက် များတဲ့ဈေး ညှိသံတွေ ထွက်လာတယ်..........။ ကွမ်းယာသည်ကောင်မလေး ကို ခပ်ရင့်ရင့် ဆဲသံတသံထွက်လာတယ် ပြီးတော့သူတို့ဟာ ကွမ်းယာဘိုးပေးလိုက်ကြပြီးတသောသောရယ်ရင်း ထွက်လာကြတယ်..........။
ကွမ်းယာသည်ကောင်မလေး သိပ်နေမကောင်းတာကတော့ကြာလှပြီ...........နတ်ပြည်နဲ့ငရဲကြားမှာ ရွေးစရာတခုခုတော့ သူဆုံးဖြတ်ခွင့်ရလိမ့်မယ်လို့ ကောင်မလေးကမျှော်လင့်ချင်သေးတယ်.............။

............................................................................

အဲဒီ မူးနေတဲ့ လူတစုဟာ ကုက္ကိုပင်ကြီးအောက်က မိသားစုလေးဆီရောက်လာတယ်.........။
လွယ်အိတ်လွယ်ထားတဲ့ ဓါတ်မီးနဲ့ လူက မေးလိုက်တယ်.......... “ခင်ဗျားတို့ ကို ဒီနေရာမှာ နေလို့ရတယ် ဘယ်သူပြောသလဲ”
“ကျမတို့ အညာ က လာတာပါ အမျိုးတွေရှိတဲ့ အရပ်ကို ထွက်လာကြတာပါရှင် ခုက ဆက်သွားဖို့ ခရီးစားရိတ် မရှိတော့တဲ့အပြင် ဒီညစားဖို့တောင် မရှိတော့လို့ပါ”
အမေလုပ်တဲ့ အသားညိုညို မွဲခြောက်ခြောက် မိန်းမကြီးရဲ့စကားအဆုံးမှာ သူ့သမီးလေးဟာ

သူ့ အမေရဲ့ဘေးမှာ ဇက်ကလေးပုပြီး အသက်မရှုရဲတာ သူ့အမေကလွဲလို့ ဘယ်သူမှရိပ်မိပုံမရဘူး.........။

အမူးသမားအုပ်ထဲက ခပ်တောက်တောက်ပြောင်ပြောင် ၀တ်ထားတဲ့သူက ဓါတ်မီးနဲ့လူ ကို ခပ်တိုးတိုးပြောလိုက်တယ်....... ဒီစကားကို သူတို့ကလွဲလို့ အမြဲတန်း သိက္ခာကြီးတခွဲသားနဲ့ အကိုးကွယ်ခံတဲ့ ဘုရားပဲသိမယ် ရှိခဲ့တယ်ဆိုရင်ပေါ့.......။

...........................................................................


အဖေလုပ်သူဟာ ၀မ်းနည်းပက်လက်နဲ့ သူ့မိန်းမ ပိုက်ဆံ တချို့ ကို အမူးသမားတွေဆီကယူပြီး

ခပ်ဝေးဝေးကခေါက်ဆွဲဆိုင်အစုတ်ကလေးဆီ သူ့သားလေးကို ချီရင်း ခပ်သုတ်သုတ်သွားချိန်မှာ
သူဟာလဲ သူ့သမီး မစွမ်းမသန်လေးကို ကျောပိုးရင်း အမူးသမားတအုပ်နဲ့ ဘူတာရှေ့  သစ်လုံးကြီးတွေကြားကို သွားခဲ့ရတယ်......................။
ပြီးတော့ သူဟာ သစ်လုံးတွေကြားမှာ အမူးသမားတစ်အုပ်နဲ့

သူ့ သမီးလေးကိုထားခဲ့ရင်း ................ မိုးကာစုတ်ကလေးဆီကို ပြန်လာခဲ့တယ် .....................မျက်ရည်တွေနဲ့ ...............။

...............................................................................

ဒီည ညရထားဟာ စကားမရှိတော့တဲ့ အဲဒီအိုးမဲ့အိမ်မဲ့လူကြီးကို သူ့ပြေးလမ်းပေါ်မှာ ရုတ်တရက် တွေ့ ရမယ်ဆိုတာတော့ ဘယ်သူမှသိနိုင်မယ့်အရာမဟုတ်ဘူးပေါ့................။

ငြိမ်းဇေဦး






Friday, February 22, 2008

ပွတ်သီးပွတ်သပ်



ပွတ်သီးပွတ်သပ်

သံတမန် စကားတွေနဲ့
ပါးရေတောင်တွန့်ရတော့မယ်ထင်ပါ့…..
ပြုံးပြုံးပြရတာလေ ....။

ငါးခုံးမ ဘ၀င်တွေနဲ့
တလှေလုံး ပဲ ပုတ်မယ်ထင်လို့လား …။

သဘောတူချက်တွေက
ငှက်ပျောအူချက်လိုပဲ အမျှင်တတန်းတန်း
ရှင်ခန်းတွေသာဖြတ်ခဲ့ရ…။


မမြင်မကန်း ဟန်ဆောင်ရင်း
သန်းခေါင်ထက်မနက်တော့ဘူးထင်ရင်လဲ
မနက်ခင်းနဲ့ လွဲကြပေါ့……….။



ငြိမ်းဇေဦး



ကာလသားဟင်းချက်နည်း


ကုသိုလ် မကျိန်းသေသော်လည်း ၀မ်း ၀ နားငြီးသက်သာ ရပ်ကွက် အေးချမ်းမည့် ကာလသားဟင်းချက်နည်း....။

ခပ်စွာစွာရန်လို ဟိန်းဟောက်တတ်သော ခွေးတစ်ကောင်ကို လေးလေးစားစား ကြင်ကြင်နာနာ အသိအမှတ်ပြုမှုဖြင့် သက်သက်သာသာ နတ်ရွာစံပါစေ။
ဝိညာဉ် မဲ့သွားသော ဘုန်းတော်ကြီးမြတ်လှသည့် ထိုခွေးမသာအား ကောက်ရိုးမီးခပ်ပြင်းပြင်းဖြင့် မီးမြှိုက်ပါ။

ကုန်းကော့ဖောင်းကြွလာသော ခန္ဓာကိုယ်အား ဓါးဖြင့် ခြစ် ကာ အမွေးများပြောင်ပါစေ။ ခွေးသား ခွဲစိတ် ဖြတ်တောက်ခြင်းအတွက် အရက်ပျံစိမ်ထားသော ခွဲဓါးမလိုပါ ။ဂျူတီကုတ်မလိုပါ ၊ဇာဂနာမလိုပါ၊ နားကြပ်မလိုပါ အဆင့်ဆင့်သော ခွေးဖျက်နည်း ကို ဖော်ပြလျှင် ရှည်ပါလိမ့်မည် .. ခွေးသားအနေတော်ရပြီဆိုကြပါစို့...။

၁။ဂျင်းငါးကျပ်သား (ဂျင်းထည့်ရမည်)
၂။ ကြက်သွန်ဖြူ ဆယ့်ငါးတက်
၃။ ကြက်သွန်နီဥကြီး ကိုးလုံး(အနှစ်များများရရန်)
၎။ ငရုတ်သီးပွကြီးဆယ့်လေးတောင့် ( အာပြဲချင်လျှင်ပိုသုံး)
၅။ ပဒဲကော ငါးကျပ်သား
၆။ စမုံမျိုးငါးပါး တစ်ကျပ်သား
၇။ ကရဝေးရွက် ခြောက်ရွက်
၈။ စပါးလင် သုံးပင် ( လင်ငယ်မဖြစ်ရ မူလ ဖြစ်ရမည် သုံးပင်)
၉။ ငရုတ်ကောင်း တမတ်သား ( ငယုတ် ကောင်း မဟုတ် )
၁၀။ နိဗ္ဗာန်ရွက် တကျပ်သား ( ဆေးခြောက်ဟုလည်းလွဲမှားစွာခေါ်ကြသည်)

အထက်ပါ ဆယ်မျိုးသော အရာတို့ အား လှီးဖြတ် ထုထောင်း ညက်ခြေ ရောစပ်ပြီးပါက အိုးကောင်းကောင်း ကြီးကြီး ထဲတွင် ဆီ နှစ်ဆယ့်ငါးကျပ်သားဖြင့် သတ်ပါ။ ဆီအလောတော်သတ်ပြီး လျှင် တိတိကျကျ မှန်မှန်ကန်ကန် တုံးတစ်ထားသော ခွေးသားများအား ထည့်ပါ ။ ငရုတ်ဆုံဆေးရေထည့်ပါ ။ အိုးဖုံးပိတ်၍ နှပ်ပါ မီးပြင်းလိုက် ပျော့လိုက် အလောတော် ချိန်ပေးပါ ရှဲရှဲသံထွက်လာလျှင် အိုးကြီးကို ယုယုယယ သွက်သွက်လက်လက် မိမိရရ ကိုင်ဖွင့်ပါ။
ပြီးလျှင် ရေ အနေတော် ထည့်ကာ ပြန်လည်၍ နှပ်ထားပါ ။ ထိုနည်းအတိုင်း အသံမြည် လာတိုင်း အိုးဖွင့် ရေထည့်ခြင်းပြုလုပ်ပြီး နာရီအနည်းငယ်အတွင်း အလွန်နူးအိအရသာ
ရှိလှသည့် ခွေးသားဟင်းတခွက်ရပါလိမ့်မည်။
ခွေးခေါင်းကို စွတ်ပြုတ်လုပ်ကာ ပါးစပ်တွင်းမှ အသားနုများအားလဲ စိတ်ပြေနပြေ ချစ်ဦးသူ ၏ နှုတ်ခမ်းကဲ့သို့ စုတ်လို က စုတ်နိုင်ပါသည်။ ပူစီနံ ပါးပါးလေးထည့်ပါ ထိုခွေးသားဟင်း ၀ါး မိပါက မူးယစ်ရီဝေ စွာဖြင့် ၀ါး သူ ၏ ၀မ်းမီးကို သိက္ခာရှိရှိ မွှေးမွှေးပျံ့ ပျံ့  ငြိမ်းစေပါလိမ့်မည်။
သို့ သော် ဘုန်းတော်ကြီးသော ခွေး ကိုတော့ နတ်ရွာစံခိုင်းရပါလိမ့်မည်။


ငြိမ်းဇေဦး

Wednesday, February 20, 2008

တယောက်ထဲ ဖျားနာည




တယောက်ထဲ ဖျားနာည

ယောက်ျားလဲ အားငယ်တတ်တယ်
ဖျားတယ်ဆိုရင် ရင်ခွင်မျှော်တယ်...
ခေါင်းတိုးလို့ ခိုချင်တယ်
ငြိုငြင်မယ်ဆိုလဲ ဆံပင်ထဲလက်ထိုးလို့
တိုးတိုးလေးအပြစ်တင်ပါကွယ်...။


ငြိမ်းဇေဦး


ကြယ်စင်နတ်သမီးအတွက် အလင်းကြွေ လက်ဆောင်


ကြယ်စင်နတ်သမီးအတွက် အလင်းကြွေ လက်ဆောင် ............

သိပ်အလှမ်းဝေးမှုတွေနဲ့ ပြိုင်ခုတ်မောင်းရတဲ့ ၀ိဥာဉ်တစ်ခုအတွက် နှစ်ယောက်ထဲ ညတွေမှာ ကြယ်ကြွေ အလင်းတန်းကို အနမ်းတွေနဲ့ ငေးချင်ခဲ့တာ...................။


ကြယ်တွေကိုငေးဖို့ပေါ့ .. ဒီတောင်စောင်းတောစပ်ကို ကျနော်တို့ လာခဲ့ကြတာ.....။
ယာယီတဲလေးထိုးလို့ မီးမှန်အိမ်လေး မှိန်မှိန်နဲ့ တယ်လီစကုတ်ဘေးမှာ ကော်ဖီသောက်ကြတယ် ...။
ချစ်သူလေးက ပုခုန်းကိုမှီလို့  တကယ့် အပျင်းမလေးအတိုင်း.......။

တကယ်တော့ထင်ရှား တောက်ပြောင်နေတဲ့ ကြယ်တွေကို ကျနော်တို့ ကျော်လွန်ပြီး မှေးမှိန်အလှမ်းဝေးလွန်းတဲ့ ကြယ်ကလေးတွေကို ရှာဖွေချင်ခဲ့ကြတာပါ...။ ကြယ်ကလေးတွေဟာ အာကာသ ရာသီဥတု တွေကို ထိုး
ဖောက်ရင်း ဘယ်သူ့ အတွက်မှ လင်းနေခဲ့တာမဟုတ်ဘူး..။ သေဆုံးသွားကြတဲ့ အလင်းမဲ့ ကြယ် တွေကို ကျနော်တို့ သတိမမူမိကြဘူး...တကယ်တော့ဝမ်းနည်းဖို့ သိပ်ကောင်းလှရဲ့....။

....................................................................................................

မတ်ခွက်ထဲက လက်ကျန် ကော်ဖီကို ဆက်မသောက်မိတော့ဘူး... ။ ချစ်သူလေးဟာ ကျနော့်ပေါင်ပေါ် ခေါင်းတင်လို့ ကောင်းကင်မှောင်မှိန် လင်း တလှည့် ကို မော့ကြည့်နေတယ် ကြယ်ရောင် ပုခက်တွေ
သူ့ မျက်ဝန်း ထဲလွှဲလို့...။
သူ့ အသက်ရှုမှုနဲ့ ကျနော့်အသက်ရှုမှုဟာ ကြယ်ကလေးတွေလို အလင်းရောင်တန်းတွေ ဖြာထွက်နိုင်မယ်ဆိုရင် ကျနော်တို့ အလင်းတန်းနှစ်ခုရဲ့ ဆုံချက်ဟာ သူ့ မျက်နှာလေးအပေါ်တည့်တည့်မှာပေါ့...။

ကျနော်ဟာ ကောင်းကင်က ကြယ်ကလေးတွေ ကို မေ့ သွားတယ် ကျနော့် ရင်ခွင်အောက်က ကြယ်စင် နတ်သမီး ရဲ့ မျက်လုံးလင်းလင်းတောက်တောက်ကလေး တွေ မနွမ်းစေချင်တဲ့ စေတနာနဲ့
သူ့ နှုတ်ခမ်းလေးကို ငုံ့ နမ်းတယ်....။

ပြီးတော့ ခွေးပေါက်သေးသေးလေးနှစ်ကောင် ကျီစယ် နပန်းလုံးသလို ကျနော်တို့ရဲ့ ပီသတဲ့အသံထွက်တွေအတွက်တာဝန်ရှိတဲ့ အရသာတွေနဲ့ ဇိမ်ခံတတ်တဲ့နူးညံ့မှု နှစ်ခု ယုယုယယ ကျီစယ်ကြတယ်.. ။

ကြယ်စင်နတ်သမီးဟာ ခုတော့ လမင်းနဲ့ မပြိုင်တော့ဘူး ကျေနပ် လှိုက်ဖိုမှုတွေနဲ့ မှေးစင်းပျောင်းနွဲ့သွားခဲ့ချိန်မှာ .... ကျနော်ဟာ သူမကို ပွေ့ ပြီး ယာယီတဲလေး ထဲကို ၀င်ခဲ့တယ်...။ တဲအ၀မှာ သူ မရဲ့ မျက်ဝန်းလေးတွေထဲကို ကြယ်အလင်းတွေခိုး ခုန်ချခဲ့တယ်...
ကျနော့် မျက်လုံးထဲထိသူက မျှဝေလို့ပေါ့......။



ကျနော်ဟာ မြွေတကောင်ဖြစ်သွားတယ် ကြယ်စင်နတ်သမီးဟာ မြွေမလေးတကောင်ဖြစ်သွားတယ် ။ ကျနော်တို့ တဦးကိုတဦး ရစ်တွယ်ချည်နှောင်ကြတယ် ရင်ခုန်သံတွေဟာ တောင်ကြောတခုလုံးက မြက်ရိုင်းတွေကို ကြယ်ရောင်လရောင်အောက်မှာ လှိုင်းထစေတယ်။
ပန်းရိုင်းလေးတွေ လိပ်ပြာငယ်လေးတွေကို တမ်းတစေတယ်။
ခပ်ဝေးဝေးက ၀ံပုလွေတစ်အုပ် ဟာ တယောအလက်ပေါင်းများစွာကို ခပ်တိုးတိုး သံရှည်ဆွဲလို့ တပြိုင်ထဲ
ထိုးကြတယ်...။
ခနကြာတော့ ကြယ်ကလေးတွေ ကြွေကြတယ်..၊
လေပြေနဲ့အတူ ကျနော်တို့ပြိုင်တူ ပူနွေးလို့ တယောက်ကို တယောက် အတင်းကျပ်ဆုံးထွေးဖက်ထားမိတာဟာ ပြီးပြည့်စုံတဲ့ နှလုံးသား နှစ်မြွှာလို ... ၊
ပြီးတော့ လိပ်ပြာတကောင်ရဲ့ တောင်ပံ နှစ်ဘက်လို ပဲ အချစ်ဆိုတဲ့ ခန္ဓာနဲ့ချိတ်ဆက်လို့......
အသက်ဝင်နေကြတာလေ.....။
.............................................................................................
ကျနော်ဟာ ခပ် ခါးခါးကော်ဖီကြမ်း ပူပူတခွက်ကို လက်ကကိုင်ရင်း ပြတင်းတံခါးကိုကျော်လို့ ဝေ့၀ဲကျလာတဲ့ နှင်းပွင့်တွေကို အာရုံနဲ့လိုက်ဖမ်းနေမိတယ် အလွမ်းတွေနဲ့..။

ကျနော့်ရဲ့ ကလပ်စစ်ကယ် ဂစ်တာလေးကို လည်မျိုက ဖမ်းကိုင်လိုက်တယ်... အညှာတာမဲ့မှုတွေနဲ့ ၊
ပြီးတော့ ညာဘက်ပေါင်ပေါ်မှာတင်ရင်း ခေါင်းမလျှော်ရတာ နှစ်ချို့ နေတဲ့ အရူးတစ်ယောက်လို ကျနော့်လက်ချောင်းတွေနဲ့ ခပ်ကြမ်းကြမ်းကုတ်ခြစ်လိုက်မိတယ်...။
ကျနော်မသိတဲ့သံစဉ်တွေ လွင့်စင်ကျလာတယ် ကျနော်ကြယ်စင်နတ်သမီးကို လွမ်းတယ်..ခမ်းခြောက်နေတဲ့ အသံတွေပြိုကျလာတဲ့ ကျနော့်နှုတ်ခမ်းဟာ နတ်စိမ်းပူးသလို ရူးသွပ် တမ်းတမှုတွေနဲ့ သီချင်းတပုဒ် ဖြစ်ခဲ့တယ်။
တကယ်တော့ ကျနော်ဟာ သူယောင်တောမှာ အကျဉ်းကျရင်း ချစ်ရသူအတွက် ကြယ်တွေကို ခိုးပြီး သီကုံး ပန်ဆင်ပေးချင်တဲ့ အတ္တနဲ့ တန်ခိုးမဲ့သူတဦးပါ...........။


ကျနော်လက်ဆောင်ပေးချင်တဲ့ ညဟာ သူ့အိပ်မက်ဖြစ်ခဲ့မယ်ဆိုရင် ကြယ်စင်နတ်သမီးရယ် .. အိပ်မက်ညတိုင်းလင်းစေသားလို့ သီချင်းတွေကြားမှာ ဆုချွေခဲ့တယ် လေ.........................။


ငြိမ်းဇေဦး



Tuesday, February 19, 2008

အပျင်းပြေ











အပျင်းပြေ

အနည်းဆုံးတော့
ခြေတော်တင်ပြီးထားခဲ့ရက်မယ်လို့
မထင်ဘူး .........။

စားပြီးနားမလည်
မျက်နှာလွှဲ သွားမယ်လို့ လဲ
မထင်ဘူး.........။

အပျော်ထား
စော်ကားခဲ့မယ်လို့လဲ
မထင်ဘူး........။

စားပြီးနားမလည်
အပျော်ထား
ခြေတော်တင်သွားခဲ့မယ်ဆိုရင်လဲ
ချစ်ခြင်းနဲ့ ပဲ ခွင့်လွှတ်တယ်..။


ငြိမ်းဇေဦး

(ပျင်းရိခြင်းနဲ့ ပြုံးချင်လို့ ရေးလိုက်တာ..ဘာရယ်မဟုတ်ဘူး........နာနေဦးမယ်လို့  တွေးကြမှာပေါ့…..။)



ခေတ်ပြိုင်ယိုစီးမှု


ခေတ်ပြိုင်ယိုစီးမှု

စိတ်အလျဉ်မျော........




စိတ်အလျဉ်မျော........

ကျနော် ဥယျာဉ်ထဲကိုသွားချင်တယ်
ကျနော် တခါမှမမြင်ဖူး ပဲ
တခါမှလဲ မချစ်ဖူးတဲ့ 
မိန်းကလေးတယောက်
တကိုယ်လုံးချွတ်ပြီး မြက်ခင်းပေါ်မှာ
လှဲနေတာ တစက္က န့် လောက်မြင်ချင်တယ် ...၊

ပြီးရင် ခုံတန်းလျားပေါ်မှာ ခနလှဲမယ်
မိုးတွေရွာ နေရင်ကောင်းမယ်
ပြီးတော့ ဆေးလိပ်တဖွာဖွာမယ်
ကော်ဖီဆိုင်ကို မပြေးပဲသွားမယ်
ကော်ဖီတခွက်မှာမယ်

ကော်ဖီပူပူသောက်မယ်
သောက်ပြီးရင် အဲဒီညကို
ကျနော် ထိုးခြေခေါက်ခွေပြီး မြစ်ထဲပစ်ချခဲ့မယ် .......။

ငြိမ်းဇေဦး


Monday, February 18, 2008

ကျနော်၏ ငုတ်တိုနှင့် ………


ကျနော်၏ ငုတ်တိုနှင့် ……… ကမြင်းမ တစ်ယောက် ၏ ဖြဲ ဟ လေကန်ချက်

မောင်……..။
ညနေညနေဆို အဲဒီညောင်ညိုပင် အိုကြီး အောက်က ဆူညံသံစဉ်တွေ လွင့်ပျံနေသလို ရမက်မျက်လုံးအချို့ ရီဝေမျက်လုံးအချို့နဲ့ တခုခု ချို့တဲ့ နေတဲ့ အထီးကျန်သူ တော်တော်များများ အချိန်ဖြုန်းလေ့ရှိတဲ့ အဲဒီလက်ဖက်ရည်ဆိုင်လေးရှေ့က ကျမ အမြဲ ဖြတ်လျှောက် ပြန်နေကျပေါ့…။

အဲဒီလို ဖြတ်လျှောက်ပြန်တိုင်းလဲ ရင်ထဲမှာ ဖရိုဖရဲနဲ့ ဘာရယ် လို့ ကျမကိုယ်တိုင် မသိတဲ့ .. သို့မဟုတ် သိဖို့မကြိုးစားရဲခဲ့တဲ့ အရာ တစ်ခုခုကို ရေငတ်သလို ဆာလောင်စိတ်နဲ့ ကြိတ်မှိတ်တမ်းတရင်း ခြေလှမ်းမမှားအောင် လျှောက်ခဲ့ရတာပါမောင်ရယ်..။

တကယ်တော့ ညအမှောင်မှာ လှအောင်ရဲ့ ဖြားယောင်းမှုကြောင့် ကျမသိပ်ချစ်မိသွားတဲ့ မောင်ဟာ ဆေးလိပ် မသောက်တတ်ပဲ စသောက်ခဲ့ရင်း အမှတ်တရ မောင့်နှုတ်ခမ်းမွေး စစ ကို မီးလောင်သွားခဲ့ရတယ်ဆိုတာ လုံလောက်တဲ့အကြောင်းပြချက် ဖြစ်သင့်ပါသလားမောင်………… လုံလောက်တဲ့အကြောင်းပြချက်ဖြစ်သင့်ပါသလား….။

အဲဒီ လက်ဖက်ရည် ဆိုင် ကလေးရဲ့ လမ်းနဲ့ မနီးမဝေး စားပွဲလေးမှာ အမြဲတန်းဘဲငန်း တစ်ကောင်လို ကျမပြန်လာချိန်နီးတိုင်းလည်ပင်းရှည် နေတတ်တဲ့မောင်ဟာ ကျမ ဘ၀မှာအရေးအပါဆုံး ပေါ့…။
ပြီးတော့ အပြုံးတွေပေးလို့ အမုန်းတွေဝေးစေရင်း ချစ်ခြင်း အတိနဲ့ အပြစ်ကင်းအကြည့်တွေပေးတတ်တဲ့မောင်ဟာ ကျမရဲ့ ခြေသုတ်ခုံလို ရိုကျိုး ခဲ့မယ် ..ကျမရဲ့ အထက်ဆင်လို ခိုင်ကျဉ်ခဲ့မယ် ဆိုတာ ယုံပြီးသားပါမောင်ရယ်…။


တကယ်တော့ ကျမဟာ ခုလို စောစောစီးစီး မောင်နဲ့ ချိန်းတွေ့ဖို့  အစီအစဉ်မရှိခဲ့ပါဘူး …။
အရမ်းရွ အချိန်တန်လို့ နွမ်းလျအိမ်ပြန်ဖို့ အသင့် ဖြစ်နေခဲ့လို့ မဟုတ်ဘူးမောင်……….မှန်းဆ ထမိန်လှန်ချင်တဲ့မောင့်ရဲ့စိတ်ကို
ဘရိတ်အုပ်သင့်ခဲ့တာပေါ့မောင်ရယ်…………။

မောင့်ရဲ့ ပိန်ကပ်ညောင်နာတဲ့ ဥပဓိရုပ်နဲ့ အသံသေးအသံကြောင် အသံပြာပန်းနာရင်ကြပ် စကားသံလေးတွေနဲ့ ကျမရဲ့ သနားစိတ်ကို ငါးမြှားချိတ်မပါပဲ အမိချိတ်ပြီး ငပိသိပ်ဖို့ မောင် ကြံရက်ခဲ့ပါသလားကွယ်……။

..................................
အိမ်ရှေ့ က မန်ကျည်းပင် ငုတ်တိုကြီးပေါ်မှာ ထိုင်လျှက် သူမ၏ စာကိုဆုံးအောင်မဖတ်ချင်တော့ ….။
တကယ်တော့ ဆေးလိပ် စသောက်စ မသောက်တတ်သောက်တတ် ဖြင့် သူမ၏ ထမိန်ပေါ်မီးပွားကျခဲ့သည်ကို အစိုးရိမ်လွန်ခဲ့ရသည့်ကိုယ့်အဖြစ် ဘယ်သူ့ ကိုမှလဲ ရင်ဖွင့်ပြောမပြချင်တော့…..ရင်ထဲမှာသိလိုက်သည်ကတော့
သြော်……… ကမြင်းမ တစ်ယောက်ရဲ့ ဖြဲ ဟ လေကန်ချက်ကို ငါ့ခမျာငေးနားထောင်ရင်း ကြွေကျသွားသည့် ဆေးလိပ် မီး စကို သာ အပြစ်တင်ရင်း…………… မိုးနှင်းတို့ ကတော့ကြွေဆဲပေါ့……………..။


ငြိမ်းဇေဦး



အတွင်းကြေ




အတွင်းကြေ

နုနယ် ပျိုမြစ်ခြင်း ကိုမှ
နာရီလက်တံတွေနဲ့
ကစဥ့်ကရဲ ထုခွဲခဲ့ရတာ
ရင့်ကျက်မှုလေး တပဲသားအတွက် ....
ဒါနဲ့ ပဲ အတွင်းကြေခဲ့ရ.......။

ငြိမ်းဇေဦး



Sunday, February 17, 2008

ငါတို့ ညာကြမယ်.......


ငါတို့ ညာကြမယ်.......

ငါတို့ ညာကြမယ်....
ငါတို့ အသည်းနှလုံးမဟုတ်တဲ့အသည်းနှလုံးတွေ
ကျမ်းမာရေးကောင်းဖို့...........။

ငါတို့ ညာကြမယ်
ငါတို့ အလိုချင်ဆုံးအရာတွေကို
ငါတို့ စွန့် ပစ်ဖို့.......။

ငါတို့ ညာကြမယ်....
ငါတို့ တယောက်ကိုတယောက်
အသက်အမျှ မချစ်ဘူးလို့...........
ငါတို့ ညာကြမယ်.....................။

ငြိမ်းဇေဦး


ခေါင်းငုံ့ ပြုံးနိုင်ဖို့ 


ခေါင်းငုံ့ ပြုံးနိုင်ဖို့ 


ကြွေတာမဟုတ်ဘူး
မွသွားတာ.......
ခြွေတာမဟုတ်ဘူး
ကျသွားတာ....
ဝေဒနာမဟုတ်ဘူး...
ဘ၀အမှားပါ...............။




ငြိမ်းဇေဦး


မသာများ.......


မသာများ.......

မသေခင်ထဲက သေနေသူများ
မရဲသော်လဲ
ငရဲလား......။

ငြိမ်းဇေဦး







Friday, February 15, 2008

လက်ကျန်…


လက်ကျန်…


သွေ့ တယ်……
ဘ၀ဟာ အငွေ့ ပျံသွားခဲ့ပြီ……။

ငြိမ်းဇေဦး

မလိုချင်ဘူး..........


မလိုချင်ဘူး..........

ပစ္စုပ္ပန် ကို နောက်ပြန် ခွစီးရင်း
တီးမိတဲ့ ညီညွတ်ခြင်း ဗျတ်စောင်းသံနဲ့
ငြင်းဆိုခဲ့တယ်ဟေ့...
ငါ့ဟာငါ တမေ့တမော..........။

ဇာတ်မျောကြီးပေါ်မှာ
ပဒေသာပင်တွေပေါက်တယ်...။
သောကတောင်ခြေမှာ
လေပြေတွေတိုက်တယ်
နားလိုက်ကြ..
မကျော်ဖြတ်ကြနဲ့...။

အနာဂတ်ဟာ
သားသတ်ရုံဖြစ်တယ်
ဇောတိက အိပ်မက်တွေနဲ့
တန်းစီချီတက်ကြ...။


လှောင်အိမ်ထဲက ရိုကျိုးတဲ့သတ္တ၀ါတွေကို
ချမ်းသာခွင့်ပေးမယ် ဦးညွတ်ကြ...။

ဒုက္ခတွေကို အ၀ စားသုံးခြင်းက
လွတ်မြောက်မယ်
ချမ်းသာမှု
သားရေပြားတစ်ချပ်ကို

ခွေးငတ်လို မြုံ့ ခွင့်ရမယ်...
ဒူးထောက်ကြ...။

အကာအကွယ်မဲ့သူတွေကို
တံတိုင်းတစ်ခုလို အသုံးပြုကြ
ယုတ်မာခြင်းတွေကို ပုလင်းသွပ်ရေခဲစိမ်
ဇီမ်နဲ့ သောက်သုံးကြ..။

ကဲ.... ကိုယ့်သေတွင်း ကိုယ်
သီချင်းလေးဆိုရင်း တူးကြဦးပေါ့...။

ဒါမှမဟုတ် ...
ဒုက္ခ အထောင်အသောင်းကို အရေကြို
နေမညိုခင် ရွှေ စင် သွန်းကြမယ်
လာမယ်ဆိုလိုက်ခဲ့.........။

ငြိမ်းဇေဦး



Thursday, February 14, 2008

ချစ်သူရဲ့နေ့…


ချစ်သူရဲ့နေ့…


အနမ်း…..
ပန်းနဲ့ပေါက်ပြီး
နှုတ်ခမ်းနဲ့ကောက်ချင်တယ်..။

ငြိမ်းဇေဦး

Wednesday, February 13, 2008

အဟောသိကံ ကို ရွက်ပိုးရင်း


အဟောသိကံ ကို ရွက်ပိုးရင်း


မျှော်လင့်ချက်
ကြီးချက်ကတော့ တိုင်တန်းနစ်သင်္ဘောလို
မြင့်မားလိုက်တာလဲ
တာဝတိံ သာ ထိုး
ကိုးဆယ်ဒီဂရီ မျဉ်းမတ်နဲ့
ဆန့်ဆန့်ကြီး ချိတ်လို့ ...........။

မျှော်လင့်ချက် ပိ သေ သွားရ တဲ့
ဖြစ်ရပ်တွေလေ
တောက်တိုမယ်ရ ဆန္ဒတွေကျကွဲ
အလုပ်လဲ မဖြစ်ပါဘူး
ထူးမခြားနား လေးဆယ့်ငါးဒီဂရီ
အတွေးမျှင်တွေနဲ့
မဝေးချင်ခဲ့..တရေးနိုး
ခွေးကျိုး တကောင်လို ဒရွတ်ဆွဲ
ဇွတ်ပဲ ခရီးဆက်
ဖွတ်ထွက်တဲ့တောင်ပို့ မှာ
မေတ္တာတွေပို့ ဆီမီးတွေကပ်
တမ်းတတတ်.............။

ငြိမ်းဇေဦး



လွမ်းတဲ့ …………



လွမ်းတဲ့ …………

အထိမ်း အမှတ်နေ့တွေ
ငပိသိပ် ငချဉ်သိပ်နဲ့ ကျပ်တည်းလှရဲ့...။

ဘယ်တော့မှ ကိုယ့်မွေးနေ့ကိုယ်
ကိတ်မုန့်ချိုလေး တလွှာ
ဖယောင်းတိုင်လေး တချောင်း
မိတ်ဟောင်းမိတ်သစ်တွေနဲ့
မကျင်းပ ဖြစ်ခဲ့မှတော့
ဘာနေ့ ညနေ့ တွေမှာ
နားစမ်းပါ ............တောသွားပြော........။


အရင်လို ဟန်ဆောင် ရင်း
ဘယ်လင်တိုင်း လက်ဆောင်တွေ ပေးချင်ပေး
ပေးတာကို ယူ ချင်ယူ
ချူ ဆွဲခံလိုက်တဲ့
ဂဏန်းပေါင်းစက်တလုံးရယ်...
အချစ်ဆိုတာ ထပ်တိုး ကိန်းဂဏန်း လောက်
တန်ဘိုးမရှိပါဘူး..........။

လှပါရဲ့....
ချိုသာလှရဲ့....
အထက်တန်းလဲကျရဲ့....
ဖာရုပ်နဲ့ ဖျာစုတ်ပေါ်မှာ
နှုတ်ခမ်းနီဆိုးရင်း
ဖောက်သည်ရှာကြည့်စမ်းဟေ
အချစ်ဆိုတာ ရင်းနှီးမြှုပ်နှံစရာလေ
ဘယ်လင်တိုင်းမှာ သေ လိုက်တော့.........။

သေတဲ့အလောင်း
ဖယောင်းပုံသွင်း သီချင်းနဲ့ ချော့သိပ်ချင်တဲ့
ငါ့စိတ္တဇ
ဒေါသတွေနဲ့ သိပ်လွမ်းတယ်...........။


ငြိမ်းဇေဦး



Tuesday, February 12, 2008

ဒီလို..ဒီလို ဟဲ့…


ဒီလို..ဒီလို ဟဲ့…

ငါ့ရဲ့အဖြူစင်ဆုံးလေးရယ်
ဆပ်ပြာသည်လင်ပျောက်တဲ့အဖြစ်နဲ့
ပြာယာခတ်အောင်ချစ်ခဲ့ရတာ ကွယ့်....။


အမြဲတန်း လွမ်းအောင် များ
ပြုစားတတ်သလား ငါမသိ...။


ခလုတ်ထိ တိုင်း အမိ မတဖြစ်ခဲ့တာ ကြာပေါ့
အမေကတော့ အပြစ်တင်မယ် ဟဲ့.....။

ရင်နဲ့အမျှ
နင်နဲ့မှ
ဘ၀ ပီသတယ် ထင်တဲ့
လူတွင်ကျယ် မဖြစ်ညစ်ကျယ် ပါကွယ်....
ချစ်တယ်.... ဟဲ့...ချစ်တယ်...။

ငြိမ်းဇေဦး

ကြီးမိုက် မြက်ကြိုက်





ကြီးမိုက် မြက်ကြိုက်

စွဲဆောင်အား ကတော့
လေးညှို့  က မြှားလို
အသားချည်ပဲ …..။

ဆောင်ကြာမြိုင်ကူးဖို့ နေနေသာသာ
အဘိဓမ္မာ တွေ သွေးဆုံးနေတဲ့
ခပ်တုံးတုံး ရှင်သန်မှုနဲ့
ဘုရင်ခံ အတု ဖြစ်ခွင့်လေးကိုတောင်
တောင်းဆိုဖို့ ရှောင်ခဲ့သူပါ…။

ဆင်တုန်းမနွယ်ထက် သီဟရာဇာထက် …
မယ်ဇလီဖူးထက် တပင်တိုင်မြနန်းထက် …
ဆတ်ချိုနုထက် ကံ့ကော်ဝတ်ဆံထက် …
ပိုပြီး ဆေးဖက်ဝင် ပါတယ်ကွယ်..
ရယ်လိုက်စမ်းပါ ပြုံးလိုက်စမ်းပါ
ဘုန်းကနဲ အုန်းကနဲ ရဲရဲကြီး ရိုက်လိုက်စမ်းပါ
ငါ့ရင်အုံကြီးကို အဲဒီရှက်ပြုံး ရှက်ရယ်နဲ့…
ပြီးတော့ .. ခက်တယ် အကိုရယ် ဆို …
မျက်နှာလေးမညိုပါနဲ့ ……….။

စွဲဆောင်အားကတော့
လေးညှို့  က မြှားလို
အသားချည်ပဲ….ဘေဘီ…
ဟောဒီကြီးမိုက်ကို
အလစ်အငိုက်မှာမှ ပစ် ခဲ့သလားကွယ်
အားတွေခနခနငယ်ရတဲ့ ကျားကိုးစီးစားမကုန်သူဟာ
ရင်တွေနာလို့ စောင့်နေမြဲ……….။

ငြိမ်းဇေဦး













ဘုရားသခင်ရယ် နှင်းရယ်နဲ့ ချဉ်ဖတ်အိုးကြီး



ဘုရားသခင်ရယ် နှင်းရယ်နဲ့ ချဉ်ဖတ်အိုးကြီး

စွပ်ပြုတ်ပူပူထဲ
ဆောင်းညပြဲကြီး
ဝဲ ကနဲ ခုန်မဆင်းခင်
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွန်းရင်း...။

လေစီးကြောင်းကိုလဲ
ဖမ်းခဲလိုက်ချင်သေးတဲ့ ဆောင်းကြမ်းဟာ
ကောင်းခန်းမှာ အမြဲ ပြတ်တဲ့
ရေဒီယို ဓါတ်ပြားသီချင်းလိုပဲ
ဖရိုဖရဲ
တဖွဲဖွဲ နဲ့ စွေ
နှင်းတွေကို ပစ်ချနေပုံများ
ဆောင့်ကြီးအောင့်ကြီးလေ..။

တကယ်တော့ ဟန်နီရယ်
ဝေဿန္တရာ မင်းနဲ့သားအဖမတော်ချင်
ဒေ ၀ ဒတ် နဲ့ ပညာရပ်တွေ မဆည်းပူးချင်
အလက်ဇန္ဒြားရဲ့ စာကြည့်တိုက်မီးတင်မရှို့ချင်တဲ့
စိတ်အချဉ်ပေါက်ခဲ့သူပါ
မှုန်ကြီးပြောသလို
ကိုယ့်ဟာကိုယ် ချဉ်စော်နံလို့
ပြို့ ပြို့  အန် ချင်...။

ဘာပဲဖြစ်ဖြစ်လေ
ငါ့ရဲ့ ချဉ်စော်နံ မှုကို ထုတ်ပိုး
နှေးနှေးပုတ်သိုးခွင့်ပေးတဲ့
ဆောင်းဆိုးကြီးကိုလဲ
စပ်ဖြဲဖြဲ ချီးမွန်းလိုက်ပါတယ်…
နှင်းကိုသိပ်ချစ်တဲ့ နှင်းရယ်......။


ငြိမ်းဇေဦး



Monday, February 11, 2008

နင့်တယ်..........


နင့်တယ်..........

ကိုယ့်ကိုယ်ကိုယ်
သိုလှောင်ထိမ်းသိမ်းဖို့
အမြဲတန်းနှောင့်နှေး......။

စကောလောက်မှ ဇောက်မနက်ခဲ့တာ
တော်တော်တော့ကြာခဲ့ပြီ....။

အိပ်ချင်မူးတူးကောင်မလေးရယ်...
နင့်တယ်.....

ရင့်ကျက်တဲ့အရွယ်ရဲ့
မျက်ရည်ဆိုတာ မျက်လုံးမှာ
မဟုတ်ဘူး...
မျက်လုံးမှာမဟုတ်ဘူး..
ရင်အုံကြီး ထူး ခတ် လို့
ဆင်ရိုင်းကိုသတ်သလိုပဲ .....
ရင်ထဲမှာ နင့်တယ်........
နင့်...တယ်..........................
နင့်.........တယ်....................ကွာ.............။

ငြိမ်းဇေဦး

Sunday, February 10, 2008

တယောက်ထဲ ည..


တယောက်ထဲ ည..

အ၀င်သက်သာစရာ
မလိုပါဘူး..
မူးပြီးရောဆိုတဲ့
အလျော့ပေးမှုနဲ့
လက်ထဲက ဟန်နက်စီခွက်ကို
ပက်ကနဲမော့လိုက်တာ မဟုတ်ဘူး..။

သတ္တ၀ါအားလုံး ရွှင်လန်း
ကျမ်းမာ ချမ်းသာစေချင်တဲ့လူပါ..
ဇိမ်ခံချင်တဲ့သဘာဝဟာ
ဖုန်တက်နေတာကြာခဲ့ပြီ
ဒီဂရီလဲပြင်း အထက်တန်းလဲကျ
မျိုချရတာလဲ
အပျိုရည်ပျက်တဲ့ညလို မဟုတ်တဲ့
ဟန်နက်စီတခွက်နဲ့
ထိုင်ခဲ့မိတယ်..။

ကိုယ့်အသားမဟုတ်တဲ့
နီညိုစိုရွှမ်းအသားတုံးကြီးဟာ
လေးထောင့်ကြွေပန်းကန်ပြားပေါ်မှာ
အသုဘကမ္မဌာန်းမရှုတော့ပါဘူး
ခက်ရင်းနဲ့ ထိုး ဓါးနဲ့လှီး
တဖဲ့ချင်းမြည်းလာ
ငါ့အသားမှမဟုတ်တာ ဆိုတဲ့ အတ္တနဲ့
လူပီသနေတဲ့ည..။

ဒီညက ...
တကယ်အေးတယ် ....
ဘ၀ကို အောက်တန်းကျကျ
မမွေးမြူချင်တော့
ဘေး လူမသိတဲ့အလွမ်းတွေနဲ့
အကိုင်အတွယ်တတ်တဲ့ကောင်မလေး လက်ပူတိုက်တိုင်း
ဆွံ့ အတုန့်ဆိုင်းရတဲ့ ဒီပါးစပ်ဆိုးကြီး
အငြိုးအပြည့်သောက်စား နေလိုက်ရတာ
မနက်ဖြန်ဆိုတာ ချာနိုဘိုင်း အိပ်မက်ဆိုးလို
စွန့်ခွာစရာ ကာလဆိုးကြီးလိုလိုနဲ့
နိုရာဂျုံး နဲ့ပြန်ခဲ့တယ်............။


ငြိမ်းဇေဦး



Saturday, February 9, 2008

လှိုင်မြစ်ကမ်းက ပေါင်မုန့် ခြောက်


လှိုင်မြစ်ကမ်းက ပေါင်မုန့် ခြောက်

ပုရွက်ဆိတ်တစ်ကောင် ဟာ သုတ်သီးသုတ်ပြာ နဲ့ အဲဒီပေါင်မုန့် ခြောက်

ဆီကို ပြေးလာနေတယ် ။

ပေါင်မုန့် ခြောက်ကို မွဲစုတ်စုတ်ကြောင်တကောင်ဟာ နှာခေါင်းနဲ့ ကပ် အနံ့ခံရင်း
ဘယ်ဘက်တလှည့်ညာဘက်တလှည့်ကြည့်တယ်..ပြီးတော့

သူ့ အမြီးကိုကော့မတ်နေအောင်ထောင်လိုက်တယ်.... သူခိုးတစ်ယောက်လိုပေါ့..။


ခပ်ဝေးဝေးက နားရွက်ကုတ်ကုတ်နဲ့လျှာတွဲလွဲ ထွက်နေတဲ့ခွေးကလဲ
ပေါင်မုန့် ခြောက်ဆီကို ဖြေးဖြေးချင်းလာနေတယ်...။ ခွေးဟာ ဂဏှာမငြိမ်ဘူး... တအီအီ အသံရှည်ထွက်ရင်း မြေကြီးကို သူ့ ချစ်သူရဲ့ ဂုတ်သားဝင်းဝင်း က ကိုယ်သင်းနံ့ကို နမ်းနေတဲ့
လူပျိုပေါက်လို တရွေ့ ရွေ့ နမ်း ရင်း လာနေတာ..။

ပျင်းရိဖွယ် နေ့ လည်ခင်းကြီး တစ်ခုဟာ ပျင်းပျင်းနဲ့ အပျင်းဆန့် လိုက်တယ်ထင်ရဲ့ မိုးတိမ် တအုပ် ခပ်သုတ်သုတ် ငန်းရိုင်းတွေနဲ့အတူ မြို့ကြီးရဲ့ ဆင်ခြေဖုံးကို အသံမပြုပဲ ကျူးကျော်လာတယ်။
သရက်ပင် ကြီးဟာ သူနဲ့အမျိုးမတော်စပ်တဲ့ညောင်ပင်လောက်နီးနီး အရိပ်အာဝါသ မပေးနိုင်ပေမယ့် လူဆင်းရဲတစ်ယောက်ရဲ့ ထီးပေါက်တစ်ချောင်းလိုတော့ ကျိုးတိုးကျဲတဲ အရိပ်ပေးလို့....။

ခွေးဟာ တဖြေးဖြေးနဲ့ သရက် ပင်ကြီး အောက်ကိုရောက်လာတယ်....။
သရက် ပင်ကြီးကို တချက် ကြည့်လိုက်တယ် စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ ဘုရားကိုးဆူ ဆရာတစ်ယောက်ကိုကြည့်သလို မျက်လုံးတဖက်မှေးကြည့်ရင်းပေါ့... ပြီးတော့ ဘေးစောင်း
ကပ်လိုက်ပြီး သူ့ ရဲ့ညာဘက် ခြေထောက်ကို မြှောက်ကွေးဆန့်ရင်း ဘိန်းစားတယောက် အာရုံရနေသလို မှေးစင်းတဲ့မျက်လုံးတွေနဲ့ သေးပန်းတော့တာပဲ...။

တကယ်က အဲဒီသရက်ပင်ခြေရင်းမှာ ပုရွက်ဆိတ်တွင်းဖြစ်တယ် ... ခွေးရဲ့သေးဒဏ်အောက်မှာ အလူးအလဲ ပုရွက်ဆိတ်တန်းဟာ တပ်ပျက်လို့ ဖရိုဖရဲ အလဲလဲအကွဲကွဲ..။


ခွေးဟာ သေးပန်းပြီးတာနဲ့ သရက်ပင်ခြေနဲ့ ခပ်ဝေးဝေးကိုသွားတယ် ပြီးတော့ စောင်တစ်ထည် ကုတင်ပေါ်ကလျောကျလာသလို လှဲချလိုက်တယ်၊ မြေမှာ တချက်နှစ်ချက် ပက်လက်လှန်လို့
လူးလှိမ့်လိုက်တယ် ၊ ပြီးတော့ သူ့ ညာခြေနဲ့နားရွက်နောက်ကို တဗျင်းဗျင်းကုတ်ရင်း ... သန်းရှာရင်းအတင်းပြောတတ်တဲ့ မိန်းမတအုပ်ကြားဝင်တန်းစီချင်စိတ်များပေါက်နေလားတော့မသိဘူး
ကျိန်းသေတာကတော့သူ့ ရှေ ခပ်ဝေးဝေး က နီညိုရောင်အဆောက်အဦကြီးဟာ နီညိုရောင်ဖြစ်တယ်ဆိုတာတော့သူ မသိနိုင်တာကျိန်းသေတယ်။

ကြောင်ဟာ ညောင်နာနာကုတ်ချောင်းချောင်း နဲ့ ခွေးကို မျက်စောင်းထိုးလှမ်းကြည့်လိုက်တယ်... ပြီးတော့ မလှမ်းမကမ်းက အုတ်နံရံဟောင်းကြီးဖက်ကိုဦးတည်ပြီးသွားတယ်...တောနက်ထဲက
ဆာလောင်နေတဲ့ ကျားတစ်ကောင်လို ဟိတ်ဟန်နဲ့ ဒါပေမယ့် သူဟာ ကြောင်ပါ...ကြောင်ဟာ ဘာသာမဲ့တကောင်ဟုတ်မဟုတ်တော့မသေချာဘူး ဒါပေမယ့်ဘုန်းကြီးကျောင်းတွေမှာ ခိုကပ်နေရမယ်ဆိုတဲ့
အသိစိတ်မရှိတာတော့ကျိန်းသေတယ် ဟောဟိုက ခွေးပျင်းလိုပေါ့...။

ပုရွက်ဆိတ်ဟာ သူ တနိုင်စာ ပေါင်မုန့် ခြောက်ကို ဖဲ့သယ်လာရင်း သရက်ပင်ခြေရင်းက တွင်းဆီကိုပြန်လာခဲ့တယ်... သူ့  နိုင်ငံတော် ကို ပြန်အကြောင်းကြားရင်း ရိက္ခာစုဆောင်းတော့မယ်ဆိုတဲ့စိတ်တွေနဲ့..။

ခွေးဟာ အိပ်မောကျဖို့ အတွက် အသည်းအသန်ကြိုးစားစရာမလိုပဲ အိပ်ဖို့ အသင့်ဖြစ်နေပြီ... လျှာကြီးဘေးစောင်းချလို့ တကယ်လို့သူ့ချစ်သူဟာ ပဲရစ်ဟေလ်တန်ဆိုခဲ့ရင်တော့

နှုတ်ခမ်းချင်း တေ့ နမ်းခွင့်ရဖို့ မကျိန်းသေတဲ့
ပါးစပ်ကြီးနဲ့ ပေါ့.....။



အဲဒီအချိန်မှာ ညစ်ပေစုတ်ပြတ်နေတဲ့ ကလေးတစ်ယောက် ပြူးတူးပြဲတဲ မျက်လုံးလေးတွေ နဲ့... သရက်ပင်ကြီးနားကိုရောက်လာတယ်.......... ပေါင်မုန့်ခြောက်ကလေးကို သူမြင်သွားတယ်
ဖိနပ်မပါတဲ့ မဲသဲ ပေပွနေတဲ့ခြေထောက်ကလေးနဲ့သူ အပြေးကောက်ဖို့ သွားချိန်မှာ သူ့ ခြေထောက်ကလေးကို အလစ်အငိုက်စောင့်နေတဲ့ ပုလင်းကွဲစက အားရပါးရခေါင်းတိုးဝင်သွားတယ်.......။

ကလေးလေးဟာ မျက်နှာလေးရှုံ့ မဲ့သွားရင်း သူ့ ခြေထောက်ကလေးကို မကြည့်နိုင်သေးပဲ ခြေထောက်ကလေး ကို ဖွလို့ ခုန်ဆွခုန်ဆွ ပေါင်မုန့်ခြောက်ဆီကိုရောက်အောင်သွားရင်း ကောက်လိုက်တယ်။


ပြီးတော့ ပေါင်မုန့်ခြောက်ကလေးကို ညစ်ပတ်နေတဲ့သူ့ အင်္ကျီအစလေးနဲ့သုတ်လိုက်တယ် ... ထိုင်ချလိုက်ရင်း သူ့ ခြေထောက် က ပုလင်းကွဲ စ နဲ့သွေးတွေကို သူ့ ခမျာ မျက်ရည်လည်လည်နဲ့ ကြည့်ရင်း ကြိတ်ငိုတယ်၊
သူ့ ရဲ့ အရောင် မပီတော့တဲ့ဘောင်းဘီတိုလေးပေါ်မှာ တင်လို့ 
ညစ်ပေနေတဲ့သူ့ လက်သေးသေးလေးနဲ့ ပုလင်းကွဲစကိုဆွဲထုတ်လိုက်တယ်..သွေးတွေပိုထွက်လာတယ်..... ။


ပုရွက်ဆိတ်ဟာ သူ့ တွင်းဆီကို ပြန်ရောက်လို့ တခေါက် ပေါင်မုန့် ခြောက်ဆီကိုပြန်လာမယ့်အချိန် မှာ

ပေါင်မုန့် ခြောက်မရှိတော့တာ သူ သိမယ်မဟုတ်ဘူး...။

ကလေးကတော့ ငိုရင်း ပေါင်မုန့် ခြောက်ကလေးကိုစားနေခဲ့ပြီ..........။


ငြိမ်းဇေဦး

နှစ်ဆယ့်လေးနာရီ...


နှစ်ဆယ့်လေးနာရီ...

ထမင်းတလုတ်အတွက် ငါ့ မှာ
မိုးလင်းပြီဆိုကစ
နေ့ ရှစ်နာရီ
အီစလံဝေ ဖင်ညောင်း
မြင်မကောင်းအောင် ထိုင်ရတယ်...။

နောက်ရှစ်နာရီက
ငါမသိတဲ့သူတွေအတွက်
လျှာထွက်အောင်ကြွေရတယ်...။

နောက်သုံးနာရီက
စာ ကဗျာ ဝေဒနာ ပေါင်းချောင်ထဲက
အလောင်းကောင်ဖြစ်တယ်..။

ငါးနာရီက
အထီးကျန်စွာ
ခနသေတယ် ........
နေကွယ်တာ ကြာပေါ့........။


ငြိမ်းဇေဦး

Friday, February 8, 2008

ညစာ…


ညစာ…

စတုမဟာရာဇ် နတ်မင်းကြီးလေးပါးနဲ့
ညစာစားမယ့် ချိန်မှာ
နတ်သမီး လေး ထောင်ကို
ငေးကြောင်ကြည့်ရင်း…။

ရုတ်တရက် ....
မိုးဇက် ကိုင်လာတဲ့ မီနူးဟာ
ပညတ်တော် ဆယ်ပါး ဖြစ်နေခဲ့…။

ငြိမ်းဇေဦး

ဖေဖော်ဝါရီရဲ့ အကျဉ်းသား…


ဖေဖော်ဝါရီရဲ့ အကျဉ်းသား…


ဖေဖော်ဝါရီဟာ
နေသာသလို
နေလာခဲ့တာ
ကြာပြီပေါ့
နွေယောင်ဆောင်တော့ မလိုလို .....။


တကယ်တော့
ကိုယ့်ည ဟာလဲ
မြို့ ပြ မဆန်တာ
ကြာခဲ့  .....
အီလည်လည်နဲ့
အနယ်ကျနေလိုက်တာ...။


အင်္ဂုလိမာလ လို ဇောတွေနဲ့
ငါ့မှာ ….
ပြေးနေလိုက်ရပြန်....
လံကွတ်တီ တဖားဖားနဲ့
လူသတ် လက်ဖြတ်မလို့ မဟုတ်ဘူးဟဲ့ ...
သံယောဇဉ် နဲ့ ဝေးရာ
ပင့်ကူအိမ်က လိပ်ပြာလိုလဲ တဖျတ် ဖျတ် ...။

ဘေဘီရေ……..
ညတွေမှာ
ငါမအိပ်တတ်တော့.........။

ငြိမ်းဇေဦး

Thursday, February 7, 2008

ပုံဖျက် ဖုံးကွယ်ခြင်း အပျင်းဆန့် ချိန်…


ပုံဖျက် ဖုံးကွယ်ခြင်း အပျင်းဆန့် ချိန်…

ချုပ်ရိုးခနခန ပြေတဲ့
မလုံခြုံ မှု တွေနဲ့
ကိုယ်ဖော့ပြီး အမျောခံနေတာပါ..။

တလုံးတခဲကြီးတွေ
ရွေ့ ရွေ့ လာတဲ့ လမ်းမကြီးကို
အလျားလိုက် ပစ်မှားခဲ့တာပါ…။

ပေါက်ပန်းလေးဆယ်
အတွေးတွေနဲ့
ညနေကို မျိုချခဲ့တာပါ….။

နတ်ဒေ၀တာတွေကို
ညနေစာ အဖြစ်
မြို့ ပြအသစ်ကို ချကျွေးချင်တာပါ….။


ချစ်သူနဲ့ အတူ ရေချိုးရင်း
မျိုးဆက်ကို တိုးပွား
ခန ဆွံ့ အသွားချင်တာ ပါ….။

ရှည်ဆဲ သံသရာကို
မြေပဲကြံသကာလို
တကိုက်ချင်း ကိုက်နေတာပါ..။

ကိုယ်ကောင်းကြောင်းကိုသာ
လော်စပီကာတလုံးနဲ့ အော် ဂလီဆန်အောင်
လွမ်းပြချင်တာပါ…။

လွမ်းလွမ်းနဲ့ပဲ
အိပ်မက်ထဲ က ကောင်မလေး တင်ပါးတခြမ်းကို
ဖျန်းကနဲရိုက်ရင်း သက်ပြင်းချမိတာပါ…။

ကဲကွာ….
အသည်းနာနာနဲ့ပဲ နာတဲ့အသည်းဆွဲဖြဲ
ဆေးပေါ့လိပ်နဲ့လဲရင်း
အဲဒီသက်ပြင်းတွေကို မီးခိုးနဲ့ရောသိပ်
တိတ်တိတ်ကလေး လွှတ်လိုက်မယ်…….။

ငြိမ်းဇေဦး

လေးသမား.........


လေးသမား.........

သော နုထိုရ် ဟာ ဘီယာမြုံ့ရင်း
ဟစ်ဟော့ပ် သီချင်းတပုဒ်ကို
ဆိုခဲ့တယ်..
“အစွယ်ကို လိုသူ မိဘုရား .. ”
“တကယ်ကို ခြွေသူလေးသမား”....
ပြီးတော့ ....
သူ့မြှားအသစ်နဲ့
ချစ်သူတွေကိုခွင်း မယ့် အကျိုးဆောင်
မြှားနတ်မောင်ဖြစ်သွားတယ်...။

ငြိမ်းဇေဦး

မွန်းကြပ်မှု မှန်တချပ်


မွန်းကြပ်မှု မှန်တချပ်
..........................
..........................
..........................
..........................
..........................
..........................
..........................
..........................
ဒါပဲ ပြောဖြစ်ခဲ့မယ်
အချစ်ရယ်.........။

ငြိမ်းဇေဦး

Wednesday, February 6, 2008

ဗာလနံ အာပတ်ဖြေ




ဗာလနံ အာပတ်ဖြေ

ဖြစ်သလိုနေတတ် သပ...။

အသေသားတွေကို မက်မောတဲ့
သင်္ချိုင်းဆိုးကြီးကလဲ ဗျစ်တီးဗျစ်တောက်..
ကောင်မချောချောလေးရေ
ဒါတွေ ဟာ
ဘ၀င်လေဟပ်စရာပေါ့..။

လင်းပိုင်တကောင်လိုတောင်
လိမ်မာဖို့ ဟန်မဆောင်တတ်တဲ့
ထောင်လွှားမှုတွေနဲ့
ကျိုးပဲ့ရတာတောင်
စနစ်တကျ ...
လှလှလေးကျိုးပဲ့ရတာပေါ့လို့
ကွဲသွားတဲ့အသည်း
ဆွဲစေ့ရင်း
မျက်လုံးလေးစင်း ပြောတတ်တာဟာ
ဘ၀င်လေဟပ်စရာပေါ့....။

ကိုယ်ကပ်လို့ရတဲ့
ခပ်လှလှ
မိန်းမငယ်ငယ်လေးတွေ
မိုက်ကြစမ်းပါစေ
မိုက်ကြစမ်းပါစေလို့
ကြိတ်ဆုတောင်းရတာ အမော
အချစ်မှာကျောသားရင်သား
မခွဲခြားပါဘူးကွယ့်
အဲ့သလို .. အရှက်မဲ့တာ
ဘ၀င်လေဟပ်စရာပေါ့...။


လူဖြစ်ယုံလေးနဲ့
လမ်းဘေးဇရပ်က
သပုရိဿ နွယ်ဝင် သူတော်စင် အပေါင်းတို့ ခင်ဗျား
အလှူခံသမား အသံ ကြားယုံနဲ့
နိဗ္ဗာန်ကို
ချူလိုဆွဲလာတဲ့ကြောင်တကောင်လို
ငါးကြော်ခိုးဖို့ကလဲ ရဲတင်းလှ
ဒါကလဲ
ဘ၀င်လေဟပ်စရာပေါ့...။

ကျမချစ်လင် ကိုတာတေ လို့
မီမီဝင်းဖေဆိုသံကြားတိုင်း
ဘေးနားက ခပ်လှလှ
ငတိမလေး ကို
အတင်း ပဲ
ပြုံးဖြဲဖြဲနဲ့
ဟုတ်ရပါဘူး မိမိငဲ့....
အဲ့သလို ပြေးငြင်းလိုက်ချင်တာကလဲ
ဘ၀င်လေဟပ်စရာပေါ့............။


ဘ၀င်လေဟပ်စရာတွေများတဲ့ ဘဝ
အဲဒီဘ၀ကို တညလောက် ပေါင်ချင်ပါတယ်
အချစ်ရယ် ...
အဲသလိုလဲ ဘ၀င်လေဟပ်တတ်ခဲ့..........။


ငြိမ်းဇေဦး



တို့မြို့ ကြီးရဲ့…..


တို့မြို့ ကြီးရဲ့…..

ပေကပ်ကပ်နွားနဲ့
ဆွဲတဲ့မြို့ပြကြီး .....
အမောဖောက်လျှာထွက်
ပက်လက်မျော .....
မှောင်မိုက်ခြင်းတွေစည်ကားသော အခါ
ဒါ… ရန်ကုန်ပေါ့ကွယ်…
အသံတွေတောင်တုန်လို့….။

ငြိမ်းဇေဦး

Tuesday, February 5, 2008

ကလေးလေးများ



ကလေးလေးများ



နှုတ်တရာ စာတလုံး
ပြုံးလို့ သာကြည့် သူမသိ
မြန်မာပြည်မှာမွေးဖွား၏...။


ငြိမ်းဇေဦး

ယောနိသော မနသီကာရ ကို မျိုချ တဲ့ည


ယောနိသော မနသီကာရ ကို မျိုချ တဲ့ည

ဒေါသ လှိုင်းကြမ်းကို
ဝမ်းနည်းမှုဘာသာဗေဒနဲ့
မင်းပွေ့ ဖက်တဲ့အထိ
ငါ..တကိုယ်ကောင်းမဆန် သင့်ဘူး...။

ငါဟာ မင်းဥယျာဉ်ထဲက
ပန်းမပွင့်သစ်ပင်
အရိပ်မရှိရိုးတံ
ဆူညံရွက်ခြောက်တွေ ကြွေလို့
လွမ်းလောက်စရာ မရှိသူပါ....။

နှင်းတွေကြွေရင်
လေတယ်..။

မိုးတွေကြမ်းရင်
လွမ်းတယ်..။

နွေလေမြူးရင်
ရူးမယ် ...
အဲသလို
အကဲပို
အမြဲလို သည်းခြေ ပျက်နေလိုက်တာ
ချုပ်ရိုးးမဲ့ ကွဲအက် ရင်အုပ်နဲ့ 
ခနခန မိုးချုပ်ရသူပါ..။


မှားတယ် အကိုရယ် ...
စပါယ်ပွင့်လေးဖြစ်ချင်တယ်ဆိုတဲ့သူမ
မင်းအပိုင်းအစတွေပေါ်မှာ
ငါ့ကျိုးကြေမှုတွေဖြန့်ကြဲ
အသည်းပုံလေးဖြစ်သွားတယ်ပေါ့...။

ဒီလိုနဲ့ပ
အမှားတွေဟာ
သံသရာကြိုးနဲ့သီ
စီရီလို့
ငါတို့ ဆွဲသီကြပါစို့....။

အားလုံးပြီးဆုံးတဲ့အခါ ..
ငါဟာ “ဠင်းတလောက်တော့ ငှက်တိုင်း တင့်တယ် တယ်” လို့
အစာကောက်ဖို့သတိမရ
ခနခန ထအော်တတ်တဲ့ ကြက်တူရွေးဖြစ်ခဲ့
ခုတော့ မှားတယ်ကွယ့်...
မှားတယ်နဲ့........အားငယ်ရပြန်..။

ငြိမ်းဇေဦး

ဇာတိ


ဇာတိ

ဘာစီလိုးနား ရှန်ပိန်ည
မိုးပျံတံတားပေါ်က ခုန်ချခဲ့တယ်
အညာ ထန်းတောကို
လွမ်းမောစိတ်တွေနဲ့..။

ဲငြိမ်းဇေဦး

Monday, February 4, 2008

အကိုတစ်ယောက်ဆိုတာ…..


အကိုတစ်ယောက်ဆိုတာ…..

တကယ်တော့
ငဲ့ညှာမှု တခုနဲ့ 
အညှာလွယ်ခဲ့ရ...။

ခူးခြွေလိုက်ကြ ..
ပြီးတော့ဖြုတ်ချ
ငါက ဇော်က က တတ်သူပ..
ကိစ္စတော့မရှိ..။

လျှော်ဖွတ်ရတာများတဲ့စိတ်
မဲနယ်ရောင်နဲ့အိပ်စက်
စိတ်မပျက်ချင်တော့
အတိုင်းသား…
တံတိုင်းမခြားပဲ တိုက်ပိတ်
ကိုယ့်အရိပ်ကိုယ် အဖော်ပြု
ဥုံ ဖွ တခုနဲ့ ဈာန်ရမှု
ဟင်းလင်းပြင်တုထဲ
တ၀ဲလည်..။

ငြိမ်းဇေဦး

Sunday, February 3, 2008

ကျနော့်စိတ်ကူးထဲက ကောင်မလေး


ကျနော့်စိတ်ကူးထဲက ကောင်မလေး .... ကွန်ပြူတာနဲ့ ဆွဲရတော့ တော်တော်တော့ခက်ပါတယ် ဆွဲချင်လို့ သာဆွဲလိုက်ရတယ် သိပ်တော့ အားမရဘူး နောက်မှ သေချာ လက်န
ဆွဲနိုင်တဲ့အခွင့်အခါရှိမှ ပဲ ထပ်ဆွဲပါဦးမယ်
ငြိမ်းဇေဦး

ဒန်တီးနဲ့ တွေ့ တဲ့ အသိမဲ့ စနေ


ဒန်တီးနဲ့ တွေ့ တဲ့ အသိမဲ့ စနေ

ခနခန ကျဆုံးရတဲ့အထဲ
ဒီစနေလဲ ပြူးတူးပြဲတဲ ပျောက်ဆုံး …။

သောကြာညကတည်းက
ခနသေသွားလိုက်တာ
တနင်္ဂနွေမနက်မှာ နိုးလာတော့
မိုးနှင်းတွေရွာ ငါမသေသေးပါလားပေါ့…
တကျော့တော့ပြန်ရှင်လိုက်ဦးမယ်…။


ဒန်တီးရဲ့ ဘာသာစကားကို မသိပေမယ့်
ပီဇာ ကောင်းကောင်းလေးဆို ကြိုက်တတ်တဲ့ပါးစပ်
ဖြတ်ရိုက်ချင် ဖြတ်ရိုက်လိုက်စမ်းပါ ကွယ်..။


အိပ်မက်ထဲမှာ တဘ၀ နေဖြစ်လိုက်တယ်
ရေသားတွေ ကြွေထွက်လာတယ်
ငါ ရေ ဆာဆာနဲ့ ရေသားအကြေတွေကို
ပေရေ လက်ခုပ်နဲ့ ခံပြီး အငမ်းမရသောက်ခဲ့တယ်
အဲဒီရေသားတွေရဲ့အစက ငါ့မျက်ဝန်းဖြစ်နေတယ်..
ဘာပဲဖြစ်ဖြစ် ငါ သောက်ပစ်လိုက်တယ်…။

ဒန်တီးရေ… တကယ်တော့ ကျုပ်ဟာ
ကိုယ့်မျက်ရေနဲ့ မျောသွားတဲ့ အချိန် အကန့်အပိုင်းထဲက
အရိုင်းအစိုင်းတစ်ကောင်ပါ
ဒဏ်ရာတွေနဲ့ ပြုံးခဲ့တယ်…………..။


ငြိမ်းဇေဦး
အသိမဲ့စွာ တနေ့ ပျောက် မေ့သွားသော ရက်ကို ရေးဖွဲ့ ပါသည်။

ဘာမှ မယုံတော့တဲ့အခါ


ဘာမှ မယုံတော့တဲ့အခါ

ယုံရမှာကြောက်တယ်
ကောင်မငယ်ငယ်လေးတွေရဲ့ စကားမဟုတ်
ငါ့နှုတ် က ထွက်
ရေတခွက် နဲ့ အမောဖြေ…။


ငြိမ်းဇေဦး

Friday, February 1, 2008

နားထောင်စမ်းဟေ့….


နားထောင်စမ်းဟေ့….

အသံတွေ
ငါ့အသံတွေ
ဖိုးသူတော်ရဲ့ ကြေးစည်သံထက်ရှားပါး
ချွေတာခြင်းလား
ပျောက်ဆုံးခြင်းလား ။

မာနခွံ ထဲက လိပ်တကောင်ပေါ့ ...
အတ္တခြေရာ လက်ရာနဲ့
ကိုယ့်ဖက်ကိုယ် ယက် လာလိုက်တာ ..
ကာလ တရားနဲ့ ပြိုင်ပြးရတဲ့ဖြစ်စဉ်ထဲ
သမိုင်းမှောင်မဲကြီးအောက်
ထောင်လွှားမှု နဲ့အမောဖောက်...။

တကယ်တော့
မနူးမနပ် အိပ်မက်တွေကို
တမြုံ့ မြုံ့ ၀ါးလာလိုက်တာ
အနာဟောင်းထဲက
လောက်တကောင်လို
ကိုယ့်ဒဏ်ရာ ကိုယ်ပြန် စားလို့ ...။

လက်ခုတ်သံတွေ အတွက်
ကြိတ်.. ဖီလင်တွေတက်တဲ့
ရင့်ကျက်သူတွေရဲ့ ကလေးဆန်မှုတွေ
ရေပန်းစားခြင်း တနပ်နဲ့
စားရတိုင်း ငတ်သူတွေကြား
နာမည်ကြီးတခွဲသား...
ပဲများနေကြ
အဝေးက ပြုံးမိ ရတာက လွဲလို့
ဝင်တန်းစီဖို့
အစီအစဉ် မရှိ
ပီတိဖြစ်စရာ ရှာမှ
ရှားလှတဲ့အထဲ.....။


လေးနာရီခြား
စိတ်ကျ အားပျက်မှုတွေ
ပဲလှော်လို ၀ါးချင်ဝါး
ရှုံးနိမ့်မှု အဖျားတွေနဲ့
နေသားကျချင်ကျ
ထသွားမှကျိုးမှန်း မသိအောင်
ဆောင့်ကြောင့် ထိုင်လာလိုက်တာ
ကြာပေါ့..။


မရဲတရဲ
အဲဒီ မှန်တချပ်ကို
ဂွမ်းကနဲ ခွဲခဲ့လိုက်တယ်...
ငယ်သံပါအောင် အာခြစ်အော်ရင်း........။


ငြိမ်းဇေဦး

ပုံပြင်လေး အဆုံး


ပုံပြင်လေး အဆုံး

မှားယွင်းတတ်သည်
မျက်ရည် မကျ
ကြေကွဲရ. .။

အေးစက်မှိုင်းညို
ဆောင်းအိုအိုကြီး
ငါ့ရင် မီးလောင် ...။

လွမ်းတတ်ခြင်းနဲ့
အပြစ်မဲ့စွာ
ခါခါကြေကွဲ.. ။

ဝေးသွားတဲ့နောက်
ငါတယောက်ထဲ
တိတ်ဆိတ်မြဲ...။

နှုတ်မဆက်နိုင်
မျက်ရည်ဖြိုင် ဆဲ
မခွဲနိုင်ဘူး
အရူးမူးချစ်
ပုံပြင်သစ်
ချစ်ရတဲ့သူ ပြောရက်ခဲ့..။

ငြိမ်းဇေဦး