ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Friday, May 23, 2008
သမုဒယ နတ်ဆိုး
ငါဟာ ဗိုက်သားပေါ်နေတဲ့ ပါးလျလျ ကောင်မလေးရဲ့ ချက် ကလေး ကို ငေးရင်း လျာနဲ့ တို့ထိကစားလိုစိတ်တွေ ကြိတ်မနိုင်ခဲမရဖြစ်လာခဲ့တယ်..။
တိမ်တိုက်တွေကို ငါ မော့ကြည့်လိုက်တယ်…။ အဲဒီကောင်မလေးကို ငါ့ မျက်လုံးတစုံနဲ့ စေ့စေ့ကြည့်ရင်း ဖမ်းစားညှို့ ယူဖို့  ကြံရွယ်လိုက်မိတယ်။ ငါ ဒီကောင်မလေးကို ညှို့လိုက်တော့မယ်…။ ပြီးရင် တိမ်တိုက်တွေပေါ်ကို အသာ အယာ ခုန်တက်သွားမယ် ။ တိမ်သားတွေဖြန့်ခင်းထားတဲ့ကောင်းကင်မှာ အပြာရောင်မျက်နှာကျက်ကို ကောင်မလေးငေးနေတုန်း သူ့ ဗိုက်သားဖြူဝင်း အိစက် လေးကို ငါ ငုံ့နမ်းမယ် ။
သူ့ နှုတ်ခမ်းက ဖွဖွ ဟဟ ငြီးငြူသံလေးတွေပေါ်ထွက်လာပြီဆိုတဲ့အချိန်မှာ ငါ့ ရဲ့ သူငယ်ချင်း ပဉ္စ သိင်္ခကို အချိုဆုံးတေးတွေ တပုဒ်ပြီးတပုဒ် သူ့ရဲ့ နှစ်ချို့ ဟောင်းနွမ်း နေတဲ့ စောင်းတလက်နဲ့ တီးခိုင်းမယ် ။ ပြီးတော့ လက်တွေအများကြီးပါတဲ့ နတ်ဘုရားမ တစ်ပါးကို ငါတို့ အပါးမှာ အပြာရောင် မီးညွန့်တွေတောက်တဲ့ အမွှေးနံ့တွေနဲ့စီရင်ထားတဲ့ဖယောင်းတိုင်တွေထွန်းခိုင်းမယ် ။
ငါ့ရဲ့ နတ်မြင်းပျံဟာ တိမ်ညွန့်တွေကြားမှာ ပန်းချီကားတွေဆွဲနေတဲ့ ဗန်ဂိုးရယ် ၊ မိုနက်ရယ် ၊ ပီကာဆိုရယ် ၊ ရေနွားရယ်နဲ့ ဖြစ်တည်မှုပဓါန ၀ါဒကို ငြင်းခုန်နေတဲ့ ကမြူးရယ် တော်လ်စတွိုင်းရယ် ကို ထိုင်ကြည့်မယ် ။
ငါ က ငါ ခိုးယူ ဖျားယောင်းလာတဲ့ကောင်မလေး ဗိုက်သားဝင်းဝင်းလေးတွေကို နမ်းတော့ ငါ့ ကျောကုန်းပေါ်မှာ အိထွေး နူးညံ့တဲ့ အတွေ့တခုကို ငါရလိုက်တယ် ။ မဏိမေခလာ နတ်သမီးဟာ ငါ့ ကို နောက်ကျောက သိုင်းဖက်လို့ သူမရဲ့ ဆာရီ ပါးပါးလွှမ်းထားတဲ့ နှုတ်ခမ်းတစ်စုံဟာ ငါ့ နှုတ်ခမ်းတစ်စုံကို ကယ်တင်ဖို့ အဆင်သင့်..။
ဒီအချိန်မှာ ကားလ်မာ့က်စ်ဟာ ငါ့ကို အရေးပေါ် ကြေးနန်းတစ်စောင်ပို့နေမယ်ဆိုတာ ငါမသိဘူး ။ လီနင်ဟာ တံဇဉ် တလက်နဲ့ သူ့ ခေါင်းတုံးကို ပြောင်အောင်ရိတ်ခဲ့တယ် ဆိုတာကိုလဲငါမသိခဲ့ဖူး ။ ငါ ဟာ တိမ်တိုက်တွေကြားမှာ ချောကလက် ပါးပါး သုတ်ထားတဲ့ ချစ်သူရဲ့ ခန္ဓာကိုယ်လေးကို တို့ထိအရသာခံဖို့အတွက်
ကမ္ဘာကြီးနဲ့ မျက်နှာပျက်ရမယ်ဆိုလဲ ပျက်စေတော့ လို့  ဆုံးဖြတ်ချက်ချချိန်မှာ ကွမ်ရင် မယ်တော်ရဲ့ တူသေးသေးလေးနဲ့ တုံးခေါက်သံဟာ ငါ့နားထဲမှာ ငါ့ချစ်သူလေးရဲ့ ရင်ခုန်သံအဖြစ် ငါ့သောတအာရုံကို ရိုက်ခတ်နေတယ် ။ ပီပီသသကြားဖို့အတွက် ငါဟာ ငါ့ချစ်သူရဲ့ ရင်သားအိအိတွေအပေါ်က ပါးလျ ဇာ ပုဝါ ကို ဆွဲယူ လွှင့်ပစ်လိုက်မိတယ်…။ ငါ့ချစ်သူရဲ့ ဇာပုဝါကို ဗီးနပ်စ် နတ်ဘုရားမက တညစာ ငှားယူသွားပြီ ။
ချစ်သူရဲ့ ရင်သားအိအိတွေကို ငါ နားထောင်တတ်ခဲ့ပြီ ။ လှိုက်ဖို မောဟိုက်မှုတွေနဲ့။
ညရထားဟာလဲ ထွက်သွားခဲ့ပြီ ။ စင်ဒရဲလား တယောက်လဲ ဖိနပ် တိုက်တဲ့ ကုလားလေးနဲ့အကြောင်းပါသွားခဲ့ပြီ။
ငါဟာလဲ တိမ်တိုက်ပေါ်ကခုန်ချခဲ့လိုက်ပြီ။ ငါညှို့ယူဖမ်းစားခဲ့တဲ့ကောင်မလေးလဲ မိုးအဖြစ်ရွာချခဲ့ပြီ။ အဲဒါတွေအားလုံးကို တမေ့တမောထိုင်ကြည့်နေတဲ့ လမင်းဟာ ပုန်းခိုချောင်းကြည့်နေတဲ့ ခြုံကွယ်ကထွက်လာခဲ့ပြီ ။
တကယ်တော့ငါဟာ သူ့ချစ်သူလားဆိုတာ ငါလဲ ရေရေရာရာမသိဘူး ။
ဒါပေမယ့်ငါ ဟာ မျက်ရည်ကြည်တွေနဲ့ အဲဒီပန်းချီကားကိုဆွဲလိုက်မိပြီးဖြစ်တယ် ။ ပြီးတော့အဲဒီပန်းချီကားကို လမင်းသာရဲ့ အလင်းတန်း မျက်နှာပြင်မှာငါချိတ်ခဲ့တယ် .. အလွမ်းတွေနဲ့ကြိတ်ငိုလို့…………။
ငြိမ်းဇေဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment