ဖျော့ဖျော့လေး နေကြည့်လိုက်တယ်
ငယ်မူငယ်သွေးတွေ အနယ်ထိုင်စ
လရောင်အောက်ကဒီညမှာ
အေး မြ နေပါ့လား............။
ရှင်သန်ခြင်းရဲ့ ဒုက္ခ
ရှင်သန်ခြင်းရဲ့ဝန်ထုတ်ဝန်ပိုးနဲ့
ပြုသူအသစ် မဖြစ်လိုတော့ဘူးတဲ့
တကယ်တော့ ဘ၀ဟာ ဒုက္ခသက်သက်
လောကဓံမျက်လှည့်တွေအောက်မှာ
ဟာကနဲဟင်ကနဲ
ရှင်ကွဲ သေကွဲ မျက်နှာလွှဲမှုတွေနဲ့
ဆူပွက်နေခဲ့သကိုး.............။
ပြေရာပြေကြောင်းတွေမရှိတဲ့ လှိုဏ်ခေါင်းထဲမှာ
နှလုံးသားမာမာကြီးဝင်စူးနေလိုက်တာ
ဇတ်ဇတ်တောင် ခုန်နေသေးပါ့
ဒါကို က ရှင်သန်ခြင်း ကျီးပေါင်းတက်နေတာလေ
ဘယ်အချိန် ၀ုန်းကနဲကြွေမလဲ မသိ...။
ဟားဟား....
ဘာမှမသိတဲ့ကြားမှာ
ဒီလိုပါ...
ငါဟာ ၀ါရင့် နေထိုင်ခြင်းပညာရှင်ပေါ့....
မာန တရားနဲ့ ကိုယ့်ဟာကိုယ်ဖြားယောင်း
ငါ့လောက်ကောင်းသူ
ငါ့လောက်တော်သူ
ငါ့လောက် ပြေပြစ်သူ
ငါလိုလူ ငါလိုလူ ငါလိုလူနဲ့
မီးညွန့်အောက် က ပြာလိုပူခဲ့ရသမျှ
အဲဒီမှာ ရွှံ့လူးထားတဲ့ ငါးဟာ ငါဖြစ်ခဲ့
ငါ ဟာ ငါ့ ကိုယ်ငါ
ဘ၀ရဲ့ ဘေးထွက်ကိစ္စများစွာထဲမှာကင်လို့
အပီအပြင်စားသုံးခဲ့တာ..........
ဟောဒီဆံပင်ဖြူ တစ်ချောင်းဟာ
ငါးရိုး တချောင်းလို ငေါင်စင်းစင်း
ငါ့ ခေါင်းထဲက ထိုးအံခဲ့ချိန်မှ
သက်ပြင်းတမ နဲ့ ငါသိရ
ဒီမှာ....
ဘ၀တ၀က်က ကုန်စပြု ....................။
ဒီညဟာ လရောင်အောက်မှာ
အေးမြနေပါ့လား...
ဘာဖြစ်ဖြစ်လေ ရှင်သန်နေသေးသမျှ
အချိန်ရသေးရဲ့... ။
ခု ကွယ်....
ဒီရှင်သန်ခြင်းမှာပဲ သတိတရား လက်တဆစ်ကို
ကျစ်ကျစ်ပါအောင် သိမ်းဆည်းရင်း
ဓမ္မသီချင်းတွေကို ဆာလောင်တတ်ခဲ့....။
အဆုံးမတော့လေ..
အဝေးတောင်ပေါ်က စေတီ ဘုရား
ကျောင်းသင်္ခန်းများ ....
ရင်ဆို့ အောင် လွမ်းသွားရဲ့
မိုးကတော့ချုပ်ခဲ့ပြီ ...........။
ငြိမ်းဇေဦး
ကဗျာဖတ်ရတာ သနားစရာကောင်းတယ် ကဗျာဆရာရေ
ReplyDeleteငါလိုလူ ငါလိုလူ ငါလိုလူနဲ့
ReplyDeleteမီးညွန့်အောက် က ပြာလိုပူခဲ့ရသမျှ တဲ့.. အရမ်းသဘောကျသွားတယ်။ ဟုတ်ပ။
အခုထိလဲ တောင်တွေတွေ့ရင် တောင်ထိပ်မှာ စေတီလေးများတွေ့မလား ကြည့်မိတဲ့ အကျင့် မပျောက်သေးပါဘူး။