ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Wednesday, April 28, 2010
လက်ရှိအခြေအနေ
ပျော်ရွှင်ခြင်းကို ကလေးတစ်ယောက်လို ခံစားနိုင်လာပြီ
ငါ က ငိုရင်း လဲ ရယ်တတ်တဲ့သူ ...။
နားလည်မှု တွေ တဆင့်မြင့်လာခဲ့ပြီ
တို့ ခြေစုံကန်ပြီး ခွာကြည့်နေခဲ့ကြတယ်....။
အဖြေက..
တယောက်ရင်ခွင်ထဲ တယောက်ပြိုကျ
ငိုရတာတွေတိတ်တော့ ငယ်
အိပ်တော့ကွယ်နော်.....................။
ငြိမ်းဇေဦး
ဝက်အူရစ်ကလေး
ရေစီးကြမ်းတဲ့မြစ်တစ်စင်းက ကမ်းပါးကျောက်ဆောင်နဲ့ငြိနေတဲ့
ပြိုလဲသစ်ပင်တစ်ပင်လိုပဲ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။
အသုံးတည့်မှုဖော်မြူလာထဲမှာ အချေခံလိုက်ရတဲ့ မသိကိန်း တစ်ခုလို အငွေ့ပျံသွားခဲ့တယ်။
တန်ဘိုးမဲ့ဖြစ်စဉ်မှာ ဟီလီယံလို ဟန်ဆောင်ဖို့ ငါ့အနားမှာ ပူဖောင်း တထုတ်မရှိခဲ့ဘူး။
မှေးကနဲမိန်းမောသွားချိန်မှာ နံနက်ခြောက်နာရီ နှိုးစက်က သူ့ရဲ့ ကျိန်စာကို စတင်ရွတ်ဆိုပြီ။ နီစွေးစွေးတောင်ပံတွေနဲ့ ငှက်တွေတောင် သစ်တောအုပ်ထဲမှာ မရိုးနိုင်တဲ့ဈေးနေ့ကျင်းပနေကြပြီ။
လည်မျိုကဆွဲပြီးချိန်ခွင်ထဲအထည့်ခံရမယ့် ကြက်သေတစ်ကောင်လို အိပ်ယာက ထလိုက်တယ်။ အိပ်ခန်းတစ်ခါးကို ကျောက်ဆူးတစ်ချောင်းဆွဲနှုတ်သလို ဖွင့်လိုက်ပြီး သစ်ဆွဲဆင်အိုလို ရေချိုးခန်းဆီကိုလှမ်းခဲ့တယ်။
မီးဖိုကောင်တာပေါ်က ဆေးလိပ်ဘူးကို ပိုကာရှုံးပြီးပြန်လာတဲ့ဖဲသမားတစ်ယောက်လို ဆွဲယူလိုက်ပြီး အသေခံဗုံးခွဲသမားတယောက်လို မီးညှိလိုက်တယ် အဲလို မိုက်မဲမှုနဲ့ အဲသလို ။
မှန်ရှေ့မှာ ကိုယ်လုံးတီးရပ်ပြီး နာဇီအကျဉ်းစခန်းက ဂျူးတစ်ယောက်လို
ခေါင်းငိုက်စိုက်နဲ့မမှိတ်မသုံ ငေးနေမိတယ်။
တကယ်တော့.... အဲဒီဖြစ်စဉ်တွေကို ငါ့ချစ်သူကို မပေးရက်ပါဘူး ။
----------------------------
ရုံးကိုရောက်တော့ ကော်ဖီတစ်ခွက် ဖျော်လိုက်တယ်။ ဘယ်သူနဲ့မှစကားမပြောဖြစ်ပဲ ကော်ဖီ ခွက်ကို ကိုင်ပြီး အပြင်ထွက်လာခဲ့တယ် အနွေးဓါတ် မဲ့ တဲ့ မနက်နေရောင်အောက်က ရွက်လှပင်လိုလို ပွင့်စရာမလိုပဲအသွေးကြွယ်တဲ့ အပင်ပုတွေအပေါ်က ရေစက်တွေကို
လျှာဖျားနဲ့ထိကြည့်ချင်စိတ်ပေါက်လာခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး ။
အဆောက်အဦအသစ်ဆောက်နေတဲ့ နေရာကို ဖြေးဖြေးမောင်းလာခဲ့တယ်။ဂီယာမပြောင်းဖြစ်ပဲ မောင်းလာခဲ့တဲ့ကားဟာ အိုစာလွန်းတဲ့အဘိုးကြီးတစ်ယောက် လောကကိုအလိုမကျသလို ငြီးတွားရင်း အသိပေးလိုက်တော့မှ သတိရလိုက်မိတယ်။
အလုပ်သမားတွေ က နှုတ်ဆက်ကြတယ်။ မင်္ဂလာမနက်ခင်းတဲ့။ နေကောင်းလားတဲ့ ဒီစကားတွေကို
လူ့ သက်တန်းတစ်ခုမှာ အခါပေါင်းသောင်းချီပြီးလူတွေ ရွတ်ဆိုဖြစ်ကြတာပေါ့ ။ ပြောင်လက်နေတဲ့ကော်ဖီခွက်ရဲ့လည်ပင်းကိုဖွဖွကိုင်ထားရင်း အားလုံးကို
စိတ်ပါလက်ပါပြုံးပြပစ်လိုက်တယ် ကင်းသမားတစ်ယောက်ရဲ့
ညစ်ထေးထေးတစ်ယောက်အိပ်ခြင်ထောင်လို အရောင်တွေနဲ့.....။
ကျယ်ပြန့် လွန်းလှတဲ့သမံတလင်းကြမ်းပြင်ပေါ်မှာ အစင်းသား လဲနေတဲ့ ၀က်အူရစ်တစ်ချောင်းကို မြင်ရတယ်။
တကယ်တော့အဲဒီဝက်အူရစ် ဟာဆောက်လုပ်ရေးအလုပ်သမား တယောက်ယောက်ရဲ့ ခါးပတ်အိတ်ထဲကပြုတ်ကျချိန်မှာ ခန္တာနဲ့မမျှကြီးမားစွင့်ကားတဲ့ သူ့ ခေါင်းကို ဘီးတခုလို သဘောနဲ့လူးလှိမ့်နေကောင်းနေခဲ့လိမ့်မယ် ခုတော့ တုတ်တုတ်မှကိုမလှုပ်တော့တဲ့ဝက်အူရစ်။
ရည်ရွယ်ချက်အတိအကျမရှိပေမယ့် အဲဒီဝက်အူရစ်ကို ဘယ်လောက်ဝေးဝေး ကန်ထုတ်ပစ်လိုက်နိုင်မလဲဆိုတဲ့ မတွေးမိတဲ့ စိတ်နဲ့ တဖြေးဖြေးလှမ်းလာမိတယ်။ ပုခုံးမှာလွယ်လာတဲ့ ကွန်ပြူတာအိတ်ကို စလွယ်သိုင်းလွယ်လိုက်ပြီး ငယ်ဝယ်ပေးထားတဲ့ဆွယ်တာလက်မောင်းကိုပင့်တင်လိုက်တယ်။
သေချာချိန်ရွယ်ပြီး ရှူးဖိနပ်ဦးနဲ့ဂိုးသမားကိုလှည့်ပြီးဆွဲလာတဲ့ဘောလုံးကို ဂိုးပေါက်ထဲ ပါယ်ပါယ်နယ်နယ်ပစ်ကန် လိုက်သလို ကန်ပစ်လိုက်တယ်။
တပြိုင်နက်ထဲမှာမျက်ခြေပြတ်သွားမှာကိုလဲစိုးတယ် ။
အရှိန်နဲ့ အသံခပ်ကျပ်ကျပ် ကျစ်ကျစ်လစ်လစ် မြည်ပြီး အကန်ခံလိုက်ရတဲ့ဝက်အူရစ်ဟာတရှူးထိုးနဲ့ရှပ်တိုက်ပြေးတော့တာပဲ။
သံချောင်းတွေ သံတိုသံစတွေစုပုံထားတဲ့ အပုံကြီးနဲ့ မနီးမဝေးလောက်မှာ ရပ်သွားတယ်လို့ ထင်လိုက်မိတယ်။
အဲဒီ သံဘောင် ဖြတ်စတွေ သစ်သားစတွေ စုပုံထားတဲ့ အနားမှာ လှည့်ပါတ်ပြီးရှာမိတယ်။ ရှာမိပုံက ပေါင်တချောင်းမြှောက်ပြီး ပိုင်နက်သတ်မှတ်ဖို့  ပြင်နေတဲ့ခွေးတကောင်လို ။
မတွေ့ တော့ဘူး ............။
အဲဒီဝက်အူရစ်ကလေးကိုမတွေ့ တော့ဘူး။ သည်းသည်းမည်းမည်းရှာမိပုံက လက်မှတ်စစ်အလာမှာရထားလက်မှတ်ပျောက်သွားတဲ့ ကုန်စိမ်းသည်လို။
မတွေ့ တော့ဘူး။
စိတ်ထဲမှာ ဟာတာတာကြီးဖြစ်သွားခဲ့ရပြီ။ တကယ်တော့ အဲဒီဝက်အူရစ်ကလေးကို ငါ့အနေနဲ့ မလိုအပ်ပါဘူး။ အဲဒီဝက်အူရစ်ကလေး ရှိနေခြင်း မနေခြင်းဟာ ငါ့ဘ၀ကိုဘယ်လိုနည်းနဲ့မှ အကျိုးမသက်ရောက်နိုင်ခဲ့ပါဘူး ။
....
ပေါင်ပေါ်တင်ထားတဲ့ကွန်ပြူတာ က နုတ်ပက် ထဲမှာ ဒေါင်လိုက်မျဉ်းကလေး မှိတ်တုတ် မှိတ်တုတ်နဲ့ဖြစ်နေတာကိုသတိထားမိလိုက်တော့ ငါ နားလည်လိုက်တယ်...။
အဲဒီဝက်အူရစ်ကလေးဟာ တကယ်တော့ ငါ့စိတ်ထဲမှာ အရစ်ကုန် စွဲပြီး
သူ့ ပုံရိပ်ကလေးသူချိတ်သွားခဲ့ပြီဆိုတာ...............................................။
ငြိမ်းဇေဦး
ကျိန်းသေ ပစ်ကွင်း
ငါဟာ....
မြက်ရိုင်းခင်းပေါ်က ငန်းရိုင်းတစ်ကောင်ဖြစ်နေရင်တောင်
ပျံနေရင်းကျည်သင့်မယ့်အဖြစ်တွေကို
လေတံခွန်လို ရင်ဆိုင်သူပါ။
အချစ်ကိုအရောင်ပြောင်းဖို့
ဆိုးဆေးအကောင်းစား တစ်ဗူး
ဦးနှောက် နူရွန်တဖဲ့
ဖွဲ့ နွဲ့ သိုင်းဝိုင်းမှု မတ်ခွက်တလုံးနဲ့
ချိန်ခွင်အသစ်စက်စက်တွေသုံးပြီး
ဝုန်း....ဆို
သီအိုရီတွေခုန်ဆင်း .........။
အချစ်ဆိုတာ
ဆံပင်ဖြူတစ်မျှင် မှ မဟုတ်ပဲ......
နှလုံးသားဆိုတာ အပိုပစ္စည်းတွေထားတဲ့
ရောင်းအားထိုင်း ကုန်လှောင်ရုံ မှမဟုတ်ပဲ....
အသည်းနာမှုတွေကို အတ္တနဲ့စုချည်ပြီး
သံယောဇဉ်ကို ဆောင့်ဆွဲ
ထောင့်ထဲမှာ သွားထိုင်နေကြည့်ပါ..........။
အိမ်အပြန်နောက်မကျစေနဲ့ ငယ်......
ဆေးတွေမမေ့နဲ့ ငယ်.....
အနွေးထည်လေးဝတ် ငယ်.....
ခေါင်းစင်အောင်သုတ် ငယ်.....
ချစ်သူချင်းပြောတဲ့ပဋိသန္တာရ ပဲ့တင်တွေပါ
သံခင်းတမန်ခင်း သွေးတိုးစမ်းမှုတွေပါ
အဲသလိုသာမှတ်လိုက်
အမြဲတမ်းအလစ်အငိုက်ပေးမယ့်သူ
ပစ်ကွင်းလိုချစ်ခြင်းနဲ့တ၀ဲလည်လည်ပေါ့
ပစ်စေတော့ အချစ်ရယ် .......။
ငြိမ်းဇေဦး
Monday, April 5, 2010
ဖြေ
တယောက်နဲ့တယောက်
သိပ်ဝေးသွားကြလို့ ပေလား.......။
တယောက် ရင်ခုန်သံတယောက်
မကြားနိုင်ကြလို့ ပေလား.....။
တယောက်ရဲ့ အသံလေးတွေ
တယောက်မကြား ရတာ....
ကြာလွန်းလှလို့ ပေလား..။
စွန့်နိုင်တဲ့ခွန်အား
တကယ်များ ရှိသွားပြီလား........
ငါ့မျက်ရည်ကြားမှာ...
ငါဖြေတာငါမကြား...
မှုန်ဝါးလွန်းတယ် အချစ်ရယ်........။
ငြိမ်းဇေဦး
သိပ်ဝေးသွားကြလို့ ပေလား.......။
တယောက် ရင်ခုန်သံတယောက်
မကြားနိုင်ကြလို့ ပေလား.....။
တယောက်ရဲ့ အသံလေးတွေ
တယောက်မကြား ရတာ....
ကြာလွန်းလှလို့ ပေလား..။
စွန့်နိုင်တဲ့ခွန်အား
တကယ်များ ရှိသွားပြီလား........
ငါ့မျက်ရည်ကြားမှာ...
ငါဖြေတာငါမကြား...
မှုန်ဝါးလွန်းတယ် အချစ်ရယ်........။
ငြိမ်းဇေဦး
Subscribe to:
Posts (Atom)