ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Wednesday, September 24, 2014
ရင်ခုန်သံတူရိယာ
ငါ့ရဲ့ ရင်ခုန်သံလေးပါ...။
နောက်တန်းခံစစ်မှူးနဲ့ ဂိုးသမားကို
လှလှပပလှည့်ကစားပြီး
ခုခံသူမဲ့ ဂိုးပေါက်ကို တေ့သွင်းတော့မယ့်
ဘောလုံးသမားတစ်ယောက်ရဲ့
ကိုယ်ဟန် ရွေ့ လျားမှုလို
နှေးတခါမြန်တလှည့် ဖြစ်ခဲ့ရပါပြီ။
ဇာတ်နာခြင်း ဓါတ်စာများနဲ့
အရပ်တကာ သွားခဲ့သည့်
ငါ့ရင်ခုန်သံလေးပါ..
ချစ်ခဲ့ရသည်များ၏ ခြေသံတွေပေါ့ကွယ်။
သံယောဇဉ်ဆိုတာ ယာယီမဆန်ပါဘူး
မင်းကလေးရဲ့
ပေစောင်းစောင်းအကြည့်လေးတွေဆိုရင်
ခုထိ ငါ့ရင်ခုန်သံလေးတွေထဲမှာ
လျှပ်တိုက်ပြေးလွှားနေတုန်းပါ။
မက်မွန်သီးအတွင်းသားလေးလို
မွတဲ့.....
အိတဲ့.....
စိုတဲ့ .....
အရသာပြည့်တဲ့ နှုတ်ခမ်းလေးကို
ငုံခိုက်...
နမ်းခိုက်...
တရှိုက်မက်မက် ရင်ခြင်းအပ်ခိုက်...
မင်းကလေးရဲ့ ရင်ခုန်သံလေးနဲ့
အနှေးအမြန် ချိန်ကိုက်ခဲ့တဲ့
ငါ့ရဲ့ ရင်ခုန်သံလေးပါ....။
ငါ့ရဲ့ ရင်ခုန်သံလေးဟာ
သေနတ်သံ စိန်ပြောင်းသံ
ဗုံးကွဲသံများစွာကြားထဲ
ငါ့ရင်အုံမှာထောက်ထားတဲ့
မောင်းပြန်သေနတ်ဒင်နဲ့
ခင်ခင်မင်မင်ဖြစ်ခဲ့တဲ့
ရင်ခုန်သံလေးပါ။
ရန်ကုန်မြို့ ကြီးရဲ့
ကြဲတောက်တောက်နေရောင်အောက်မှာ
လမ်းကြိုလမ်းကြားထဲ
တနောင်နောင်မောင်းသံနဲ့
ဇီးသီးသုတ်သည်ရဲ့ တွန်းလှည်း
တလိမ့်ချင်း တလိမ့်ချင်း
ငါ့လမ်းထဲဝင်လာပြီဆိုမှဖြင့်
သွားရေတွေများ...
မျက်လုံးတွေကျယ်..
နွေလည် နေ့ ရက်တွေမှာ
အာသီသနဲ့ မြန်ခဲ့ရတဲ့ ရင်ခုန်သံလေးပါ။
ငါ့ရင်ခုန်သံလေးဟာ တခါက
အနာဂတ်တွေလှဖို့ 
လိုအပ်လာရင်
သူ မခုန်တော့ပါဘူးတဲ့
သူ့ရဲ့ ပျော်ရွှင်ခြင်းကလေး မစို့မပို့နဲ့
သူ့ရဲ့ ကျမ်းမာရေးကြုံကြုံလှီလှီဖြစ်ပေမယ့်
ဘ၀ကို အတ္တနဲ့
ကျစ်ထားတဲ့ကြိုးတစ်ချောင်းလို
အခိုင်ဆုံးကြိုးတစ်ချောင်းလို
အဲဒီကြိုးလေးတစ်ချောင်းကို
ခိုတွဲရင်း သူ့ ကိုယ်သူဆွဲတင်လာခဲ့ရသမျှ
တောင်တက်ခရီးကိုတောင်
လမ်းခုလတ်မှာ လိုအပ်လာရင်
ဆွဲဖြတ်ပေးခဲ့မှာပါဆိုတဲ့
ငါ့ရဲ့ ရင်ခုန်သံလေးဟာ
ခုတော့ ..
ငါ့ရဲ့ရင်ခုန်သံလေးဟာ
ဘယ်သူ့ အတွက်မှ
သူ့ စည်းချက်ကလေးကို
မစွန့် လွှတ်နိုင်တော့...
အစတေးမခံနိုင်တော့တဲ့
ငါ့ရဲ့ ရင်ခုန်သံလေးဟာ...
နှေးတလှည့်မြန်တလှည့်
မင်းကလေးရဲ့ ကာရံနဲ့
ဆင်ဖိုနီတွေလည်း တီးခတ်ခဲ့ပါပြီ...။
ငြိမ်းဇေဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment