Tuesday, September 15, 2015

အရူးလက်မှတ်


စိတ်ကျခြင်းပိုက်ကွန်ထဲ
စိတ်လိုလက်ရ ဂျွမ်းပစ်ချကြရပုံက
ရေကျချောင်း ပုဇွန်ဆိပ်ကလေးများလို....။


အလျော့ပေးနားလည်လိုက်ရခြင်း လျှော့ကြိုးရှည်ရှည်နဲ့
ကိုယ့်အဘိဓမ္မာကိုယ်ပြန်မျှားကြရတာလဲ
ဘေးမဲ့ကန်ထဲက ပေါက်ပေါက်ဆုတ်နင်နေတဲ့ ငါးကြင်းကြီးများလို....။
ဟိုလူ့ပေးပါ...
ဒီလူ့ပေးပါ...
ဟန်ပါပါ..အသံစာစာ
ရန်စွာစွာ....
ဟုတ်ကဲ့.ခင်ဗျာ
အားလုံးသာရှိတာယူသွား
ခင်ဗျားတို့ လိုဘများပြည့်ဖို့....
မာနတွေ မျိုမျိုချရင်း သည်းခံခြင်း တနပ်ပြီးတနပ်နဲ့
အရပ်ပျက်ခဲ့ရ...။

ဟိုလူ့မပေးနဲ့
ဒီလူ့မပေးနဲ့
မပေးပေး..ပေး
ပေးပေးပေး...
ငါ့ရွှေခွက်ပေး ဆိုတဲ့
ရွဲကုန်သည်ပြဇာတ်က
နောက်ပိုင်းမင်းသားလို...........။

ကမ္ဘာလောကကြီး တရားဝင် ဂေါက်သွားပါပြီခင်ဗျား
အားလုံး..စားသုံး..အမှားဆုံး...သကြားလုံးများအား...
အခုတော့...
အမှန်တရားဟာယာယီ ရှုံးနိမ့်ခဲ့..........။


ငြိမ်းဇေဦး

Thursday, April 2, 2015

"၀ိုင်သောက်သူ လူကြီးမင်းများ"



တပ်စ်က်နီ တောင်ကုန်းလေးတွေပေါ်မှာ
နေညိုလေညှင်းတွေ ပေါ့ပေါ့ပါးပါးရွေ့လျားတယ်၊
မက်ခီယာဗယ်လီ ငဲ့......
သင်သောက်မျို အရသာခံခဲ့သော
တန်ဖိုးမြင့်
သက်တန်းရင့်
ရှားပါး
ဝိုင်အရက်များ လို
ဟောဒီမှာ... ထွန်းကားထိမ်းသိမ်းခဲ့ကြဖူးပါပြီ။

အရှေ့ အလည်ပိုင်းကခရီးထွက်လာတဲ့
စွံပလွန်သီးခြောက် ကလေးများလို
ကိုယ်မရနိုင်တဲ့ ချို အိ အရသာရှိမှုတွေအတွက်
ငါ့မှာတော့ကိုယ့်မျက်လုံးကိုယ် ပြန်ဝါးခဲ့ မြုံ့ ခဲ့ရပါပြီ
ခါးသီးမှုတွေကို မမြင်လိုတော့ချိန်မှာ......
တနည်းအားဖြင့်....စက္ကု အာရုံတွေရဲ့လှိုင်းအလျဉ်တွေကို
ဖြို ချ....
ငိုရလွန်းတဲ့ ကိစ္စများရဲ့ပြုစားမှုကြောင့်ကွယ့်.....။

မက်ခီယာဗယ်လီ ရေ
ဝိုင် ဖြူ ၊ ၀ိုင်နီ ၊ ကဘရီနက်
ပီညော့၊ ချာဒိုနေး......
ကြိုက်တဲ့နာမည်ပေး......
ငါတို့ဆီမှာတော့သွေးနဲ့ မျက်ရည်
လက်လီလဲ ရ ၊ လက်ကားလဲရ
နှစ်ငါးဆယ်မကတဲ့ နှစ်ချို့မှုတွေနဲ့
ဝိုင်အားလုံးထက်ပျစ်တယ်.....။

ငါတို့ဆီက ၀ိုင်တွေထဲမှာ ခံစားမှုတွေလှီးထည့်ထားတယ်၊
ပိုပြီး ဖန်အောင် ချဉ်အောင်လေ၊
သောက်လိုက်လို့လည်မျိုကစီးဆင်းမယ်ဆိုလဲ
အနှေးစီးဆင်းနိုင်အောင်
သွေးပျစ်ပျစ်တွေညှစ်ချထားတယ်၊

ငှဲ့လိုက်မယ်ဆိုရင်လဲ ငိုငြီးသံတွေနဲ့ ဖန်ခွက်နံရံကပဲ့တင်ထပ်တယ်၊
နှာခေါင်းဝတေ့၊ မျက်လုံးကို မှိတ်ပြီး ရှူရှိုက်မယ်ဆိုလဲ
အာခေါင်ခြောက်စေတဲ့
ယမ်း ငွေ့ တွေ နဲ့ ရော စိမ်ထားတယ်....၊
ယမ်းနံ့တွေ  မျွှန်ထူမှုဟာ
အမှန်တော့...
တရှိုက်မက်မက်တောင်ဖြစ်တတ်သေးဆိုပြီး
ဈေးကွက်စီးပွားရေးအမြင်လဲရှိ
နိုင်ငံရေးလက်ဦးမှုလဲရှာတတ်တဲ့
နန်စီပလိုစီကတောင် သူ့ နာမည်နဲ့ တံဆိပ်ကပ်လို့
ရေမွှေးပရောဒတ်ထုတ်ဦးမတဲ့ ငါ့မြေက ယမ်းနံ့နဲ့လေ....။

အချိန်မှန်မှန်
ဘီယာတိုက်၊ နှိပ်နှယ် ၊ ငြိမ့်ညောင်းတဲ့ဂီတနဲ့
ကောင်းရာကောင်းကြောင်းတွေကျွေးမွေးပြီးမှ
ဂရုဏာအပြည့်အသတ်ခံလိုက်ရတဲ့နွားပေါက်တကောင်ရဲ့
တန်ဘိုးကြီး အရသာပြည့်
ဂျပန်ပြည် ကိုဘေးအရပ်က ကိုဘေး ဘိခ်စတိတ် ပန်းနုရောင်မကျက်တကျက်နဲ့
တို့ဆီက ၀ိုင်တွေကို သံတမန်ဖဲဝိုင်းမှာ
လည်ပင်းသွယ်သွယ် ဖန်ခွက်ငယ်ထဲထည့်ပြီး
မြည်းကြပါလေ ....
ဒါမျိုး နော်ဝေမှာရှားတယ်
ဥရောပမှာရှားတယ်
အမေရိကမှာရှားတယ် ........။

ဝိုင်ဟာ စီးပွားရေးဖြစ်ပါတယ်၊
ဝိုင်ဟာ ဘ၀ဖြစ်တည်မှုဖြစ်ပါတယ်၊
ဝိုင်ဟာ ပိုင်ဆိုင်မှုတွေရဲ့ မှော်ဝင်ဝတ္တုတပါးဖြစ်ပါတယ်။
ကျွန်းပင်၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေ ကြော
အားလုံးလဲ ရောဖောက်ထားတဲ့ဝိုင်ဖြစ်ပါတယ်။

အအေးစိမ် ၀ိုင်နီတွေကို
ဟောဒီက ပါးပါးလေးလှီးထားတဲ့ ဆယ်လ်မွန် ဆာရှီမီနဲ့
မြည်းပါလို့ .....
ငါက လူကြီးမင်းတို့ကို လောကွတ်မချော်တော့ပါဘူး...
ခင်ဗျားတို့က ငါတို့အားလုံးရဲ့အသားတွေ ဘ၀တွေကို ပါးပါးလှီးပြီး
မြည်းနေကြတာကြာပြီပဲ။

တနည်းအားဖြင့်..
ငါတို့ရဲ့မြေဟာ ဘုရားရှိခိုးကျောင်းဖြစ်တယ်၊
ဒီဘုရားရှိခိုးကျောင်းထဲမှာ ငါတို့ အကျဉ်းကျနေတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ အလိုမတူပဲ သားမယားပြုခံရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ဖ၀ါးအောက်က မြေထုသေးသေးလေးပျောက်တယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ငတ်မွတ်မှုတွေက ငါတို့ကို သွားဖြဲနားဖြဲစားသုံးတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့ယုံကြည်မှုတွေ အောက်ဈေးနဲ့ရောင်းခံရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့နုပျိုမှုတွေ ကျုံလှီရတယ်၊
ဒီဘုရားကျောင်းထဲမှာ ငါတို့သားချင်းတွေ ဓါးချင်းယှဉ်ခုတ်ကြတယ်၊
ဒီဘုရားကျောင်းထဲမှာ အခါအားလျော်စွာ
မုသာဝါဒသန်းပေါင်းများစွာ
အချိန်ကျတိုင်း ၀တ်ကောင်းစားလှဝတ်လို့
ဣနြေ္ဒ ရရ လာတယ်၊
ဒူးထောက်တယ် ၊
ဝတ်ပြုတယ်၊ ဆုတောင်းတယ်၊
နောက်တော့ ဘုရားသခင်ရဲ့အသွေးအသားအစား
ငါတို့ရဲ့အသားတွေကိုတလွှာချင်းစားတယ်၊
ငါတို့ရဲ့သွေးတွေကိုတကျိုက်ခြင်းသောက်တယ်
ထုံးစံအတိုင်း ကောင်းချီးပေးလို့ထွက်သွားတတ်ကြပါတယ်
ပြီးတော့...
ဘုရားကျောင်းတံခါးဟာထုံးစံအတိုင်းပိတ်ခဲ့ပါပြီ
အလင်းမဲ့ ပြတင်းပေါက်အမြင့်ကြီးတွေကတော့
ငါတို့ကို ငုံ့ကြည့်ယုံသာကြည့်တတ်ခဲ့။

အဲဒီ....
ငါတို့ရဲ့မြေဟာ ဝေဒနာတွေကို
ရေရေရာရာ သေသေချာချာ ခံနိုင်ရည်ရှိတဲ့မြေ
ကြည့်လေ ကမ္ဘာလောကရဲ့ ကပ်ကြီးသုံးပါးကို
အပြုံးများနဲ့ လက်ခံတယ်၊
တအိပ်ယာထဲအတူအိပ်တယ်၊ လှောင်အိမ်တခုထဲအတူနိုးတယ်
ဒါတွေကရိုးလွန်းနေပါပြီ။

တို့လည်ပင်းတွေကိုနင်းပြီး
ခွင့်လွှတ်နားလည်မှုတွေကို မတောင်းဆိုတဲ့နတ်ဆိုးတွေကို
ပူဇော်ပသ နားလည်မှုအနန္တနဲ့
စွမ်းစွမ်းတမံအကာအကွယ်ပေးကြသူတွေကို
တန်ခိုးရှင်လို လဲ ရိုးရိုးသားသားနိုးနိုးကြားကြား
ကြိုးကြိုးစားစား ကိုးကွယ်ခဲ့ကြပါပြီ။

ခုတော့...
ဝိုင်သောက်သူ လူကြီးမင်းများ
ဝိုင်ဈေးဖြတ်နေကြချိန်မှာ
မက်ခီယာဗယ်လီရဲ့ မင်းသားဟာလဲ
ဝိုင်လေလံတင်ပွဲရဲ့ အော့ရှင်နီယာတယောက်အဖြစ်
ဟောဒီ ပြည်တွင်းစစ်ဆိုတဲ့ ၀ိုင်စည်ကို လက်ညှိုးထိုးလို့
ဈေးပြိုင်စနစ်နဲ့ လက်နက်ချလေလံပစ်နေခဲ့ပါပြီ။

ငါတို့ပြည်တွင်းစစ်ဟာ နှစ်ချို့ဝိုင်တစည်ဖြစ်တယ်
ကျိန်စာတွေနဲ့ သောက်သုံးလော့။ ။

  ငြိမ်းဇေဦး

Wednesday, April 1, 2015

"သေချင်းဆိုးကြီးရဲ့ သူငယ်ပြန်မှုများ"


 မျှော်လင့်ချက်တွေ ပလုံစီတက်သွားခဲ့တာ
မိုးကောင်းကင်ကြီးတခွင်တပြင်ပြည့်နှက်လို့
အားလုံးကတော့ ကောင်းကင်ကိုမော့မျှော်မိတုန်း
မျှော်လင့်ချက် မိုးမဲကြီးရွာချ...........
ဒါ..ကံဆိုးမရဲ့ ဖြစ်စဉ်....
သိပ်ရိုးတဲ့ဖြစ်ရိုးဖြစ်စဉ် ရွှေရတုလွန်။
ဘုရားသခင်ဆိုတာလဲ
လိုအပ်လာရင်ရေရွတ်တိုင်တည်ဖို့
အဆင်သင့်တီထွင်ပြီးသားခေတ်မှာ
ကျီးကန်းအသုတ်ခံလိုက်ရတဲ့ နှံကောင်တကောင်လို
ဘာကိုအပြစ်တင်ရဦးမှာလဲ...........။
ငြိမ်းချမ်းရေးကျည်ဆံတွေ ပလူပျံ
သဘောတူညီချက် မှင်စိုတွေ စာရွက်ပေါ်ခြောက်
လက်မှတ်တွေ ကောက်ထိုးလိုက်တာမှ
အကန်းတယောက် အပ်ပေါက် ထိုးသလို....
ဟောဒီမှာ ပန်းဦးခြွေခံရတဲ့ သိက္ခာတရားတွေ
ရယ်ကျဲကျဲသွားတွေဖြဲလို့.............
စောဘဦးလဲ တောကအရူးသာသာဖြစ်ခဲ့.......။
မေမေ့ပါးစပ်ထဲ ဖြဲ ခွံ့သွားတဲ့ကိတ်မုန့် ဇွန်းကိုင်တဲ့ကောင်တွေကို
သားမုန်းတယ်မေမေ လို့..........
ဟောဒီသေချင်းဆိုးကြီးက နုပြရင်း
ညု ရဦးမှာလား လဲ မသိ။
ဘာပဲဖြစ်ဖြစ် ...
ခင်ဗျားက အိုင်ပက်နေချိန်မှာ
မေမေကတော့ တိုင်ဖက်ပြီး စတိုင်မပျက်
ဒုံးချပ်ချပ်..ဒုံးချပ်ချပ်........
နိုင်ငံတော်နိုက်ကလပ်မှာ
ကော့ကော့..ကျော့ကျော့..မော့မော့လေး
လှယုံထက်ပိုတဲ့ အိုက်တင်လေးနဲ့
စကားနှစ်ခွတွေ တရားကျစရာဖြစ်အောင်ပြောရင်း
သင်းကလေးတွေကို ညှို့ ပြမယ်ဆိုတဲ့ ယုံကြည်ချက်ပိတ်ပါးနဲ့
အစိတ်သားကို ညှစ်မတဲ့..............။
ဒီသေချင်းဆိုးကြီးက ပေါက်စနလို
တခစ်ခစ်ရယ်ရင်း....လက်ခုတ်တီးအားပေးဖို့စောင့်နေခဲ့ပါပြီ။

ြ ငိမ်းဇေဦး

Thursday, March 26, 2015

ယာယီကိစ္စများရဲ့အလွန်


ကျေးလက်ပေါ် သွေးစက်တွေဖိတ်မကျခဲ့ဘူး
သွေးထွက်နေတဲ့ ကျေးလက်တွေပါ...၊
ထွန်ခြစ်ရာတွေနဲ့ ဖြီးလိမ်းခြယ်သတတ်တဲ့
လယ်ယာတွေဟာလဲ ကျောရော ရင်ရောမှာ
သံဆူးကြိုးတိုင်တွေ စိုက်ဝင်လို့
တပ်ပိုင်မြေဖြစ်......။
ပြင်သစ်တော်လှန်ရေးကို မကြားခဲ့ဖူးတဲ့
အလုပ်သမားတယောက်ဟာ
သူ့ဖာသာပြည့်စုံနေတဲ့ ရုန်းကန်မှုတွေနဲ့
ပေါင်မုန့်တဖဲ့လေးကို ဆာလောင်မွတ်သိပ်ခဲ့ပါပြီ။
နင့်ဆီကို ပရာဒါအိတ်အသစ်ကလေးတအိတ်
နှစ်ဆယ့်လေးနာရီအတွင်းရောက်လာခဲ့သလို
တို့ဆီမှာ ရေပေါ်ဆီ...
ဆီဝေ့ဝေ့ထဲက ပိုးလောက်လန်းတွေရှိတယ်
ဂျက်ဆီကာ......
သူတို့ဟာ မကြာခင်ခြင်ဖြစ်
ငါတို့ကို ငှက်ဖျားအစစ်တွေလက်ဆောင်ပေးတော့မယ်တဲ့လေ။
ဘာသာဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့
အိပ်ပျက်ခဲ့သူရဲ့ သမ်းဝေသံဟာ
ဘယ်မျိုးနွယ်စုက စခဲ့ပါသလဲ လို့
ငါတို့ စူးစမ်းဖို့ လိုလို့လား...။
ဒီမှာ လီကွန်ယုဆိုတဲ့
မြည်တွန်မှုတွေကိုလဲ
မြွေတွန်သလို
လေချွန်သလို ငါကြားခဲ့ရပါပြီ။
ကစ်ကက်ချောကလက်ကလေးတစ်တောင့်ကို
သန်းခေါင်ကျော် ညနက်မှာ အသံမထွက်အောင်ဖွဖွလေးကိုက်
လျှာပေါ်တင်အရသာခံ ...မျက်လုံးအစုံကိုမှေးစင်း
အိမ်နံရံမှီဆေးလိပ်ဖွာရင်း...
ငါ့သီချင်းတွေထဲက ကောင်မလေးမေ့ကျန်ခဲ့တဲ့
နှုတ်ခမ်းနီဗူးလေးတတောင့်တောင်မှမရှိတဲ့
တစ်ယောက်ထဲညကြီးထဲမှာ....
သူများ နိုးမှာထက် ၊
ငါကိုယ်တိုင်နိုးမှာစိုးတဲ့စိတ်တွေနဲ့ တိတ်တိတ်ကလေး ဖြစ်ခဲ့ဖူးသလို
တောခွေးတွေအူတတ်တဲ့ တောထူထူတောင်ကျောကုန်းတခုကို
အိပ်မက်လိုလို တကယ်လိုလိုလဲ ငါ သတိရတတ်ဖူးရဲ့။

လူသားမျိုးနွယ်စု အပေါ်တာဝန်ကျေချင်တဲ့စိတ်နဲ့
ငါက ချစ်သူကို မိတ်လိုက်ခဲ့တာမဟုတ်ဘူး၊
ပြောမကောင်းအောင် အကြောပေါင်းတထောင်ရဲ့
ထကြွသောင်းကျန်းမှုတွေက
အကောင်းစား အကြောင်းတပါးပါလို့
ငါရိုးရိုးသားသား ကြွေးကြော်ပါရစေ။
ချစ်ခြင်းတရားဟာ ထူးဆန်းခဲ့ပါတယ်
ထူးဆန်းစွာချစ်ခဲ့ခြင်းများကြား
မာတုဂါမ များစွာ...
ကိုးမီလီမီတာတလက်
ပျက်သွားတဲ့ ဇစ်ပိုမီးခြစ်ကလေးတလုံး
ပြီးတော့ ကိုကို့ ကိုမုန်းတယ်ဆိုတဲ့
အချစ်ဆုံးသူလဲပါခဲ့ပါတယ်။
ခုတော့ဂျက်စီကာရယ်..
လက်ပတန်း ဟာ တချို့ တွေကို
ရှက်ရမ်းရမ်းစေခဲ့ပြီ။
လက်ပတောင်းဟာ ချက်ကောင်းကို
မိုက်တိုင်ဆင်ရဲ့ လက်သီးမငှားပဲ
တွဲလုံးတွေပစ်ခတ်ထိုးသတ်ခဲ့ပြီ။
ကိုယ်တိုင်ထောင်ကျနေတဲ့ ဂျက်ဆင်ကတော့
လူခြေတိတ်တိုင်း လေပြင်းနဲ့လွင့်ပါးလာတဲ့သစ်ရွက်ကြွေတွေကိုအားကျ
တစပြင်လို တက္ကသိုလ်ညတွေနဲ့ဝေးရာ
သူပါလွင့်ပါသွားချင်သတဲ့...။
ငါကတော့ပြောလိုက်ပါတယ်
ဂျက်ဆင်ရေ...
နေအထွက်၊ မိုး အသောက်မှာ
ပျောက်သောသူများ
မကြောက်သောသူများ၊ မဖောက်သောသူများဟာ
ဒက်ဖော့ဒဲလ်ပန်းကလေးတွေဖွေးဖွေးလှုပ်ပွင့်သလို
သင့်ရင်ပြင်မှာ ဝေဆာမယ်..........။

  ငြိမ်းဇေဦး

သောက်ဖို့ စိတ်


ချစ်ခြင်းမေတ္တာ၏ အခြားတဖက်၌
 သစ္စာရှိရှိ မပျက်မကွက် အမုန်းတရားတို့
မိုဟာဗီကန္တာရ သဖွယ် မဖုံးမဖိ..
ထီးတည်းတည်ရှိတတ်သေး........။
သူစိမ်းဆန်မှု ဥခွံထဲက
ခက်ခက်ခဲခဲ ခွဲထွက်လာခဲ့ရတဲ့
ရင်းနှီးခြင်းတွေပါ..........။
နားလည်ခြင်းအတွင်းသားတွေ
ဓါးပါးပါးနဲ့ နှစ်ခြမ်းခွဲထားတဲ့
စတော်ဘယ်ရီသီးရဲ့ရင်သားလို
စားသုံးသူရဲ့နှုတ်ခမ်းကိုတောင်ချို စေ
စိုစေ..။
 စိတ်ကို ရေခဲစိမ်ဖျော်ရည်တခွက်လို
ဖန်ခွက်အကြည်ထဲထည့်ရင်း
အဲဒီ ဖန်ခွက်နံရံမှာသီးသီးပြီး
ဝမ်းလျားထိုးလျှောဆင်းလာတဲ့
 ချွေးသီးလုံးကလေးတွေပေါ်မှာ
ဟီးလေးခိုလို့....
သူမ၏ မီနီစကတ်အနားသတ်ထားသော...
မွှေးညှင်းနုကလေးများမယို့မရဲရှင်သန်နေသော
ထို ပေါင်သားနုနုပေါ်သို့ စိမ့်စို လွှမ်းမိုးချင်သည့်
တပ်မက်မှုများအား
သံဝေဂမှတပါး
အပြစ်တစုံတရာမတင်လို............။
ဒီမှာ...
ကို ဟာ ကိုယ့်စိတ်ကို စိမ်ပြေနပြေလည်ပြန်ကြည့်ရင်း
သူမ၏ နှတ်ခမ်းသားအိအိတို့ကြား
တဖြေးဖြေး စီးဆင်းသွားခဲ့.............။
အချစ်ရေ..
ကိုယ့်ရဲ့စိတ်ကို သောက်သုံးပါ...။

  ငြိမ်းဇေဦး

Wednesday, January 21, 2015

ရာမ (ဇာတ်သိမ်းပိုင်း)



အဲဒီရာမဟာ မအေးရဲ့ ရာမ၊ သီတာဒေ၀ီနဲ့ ပြိုင်လုရမယ်ဆိုရင်တောင် မအေးဟာ ရာမကို ရဖို့  လေးပြိုင်ပွဲကိုဝင်ဦးမှာ။ လေးညှို့ ကို သူညှို့ မျက်လုံးတွေနဲ့ ဖမ်းစားညှို့ ငင် ပြီး  သိပ်လှတဲ့သူ့ နှုတ်ခမ်းကွေးလေးနဲ့ပြုံးရင်းသူ့ရဲ့ နက်မှောင်တဲ့ဆံပင်တွေ နဲ့ ရာမရဲ့ဗိုက်ပူကြီး အဝေးမခံဖို့ ပစ်မှတ်ကို ချိန်ရွယ်ရင်း ပစ်ဦးမှာ၊ မအေးက အဲသလိုမအေးပါ။



ရာမဟာ ရထားပေါ်ကို အောင်မြေနင်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်လို ရင်ကော့ပြီးတက်သွားပါပြီ။
စပိန်နွားရိုင်း ကဆုန်စိုင်းသလို အရှိန်အဟုန်နဲ့ရထားဟာ စစ်ကျန် သံလမ်းနှစ်ချောင်းပေါ်မှာ ဒုန်းစိုင်းခဲ့ပြီ။ ရာမလဲ တတွဲ ပြီးတတွဲ လက်ထဲက ကြက်သားကင် ခြင်းကလေးကို ကိုင်ရင်း " ဘော်ဒါတွေ ၊ ၀မ်းကေ" 
"ဘော်ဒါတွေ ၊ ၀မ်းကေနဲ့" ညာဘက်လက်က ဒုတ်ထိုးထားတဲ့ကြက်သားကင်ကလေးကို မြှောက်ရင်း တချောင်းတကျပ် ကြက်ကင် ကို အသက်ငင်လျှာထွက်မတတ် ရောင်းနေရှာပါပြီ ။

ရထားဟာရာမကိုသိပ်သိတာပေါ့၊ ရာမရဲ့ ခြေသံတွေကို ရထားက အလွတ်ကျက်စရာမလိုပဲ အမြဲမှတ်မိနေတတ်တဲ့ ရထား ၊ ခပ်ရှားရှား ရထား ၊ ခပ်အိုအို ရထား ၊ ရွက်ကြမ်းရေကျို ရထား၊ ဒီရထားဟာ ရာမရဲ့ပရိယေသနအတွက်သူ့ ခမျာအိုကြီးအိုမ ဖြစ်နေတာတောင်ဒီလမ်းကြောကြီးမှာ
မငြီးမငြူ ပြေးနေတဲ့ရထား ။ အဲဒီရထားဟာ ရာမရဲ့ ကျေးဇူးရှင်၊ ရာမရဲ့ အလုပ်ခွင် ၊ ရာမ ဘာမှ ဆင်ခြေတက်အပြစ်တင်စရာမရှိတဲ့ရထား။ ဒီရထားအကြောင်းကို ရာမကောင်းကောင်းသိပုံက ၊
ဒီလမ်းကြောအကြောင်းရာမ ကောင်းကောင်းသိပုံကပုဂံရာဇ၀င်ကိုတုတ်ထမ်းပြောမယ့်သူတွေနှံ့စပ်တယ်ဆိုတာ အပျော့ ၊ အလကား ၊ ဘာရုပ်မှမပေါက်၊ ချာတိတ်၊ အဲသလို ရထားနဲ့ရာမဟာ အမြွှာတွေလို ။

ဒီနေ့ရာမ ရဲ့ ကြက်သားကင်ဟာ ထင်သလောက် အရောင်းမသွက်၊ " ဘော်ဒါတွေ ၀မ်းကေ " ဆိုတဲ့ရာမရဲ့အသံလဲ အရင်လောက်အားမတက်၊ အဲသလို အခါများဆို  ရာမ မျက်လုံးမှာ မျက်ရည်တွေ ၀ဲ တတ်၊စိတ်မှာမကြံတတ်မစည်တတ်နဲ့၊မကုန်တဲ့ကြက်သားကင် ခြင်းကလေးကို ဆွဲပြီးရထားပေါ်ကဆင်း၊ ခေါင်းငိုက်စိုက်နဲ့ ထွေးညိုကို ဘေးပေါက်က၀င်၊ တောအရက်ကလေးတခွက်လောက် အကြွေးသောက်ပြီး ညှိုးညှိုးငယ်ငယ်အိမ်ပြန်ရတတ်။ ဒါပေမယ့် ရာမဟာ ဘယ်အခါမှ သူ့ရဲ့ မအေးကို သက်ပြင်းနဲ့ မနမ်းခဲ့ဘူး။ သူ့ရဲ့   နှလုံးထဲက တင်းကြပ်ကြပ်စူးပြီးအောင့်နေတတ်တာတောင် သူဟာ မအေးမျက်လုံးလေးတွေကို မြတ်မြတ်နိုးနိုးစိုက်ကြည့်ပုံကနိဗ္ဗာန်ရဲ့
ဝင်ပေါက်ရှေ့ကိုရုတ်တရက်ရောက်သွားတဲ့သူတယောက်လို ။


ရာမဟာ ကြက်သားကင် ခြင်းကလေးထဲက အကျန်ကြက်သားကင်တွေကို တွေတွေ ငေးငေးငုံ့ကြည့်တယ်၊ ငုံ့ကြည့်ရှာပုံက ငရဲတွင်းအ၀ကတွန်းချမခံရခင် ငရဲသားတွေကို ကြောက်စိတ်အပြည့် နဲ့ ကြည့်ရှာသလို အကြည့်နဲ့။
အဲဒီအချိန်မှာ ငုံးဥပြုတ်သည်ကလေးဟာ ရှေ့ တွဲကနေ ရာမ ရှိနေတဲ့တွဲဆီ သူ့ ငုံးဥပြုတ်ထည့်တဲ့ခြင်းကလေးကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း အပြေးတ၀က် ရောက်လာတယ်။  " မီးရထားပုလိပ်နဲ့ လက်မှတ်စစ်တွေ " လို့ ရာမကို လဲ လှမ်းအော်ပြောတယ်။
ငုံးဥပြုတ်သည်လေးနောက်က မှီလာတဲ့ မီးရထားပုလိပ်ဟာ ငုံးဥပြုတ်သည်လေးရဲ့ လည်ကုတ်ကို ဖမ်းဆွဲတာ ရာမ မြင်လိုက်ချိန်မှာ ရာမရင်ထဲ ပထမဆုံး ရဟတ်စီးဖူးတုန်းက ဖြစ်သလို အေးကနဲ ၊ ဟာကနဲ

ဖြစ်သွားရှာတယ်။ ရာမ အဖမ်းခံလို့မဖြစ်ဘူးဆိုတာ  ဘ၀တူ ဈေးသည်တွေအားလုံးသိသလို ရာမသိတယ်။ အရင်းလေးပြုတ်မယ်။ ဒဏ်ရိုက်ခံရမယ်။ အချုပ်ကျမယ်။ ရာမဘယ်လိုမှ ရင်မဆိုင်ရဲတဲ့ ဆုံးရှုံးမှု ။ ရာမရဲ့ မအေး နဲ့ သားလေးသုံးယောက်အတွက် ရာမ တယောက် နောက်လှည့်ပြီး သူ့ ကြက်သားကင်ခြင်းကလေးနဲ့ တဖက်တွဲကို ကူးအပြေး ရာမရင်ထဲမှာ ပူလောင်စူးအောင့်နေတယ်။ ရာမ ရင်ထဲမှာ တန်ခိုးရှင် တပါးပါး ၊ ဘယ်ဘာသာတရားက တန်ခိုးရှင်ဖြစ်ဖြစ် ဒါမှမဟုတ် ဘာ ဘာသာမှမရှိတဲ့ တန်ခိုးရှင်တပါးပါးကဖြစ်ဖြစ် ခုချိန်မှာ ရာမကို ကိုယ်ပျောက်သွားအောင် ချက်ခြင်းမန်းမှုတ်ပြီး ၀ှက်ပေးစေချင်တဲ့ ဆန္ဒတွေ နဲ့ တောင့်တမှုတွေနဲ့ ၊ ရထားဟာ လေကိုထိုးခွဲပြီး ရေကုန်ရေခမ်း ပြေးနေရပေမယ့် ရာမရဲ့ သောကကို စာနာရှာတယ်။ ဒါပေမယ့်ရထားဟာတန်ခိုးရှင်မှမဟုတ်တာ။


ရာမဟာ တတွဲကတတွဲကူးသွားရင်း ရှေ့ တွဲ ကိုမကူးခင် ရှေ့ တွဲက သူ့ ဆီ တူရှူ လျှောက်လာနေတဲ့လက်မှတ်စစ် တယောက်နဲ့  မီးရထားပုလိပ် ကိုမြင်ချိန်မှာ  ရှေ့ နောက်ညှပ်ခံလိုက်ရပြီ ဆိုတဲ့အသိနဲ့  ရာမဟာမီးရထားခေါင်မိုးပေါ်ကိုသူ့ ခန္ဓာ ကိုယ်ကြီးနဲ့တက်ဖို့ကြိုးစားပုံက အာဖရိကန်  ကန္တာရထဲက ခွေးအတွေ ၀ိုင်းအဆွဲခံရတဲ့ ကျွဲ တကောင်ရုန်းသလို ။

 ကမ္ဘာမြေရဲ့ဆွဲအားဟာ ဒီညနေမှာ ရာမကိုမျက်နှာသာမပေးခဲ့ဘူး။ ရထားဟာ  သားချင်းတယောက်ကိုကိုယ်တိုင်သုတ်သင်လိုက်ရတဲ့ အာဏာသားတယောက်ရဲ့ ၀မ်းနည်းမှုမျိုးတွေနဲ့  ၀ိုက်ဝိုက်ကွေးကွေး လမ်းကွေ့ ကလေးကနေ ရာမကိုတောင်လည်ပြန်မကြည့်နိုင်ခဲ့ရှာဘူး။ လယ်ကြွက်ကလေးတကောင်ဟာ  ရထားလမ်းနဲ့မလှမ်းမကမ်းမှာလွင့်ကျနေတဲ့  ကြက်သားကင်ခြင်းကလေးဆီကို အပြေးရောက်လာချိန်မှာ

 နောက်ဆုံးထွက်သက်နဲ့ ၊မျက်ရည်တွေရွှဲ သွေးတွေ ရွှဲနေတဲ့ ရာမဟာ   မအေးရယ်...........လို့ မြည်ကြွေးတမ်းတရင်း ငြိမ်သက်သွားရှာတယ်။

 ဒီညနေကစပြီး ထွေးညို ဆိုတဲ့တောအရက်ဆိုင်ကလေးရဲ့ ဘေးပေါက်က ဗိုက်ပူပူကုလားကြီးတစ်ယောက်  ၀င်လာနိုင်တော့မှာမဟုတ်တော့ဘူး။  အင်မတန်ခမ်းနားတဲ့မေတ္တာတရားကိုကြိတ်အားကျမိတဲ့ခွေးပိန်မလေးနဲ့
 မအေးလည်း မအေးရယ်...ချစ်လို့ ပါကွယ် ဆိုတဲ့ သီချင်းသံလေးကို   ကြားရတော့မှာမဟုတ်တော့ဘူး။ ဘော်ဒါတွေ ၀မ်းကေဆိုတဲ့ သူ့ရဲ့ ကြက်သားကင်ရောင်းတဲ့အသံကိုလဲ

 ဟောဒီလမ်းကြောပေါ်ကခရီးသည်တွေကြားရတော့မှာမဟုတ်တော့သလို။
 ဒါပေမယ့် သီတာဒေ၀ီမဟုတ်တဲ့ မအေးခမျာ တန်းလျားစုတ်ကလေးရဲ့ ပြတင်းပေါက်ဘေးက  မီးတိုင်ခွက်ကလေးနဲ့ အငယ်ဆုံးကလေးကို နို့ တိုက်ရင်းရာမအပြန်ကိုစောင့်မြဲ စောင့်နေဦးမှာ............။



 ငြိမ်းဇေဦး

Tuesday, January 13, 2015

Citizens of Dystopia

 For the exposition of our era
  we only have fallen circumstances
  to show as our own grandeur.

 " Let's hate someone
 for neither in our temple nor in our circle
 decimate them for being different."
 That's the trend of the century,
 century of miscreants.

"Let's make a deal with rogue regime
 come on,  dance and sing with your sweetest smile,
to make nefarious cockroaches happy"

"Let's turn our blind eyes to self-serving,
two-timing, short-selling greatest subservient icon of all time.
Of course ..very rare quality in the history of mankind"
"let's praise the bravery, let's cheer the intelligence
let's sip through our own starving on a whim while doing so"


There..there....
 In which we live
 we willingly deteriorate profoundly
 Thus, we applause and we shout "long live the phonies
long live the phonies, long live the phonies"


Nyein Zay Oo

Monday, December 22, 2014

တချို့တွေရဲ့နိုင်ငံရေး



  မသိရင်.... အကွက်ပျောက်ကစားနေသလို
 ကြည့်လိုက်တော့.... မရှက်မကြောက်ဖားနေသကို။

  ငြိမ်းဇေဦး

Digital painting (phone)


                           By Nyein Zay Oo

Thursday, December 18, 2014

နာရေးသတင်းများ




 ရှင်သန်ခြင်းပိန်ငေါငေါနဲ့ငါ့သူငယ်ချင်းတွေ
  ဈေးကြီး...
 ရခဲ...
 သိက္ခာထွားထွား
 ဟာဘားနားဆေးပြင်းလိပ် ကို
 ဆိုဖာမှာခြေထောက်ချိတ်ရှူရှိုက်ပြနေတဲ့
 လူဖြူ သန်းကြွယ်သူဌေးတယောက်ရဲ့
 မသက်မသာဖြစ်မှုမျိုးမဟုတ်တဲ့
 ဟန်မလုပ် မာန်မထုတ်
 တဘ၀လုံး စုန်းစုန်းမြုပ်
 မွန်းကြပ်မှု နဲ့ ...
  နွေလည်ခေါင် ကတ္တရာလမ်းပျော်ပေါ်
  ပြုတ်ကျသွားတဲ့ လိပ်ပြာကလေးတွေလို 
 ရှင်သန်ခဲ့ကြသူတွေ...။

 ခုတော့
 စိုစိုပြေပြေ သေဆုံးခြင်းတွေနဲ့
 ကိုယ့်ကိုကိုယ် လောကကြီးထဲကဆွဲနှုတ်
 ဘယ်သူ့မှ နှုတ်ဆက်ချင်စိတ်မရှိတော့လောက်အောင်လား....။

 ဟိုလူ သေတယ်
 ဒီလူ သေတယ်...
 သေခြင်း....
 သတင်းတွေ..
 သတင်းတွေ...
 မသေသေးတဲ့ မသာတွေရဲ့ ပုတ်အည့်
 ပူးကပ်မှုတွေကို သေခြင်းတရားနဲ့
 ငြင်းဆန်သွားကြသူတွေရဲ့
 သတင်းတွေ..........။


 လေရူးနဲ့ကြွေတဲ့သစ်ရွက်ကလေးတွေကိုတောင် မမြင်ရက်တော့ဘူး
 နှင်းမုန်တိုင်းမှာ ကိုယ့်အာငွေ့နဲ့ကိုယ် အနွေးပေးလို့
 ဟိမ၀န္တာ လို မြင့်မြင့်မားမား ရှင်သန်ကြ............။


 ငြိမ်းဇေဦး





Friday, December 12, 2014

ငါ့တိုင်းပြည်

  ငါ့မှာဘယ်လိုများ ၀ံပုလွေနဲ့ ရင်ကြားစေ့ရမလဲကွယ်
  ငါ့မှာ ရင်ကြားစေ့ရေးမရှိဘူး
  ငါဟာ ၀ံပုလွေ ဘာသာစကားမပြောဘူးလေ။

 
 ငါဘယ်တုန်းကမှ ယုံကြည်ခြင်းတွဲလက်
 မဖြုတ်ရက်ခဲ့ဖူးတဲ့ငါ့မျိုးဆက်တွေ
 ခုတော့ ၀ံပုလွေ ဘာသာဗေဒတွေတတ်မြောက်
 စကားတွေတူ...
 အူပုံတွေ ညီ
 ငါမစွန့် ပစ်ခဲ့တဲ့ငါ့တိုင်းပြည်ရေ
 ဒီမှာ....
 ငါ မပြန်တော့မယ့်လမ်းကို
 ငါလှမ်းလှမ်းငေး.......။



  ငြိမ်းဇေဦး

Tuesday, November 4, 2014

ဆောင်းဆည်းဆာ


       စိတ်ခြင်းဆက်သွယ်မှုဖြင့်
      ချစ်သူ၏ ကျိုးပဲ့သွားသောလက်သည်းရှည်ကလေးအား
      ညီညီညာညာညှပ်ပေးရန် မတတ်သာသော်ငြား....။
   
     စေတသိက် ကြိုးတချောင်း အမှောင်ထဲ ပစ်၍
     ကြိုးတန်းလမ်းလျှောက်ခဲ့သလို...........။
 
     အက်စ်ပရင်တပြား
     စကော့ခ်ျတခွက်...
     သက်ပြင်းတဖွာဖြင့်......
     ဆောင်းဆည်းဆာ အား စတင်ဖြတ်သန်းခဲ့......။
  
   ငြိမ်းဇေဦး

Wednesday, October 29, 2014

  ဩဓိသံယောဇဉ်

 စောင့်မျှော်ခြင်းသီချင်းတပုဒ်ရဲ့ သံစဉ်ဟာ
 တိတ်ဆိတ်မှုပဲ ...

 ကိုက မျက်စိမှိတ်နားဆင်တတ်ခဲ့ပြီ။

 စိတ်အာရုံထဲက သံယောဇဉ်ကြိုးတွေလေ
 တုန်ခါနှုန်းမြင့်လို့ ...
 ရစ်သမ်တွေမြန်လို့ ...
 စည်းချက်တွေထပ်မတတ် ....
 တိတ်ဆိတ်မှုတွေ တရစပ်
 မရပ်မနား 
 အလျားလိုက် စိမ့်ထွက်နေတယ်။

 ပျံသွားတဲ့ဆောင်းခိုငှက်ကလေးကို
 နားခဲ့တဲ့သစ်ပင်အောက်ကစောင့်ရသလို
 သေချာမှု မော်လီကျူး ပိန်ပိန်လေးတွေ
 ငွေ့ရည်ဖွဲ့ခဲ့ယုံ......။

 နစ်ကိုးတင်းတွေနဲ့ကျပ်တင်
 အယ်လ်ကိုဟောတွေနဲ့ မဟားဒရားဆေးကြောထားတဲ့
 သွေးကြောတွေမာကျစ်လာတယ်
 နှလုံးခုန်သံတွေ သတ္တု ဆန်လာတယ်
 လွမ်းခြင်း ပျစ်ပျစ်တွေ အင်အားပြင်းပြင်းနဲ့
 တွန်းထိုး လည်ပတ်တယ်...
 နားထဲမှာတော့
 မင်းရဲ့ လှိုက်လှိုက်လှဲလှဲရယ်သံလေးကိုတောင့်တတယ်
 အဲသလို ရှင်သန်ရင်း ....
 စောင့်မျှော်ခြင်းသီချင်းတွေနဲ့.........။

  ငြိမ်းဇေဦး






Monday, October 27, 2014

ချစ်သူ့လှေ

  လာအိပ်
 ပေါင်ပေါ်ခေါင်းအုံး
 ပင်လယ်ကိုပုခက်လုပ်
 လှိုင်းပုတ်သံဂီတနဲ့ မှေး
 အပူအပင်တွေ အဝေးလွှင့်ပစ်
 ဒီ နေရာလေး..
 စင်္ကြ၀ဠာထဲမှာ  ကိုယ်ဖျောက်ထားတဲ့နေရာလေးမှာ
 နှစ်ယောက်ထဲ..။

  စကားတခွန်းမှမပြောကြေး
  အသက်ကလေးကို ဖြေးဖြေးရှူ  ...
  မျက်လုံးကိုဖွဖွမှိတ်ရင်း
  နှုတ်ခမ်းလေးနဲ့ပြုံး ပြီး အားလုံးကိုမေ့...။


 ငြိမ်းဇေဦး


Thursday, October 9, 2014

Vigorous essence

 

 Autumn is so subtle
 Culmination is so gentle
 Moribund autumn,
 You can hear falling leaves mutter
 while trickling away by the river
 I am sure they will never return
 Spurned,Burned and driven away by you
 Though,they convey their mourning on the way for you...

 Nyein Zay Oo

Wednesday, October 8, 2014

  ကြွေတဲ့ည


      ကောင်မလေး မင်းသိလား
     မင်းရင်ခုန်သံလေးကို
     နှုတ်ခမ်းနဲ့ ထပ်ချပ်မကွာ
    သိမ်မွေ့စွာ ငါနားထောင်ချင်ပါတယ်
     ငါ့ကို ပင်စင်မပေးလိုက်ပါနဲ့.......။

    မင်းလေးနှယ် အဝေးအရပ်က
     ကြယ်တွေကိုငေးနေချိန်မှာ
     မင်းကျောခိုင်းရာအရပ်က
      ငါ...
     ဇောက်ထိုး ကြွေခဲ့ပြီ
     ဒီ တဒင်္ဂ.......
     မင်းအတွက်အလင်းစတွေ
     ငါ...
     ထားခဲ့တဲ့ည
    မင်းရင်ခုန်သံလေးထဲ
    ငါ့ ရင်ခုန်သံတွေရောဖျော်တဲ့ည.....။


      ငြိမ်းဇေဦး
   
   
  

Tuesday, October 7, 2014

လာခဲ့တယ်


 ကျနော်ဟာ မမဆီကိုလာခဲ့တယ်၊
 ကျနော်ဟာ မမအလာကိုစောင့်ခဲ့တယ်၊
 ခုတော့ ကျနော်ဟာ ကျနော့်ရဲ့ မျက်ကြည်လွှာပေါ်မှာ
 မမပုံရိပ်လေးကို မျက်ရည်ပူတွေနဲ့ ပုံဖော်ရင်း
 ကျနော့်မျက်လုံးအစုံကိုမှိတ်ထားခဲ့ပြီ
 မမကကျနော့်ကိုပြုံးပြနေတယ်။

 ကျနော့်နဖူးကို နမ်းပါမမ
 ကျနော့်ဆံပင်တွေကို နမ်းပါမမ
 ကျနော့် နှုတ်ခမ်းကိုနမ်းပါမမ
 ကျနော့်ရင်ခွင်ထဲ လှဲချလိုက်ပါမမ...။

 သက်ပြင်းတွေအနှုတ်အသိမ်းမြန်တယ်၊
 နေ့တာတွေ တနေ့တခါတိုတယ်
 ဒီဆောင်းအတွက် ...
 ယောဂီရောင်ကာဖီရည် ခါးခါးတွေလိုတယ်
 အရက်ပြင်းပြင်းတွေ ပုလင်းထဲကလျှောဆင်းလာဖို့လိုတယ်၊

 ကျနော်ဟာ မမအလာကိုစောင့်နေတယ်မမ
 တခါမှမတွေ့ကြတဲ့ကျနော်တို့နှစ်ယောက်
 ကာဖီသောက် စီးကရက်ဖွာ
 ဖရုံစေ့လှော်စား
 နှင်းပါးပါးကျချိန်မှာ
 တန္တရဘာဝနဲ့ ပေါင်းစည်းကြစို့လား
 မမရယ်...သကြားမလိုပါဘူး
 မမနှုတ်ခမ်းကချိုလို့......
 အိလို့ ............
 အဲလိုနဲ့ ကျနော်ဟာမမဆီကိုလာခဲ့တယ်။


  ငြိမ်းဇေဦး


Monday, September 29, 2014

ရာမ (အပိုင်း-နှစ်)


 ရာမဟာ မြောက်ပိုင်းနဲ့မြို့လည် ကိုကန့်လန့်ကြီးဖြတ်သွားတဲ့
 ရထားလမ်းကိုကျော်ပြီး ရပ်ကွက် ကောင်စီရုံးနဲ့ သမ၀ါယမဆိုင်နောက်ဖေး
 က သူနေတဲ့ တန်းလျားအစုတ်ကလေးဆီကို လမ်းဘေးက သီပြီး ပြန်နေကျ။

 ရာမအိမ်ကိုရောက်ပြီဆိုတာနဲ့ မယ်သီတာထက်သူ့အပေါ်ကောင်းတဲ့သစ္စာရှိတဲ့
 မအေးဟာ မီးဖိုလေးဖိုလို့အသင့်စောင့်နေတတ်တယ်။ ရာမဟာ သူ့ရဲ့မအေးကို
 အမြဲ ပြုံးပြပြီး သူ့ဘ၀တခုလုံးမှာအကြိုက်ဆုံးသီချင်းကလေးရဲ့ သူအလွတ်ရတဲ့
 အပိုဒ်ကလေးကို သူ့ရဲ့ခေါင်းကြီးကို တလှုပ်လှုပ် လှုပ်ပြီး ဆိုတတ်တယ်
 " မအေးရယ်....ချစ်လို့ပါကွယ်...."  တဲ့။

 မအေးဟာသူ့ရဲ့ လှပနက်မှောင်တဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့အညိုရင့်ရင့်ပါးပြင်ပေါ်က
 မပေါ်ချင့်ပေါ်ချင် ပါးချိုင့်ကလေးခွက်အောင် သူ့ရဲ့သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိ
 ပြုံးပြီး ရာမ လက်ထဲက ဆွဲခြင်းဝိုင်းကလေးကို ဆွဲယူနေကျ။ မအေးကအဲသလိုသူ့လက်ထဲက   ဆွဲခြင်းဝိုင်းကလေးကိုယူတိုင်းလဲ ရာမဟာ မအေးရဲ့
 ကျမ်းမာဖွံ့ဖြိုးတောင့်တင်းလှတဲ့တင်ပါးကြီးကို အံကြိတ်ပြီး ဟင်းကနဲ အသံထွက်ရင်း
 သူ့ ကိုယ်ကိုတခြမ်းစောင်းသွားတဲ့အထိ အားယူပြီး ဇွိကနဲဖျစ်နေ ညှစ်နေကျ။ အဲသလိုညှစ်၊ ဖျစ်တိုင်းလဲ  သူ့ ခါးကလေးပိန်သလို ပိန်မကျသွားတဲ့ တင်ပါးကြီးမှာ ဟပ်နေတဲ့ရာမရဲ့လက်ကြီးကို ဆတ်ကနဲ  ပုတ်ထုတ်ပြီး ခွေ့ကနဲ အလွတ်ရုန်းတတ်တဲ့မအေး။

 အလွတ်ရုန်းပေမယ့် သူ့လင် ရာမရဲ့ မျက်နှာကိုချစ်ရည်တွေရွှမ်းတဲ့ မျက်လုံးကြီးတွေနဲ့  မျက်စောင်းထိုးကြည့်နေကျ။
 သူတို့ရဲ့အဲဒီမနက်ကလေးတွေမှာ သူတို့ မီးဖိုလေးဘေးကဗာဒံပင်ကကြွေမယ့်အရွက်တွေကတောင်  ခဏဖြစ်ဖြစ်သင်္ခါရကို အကြွင်းမဲ့ လွန်ဆန်ပြီး သူ့ အသက်သူဆွဲဆန့် သူ့အညှာသူ  ဟီးလေးခိုရင်းအဲဒီမြင်ကွင်းကလေးကို မြင်ဖြစ်အောင်မြင်ပြီးမှ
 ကျေကျေနပ်နပ်ကြီးဝဲကနဲ ဝေ့ကနဲကြွေကျနေကျ။  အဲဒီဗာဒံပင်အောက်ခြေက ခွေးပိန်မဟာလဲ တချက်မှ  အီသံမပေးပဲကမ္ဘာ့အခမ်းနားဆုံး အလှပဆုံး အော်ပရာ ပြဇာတ်ကြီးရဲ့ ညှို့ ငင်မှုတွေအောက်မှာ
 မှင်သက်မိ ၊ အဖမ်းစားခံ၊ အကြည်နူးကြီးကြည်နူးပြီးအသက်မရှူ မျက်တောင်မခတ်တန်း
 ငေးနေတဲ့ ပထမတန်း က အပျိုမလေးလို။  အနီးအနားရွာတရွာရွာကဖရဲသီးသည်တွေနဲ့ ပါလာတဲ့
 သူ့ကို ကလေးတွေတသိုက်ကြီးနဲ့ ပစ်သွားခဲ့တဲ့ခွေးအိုကြီးကိုတောင် လွမ်းဖို့ မေ့သွားသလို။

 မအေးနဲ့ သီတာဒေ၀ီရဲ့ကွာဟချက်ကတော့ အချစ်နဲ့ပါတ်သက်ရင် ကမ္ဘာလောကကြီးမှာ  မအေးဟာကံအကောင်းဆုံး၊ သုံးပွင့်ဆိုင်အချစ်တွေလဲမရှိသလို မီးပုံထဲခုန်ဆင်းပြပြီးသူ့သစ္စာတရားကို  သက်သေထူဖို့လဲမလိုယုံမက သူ့ရဲ့မောင်တော်ရာမဟာ တခါမှ တခြားမိန်းမတွေကို  ရှိတယ်လို့တောင်မထင်ခဲ့ဖူးဘူး။
 ရာမရဲ့ ရာဝင်အိုးကြီးလိုပူနေတဲ့ဗိုက်ကြီးအပေါ်က နှလုံးသားကြီးထဲမှာ  သူ့အချစ်ဆုံးမအေးတယောက်သာအမြဲရှိတယ်။ မအေးရဲ့ အသံသြသျှသျှရယ်၊   ရာမ ဈေးရောင်းကောင်းတဲ့နေ့တွေမှာတပိုင်းတိတိသောက်ဖြစ်တဲ့
 ထွေးညိုဆိုတဲ့တောအရက်ဆိုင်က တောအရက်ထဲ ရီဝေမူးယစ် စွဲမက်စေတဲ့  နက်မှောင်တဲ့မျက်ခုံးမွှေးတွေ အောက်က မျက်လုံးဝိုင်းဝိုင်းတွေရယ်၊ ဖြောင့်စင်းတဲ့နှာတံအောက်က  ဖူးပြည့်ထူထဲတဲ့ နှုတ်ခမ်းနှစ်လွှာရယ်
 ရာမစာဖွဲ့ ဖို့ အမြဲ ကြိုးစားမိပေမယ့် စကားလုံးတွေ နဲ့ ဖော်ပြမတတ်အောင်လှပလုံးဝန်းပြည့်တင်းပြီး  အိကျမနေတဲ့ ရင်သားဆိုင်နှစ်မွှာရယ်၊သေးကျင်တဲ့ခါးကလေးနဲ့ ပြည့်တင်းစွင့်ကားတဲ့မအေးရဲ့  တင်သားတွေရယ် ၊ ပြီးတော့ ဖြောင့်စင်း သန်မာတဲ့ ပေါင်တံတွေနဲ့ခြေထောက်ရယ် ...၊ တချို့ ညတွေရဲ့   လရောင်အောက်မှာထမိန်ရေလျားနဲ့ရာမကိုယ်တိုင်ငင်ပေးတဲ့ရေကို ရေတွင်းဘေးမှာထိုင်ချိုးနေတဲ့မအေးဟာ  မျက်နှာပေါ်ကရေစို ဆံပင်တွေကို လက်နဲ့သပ်ပြီးရာမကို မော့ကြည့်လိုက်ချိန်၊  လရောင်ကိုအားလျော့စေတဲ့ခပ်ပါးပါးတိမ်တွေလေအလျှင်နဲ့ လွင့်သားချိန်၊ အဲဒီအချိန်မှာ မအေးရဲ့  အလှမျက်နှာကို အပေါ်စီးကကြည့်ရင်း မအေးရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာလရောင်နဲ့လင်းကနဲ  လက်ကနဲ ဖြစ်သွားချိန်မှာ ရာမဟာ အဝေးကခွေးအူသံတွေကို လွှမ်းအောင်ကို  "မအေးရယ်ချစ်လို့ ပါကွယ်...."ဆိုတဲ့သီချင်းစာသားလေးကို ခါးကိုလှုပ် ဗိုက်ပူကြီးကို လှုပ်   သူ့ ခေါင်းကိုလှုပ်ပြီး အော်ဟစ်သီဆိုနေကျ။

 မအေးရေချိုးအပြီးမှာ ရေတွင်းဘောင်ပေါ်မှာ တင်ထားတဲ့ သဘက်အဟောင်းကလေးကိုယူပြီး  သူကိုယ်တိုင် ကလေးတယောက်ရဲ့ခေါင်းကိုရေစင်အောင်သုတ်ပေးသလို  မအေးရဲ့ရှည်လျားနက်မှောင်တဲ့ဆံပင်တွေကို ရေသုတ်ပေးနေကျ၊ အဲသလိုရေသုတ်ပေးရင်းလဲ မအေးရဲ့  ထမိန်ရင်လျားနဲ့ကျောပြင်ကိုသူ့ဗိုက်ကြီးနဲ့မထိတထိပွတ်ပြီး "မအေးရယ်..ချစ်လို့ ပါကွယ်.."ဆိုတဲ့သီချင်းကို  ဂါထာတပုဒ်ကိုအကြိမ်တထောင်ရွတ်မယ်ဆိုတဲ့အဓိဌာန်နဲ့
 ရွတ်တဲ့သူလို ရွတ်ဆိုငြီးတွားအူမြူးနေကျ။


   ငြိမ်းဇေဦး

ပုံဖျက်ဖုံးကွယ်ခြင်းဒေသနာ



 သာသနာ့အလံဟာ
 သတိဆွဲ အလေးပြု စရာ ဖြစ်တော့မှာလား..
 မရှင်းလို့ပါ
 ကျောင်းဒကာ...။

 အမျိုးဘာသာ သာသနာ
 သေချာတာပေါ့ ၊ စောင့်ထိမ်းမှ
 အဲဒါ..ရင်ထဲက ကိစ္စ...
 တယောက်ချင်းရဲ့ဘ၀ဆိုင်ရာ...။

 ဆန့်ကျင်စရာတွေ...
 လူရာမသွင်းချင်စရာတွေ
 သိပ်များလွန်းတဲ့ တိုင်းပြည်ပါ
 ပြည်တွင်းစစ်နဲ့ ဇိမ်ယစ်ခွင့်ရသွားကြတဲ့
 ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံခရိုနီတွေ၊
 နာဂစ်အခြေခံဥပဒေ၊
 လာဘ်ကို ဆယ်ဘ၀စာစားပြီး
  ထွန်းကားလူရာဝင်ချင်နေတဲ့
 အကြည်ညိုခံချင်သူ ဓါးပြ ဒီဂရီချ သူခိုးတွေ ၊
 ပွက်ပွက်ထနေတာမှ
 မမြင်ချင့်အဆုံး ...။

 နားလည်တတ်ပါတယ်
 မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လောကမှာ
 ဆန့်ကျင်တာအသာထား
 နသားပါးရားမလုပ်ရင်ကို တော်လှ...
 ပုံဖျက်ဖုံးကွယ်ကြကုန်လော့....။


  ငြိမ်းဇေဦး

Thursday, September 25, 2014

ရာမ


 အင်မတန်ကျယ်လောင်တဲ့ မိုးကြိုးပစ်သံကြောင့် ကျနော်နိုးလာတယ်။
 မျက်လုံးတ၀က်ဖွင့်ပြီး ပြူတင်းပေါက် လိုက်ကာ အဟကြားက
 ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ လျှပ်စီးတွေ လက်နေလိုက်တာ၊
 တန်ခိုးရှင်တပါးပါးက ကောင်းကင်မဲကြီးပေါ်ကနေ လောကထဲကို အင်မတန်ကြဲတဲ့  ပိုက်ကွန် နဲ့    ပစ်နေသလို ပဲ ။
 ကွန်ချက်ပေါင်းများစွာပစ်ပေမယ့် ငါးတကောင်မှ မရသေးတဲ့ တံငါသည်လို သူ့ ခမျာဖြစ်နေသလား၊
 ဒါမှမဟုတ် တချက်ပစ်လိုက်တိုင်း ငါးတွေထွေးကနဲထွေးကနဲရနေလို့ လောဘမသတ်နိုင်ဖြစ်နေသလား။
 မသိဘူး....။

 ကျနော် စောင်ဆွဲခြုံလိုက်ပြီး အိပ်ဖို့ ပြန်ကြိုးစားတယ်။ မိုးတွေကလဲ သည်းသည်းမည်းမည်းရွာလို့ ၊  မိုးစက်ကျသံတွေဟာသစ်တောက်ငှက်အကောင်ပေါင်းများစွာက    သူတို့ နှုတ်သီးတွေနဲ့တအိမ်လုံးကို နေရာအနံ့ကမနားတမ်းဆွနေ တောက်နေ သလိုမျိုး။
 ကျနော်ပြန်အိပ်မရတော့ဘူး..။ မိုးသံကို နားထောင် ရင်း လျှပ်စီး တွေ တဖြန်းဖြန်းလက် ၊ မိုးကြိုးတွေ  တဂျိန်းဂျိန်းပစ်နေတဲ့ အပြင်လောကကြီးကို ပြတင်းပေါက် လိုက်ကာဆွဲဖွင့်ပြီး ငေးနေမိတယ်။

 လေတွေကလဲ တဝေါဝေါတိုက်နေတာ ပန်းပွင့်အကြီးကြီးတွေ ပန်ပြီးဥပုဒ်ထွက်ကာစအပျိုကြီးလိုဟန်နဲ့  ကျနော့်အိမ်ဘေးက ပန်းပွင့်အကြီးကြီးတွေပွင့်တဲ့အပင်ကြီးဟာလဲ ယိမ်းလိုက်နွဲ့ လိုက်  နဲ့လေဒဏ်မိုးဒဏ်အောက်မှာ လောကဓံကိုတောင်မေ့သွားသလားထင်ရလောက်အောင် အဲဒီ  ကာလအပိုင်းအခြားလေးမှာ   သူ့ ကိုယ်သူ မကျိုးမကျေဖြတ်သန်းဖို့ ကြိုးစားနေရှာတယ်။

 ကောင်းကင်ပေါ်က မြေကြီးဆီကို ဇောက်ထိုး ဆင်းလာတဲ့  လျှပ်စီးနဲ့မရှေးမနှောင်းမှာ  ဂျိမ်းကနဲနောက်ဆက်တွဲ  မိုးကြိုးပစ်လိုက်သံက အိမ်တောင်တုန်သွားသလိုပဲ။
 ကျနော့်စိတ်ထဲမှာ ရုတ်တရက် ဦးရာမ ကိုသတိရသွားမိတယ်..။


 သူ့နာမည်က ရာမ။ အိန္ဒိယနွယ်ဖွား မိဘနှစ်ပါးကမွေးဖွားလာတဲ့မောင်ရာမ၊ မအေးသိပ်ချစ်တဲ့ ကိုရာမ ။  သူ့ သားတွေရဲ့ အထင်ကြီးလေးစားစရာ ရှေ့ ဆောင်လမ်းပြ ဦးရာမ။
 ညနေ မှောင်ရီပျိုးစ ၊ ညီအကိုမသိတသိအချိန်လောက်ဆို  ဦးရာမတယောက် ပေါင်းတည်ဘူတာကိုဆိုက်လာတဲ့ အမြန်ရထားကြီးပေါ်က ရထားကြီးမရပ်ခင်မှာပဲ  သူ့ ရဲ့  ခန္ဓာကိုယ်အတ္တဘောကြီးနဲ့ ဇောင့်ကနဲ....တတွဲ..တွဲက ခုန်ဆင်းလာတတ်တယ်။ကျွဲကြီးတကောင်  ကဆုန်ဆိုင်းလာသလိုမျိုး ။
 ငါးတန်းထိတောင်ကျောင်းမနေဖူးခဲ့ပေမယ့် ဦးရာမဟာ လက်တွေ့ ကပေးတဲ့အသိနဲ့ အင်နားရှားကို  နဖူးတွေ့ ဒူးတွေ့  နားလည်တဲ့သူတယောက်။
 ဘရိတ်အုပ်စ ရထားတွဲကြီးရဲ့ အရှိန်နဲ့အတူ ဦးရာမဟာလဲ သူ့ ရဲ့ ကြက်သားကင်တွေထည့်ရောင်းတဲ့   ဆွဲခြင်းဝိုင်း ဟောက်ပက်ကလေးကို ညာလက်မှာချိတ်လို့ ဘယ်လက်နဲ့ရထားတွဲ တံခါးသံတိုင်ကို  မလွှတ်သေးပဲ ရထားနဲ့ အတူ လိုက်ပြေးပြီးမှ တဖြေးဖြေးအရှိန်လျှော့ရင်း ဗာဒံပင်ကြီးတွေ တန်းစီနေတဲ့  ဘူတာ ပရ၀ဏ်ထဲအရောက်ကျ မှ ဘယ်လက်ကိုလွှတ်ပြီး ပလက်ဖောင်းပေါ်မှာ သုတ်သုတ်  သုတ်သုတ်လျှောက်တယ်။ သူ့ ရဲ့ နက်မှောင်ပြီးအဆီပြန်နေတဲ့ မျက်နှာ၊ ၀ါကျင်ပြီးကျပ်သပ်နေတဲ့ စွပ်ကျယ်၊
 မွဲတေအရောင်ပျောက်နေတဲ့ ချည်ပုဆိုး ၊ သူ့ အလေးချိန်နဲ့ သူ့ ပြေးနှုန်းတွေကို တစက်မှမမှုတဲ့ ဟန်နဲ့  ခိုင်မာနေတဲ့ တိုင်ယာဖိနပ်။ ဒီတိုင်ယာဖိနပ်ဟာ ဦးရာမရဲ့ခြေထောက်မှာ သူ့ သားဦးကလေး  မမွေးခင်ကတည်းကရှိခဲ့တာလား ကျနော်မသိပါဘူး။ 

 တကယ့်တကယ်မှာတော့ အဲဒီ ဦးရာမဟာ ကျနော်တို့ မြို့ ကလေးရဲ့ ငယ်မွေးခြံပေါက်။ အိန္ဒိယ  ဆိုတာဘယ်မှာလဲလို့ သူ့ ကိုမေးရင် သူဟာ ရခိုင်ရိုးမတောင်တန်းကြီးတွေရှိတဲ့အနောက်ဖက်ကိုတောင်  လက်ညှိုးထိုးပြတတ်တဲ့သူတယောက်မဟုတ်တဲ့ ဦးရာမ။
 လက်ပံတန်းနဲ့ပြည်မြို့ ကြားထဲက ရထားလမ်းအိုကြီးပေါ်မှာ နေ့ စဉ် ခေါက်တုန့် ခေါက်ပြန်  လွန်းထိုးတတ်တဲ့ဦးရာမဟာ ဟောဒီပဲခူးရိုးမတောင်တန်းကြီးရဲ့ အနောက်ဖက်ခြမ်းက မြို့ တွေအကြောင်း ၊  ဘူတာရုံပိုင်တွေအကြောင်း ၊ လက်မှတ်စစ်တွေအကြောင်း၊ မီးရထားပုလိပ်တွေအကြောင်းကို ၊ ဘဂ၀ါဂီတ  ထက်ပို နောကြေတဲ့ဦးရာမ၊ မဟာဘာရတထက် ပို ယဉ်ပါးတဲ့ဦးရာမ၊  ကရစ်သျှနားထက်ပိုပြီးသူ့ အပေါ်အလွှမ်းမိုးခံတဲ့ဦးရာမ။ ဂန္ဒီဆိုတာ ပေါင်းတည်မြို့ ဘူတာရုံအဖီလေးဘေးက  ကြံရည်အေးအေးတခွက်လောက်မှ သူ မတမ်းတတဲ့  နာမ တခု။
 ကျောက်တံခါးဖက်ကမီးနင်းပွဲတွေကို သွားပြီး နံငယ်ပိုင်းနဲ့ ခုန်ဆွခုန်ဆွမီးနင်းပြချင်တဲ့ အဲဒီရာမဆိုတဲ့  ဦးရာမနဲ့ သူ့ မိသားစုလေးအကြောင်း အိပ်မပျော်နိုင်တော့တာနဲ့  ကျနော်ဆက်တွေးမိတယ်။
 ရာမဟာ မနက်မိုးလင်းတာနဲ့ သူ့ ရဲ့ ကြက်သားကင်ရောင်းတဲ့ ဆွဲခြင်းဝိုင်းကလေးနဲ့ ဈေးကိုသွားတယ်။  ကြက်သားသည်ဆီက ကြက်သားတပိဿာ     ၀ယ်တယ်။  အင်ဖက်စိမ်းနဲ့ ထုတ်ထားတဲ့အဲဒီကြက်သားကို  သူ့ ဆွဲခြင်းဝိုင်းကလေးထဲထည့်ပြီး ညာလက်ဖျံမှာချိတ်၊  သူနေတဲ့ တန်းလျားလေးဆီကို သူပြန်လာတဲ့  လမ်းမှာ မီးငြိမ်းနေတဲ့ ဗီလီဆေးလိပ်ကလေးကို တေ့ရုံကလေး ကိုက်လို့   သုတ်ခြေတင် အိမ်ပြန်ရင်း လမ်းတွေ့ သမျှ  သူ့ အသိမိတ်ဆွေတွေကို သူနှုတ်ဆက်တယ်။


  ငြိမ်းဇေဦး