Friday, October 3, 2008

မျက်နှာဖုံးများဖြင့်ကိုယ့်ကိုယ်ကိုယ်သဂြိုင်္လ်မှု



အသက်အရွယ်က ရှက်ရယ် ရယ် ရတဲ့ ကာလကို
ခြေတပေါင်ကျိုး ခုန်ဝင်ခဲ့ပြီ။

ဆရာတော်ကြီးက
“ ဟဲ့ မောင်ငြိမ်း အချိုလား အချဉ်လား..”
ငယ်ငယ်တုန်းက နေ့လည်စာ ...
မေးနေကျ စကား
“နှစ်ခုလုံးပါဘုရား....”
အဲလို ပြန်ဖြေနေကျ
ထည့်ပေးသမျှ ၀က်သား ၊ကြက်သား
ပဲဟင်း ချဉ်ဟင်း ဟင်းပေါင်းစုံစား
ပြီးတော့ဗိုက်ကား
ကွမ်းသီးတောကြားက ကွပ်ပျစ်ပေါ်မှာ ဇိမ်ယစ်
နေ့ခင်းဖက် ခြေပစ်လက်ပစ် မိမိရရ
အဲဒီဘ၀ တခါက
ဘာမှ ပူစရာမလို...။

ဆရာတော်ကြီးလဲ ဘ၀နတ်ထံပျံလွန်ခဲ့ပြီ
မောင်ငြိမ်းလဲ ငရဲအသစ်စက်စက်တွေကို ခုံမင်ခဲ့ပြီ

ခုနေများ ...
ဆရာတော်ကြီးက
ဟဲ့မောင်ငြိမ်း အချိုလား အချဉ်လား မေးလာရင်ဖြင့်............။


ငြိမ်းဇေဦး

Friday, September 5, 2008

အတ္တဖက်ရှင်


လူတွေဟာ ဖြူ ကောင်တွေလို ပဲ
စိတ်ကူး ဆူးတောင်တွေ တပ်ဆင်ထားကြတယ်

ဖြူနဲ့ မတူတာက
အချိန်မရွေး ခါထုတ်ပစ်လွှတ်လိုက်ဖို့
အဲဒီဆူးတွေကို စိုက်ထားတာ

စိတ်ခန္ဓာမှာ
အတ္တမှာ
ဆူးအချောင်းပေါင်းများစွာ
မုတ်သုန်တောလိုပေါက်ရောက်

သစ်သီးကောင်းတွေကြွေကျတိုင်းလည်း
ဆူးတွေ နဲ့ ပစ်လွှတ်ခဲ့တယ်
တချို့သစ်သီးကောင်းတွေ တည့်တည့်ကြွေကျ
ဆူးတွေနဲ့ စိုက်လို့ စားရဖို့ ခက်ခဲ
ဲ
ပိုငယ်တဲ့သတ္တ၀ါတွေ ဖြတ်ပြေးလွှားတိုင်းလဲ
ဆူးတွေနဲ့ ပစ်လွှတ်ခဲ့တယ်
သတ္တ၀ါငယ်တွေအတွက် ဒဏ်ရာအသစ်တွေ
မဖြစ်သင့်ပဲ ဖြစ်ရ

ကြီးမားတဲ့သားရဲတိရိစ္ဆာန်တွေ ချဉ်းကပ်တိုင်းလဲ
ပြေးရင်း လွှားရင်း ဆူးတွေနဲ့ တုန့် ပြန်ခဲ့ပေမယ့်
တကယ် မထိရောက်တဲ့ဆူးတွေဖြစ်ပြန်ရော


အချိန်များစွာမှာတော့
ဆူးတွေဟာ ပို နစ်နစ် နဲနဲ ဆူး နေတာက
စိတ်ခန္ဓာမှာ...

ဒီဝေဒနာနဲ့ နေသားကျခဲ့ကြတာ
အာရုံဗေဒ အလှ လို့တောင် ထင်ကြ
ဆူးတွေ ပိုမိုများပြားလာကြ
လိုကြ
ဆူးတွေ ပိုမို ချွန်မြလာကြ
ခိုင်မာလာကြ

လူတွေဟာ ဖြူကောင်တွေလိုပဲ
ကွဲပြားချက်ကတော့ တို့ရဲ့ သန့်စင်မှုတွေကို
နှစ်ဖက်ချွန်ဆူးတွေတပ်ရင်း သွေးချင်းချင်းနီအောင်
ကြီးထွားခဲ့ကြတာပေါ့ ။


ငြိမ်းဇေဦး