Saturday, July 5, 2008

စံနှုန်း ( အခန်း ၁)


အတ္တ နှင့် လိုဘ သည် သတ္တ၀ါတို့ မွေးသည်မှ စ၍ အသက်ဓါတ်နှင့် ပြိုင်တူ ဖြစ်တည်လာသော စိတ်အခြေအနေဖြစ်၏။
ဥာဏ်ရည်အဆင့် နိမ့်ပါးသောသတ္တ၀ါတို့၏ အတ္တနှင့် လိုဘ သည် အခြေခံဘ၀လိုအပ်ချက်များဖြစ်သော စားရေး နေရေးနှင့်
မျိုးပွားရေးအတွက်ဖြစ်၏။

ဥာဏ်ရည်မြင့်သော လူသားတို့အတွက်တွင်မူ အတ္တနှင့် လိုဘ ဆိုင်ရာတောင်းဆိုမှုသည် အကန့်အသတ်မဲ့ဖြစ်၏။
သမိုင်းမတင်မှီကာလမှ လူသားသည် စားရေး နေရေး မျိုးပွားရေးထက်ပိုသော တောင်းဆိုမှုများဖြင့် တူရာ တူရာ မျိုးနွယ်စုများ အတူတကွနေထိုင်ပြီး မတူသော မျိုးနွယ်စုများဖြင့် အမဲလိုက်နယ်မြေလု စစ်ပွဲငယ်များ စတင်တိုက်ခိုက်လာကြ၏။

အမဲလိုက် လက်နက် ကိရိယာနှင့် ကုန်လုပ်ကိရိယာကို စတင်တီထွင် လိုက်နိုင်ပြီးကတည်းက လူသားသည် မဟာယဉ်ကျေးမှု၏ပထမအဆင့်ဖြစ်သော ခြေလှမ်းသစ်ကို အတိအကျလှမ်းလိုက်နိုင်ပြီ ဖြစ်သည်။ မားစ် သို့ သွားရောက် လေ့လာ သုတေသနပြုမှု နှင့်အတူ ပိုမို အံ့ဘနန်း ကြီးကျယ်ခမ်းနားသော စင်္ကြ၀ဠာဆိုင်ရာကြိုးပမ်းချက်များအတွက် စတင်နိုင်လိုက်ခြင်းပင်ဖြစ်သည်။

ယဉ်ကျေးမှု စတင်ထွန်းကားလာခဲ့သည်နှင့်အမျှ လူသားမျိုးနွယ်စုတို့၏ အစုအဖွဲ့ဆိုင်ရာ စနစ်များ ၊ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများ ကို တဆင့်ပြီးတဆင့်ဖြတ်သန်းလာခဲ့ရင်း ၊ ပဒေသရာဇ် စနစ် သည်လည်း လူသားတို့မဖြစ်မနေ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်စဉ်တခုဖြစ်၏။

ပဒေသရာဇ် စနစ်တွင် တွေးခေါ်ပညာရှင်များ နှင့် သိပ္ပံ ပညာရှင်များဖြစ်သော သင်္ချာ ပညာရှင်များ ၊ နက္ခတ္တဗေဒပညာရှင်များ ၊ အဂ္ဂိရတ်ဆရာများ၊ ရူပဗေဒ ပညာရှင်များ က အုပ်စု တစ်စု အဖြစ် စဉ်းစားကာ
စာပေ ပညာရှင်များ အနုပညာရှင်များ က အုပ်စု တစ်စု အဖြစ်စဉ်းစားလျှင် ဒုတိယအုပ်စု သည် ရွှေနန်းတော် ရိပ်ကို ခိုဝင်ကာ ရှင်ဘုရင်၏ အခတော်စားလျှက် ပဒေသရာဇ် စနစ်ကို အလုပ်အကြွေးပြုကြရ၏။

ဒုတိယအုပ်စုအား ဥာဏ်မှီသမျှ ပြန်လည် ဆန်းစစ်ကြမည်ဆိုလျှင် အနုပညာရှင်များနှင့် စာပေ ပညာရှင်များသည် မင်း ဧကရာဇ် ၏ စိတ် အဟာရအတွက် ဖြစ်တည်လာသော ပညာတတ် အလွှာတစ်ခု အနေဖြင့် နန်းပြဿာဒ် နှင့် မြို့ရိုး လေးဘက်ကြား ရှင်သန်ခဲ့ကြသည်မှာ များ၏။

နှိုင်းယှဉ်ချက်အရ အတွေးအခေါ်ပညာရှင်များနှင့် သိပ္ပံပညာရှင်တို့ သည် လောကနှင့် စင်္ကြ၀ဠာ၏ ပကတိဖြစ်စဉ် ကို သာ ပိုမိုစူးစမ်းလေ့လာ၏။ လောကသစ္စာကိုရှာဖွေရေးအတွက်ပိုမိုအားထုတ်ကြ၏။ ကမ္ဘာ့ ယဉ်ကျေးမှုကြီးတိုင်းတွင် ထွန်းကားထင်ရှားသောတွေးခေါ်ပညာရှင်ကြီးများ သိပ္ပံပညာရှင်ကြီးများ ပေါ်ပေါက် လာသကဲ့သို့ အနှီ ပုဂ္ဂိုလ်ကျော်ကြီးများ သည် နှောင်းကာလတွင် ဘာသာရေး ခေါင်းဆောင်ကြီးများ အဖြစ် ထင်ရှားလာကြသလို သမိုင်းတွင် ဖျောက်ဖျက် လက်စတုံး ပစ်၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သော တွေးခေါ်ပညာရှင်ကြီးများအဖြစ် ခိုင်မာစွာ သမိုင်း စာမျက်နှာများပေါ်တွင် နေရာယူလာနိုင်ခဲ့ကြ၏။

တော်လှန်သော အတွေးအခေါ်နှင့် ကရုဏာ ရှင်ကြီးများအဖြစ် လူသားတို့ က အသိအမှတ်ပြု ကိုးကွယ်လာကြရ၏။ ၄င်းတို့ ၏တွေ့ ရှိချက်များ တင်ပြချက်များဆွေးနွေးချက်များအား နှောင်းလူတို့ အတွက် ကိုးကားစရာ ဆွေးနွေးစရာ အငြင်းပွားစရာ လက်ခံစရာ များအဖြစ် တည်ရှိခဲ့လေ၏။

စာပေပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း တဖြေးဖြေး မင်းဧကရာဇ် နှင့် မှန် နန်းတော် ၏ ပြင်ပသို့ တဖြေးဖြေး ရုန်းထွက်လာသည်တွင်...........။


ဆက်ရန်

ငြိမ်းဇေဦး





1 comment:

  1. စံနှုန်း (၂)ကို စောင့်မျှော်လျက် ...

    ReplyDelete